ရေချိုးစင်တာပဲ သွားလိုက်..
Vol. 72 Ch. 1070
" တော်တော်လေး အံ့ဩစရာပါပဲ.. မင်း ဒီလောက်ထိ အရေထူနေတာ မအံ့ဩတော့ပါဘူး... ကြည့်ရတာ အဲ့တုန်းက လေ့ကျင့်ထားလို့ နေမှာ..."
" တော်စမ်းပါ..."လျန်ရူရွှယ် မျက်လုံးလှိမ့်လိုက်သည်။
လင်းရီ သူ့လက်ထဲရှိ အသီးအိတ်ကို ဝှေ့ယမ်းပြလိုက်ရင်း " စားမယ်မလား.... "
" ဘာလို့ ယူလာခဲ့တာလဲ .. နင်ပဲ ငါ့ကို ကိုယ်တိုင် လာယူဆို..."
" အင်း.. ဆက်ရောင်းလည်း မထူးတော့လို့လေ.. ဒါကြောင့် ဆိုင်ပိတ်လိုက်တော့တာ... ပြီးတော့ မင်းကလည်း လာခဲ့ဆို မလာခဲ့ဘူးလေ.. ဒါကြောင့်မို့ ကိုယ်တိုင် ယူလာခဲ့ပေးတာပေါ့..."
လျန်ရူရွှယ် အသီးအိတ်ကို လှမ်းယူလိုက်ပြီး " နင် လုပ်တာ မဆိုးဘူး... ဒီအတိုင်း ဆက်ကြိုးစား.. ဟုတ်ပြီလား..."
" ချယ်ရီသီးတွေ စားကြည့်... အလှအပအတွက် ကောင်းတယ်..."
လျန်ရူရွှယ် လက် တစ်ဖက်ဖြင့် မေးထောက်လျက်ရှိပြီး သူမ၏ အသွင်က မိန်းမငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
လင်းရီ ပေးထားသည့် လက်စွပ်သည်လည်း သူမ လက်သန်းကြွယ် နေရာတွင် ဆင်မြန်းထားလျက်ရှိကာ လင်းလက်စွာ တောက်ပနေတော့၏။
" ငါ့ကိုခွံ့..."
" လူကြီးဖြစ်နေပြီကို ဘာကိစ္စ ခွံ့ရမှာ... မြန်မြန် စားကြည့်ကြည့်...."
" ငါက အသက် သုံးဆယ်တည်း ရှိသေးတာကို ဘာလို့ ငါ့ကို အဖွားကြီးလိုမျိုး လာဆက်ဆံနေတာလဲ..."လျန်ရူရွှယ် စိတ်၀မ်းနည်းစွာ ပြောလိုက်ပြီး " ငါက အသက်ကြီးနေလို့ နင်ကအထင်အမြင်သေးနေတာလား... "
" ပေါက်တတ်ကရတွေ... လာ လာ... ခွံ့ကျွေးရမှာပေါ့..."
လင်းရီ ချယ်ရီသီး တစ်လုံးဖြုတ်ပြီး သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
" ဟင့်... နင် အဲ့လိုလုပ်မယ်မှန်း သိသားပဲ... "
လင်းရီ ဘာမျှ ပြန်မပြောချေ။ သူ ရုတ်ချည်း မတ်တပ်ထရပ်လိုက်ပြီး လျန်ရူရွှယ်၏ နှုတ်ခမ်းပါးလေးများအား နမ်းရှိုက်ရင်း ချယ်ရီသီးကို သူမ ပါးစပ်ထဲ အတင်း တွန်းထည့်ပေးလိုက်၏။
" ဝူးဝူးဝူး..... "
လျန်ရူရွှယ် မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး လင်းရီ ပခုံးကို ထုနှက်လိုက်သည်။ သို့ပေမယ့် သူမ မတွန်းထုတ်နိုင်ပဲ အဆုံးတွင် နာနာခံခံဖြင့် ချယ်ရီသီးကို စားလိုက်ရတော့သည်။
" ရွံ့စရာကြီး... ငါ့ပါးစပ်ထဲလည်း နင့် တံတွေးတွေချည်းပဲ..."လျန်ရူရွှယ် နှုတ်ခမ်းသုတ်ရင်း ပြောလိုက်၏။
" သူကပဲ ပြောရတယ်ရှိသေး.. ငါဆို မင်းရဲ့ နှုတ်ခမ်းနီ တစ်တောင့်စာလောက် စားခဲ့တဲ့ကောင်ပါ ဟုတ်ပြီလား..."
" ကျစ်... တခြားသူတွေဆို စားချင်တာတောင် မစားရဘူးလေ... ကျေနပ်လိုက်စမ်းပါ...."လျန်ရူရွှယ် ပြောလိုက်ပြီး " ဒါပေမယ့် နင်စိုက်တဲ့ ချယ်ရီသီးတွေက တော်တော်လေးကို ချိုတယ်နော်... တကယ် မဆိုးဘူး.. ငါရန်ကျင်းမှာ ဒီလောက် အရသာရှိတဲ့ ချယ်ရီသီးမျိုး တစ်ခါမှ မစားဖူးသေးဘူး...."
" မင်း ချဲ့ကားပြီး ပြောနေတာလား.... "
လျန်ရူရွှယ်က အရသာရှိသည်ဟု ပြောလာသည်ဆိုပါက ၎င်း၏ အရသာကို သံသယ ဖြစ်နေရန် မလိုချေ။
ထိုသည်က ရှန်းရှုရီ၏ ဟွာရန် အုပ်စု ခေါင်းဆောင် ဟူသော ရာထူးကြောင့်တင် မကဘဲ လျန်မိသားစုက ရန်ကျင်းတွင် စံပြုရလောက်သည့် တည်ရှိမှု တစ်ခု ဖြစ်နေသောကြောင့် ဖြစ်၏။
၎င်းတို့၏ အဆင့်အတန်းတွင် သူတို့ သုံးဆောင်သည့် အရာမှန်သမျှက ထူးခြားနေမည်မှာ ကျိန်းသေသည်။
ပမာအားဖြင့် တုံးပေရှိ ဝူဖုန်းဆန်။
တုံးပေရှိလူများပင် ထိုအကောင်းစား ဆန်ကို မသုံးဆောင်နိုင်ကြချေ။ အဘယ်ကြောင့်ဆိုသော် အသန့်စင်ဆုံး ၊ အကောင်းဆုံး ဆိုသည့် ဆန်များအား ၎င်းတို့ မင်းမျိုးမင်းနွယ်များကို ဆက်သရန် ပြင်ဆင်ထားပြီး ဖြစ်သောကြောင့်ဖြစ်၏။
အသီးကဲ့သို့ အရာပစ္စည်းများသည်လည်း ခြွင်းချက်မရှိချေ။ ၎င်းတို့ စားသုံးသည့် အသီးများက နိုင်ငံထဲ အကောင်းဆုံး ဖြစ်နေမည်မှာ သေချာပေသည်။
ထို့ကြောင့် ယခုကဲ့သို့ အကဲဖြတ်မှုမျိုး ရရှိသည်က အသီး၏ အရည်အသွေးကို ဖော်ပြရန် လုံလောက်နေပြီး ဖြစ်သည်ဟု ပြော၍ ရ၏။
" တကယ်ကို အရသာရှိတာ... ငါ အပိုတွေ ပြောနေတာ မဟုတ်ဘူး..."လျန်ရူရွှယ် လိုင်ချီး တစ်လုံး ခွာ၍ မြည်းကြည့်လိုက်တော့ သူမ မျက်လုံးများ အရောင်လက်လာလေသည်။
" ဒါလည်း အရသာ ရှိနေတာပဲ... အရည်ရွှမ်းရုံတင် မကဘူး... ချိုတဲ့ အရသာကလည်း ထိပ်တန်းပဲ... "
" အရည်ရွှမ်းရင် အကုန်ကောင်းပြီးသား..."
" နင်က အရမ်း စက်ဆုပ်ဖို့ ကောင်းတာပဲ..."လျန်ရူရွှယ် ထူးမခြားနားသည့် လေသံဖြင့် ပြောလိုက်၏။
သူမ စစ်တပ် ၀န်းထဲ ရှိနေစဉ်ကတည်းကပင် ထိုကဲ့သို့ ညစ်ပတ်သည့် ဟာသများအား နေသားကျနေပြီးဖြစ်၏။ ထို့ကြောင့် လင်းရီ စနောက်လိုက်တိုင်း မျက်နှာလေးရဲသွားပြီး ရှက်ကိုးရှက်ကန်းဖြစ်နေမည့် မိန်းကလေး တစ်ယောက် မဟုတ်တော့ချေ။
" ဒါဆိုလည်း မင်း စားနေလိုက်.. ငါပြန်တော့မယ်... တော်နေကြာ ငါ့ကြောင့် အလုပ်တွေ ကြန့်ကြာနေကုန်ပါဦးမယ်...."
" မနက်ဖြန် နည်းနည်း ထပ်ပြင်ထားပေးဦး... ငါ အဖေတို့ဆီ နည်းနည်း ပို့ပေးချင်တယ်...."
" အသီးတွေက ငါ့ဥစ္စာပါ.. ဟုတ်ပြီလား... တကယ်လို့ မိသားစုဆီ ပို့ရမယ်ဆို ငါပဲ ဖြစ်ရမှာပေါ့... မင်း မိသားစုရှေ့မှာ အမှတ်ကောင်း ယူရမယ့် အခွင့်အရေးကို ဘယ်လိုလုပ်ပြီး လက်လွတ်ခံလို့ ဖြစ်မှာလဲ... "
" နင်က အရမ်း ခိုးကြောင်ခိုးဝှက်နိုင်တာပဲ... ဒါလေးတောင် ငါနဲ့ လာလုနေသေးတယ်...."
" ဒါ ကမ္ဘာကြီးရဲ့ ပုံမှန် နည်းလမ်းတွေပါပဲ...မင်း နားမလည်ပါဘူး.... "
လျန်ရူရွှယ် နောက်ထပ် လိုင်ချီးတစ်လုံး ခွာလိုက်ရင်း " နင်က သိတယ် ဆိုမှတော့ ငါ ဆက်မပြောတော့ဘူး... မနက်ဖြန် ရန်ဖိုးဖိုးကို နည်းနည်း ပို့ပေးလိုက်ဦး... သူ့တာ၀န်တွေကနေ အနားယူသွားပြီ ဆိုပေမယ့် ဟွာရှထဲမှာ သူ့စကားလုံးတွေက တာသွားနေတုန်းပဲ... "
" အိုကေ.... "
လျန်ရူရွှယ်နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ဟွာရှန်း ဆေးရုံသို့ သွား၍ လီချူးဟန်ထံ အသီးများကို သွားပို့ပေးလေသည်။
သူ လီချူးထံ ကြိုတင်ပြီး ဖုန်းဆက်ထားလိုက်၏။ သူမက ယနေ့ အရေးပေါ် ဌာနတွင် တာ၀န်ကျမည် ဖြစ်သောကြောင့် အရေးပေါ် ဌာနသို့ မသွားမီ အသီးများကို ယူသွားနိုင်လေသည်။
လင်းရီ နှစ်ထုပ်ပြင်ဆင်ထားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ချောင်ရှင်းလေးလည်း ရှိနေမည် ဖြစ်သောကြောင့်ပင်။ သူမကို တစ်ထုပ် ပေးစားရပေမည်။
" အစ်ကိုရီ ဒီမလာဖြစ်တာတောင် တော်တော်လေး ကြာနေပြီနော်... "
လင်းရီ ရောက်လာသည်ကို မြင်တော့ ချောင်ရှင်း အပြုံးဠးဖြင့် လာရောက်ကြိုဆိုပြီး လင်းရီ လက်ထဲရှိ အိတ်ကို ဖွင့်ကြည့်လိုက်သည်။
" အာ... အသီးတွေပဲ..."
" မင်းဖို့ တစ်ထုပ်.. ဒါရိုက်တာလီဖို့ တစ်ထုပ်... "
" အစ်ကိုရီက အရမ်း စဉ်းစားပေးတတ်တာပဲ.. ခစ်ခစ်ခစ်...."
ချောင်ရှင်း အသီးများဖြင့် ဘေးတွင် ရပ်လိုက်ရင်း " ဒါဆို အစ်ကိုတို့ နှစ်ယောက်ကို မနှောင့်ယှက်တော့ဘူးနော်... ညီ အရင် သွားနှင့်ပြီ..."
လီချူးဟန်ကတော့ လင်းရီရှေ့တွင် ရှက်အမ်းအမ်း အမူအရာဖြင့် မတ်တပ်ရပ်နေသည်။
" ဒါ နင်စိုက်ထားတဲ့ အသီးတွေလား...."
လင်းရီ ခေါင်းညိမ့်လိုက်သည်။ " ခု မှည့်ပြီလေ... မင်း စားကြည့်ရအောင်လို့ ယူလာခဲ့ပေးတာ... "
" ငါ သွားဆေးကြောလိုက်မယ်.. နင်လည်း စားလို့ရတာပေါ့... "
" ရပြီ..."လင်းရီ နူးညံ့စွာ ပြောလိုက်ရင်း " ငါ နေ့ခင်းတုန်းကပဲ အ၀ စားပြီးသွားပြီ... မင်းပဲ ယူသွားပြီး အိမ်မှာ တိတ်တိတ်လေးစား... မဟုတ်ရင် သူများတွေ လာလုနေမယ်... "
" အင်း အင်း... ငါ နားလည်ပြီ... "
" ဒါရိုက်တာလီ ဒါရိုက်တာလီ... "
နှစ်ယောက်သား တစ်တီတူးနေစဉ် အရေးပေါ်ခန်း အပြင်ဘက်၌ ခေါင်းတစ်လုံး ပြူထွက်လာသည်။
လင်းရီ တစ်ချက် လှမ်းကြည့်လိုက်၏။ ၎င်းက အသက်သုံးဆယ်အရွယ်ရှိ လူငယ် တစ်ဦးပင်။ သူက မျက်မှန်လည်း တပ်ထား၏။ လင်းရီ သူ့စိတ်ထဲ မရင်းနှီး ဖြစ်နေသောကြောင့် ဆေးရုံတွင် အသစ်ရောက်လာသည့် ဒေါက်တာလေး ဖြစ်မည်ဟုသာ မှတ်ယူလိုက်သည်။
လင်းရီ ထင်ထားသည့် အတိုင်း လူငယ်လေး၏ နာမည်က လီရန်ဖြစ်သည်။ သူက ပြည်ထောင်စု ဆေးကောလိပ်မှ လောလောလတ်လတ် ဘွဲ့ယူထားသည့် ဦးနှောက် ခွဲစိတ်ဆရာ၀န် ဖြစ်လေသည်။ ဟွာရှန်းဆေးရုံသို့ ရောက်တာ သိပ်မကြာသေးပဲ ယခု အရေးပေါ် ဌာနတွင် လူသစ် တာ၀န် ထမ်းဆောင်နေသူလည်း ဖြစ်သည်။
" ဘာဖြစ်တာလဲ..."
" ကျွန်တော့်ဆီမှာ ထူးဆန်းတဲ့ လက္ခဏာနဲ့ လူနာ တစ်ယောက် ရောက်နေလို့ပါ... သူ့ ရောဂါက ဘာမှန်း ကျွန်တော် သေချာ မဆုံးဖြတ်တတ်တော့လို့..."
" ခဏစောင့်..."
လီချူးဟန် တုံ့ပြန်လိုက်ပြီး " ငါနဲ့ ခဏ လိုက်ကြည့်လေ... နင်က ခက်ခဲပြီး ရှုပ်ထွေးတဲ့ ရောဂါတွေမှာ အတော်ဆုံးမလား... "
" အင်း... ကောင်းပြီလေ.. တစ်ချက် သွားကြည့်ကြတာပေါ့..."
သို့နှင့် နှစ်ယောက်သား အရေးပေါ်ခန်းထဲသို့ ရောက်ရှိလာကြသည်။ အထဲတွင် အသက်ငါးဆယ်အရွယ်ခန့် ရှိမည့် သက်လတ်ပိုင်း လူကြီးတစ်ဦး ထိုင်နေသည်။ ထိုသူက စစ်ဆေးလို့ လွယ်ကူစေရန်ပင် အပေါ် အင်္ကျီကို ချွတ်ထားပေးလိုက်သေး၏။
" ဦးလေးရဲ့ အခြေအနေကို တစ်ချက် ပြောပေးပါဦး... "လီချူးဟန် မေးမြန်းလိုက်သည်။
သက်လတ်ပိုင်း လူကြီးမှ သူ့ပခုံးကို ညွှန်ပြလိုက်ရင်း " ဒေါက်တာ... ကျုပ် ပခုံးက ထိလိုက်ရင် နာလာလို့ပါ...သူ့ဘာသူ နေရင်တော့ မနာဘူး...ကျုပ် ဒဏ်ကြေဆေးတွေလည်း စုံနေပြီ... ဒီ ရောဂါကို ဘယ်လိုပျောက်အောင် လုပ်ရမလဲ ကူညီပေးပါဦး ဒေါက်တာရယ်.. ကျွန်တော့် အခြေအနေက ပြင်းထန်လား.. စိုးရော စိုးရိမ်ရလား.... "
" ခဏနော်.. ကျွန်မ တစ်ချက် စမ်းကြည့်မယ်..."
ထိုသို့ ပြောပြီးနောက် လီချူးဟန် လူနာ အနားတိုး၍ ပခုံးကို နှစ်ချက်ခန့် ဖိကြည့်လိုက်သည်။ သက်လတ်ပိုင်း လူကြီးမှာတော့ တစ်ခါ ဖိလိုက်တိုင်း ကြိမ်နှင့် အရိုက်ခံနေရသကဲ့သို့ အားခနဲ အော်မြည်ရင်း ဘုရားတနေတော့သည်။
လီချူးဟန် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့၏။ ဤ လက္ခဏာက နည်းနည်းတော့ ထူးဆန်းနေသည်။
လီချူးဟန် လင်းရီကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ အမြင်ကို သူမ ကြားချင်နေသည်။
" ဦးလေး.. ခင်များရဲ့ ပခုံးက ထိလိုက်ရင် နာတယ်... မထိရင် မနာတော့ဘူး... ဟုတ်တယ်နော်...."
သက်လတ်ပိုင်း လူကြီးမှ ၀မ်းနည်းနေသည့် မျက်နှာဖြင့် ခေါင်းညိမ့်လိုက်ရင်း " ဟုတ်တယ်.. သေချာလေး တစ်ချက်ကြည့်ပါဦး ဒေါက်တာရယ်... ကျုပ် တစ်မိသားစုလုံးက ကျုပ် ၀င်ငွေ အပေါ် မှီခိုနေရလို့ပါ... "
" အသေးအမွှားလေးပါ... မထိရင် မနာဘူးဆိုတော့ နောက်မထိနဲ့ပေါ့... အဲ့လိုဆို အဆင်ပြေသွားမယ် မဟုတ်ဘူးလား... "
လီချူးဟန် ".... "
လီရန် "..... "
ဘယ်လိုတောင် ခမ်းနားလိုက်တဲ့ ကုသနည်းလဲ...
လီချူးဟန် လင်းရီကို ညင်သာစွာ တစ်ချက်ဆွဲလိုက်ပြီး သူမ၏ လူနာကို ဟာသလုပ်မနေရန် သတိပေးလိုက်သည်။
" ကျွန်တော်တို့ ဓာတ်မှန်ရိုက်ကြည့်ရင်ကော... အဲ့တာဆို အခြေအနေကို တစ်ချက်ကြည့်လိုက်တာနဲ့ သိပြီ... "
လီရန် ပြောလိုက်၏။
" မလိုဘူး... ဓာတ်မှန်ရိုက်နေလည်း အလကား ငွေကုန်တာပဲ ရှိမယ်..."လင်းရီ ပြောပြီးနောက် ခိုင်မာသည့် လေသံဖြင့် " ဒါ synovitis ပဲ.. ကိုယ့်ဘာကိုယ် ကုလို့လည်း ပျောက်တယ်..."
ဤသည်က ဒေါက်တာ အသစ်နှင့် အတွေ့အကြုံ ရှိသည့် ဒေါက်တာတို့အကြား ခြားနားမှုပင်။
ဒေါက်တာ အသစ်လေးများက လူနာ ဘာဖြစ်လဲ သိရဖို့ စက်ကိရိယာများ အသုံးပြုပြီး စကန်ဖတ်ကြည့်ဖို့ လိုနေစဉ် အတွေ့အကြုံ ရင့်သန်နေသည့် ဒေါက်တာများကတော့ လူနာကို တစ်ချက်ကြည့်ပြီးသည်နှင့် ၎င်းတို့၏ အတွေ့အကြုံမှတစ်ဆင့် ဘာဖြစ်လဲ ဒက်ကနဲ ပြောလိုက်နိုင်သည်။ ဤသို့ဖြင့် လူနာသည်လည်း ပိုက်ဆံ အမြောက်အများ ချွေတာလိုက်နိုင်ရာ ရောက်သွားတော့၏။
"ဒါပေမယ့် သူ့ကိုယ်ပေါ်မှာ melanin deposit( မယ်လနင် စုပြုံမှု) ရှိနေသလိုပဲ... အသည်းမှာလည်း ပြဿနာ တစ်ချို့ ရှိနေတယ်နဲ့တူတယ်... ကျွန်တော်တို့ သေချာလေး စစ်ဆေးကြည့်သင့်ပါတယ်..."
ဘွဲ့ယူခါစ ဖြစ်သောကြောင့် လီရန်က စကားလုံးများကို အထူးသတိထား ပြောနေသည်။
" အသည်း စစ်ဆေးဖို့ ပိုတောင် မလိုသေး... ခင်များ ပြန်ပြီးသာ ရေချိုးစင်တာ တစ်ခေါက်လောက် သွားလိုက်...."
" အာ... ရေချိုးစင်တာကိုလား..."လီရန် မယုံကြည် ဖြစ်သွားခဲ့တော့၏။ သူ နားကြား မှားသွားခဲ့သည်ဟုပင် ခံစားလိုက်ရသည်။
" ဒီဦးလေးက ရေမချိုးတာ ကြာလို့.. မယ်လနင် စုပြုံတာနဲ့ ဘာမှမဆိုင်ဘူး... “