အသင်းမှားပြီး ကစားနေပြီနော်
Vol. 72 Ch. 1072
ကျီအန်းထိုက်၏ မျက်နှာအမူအရာသည် ဘ၀ခိုက်နေရင်း တန်းလန်း ချက်ချင်း အေးခဲသွားခဲ့တော့သည်။
သူ့စိတ်ထဲ ထိုးချက် အပြင်းစားကြီး အကျွေးခံလိုက်ရသကဲ့သို့ ခံစားရနေတော့၏။
မိတ်ဆွေတို့ပဲ မြင်ယောင်ကြည့်ကြပါ။ သင် နေ့တိုင်း ဒူးထောက်ပြီး ကိုးကွယ်နေသည့် အေးစက်စက်နိုင်သည့် မာနခဲ အလှနတ်ဘုရားမလေးက အခြား တစ်ယောက်နှင့် တွေ့သည့် အချိန်မှာပဲ ကပ်ဖားလျှက်ဖား ပြုတတ်သည့် လူတစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့သည်။
ဤခံစားချက်ကြီးက ရင်ကိုခွဲပြီး နှလုံးသားကို ဆားနှင့်နယ်လိုက်သကဲ့သို့ ခံစားရ ခက်လွန်းလှသည်။ အင်မတန် နာကျင်ဖွယ် ကောင်းလွန်းလှသည်။
" အန်ကယ်ကျီ.. ကျွန်တော် နောက်တစ်ခေါက် စမ်းသပ်ကြည့်ပေးရဦးမလား..."
" မလိုဘူး မလိုဘူး.. ရပြီ..."ကျီအန်းထိုက် ပြောလိုက်ပြီး " လူတစ်ယောက်ကို အပေါ်ယံ ကြည့်ပြီး အကဲဖြတ်လို့ မရဘူးဆိုသလိုပဲ ငါ သူ့ကို ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့တောင် ထင်မထားဘူး... ဒါကြီးကတော့ အကျင့်ပျက်လွန်းတယ်... "
" ဒါကြောင့်မို့ အန်ကယ့်ကို မုန့်ဖိုးပေးတာတွေ ဘာမှ မလုပ်ဘဲ ဒီတိုင်း ကြည့်သင့်တယ်လို့ ပြောတာပေါ့.. တကယ်လို့ အန်တီစုန့်လည်း အန်ကယ် အမျိုးသမီး စထွင်မာတွေကို ဆုပေးဖို့ ပိုက်ဆံ သုံးနေတာ သိရင် စိတ်မကောင်း ဖြစ်မိမှာပဲလေ... တော်နေကြာ အန်ကယ့်ကို ထားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ... "
" အဲ့လောက်ကြီးလည်း မဆိုးလောက်ပါဘူးဟ... ဒါ အကုန်လုံး ငါ့ ကိုယ်ပိုင် ပိုက်ဆံတွေပဲ... ငါ ဘာတွေသုံးလဲ သူမသိဘူး... "
" အကွက်လေးတွေ လှသားပဲ... "
နှစ်ယောက်သား တစ်ယောက်ကိုယ် တစ်ယောက် တီးတိုးပြောနေကြသည့် အချိန်မှာပဲ ကျီချင်းရန် ဟင်းခွက်များ သယ်လာရင်း မီးဖိုချောင်ထဲမှ ထွက်လာခဲ့လေသည်။
" အဖေတို့ စကားတွေ မပြောကြနဲ့တော့... လာစားလို့ ရပြီ... ဒီမှာ သမီးရဲ့ လက်ရာကို မြည်းကြည့်ကြည့်လိုက်... "
" အေး.. အဖေ လာနေပြီ... "
ခေတ္တ ပြင်ဆင်ပြီးနောက် ကျီအန်းထိုက် လိုက်စထွင်းထဲမှ ထွက်၍ ထမင်းစား စားပွဲဆီ တည်ကြည်သည့် အမူအရာဖြင့် ရောက်လာခဲ့တော့သည်။ ဤသို့ဖြင့် ရိုးရှင်းသည့် မိသားစု ညစာစားပွဲလေး စတင်လိုက်တော့၏။
စားသောက်နေစဉ် ပြောဆိုကြသည့် စကားဝိုင်းကတော့ အတော်လေးကို ရိုးရှင်း၏။
ကျီ စုံတွဲမှ လင်းရီတို့ နှစ်ယောက်ကို သိသိသာသာ တစ်မျိုး ၊ မသိမသာ တစ်မျိုး အရိပ်အမြွက်ပြရင်း နှစ်ယောက်ကို လက်ထပ်ခိုင်းချင်နေကြတော့၏။
" ဟင်း.... ကျွန်တော်လည်း ဖြစ်ချင်တာပါပဲဗျာ.. ဒါပေမယ့် အန်တီတို့ သမီးကမှ သဘောမတူသာ ... "လင်းရီ ပြောလိုက်ပြီး " သူက မြည်းစီးရင်း မြင်းလိုက်ရှာနေတာလေ... ပိုကောင်းတဲ့သူ ရှာနိုင်မလားပေါ့.. သူက ကျွန်တော့်ကို တာယာ အပိုတစ်လုံးလို သဘောထားနေတာ..."
ဗြန်း...
စုန့်မင်ဟွေ့ သူမ တူကို စားပွဲပေါ် ဗြန်းခနဲ မြည်အောင် ချလိုက်သည်။
" နင် ဘယ်လိုတွေ ပြောနေတာ... ငါ နင့်ကို မဆုံးမခဲ့ဘူးလား... "
" အမေ.... သူ ပေါက်ကရတွေ လျှောက်ပြောနေတာ နားယောင်မနေနဲ့.. သမီး ဘာမှ အဲ့လိုမပြောဘူး.... "
" ဒါဆိုလည်း မင်း မညာဘူးဆိုတာ သက်သေပြရအောင် မနက်ဖြန် ငါနဲ့ လိုက်ပြီး လက်ထပ် မှတ်ပုံတင် လုပ်လေ... မဟုတ်လည်း ဖြေရှင်းချက် တစ်ခုလောက် ပေးပေါ့..."လင်းရီ ပြောလိုက်ပြီး " ငါက ငယ်ရွယ်ပြီး ခန့်ညားတဲ့ ယောက်ျားလေးနော်... တကယ်လို့ ဆက်စောင့်နေရရင် ငါ့ရဲ့ အဖိုးတန်တဲ့ အချိန်တွေကို မင့်အပေါ် ဖြုန်းတီးလိုက်သလို ဖြစ်သွားလိမ့်မယ်... "
ကျီချင်းရန် "...... "
အဲ့စကားကို ငါပြောသင့်တာလေ...
" အမေ.. သူ လျှောက်ပြောနေတာတွေ နားထောင်မနေနဲ့... အချိန်မကျသေးလို့ပါ..."ကျီချင်းရန် ပြောလိုက်ပြီး " ခုခေတ်ကြီးမှာ အချိန်က ကုန်မြန်တယ်လေ... ဒီကိစ္စက အရေးကြီးတာလည်း မဟုတ်ပါဘူး..."
ကျီချင်းရန်၏ အတွေးက ရိုးစင်းပြီး အပြစ်ကင်းစင်သည်။ သူမ အဆင်သင့် မဖြစ်သေးခြင်းပင်။
သူမ အမြင်တွင် လက်ထပ်ပြီးသည့်နောက် ဘ၀ကြီးက မတူညီသည့် အနေအထားသို့ ခရီးပေါက်သွားလိမ့်မည်။ ထို့ကြောင့် သူမကိုယ်သူမ အချိန် ပိုပေးချင်နေမိ၏။
သူမ စိတ်ထဲတွင် တစ်နေ့ သူမ အဆင်သင့်ဖြစ်သည်နှင့် လက်ထပ်ပြီး ကလေးမွေးသည်ကို တစ်ချိန်တည်းတွင် ပြုလုပ်၍ ရသည်။
သူမ လက်မထပ်ခင် ပြုလုပ်ရလျှင်ပင် ကိစ္စ မရှိချေ။ သူမ မင်္ဂလာဝတ်စုံ ဝတ်ဆင်သည့် အချိန်၌ ရှိနေမည့် ပုံစံကိုသာ မသက်ရောက်လျှင် အဆင်ပြေသည်။
ထို့ကြောင့် သူမ အလျင်စလို ဖြစ်မနေခဲ့ခြင်းပင်။ ဤကဲ့သို့ ကိစ္စကြီးကို သူမ အလောတကြီး ပြုမူလိုက်မိလျှင် ကျိန်းသေပေါက်ကို နောင်တရမိနေပေမည်။ “ နင် ရီလေးကို သေချာပေါက် အချိန်ဆွဲနေတာမလား…” စုန့်မင်ဟွေ့ ပြောလိုက်၏။
“ သူက ယောက်ျားလေးပဲကို.. စောင့်ရတော့ကော ဘာဖြစ်မှာမို့လို့…”
“ ယောက်ျားတစ်ယောက်ရဲ့ ငယ်ရွယ်မှုကကော တန်ဖိုးမရှိဘူးလို့ နင်ထင်နေတာလား…”
“ အဲလိုဆိုရင်တောင် သူ့ရဲ့ ငယ်ရွယ်မှုတွေကို သမီးအပေါ် ဆက်ပြီး ဖြုန်းတီးဖို့ တောင်းဆိုတယ်… သမီးသေရင်တောင် ကျိုကျုံးဗီလာမှာပဲ သေပစ်လိုက်မယ်…”
လင်းရီ “ ….. “
သူရဲကောင်းမယ်လေးက သိပ် ရဲဝံ့တာပဲ..
“ တော်ပြီ… ရီလေးလည်း တို့သမီးရဲ့ သဘောထားကို သိပြီးပြီပဲ မဟုတ်ဘူးလား… ရှင် သူတို့ရဲ့ အနာဂတ်ကို စိတ်ပူပေးနေစရာ မလိုတော့ပါဘူး…” စုန့်မင်ဟွေ့ ပြောလိုက်ပြီး “ ကျွန်မ ဒီနေ့ ရှင်းအောင် ပြောလိုက်မယ်… တကယ်လို့ ရှင့်သမီးမှာ တခြား အတွေးတွေ ရှိရဲရင် သူ့ရဲ့ ခြေထောက်နှစ်ချောင်းကို ကျွန်မကိုယ်တိုင် ချိုးပစ်မယ်…”
“ မဟုတ်ဘူးလေ… မင်း အဲ့လိုလုပ်လို့ ဘယ်လိုဖြစ်မှာတုန်း… သူက ငါတို့ရဲ့ သမီးလေးလေ..”
စုန့်မင်ဟွေ့ ဤမျှ ဆုံးဖြတ်ချက် ပြတ်သားလိမ့်မည်ဟု လင်းရီ မျှော်လင့်မထားခဲ့ပေ။
ချင်းရန်မှာ ဒီလောက်လှတဲ့ ခြေထောက်တွေ ရှိတာ သူမ အမေသာ ချိုးပစ်လိုက်လို့ကတော့ အနာဂတ်ကျ ဘယ်လို ပုံစံ ဖြစ်နေမလဲ မသိဘူးနော်….
လင်းရီ၏ ဦးနှောက်က မဟုတ်သည့် အရာကို တွေးဖြစ်အောင် သွားတွေးလိုက်သေးသည်။
“ အမေ… ဘက်မှားပြီး ကစားမိနေပြီနော်… “ ကျီချင်းရန် သနားစဖွယ်ပြောလိုက်ပြီး “ သမီးက အမေ့သမီး မဟုတ်လို့လား…”
“ အခု အမျိုးသားနဲ့ အမျိုးသမီးက တန်းတူအခွင့်အရေး ရှိနေပြီ… ငါက မိသားစု အရေးထက် ကျိုးကြောင့်သင့်ဖို့ ပြောပြနေတာ..”
ကျီချင်းရန် ငါးဘောလုံးကဲ့သို့ မကျေမနပ် ပါးဖောင်းသွားခဲ့ပြီး ပန်းကန်လုံး၏ အောက်ခြေကို တူဖြင့် ထိုးစိုက်လိုက်တော့၏။
“ အဲ့လိုဆိုရင် ငါလည်း နင့်ကို ဒီ မနေခိုင်းတော့ဘူး.. အနာဂတ်ကျ ယောက္ခမကြီး ရောက်လာလို့ရှိရင် သူနဲ့ တူတူနေပြီး နင့်ကို ဆန့်ကျင်ပစ်မယ်…” ကျီချင်းရန် လင်းရီကို စူးရဲစွာ ကြည့်ရင်း ပြောလိုက်သည်။
“ တော်ပြီ… နင်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ရန်ငြိုးထားမနေကြနဲ့တော့…. ချင်းရန်… ငါ ဘာသတင်းမှ မကြားချင်ဘူးနော်.. ဟုတ်ပြီလား…”
“ အန်တီစုန့်.. ဒီ ဝက်နံရိုးလေး မြည်းကြည့်ဦးဗျ.. ကော်လဂျင် အပြည့်ပဲ…” လင်းရီ ပြောလိုက်သည်။
“ ကျွန်တော် ဒီနေ့ လာတာတောင် နည်းနည်း နောက်ကျသွားတယ်ဗျာ… တကယ်လို့ အန်တီတို့ လာမယ်မှန်း သိရင် စောစောပြန်လာပြီး ကျွန်တော့် လက်စွမ်းတွေ ပြလိုက်ပါတယ်… ကျွန်တော့်ရဲ့ လက်ရာက ချင်းရန်ထက် အပုံကြီးသာတာနော်…”
“ နင့်ကိုယ်နင် ကြည့်စမ်း… ရီလေးလောက်လည်း မရှာနိုင်ဘူး… အချက်အပြုတ် လက်ရာဆိုလည်း ရီလေးလောက်တောင် မကောင်းဘူး… ငါလေ နင့်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး သိလား…”
ကျီချင်းရန် “ ….. “
ညစာစားပြီးနောက် လင်းရီ ကျီစုံတွဲကို ညအိပ်ရန် တောင်းဆိုချင်သော်လည်း နှစ်ယောက်လုံးမှ တော်တော်လေးကို အထိမခံ ဖြစ်နေခဲ့ကာ ထွက်ခွာရန်သာ ခေါင်းမာနေပြီး လင်းရီတို့နှစ်ယောက် အနားယူသည်အား နှောင့်ယှက်မိမည်ကို စိုးရွံ့နေကြလေသည်။
အော်ဒီကားလေး မောင်းထွက်သွားသည်ကို ကြည့်ရင်း လင်းရီ စိတ်ထဲ ယနေ့ ထမင်း အတူ စားလိုက်ရသည်မှာ တန်သည်ဟု တွေးရင်း စိတ်ထဲ ကျေနပ်မိတော့၏။
“ လင်းရီ… နင်က အမေတို့ရှေ့မှာ ငါ့ သိက္ခာကို ချတယ်ပေါ့ ဟုတ်လား.. နင့်ကို သေအောင် သတ်မယ်…” ကျီချင်းရန် ကျယ်လောင်စွာ မြည်သံပေး အော်ဟစ်လိုက်၏။
နောက်တစ်နေ့ နံနက်ခင်းတွင်တော့ နှစ်ယောက်သား မနေ့မှ အကျန်များကို ပြန်နွှေး၍ နံနက်စာ အဖြစ် စားသောက်လိုက်ကြ၏။
“ တော်တော်များများကြီးကို ကျန်နေသေးတာပဲနော်… ကုန်အောင် ရောင်းဖို့ဆို လေးငါးရက်လောက် ကြာမယ်ထင်တယ်…”
“ သုံးလေးရက်လောက်တော့ သွားကြာမှာပဲ… ဘယ်အချိန် ရောင်းကုန်မလဲ ပြောရခက်တယ်…”
“ အရမ်းကြာရင် ပုပ်သွားကုန်တော့မှာမလား….”
“ အင်း…” လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ဒါကြောင့်မို့ မြန်မြန် ရောင်းထွက်ဖို့ လိုနေတာလေ…”
“ ဒါဆို ငါနင့်ကို ပိုပြီးတော့ စားကူပေးမယ်…”
လင်းရီ “ …… “
ချစ်ဖို့ကောင်းလိုက်တာ…
စားသောက်ပြီးနောက် ကျီချင်းရန် အပေါ်ထပ်သို့ တက်၍ မိတ်ကပ်လိမ်းနေပြီး လင်းရီကတော့ မီးဖိုချောင်ထဲတွင် သူမ အတွက် အသီးတစ်ချို့ ပြင်ဆင်ပေးနေသည်။
မက်မွန်သီး နှစ်လုံး၊ ပန်းသီး တစ်လုံး ၊ ချယ်ရီသီး တစ်သေတ္တာ ၊ ပြီးတော့ လိုင်ချီး တစ်အိတ်။
၎င်းတို့ကို ကျီချင်းရန် ရုံးသို့ ယူသွားရန်အတွက် လင်းရီ ပြင်ဆင်ပေးနေသည်။
“ မင်းဖို့ ဆေးထားပေးတယ်..”
လတ်လတ်ဆတ်ဆတ် ဆေးကြောထားသည့် အသီးများကို ကြည့်ရင်း ကျီချင်းရန် ပြုံးလိုက်ပြီး “ မဟုတ်ရင် ငါလည်း ကိုယ့်ဘာကိုယ် ဆေးလိုက်တော့မလို့ပဲ… နင်တော်တယ်… မဆိုးဘူး…”
“ အသီးတွေ များများစား…. အဲ့တာက ဘီစကစ် စားတာထက် အများကြီး ကောင်းတယ်…”
“ အင်းပါ… ကျွန်မက မစ္စတာလင်း ပြောတဲ့ စကားကို နားထောင်ရမှာပေါ့… မကြာခင် ဘီစကစ် စားတဲ့ အကျင့်ကိုလည်း ဖျောက်တော့မယ်နော် သိလား… မွ…”
သူမ၏ ဒေါက်ဖိနပ်ကို စီးပြီးနောက် ကျီချင်းရန် အသီးများကို ယူရင်း ပျော်မြူးစွာဖြင့် အလုပ်သို့ ထွက်ခွာသွားခဲ့သည်။
လင်းရီလည်း ကျန်သည်များကို သိမ်းဆည်းလိုက်ပြီး ကျိုးဟိုင် တပ်ခရိုင် ဒေသသို့ မောင်းသွားပြီး ရန်ကွမ်းရှထံ အသီးတစ်ချို့ ယူသွားပေးရန်အတွက် ဟန်ပြင်လိုက်၏။
သူ့ကို အများအပြား ကူညီပေးထားသောကြောင့် အကယ်၍ လျန်ရူရွှယ်မှ မပြောလျှင်ပင် သူ ကျိန်းသေပေါက် အသီးတစ်ချို့ ပို့ပေးမည် ဖြစ်၏။
လင်းရီ မူလကတော့ စစ်ဒေသထံ သွားရန် ဟန်ပြင်ထားသော်လည်း မိုဟုန်ရှန်းထံ ဖုန်းခေါ်ကြည့်ပြီးနောက် ရန်ကွမ်းရှမှာ ဆေးရုံသို့ ရောက်ရှိနေကြောင်း သိလိုက်ရသည်။
ယခင်နှစ်တုန်းက ခွဲစိတ်မှု ပြုလုပ်ခဲ့သောကြောင့် ယခု ပြန်သွားပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် သူ ဟွာရှန်း ဆေးရုံသို့ မသွားခဲ့ချေ။ ထိုအစား ကျိုးဟိုင် စစ် အထွေထွေ ကုသ ဆေးရုံကြီးထံ သွားရောက်ခဲ့လေသည်။
ထိုနေရာရှိ ဆရာဝန်များ၏ အရည်အချင်းက ဟွာရှန်းဆေးရုံလောက် မကောင်းသော်လည်း ဆိုးတော့ မဆိုးချေ။ ရိုးရှင်းသည့် စစ်ဆေးမှုများ ပြုလုပ်ရန် အတွက် ပြဿနာ မရှိပေ။
မည်သို့ပင်ဆိုစေ ဤသည်က ၎င်းတို့၏ ကိုယ်ပိုင် ဆေးရုံကြီး ဖြစ်သောကြောင့် သွားရောက် စစ်ဆေးမှု ခံယူသည်က ပုံမှန်ပင်။
ရန်ကွမ်းရှ၏ တည်နေရာကို အတည်ပြုပြီးနောက် လင်းရီ ကားမောင်းပြီး ရောက်ရှိလာခဲ့၏။
စစ် အထွေထွေကုသ ဆေးရုံကြီးမှာ အင်မတန် ကျယ်ဝန်းလှပြီး လူများစွာကလည်း ဝင်ချည်ထွက်ချည် ပြုနေကြကာ အဆုံးမရှိသည့် လူနာများကလည်း ဆေးကုသမှု ခံယူနေခဲ့ကြသည်။
ပရော်ဖက်ရှင်နယ်များ၏ အမြင်တွင်တော့ နည်းပရိယာယ်များသည့် ရောဂါတို့မှအပ ဤလူနာများအားလုံးကို ကိုင်တွယ်ရန် လွယ်ကူပေသည်။
ထို့ပြင် ဆေးရုံကြီးက ဟွာရှန်းဆေးရုံကဲ့သို့ တစ်သားမှတ် စည်းမျဉ်းများလည်း မရှိသောကြောင့် ဤနေရာတွင် ကုသမှု ခံယူရင်း အချိန် အများအပြား ကုန်ဆုံးမည်ကိုလည်း လျှော့ချနိုင်သည်။
ကားကို ပါကင်ထိုးပြီးနောက် လင်းရီ အသီးများကို ယူ၍ ဆေးရုံထဲသို့ ဝင်လာခဲ့သည်။
“ မစ္စတာလင်း…”
ပြင်ပ လူနာဆေးခန်းသို့ ရောက်လျှင်ရောက်ချင်း လင်းရီ သူ့အား လက်ဝှေ့ယမ်းပြနေသည့် ကောင်းချုံကို မြင်တွေ့လိုက်ရ၏။
“ ခေါင်းဆောင်နဲ့ အစ်ကိုရှန်းက အပေါ်ထပ်မှာ စစ်ဆေးနေကြတာလေ… ခဏဆို ဆင်းလာကြတော့မှာ..”
“ အဆင်ပြေပါတယ်… ကျုပ်က ဒီကို အသီးနည်းနည်း ပို့ပေးချင်လို့ လာခဲ့တာ… တခြား ဘာမှ မရှိဘူး… ကျုပ်ကို ကူပြီး အကြီးအကဲရန်ကို ပေးပေးပါဦး…”
သူ့တွင် အသီးများ ရောင်းရန် ရှိသေးသောကြောင့် လင်းရီ အချိန် မဖြုန်းချင်ပေ။
“ မလုပ်လိုက်ပါနဲ့ ညီကိုရယ်.. ခေါင်းဆောင်က မင်းနဲ့ တွေ့ချင်နေတာဟ… မင်းသာ ဒီတိုင်းပြန်သွားခဲ့ရင် ကျိန်းသေပေါက် ငါ့ကို အပြစ်ပေးမှာ….”