နှုတ်ဆက်ပြီး ထွက်သွားခဲ့တယ်
Vol. 72 Ch. 1067
" ဘယ်သူ့ရှိရမှာ ခင်များကိုပဲပေါ့..."လင်းရီ အသီးများကို ပလတ်စတစ်အိတ်ထဲ ထည့်ပေးရင်း ပြောလိုက်ပြီး " ကျုပ် နောက်တစ်ခေါက် ပြန်ပြောပေးဖို့ လိုသေးလို့လား....."
၀မ်နာ မျက်နှာ ဖြူဖပ်ဖြူလျော် ဖြစ်သည်ပထိ ဒေါသထွက်နေတော့၏။ သူမ အစော်ကားခံလိုက်ရသည်ဟုပင် ခံစားနေရလေသည်။
" နင့်ကိုယ်နင်လည်း မှန်ထဲ ပြန်ကြည့်လိုက်ဦး... ငါ ၀တ်ထားတဲ့ ဆွဲကြိုးက ယွမ် ဆယ်သိန်းကျော်တယ်... နင့်ငါ့ကို ဆက်အော်ရဲရင် ငါရဲခေါ်ပြီး ဖမ်းခိုင်းပစ်လိုက်မယ်....."
လင်းရီ သူ့လက်ကောက်၀တ်ကို မလိုက်ပြီး နေရောင် တလက်လက် ဖြစ်အောင် ပြုလိုက်ရင်း " ဒီမှာ... ခင်များ တစ်ကိုယ်လုံးက ကျုပ် နာရီလောက်တောင် တန်ကြေး မရှိဘူး... ခင်များက ဟန်ရေးပြချင်နေတယ်ဆိုရင်တော့ လူမှားနေပြီလို့ပဲ ပြောချင်တယ်...."
လင်းရီ၏ လက်ပတ်နာရီကို မြင်တော့ ၀မ်နာနှင့် ကျန်သူများ အားလုံး ကြက်သေသေသွားခဲ့ကြသည်။
သူမနှင့် ရွှီးလင် နှစ်ယောက်လုံးက လူချမ်းသာများ ဖြစ်ကြပြီး နွှဲ့ရှောင်ဖေ့နှင့် ဖုန်းကျားကျားသည်လည်း အနုပညာ နယ်ပယ်နှင့် မော်ဒယ် လောကတွင် ကျင်လည် နေကြသူများ ဖြစ်သည်။ သဘာ၀အားဖြင့် သူမတို့က အတွေ့အကြုံရှိပြီး ဗဟုသုတလည်း ကြွယ်သည်။ တစ်ချက်ကြည့်လိုက်သည်နှင့် လင်းရီ၏ နာရီကို မှတ်မိသွားခဲ့ကြသည်။ ၎င်းက Richard Mille တံဆိပ်ပင်။ ပီတက် ဖီလစ်ပီကဲ့သို့ နာမည်ကျော်ကြားသည့် နာရီဘရန်း တစ်ခု ဖြစ်၏။
ဤသည်က အလွန်တရာကို အံ့အားသင့်ဖို့ ကောင်းနေလွန်းခဲ့ကာ သတိပြန်၀င်လာရန် အချိန်ခဏလောက် ယူလိုက်ရလေသည်။
" ဘာလဲ.... နင် ငါ့ကို နာရီအတုနဲ့ အရူးလာလုပ်ချင်နေတာလား...."၀မ်နာ သူမ ခေါင်းကို မော့လိုက်ပြီး လင်းရီကို သူမ မေးစေ့ဖြင့် ကြည့်နေသကဲ့သို့ ဖြစ်နေတော့သည်။
" နင့်ကိုယ်နင် ဟုတ်လှပြီ တတ်လှပြီ ထင်နေတာလား... ဒီနာရီ အတုမှန်း အစစ်မှန်း မခွဲခြားတတ်ဘူးလို့ နင်က ထင်နေတာလား.... နင် လာလိမ်ချင်နေတယ်ဆိုရင် နင်လည်း လူရွေးမှားသွားပြီ...."
" ဝေးဝေး သွားနေစမ်းပါဗျာ... ခင်များကြည့်ရတာ ကမ္ဘာကြီး ဘယ်လောက်ကျယ်လဲ မြင်ဖူးတဲ့ပုံလည်း မပေါ်ဘူး... "လင်းရီ တော်တော်ကြီးကို ပြောစရာ စကား ကင်းမဲ့သွားခဲ့ပြီး " ပြန်လိုက်တော့... ဒီလာပြီး အရှက်ခွဲခံမနေနဲ့...."
" နင် ဘယ်သူ့ကို အဲ့စကားမျိုး လာပြောနေတာလဲ.... "၀မ်နာ လင်းရီ၏ လည်ပင်းကို လက်ညိုးထိုးလိုက်ပြီး " ငါ နင့်ကို ဖုန်းဆက်ပြီး တိုင်ပစ်လိုက်မယ် ဆိုတာ ယုံလား...."
" ရှင် ပါးစပ်နဲ့ စကားကို ကောင်းကောင်း မပြောတတ်ဘူးလား.... အစ်ကိုကြီးလင်းကို လက်ညိုးလာမထိုးနဲ့...."
သူယောင်မှ ဆက်လက် သည်းမခံနိုင်တော့ပဲ လင်းရီဘက်မှ ထပြောပေးတော့သည်။
" ထွက်သွားစမ်း... ဒါ နင်နဲ့ မဆိုင်ဘူး... နင်တို့လို သောက်ငမွဲတွေကများ ငါ့ကို လာအော်ရဲတယ် ဟုတ်လား.... ဘယ်သူက နင်တို့ကို အဲ့သတ္တိပေးလိုက်တာလဲ...."
သူယောင်ကို အော်ဟစ်ပြီးနောက် ၀မ်နာ လင်းရီကို လက်ညိုးထိုးလိုက်ပြီး " ခုချက်ချင်း ထွက်သွားစမ်း... ထန်းချိန် အိမ်ယာက နင့်ကို မကြိုဆိုဘူး... နင်က ငါတို့ ရပ်ကွက်ရဲ့ နာမည်ကို နွံထဲ လာနစ်နေတာပဲ...."
" ခင်များ ကျုပ်ကို လက်ညိုး ဆက်ထိုးနေရင် ကျုပ် သတ်မယ်... မယုံရင် စမ်းကြည့်လိုက်..."လင်းရီ လေသံကို နိမ့်ပြီး ပြောလိုက်သည်။ သူ၏ လေသံက အမှန်ပင် အေးစက်နိုင်လွန်းနေသည်။
၀မ်နာ ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့တော့သည်။ လင်းရီ၏ အကြည့်တို့က အမှန်ပင် လူသတ်တော့မည့် အကြည့်ရိုင်းများ ဖြစ်နေပြီး နဖူး၌ပက် ချွေးများ ပြိုက်ပြိုက်ထွက်လာခဲ့တော့၏။
ကျေးလက် ဒေသရှိ လူများက ဆင်ခြင်တုံတရား ကင်းမဲ့သူများ ဖြစ်ကြောင်း သူမ ကောင်းစွာ နားလည်သည်။ လူသတ်မှု ၊ လုယက်မှု စသည့် မကောင်းမှု တော်တော်များများကို ကျူးလွန်သူတို့သည်လည်း ကျေးလက်ဒေသဘက်၌ ခပ်များများ ဖြစ်ပျက်နေခဲ့သည်။
သူမက အမှန်ပင် ၎င်းတို့ထက် ငွေကြေး ကြွယ်၀ချမ်းသာသော်လည်း အကယ်၍ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားမည်ဆိုပါက အဆုံးသတ်၌ ခံရမည့်သူက သူမပင် ဖြစ်သည်။
" သွားကြစို့... နင့်ကိုယ်နင် သူတို့နဲ့ တန်းသွားညှိမနေနဲ့...."
" ငါ နင့်လိုကောင်နဲ့ အလုပ်ရှုပ် မခံနိုင်ဘူး..."၀မ်နာ မောက်မာစွာ ပြောဆိုလိုက်ပြီး " ဒါပေမယ့် ငါဒီမှာ ဆက်ရှိနေမယ်... ခုချက်ချင်း ထွက်မသွားဆိုရင် နင့်ကို အချုပ်ထဲ ပို့မယ်...."
" ကျုပ်လည်း ဘယ်သူ ကျုပ်ကို ဖမ်းဝံ့လဲဆိုတာ တွေ့ချင်မိသား...."
ရွှီလင်း ၀မ်နာကို ရပ်ကွက်ထဲ အတင်း ဆွဲခေါ်သွားလိုက်သည်။ ရန်ဖြစ် စကားများမှုကို ရှောင်ရှားရန်အတွက် ဟင်းသီးဟင်းရွက်များလည်း မ၀ယ်ကြတော့ချေ။
နွှဲ့ရှောင်ဖေ့ နှင့် ဖုန်းကျားကျားတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြ၏။
အနှီ ခန့်ညားသည့် အချောလေးက ကြည့်ရသည်မှာ ကြမ်းတမ်းခက်ထန်သည့် လူစားမျိုး ဖြစ်သည့်ပုံပင်။
သို့သော် သူမတို့သည်လည်း ထိုကဲ့သို့ ယောက်ျားဆန်သည့်လူကိုမှ နှစ်သက်ကြ၏။
" ပြီးပြီ... တစ်ယောက်ကို ယွမ် တစ်သောင်းဖိုးစီ... ကျူအာကုတ်ကို စကန်ဖတ်ပေးပါ.... "
လင်းရီ မက်မွန်သီး နှစ်ထုပ်ကို သူမတို့ထံ ကမ်းပေးလိုက်ပြီး လိုင်ချီးသီး နှစ်လုံးကို လက်ဆောင် အဆစ် ထည့်ပေးလိုက်၏။ သူမတို့ကို အမြည်းစားကြည့်စေချင်သည်။ အကယ်၍ ကြိုက်နှစ်သက်သွားပြီး နောက်တစ်ခေါက် လာ၀ယ်မည်ဆိုပါက သူ၏ စီးပွားရေးသည်လည်း ပို၍ ရောင်းကောင်းလာပေလိမ့်မည်။
" အချောလေး... ဒီက နင့်ဖို့ဆိုပြီး စကတ်အတိုနဲ့ စတော်ကင် ၀တ်လာခဲ့ပေးတာတောင် နင်က မျက်နှာသာ မပေးတော့ဘူးပေါ့.... နည်းနည်း လျှော့ဦးလေ.... "နွှဲ့ရှောင်ဖေ့ မျက်စိ တစ်ဖက် မှိတ်ပြပြီးနောက် သနားစဖွယ်လေး ပြောလိုက်သည်။
သရုပ်ဆောင်လို့ပင် မပြောရ။ အမူအရာကတော့ ရက်ရက်ရောရော အလကား ပေးလိုက်ချင်စရာပင်။
" လိုင်ချီးသီးတွေ လက်ဆောင် ထည့်ပေးလိုက်တယ်လေ... မင်းတို့သာ ဒီလိုမျိုး မ၀တ်လာခဲ့ဘူးဆိုရင် ကျုပ်က ဘာမှတောင် ထည့်ပေးလိုက်မှာ မဟုတ်ဘူး... နော်.... သဘောပေါက်.... "လင်းရီ ပြောလိုက်သည်။
" ဟီးဟီး... ဒါဆို ကျေးဇူးပဲနော် အချောလေး..."
အသီးများ ၀ယ်ယူပြီးနောက် နှစ်ယောက်သား တစ်လမ်းလုံး အရူးလိုပြုံးရင်း အိမ်ပြန်ရောက်လာကြလေသည်။
သို့သော် အပြန်လမ်း၌ အမျိုးသမီး နှစ်ဦးမှ ဗြစ်တောက် ဗြစ်တောက်နှင့် လင်းရီအား ကျိန်ဆဲနေကြသည်ကို အမှတ်မထင် မြင်တွေ့လိုက်ရ၏။
" ကျားကျား... သူတို့ ရန်ဖြစ်ကြမယ်လို့ နင်ထင်လား.... "နွှဲ့ရှောင်ဖေ့ မေးမြန်းလိုက်ပြီး " ထန်းချိန် အိမ်ယာမှာ နေကြတဲ့ လူတွေ အကုန်လုံးက လူချမ်းသာတွေချည်းပဲလေ... ငါကတော့ သူတို့ သည်းခံနိုင်ကြမယ် မထင်ဘူး...."
" ငါတော့ အဲ့ အဘွားကြီးက ဒီတိုင်း မောက်မာပြနေတယ်လို့ပဲ ထင်တယ်...."
ဖုန်းကျားကျား ပြောလိုက်ပြီး " အသီးရောင်းတဲ့ အစ်ကိုလေးက လုံး၀ သာမန်လူနဲ့ မတူဘူး... ပြီးတော့.... နင် သတိမထားမိဘူးလား... သူ့ရဲ့ နာရီကလည်း အတု မဟုတ်လောက်ဘူးဟ... သူက အတွေ့အကြုံရအောင် အလုပ်လုပ်နေတဲ့ ချမ်းသာတဲ့ ဒုတိယ မျိုးဆက်လည်း ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ...."
" သောက်ပေါက်တတ်ကရ.... ဘယ် ချမ်းသာတဲ့ ဒုတိယ မျိုးဆက်က ဒီလိုမျိုး အသီးသည် လုပ်ချင်မှာလဲ... ဒီလောက် ရှက်ဖို့ကောင်းတာကို...."
နွှဲ့ရှောင်ဖေ့ ပြောလိုက်ပြီး " နာရီ ကိစ္စကတော့ ထားလိုက်တော့... ငါတို့လည်း သူနဲ့ ခုမှ သုံးလေးခေါက်လောက် ဆုံဖူးတာကို အတုလား အစစ်လား ဘယ်လိုသိနိုင်မှာလဲ.... "
" အင်း.. ဟုတ်တယ်... မြန်မြန်ပြန်ကြစို့.. ပြီးရင် လိုင်ချီးသီးရဲ့ အရသာကို သေချာလေး မြည်းစမ်းကြည့်ရမယ်...."
သို့နှင့် သူမတို့ နှစ်ယောက် တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။
၀မ်နာ သူမဖုန်းကို ထုတ်လိုက်ပြီး " ဒင်းကိုဆို ဘယ်တော့မှကို အားကိုးလို့ မရဘူး..."
" နင့် အဘိုးကြီး စွန်းက အလုပ်များနေတယ်လေဟယ်... ပြီးတော့ ဒီကိစ္စ ကိုင်တွယ်ပေးဖို့ တစ်ယောက်ယောက် လွှတ်လိုက်မယ်လို့ သူ ဖုန်းထဲ ပြောသွားတယ် မဟုတ်ဘူးလား... စိတ်ရှည်ရှည် စောင့်ဦးမှပေါ့.... "
" သူ ကူညီပေးမယ့်သူကို ရှာတွေ့တဲ့ အချိန်ကျရင် မိုးတောင် ချုပ်နေလောက်ပြီ..."၀မ်နာ ဖုန်းကို တစ်ဖန်ပြန်ဖွင့်လိုက်ပြီး " ကိုယ့်ဘာကိုယ်ပဲ ရဲတိုင်လိုက်တော့မယ်.... အဲ့တာက လွယ်ပြီး အလုပ်လည်း မရှုပ်ဘူး...."
ပြောပြီးနောက် ၀မ်နာ ၁၁၀ ထံ ဖုန်းခေါ်လိုက်တော့၏။
" ကျွန်မ ရဲအရာရှိတို့ကို တစ်ခု တောင်းဆိုချင်လို့ပါ... ထန်းချိန် အိမ်ယာရဲ့ ၀င်ပေါက်၀မှာ လူတစ်ယောက် ကျွန်မကို ရိုက်တယ်.... "
" ဟုတ်တယ်... အဲ့လိုပဲ... မြန်မြန်လာခဲ့...."
၀မ်နာ ဖုန်းကို အလျင်အမြန်ပဲ ချလိုက်ပြီး သူမ အိတ်ထဲ ပြန်ထည့်လိုက်သည်။ သူမ လက်ကို ရင်ဘက်ရှေ့ ပိုက်လိုက်ပြီး " ဒီနေ့ ဒင်းကို မဖမ်းနိုင်ရင် ငါ့နာမည် ၀မ် မဟုတ်တော့ဘူး...."
" တော်လောက်ပြီ... သူက ဒီတိုင်း ပါမွှား ယင်ကောင်လေးပဲကို သူ့အတွက် အချိန်ကုန်လို့ မတန်ပါဘူး...."ရွှီလင်း ဖြောင်းဖြလိုက်၏။
" ငါ ဘယ်လိုလုပ်ပြီး ဒီတိုင်း ထားလိုက်နိုင်မှာလဲ... အဲ့ကောင်က သောက်ငမွဲ အပင်စိုက်တဲ့ကောင်လေ..... ဘာကိစ္စ မောက်မာစရာ အကြောင်း ရှိလို့... ဒါ ကျိုးဟိုင်... သူ့ရဲ့ရွာ မဟုတ်ဘူး...."
ရွှီလင်း သက်ပြင်းချလိုက်သည်။ သူမသည်လည်း တစ်ဖက်သူက တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရလေသည်။
အသီးများကို အင်မတန် ရယ်စရာကောင်းသည့် ဈေးနှုန်းဖြင့် ရောင်းချသည်က တစ်ကဏ္ဍ၊ သို့သော် အနှီ ဈေးသည်က စကားကို မောက်မောက်မာမာ ဆိုရုံသာမက ထန်းချိန် အိမ်ယာရှိ နေထိုင်သူများကိုလည်း အဖက်မလုပ် အလေးအနက် မထားချေ။ ၎င်းတို့က အမှန်ပင် ဥပဒေမဲ့လွန်းလှ၏။
" ဒီမှာပဲ စောင့်ကြရအောင်... ရဲလာတဲ့ အချိန်ကျ ငါ သူနဲ့ စာရင်းရှင်းရမယ်...."
ရဲဌာနမှ သိပ်မကြာမီမှာပဲ လူတစ်ချို့ စေလွှတ်လာခဲ့၏။
ထိုအခိုက်အတန့်တွင် ၀မ်နာနှင့် ရွှီလင်းတို့လည်း အပြင်သို့ ထွက်လာခဲ့ကြသည်။
ထန်းချိန် အိမ်ယာ ၀င်ပေါက်၀သို့ ရဲရောက်ရှိလာမှုက ပတ်၀န်းကျင်ကို လှုပ်လှုပ်ရှားရှား ဖြစ်ပေါ်လာစေပြီး ဖြတ်သွားဖြတ်လာ အများအပြားကို ဝိုင်း အုံသွားစေခဲ့တော့သည်။
" အစ်ကိုကြီးလင်း... ရဲတွေ ဒီရောက်လာနေပြီ..."သူယောင် တီတိုးပြောလိုက်၏။
" ရတယ် စိတ်အေးလက်အေးသာနေ..."
ရဲ အရာရှိနှစ်ဦး ကားထဲမှ ထွက်လာကြပြီး အိမ်ယာ ၀င်ပေါက်၀သို့ လမ်းလျှောက်လာသည်။ ထို့နောက် ဘေးပတ်ပတ်လည်ကို စူးစမ်းကြည့်တော့၏။
" ၀မ်နာက ဘယ်သူလဲ...."
" အရာရှိကြီး... ကျွန်မပါ...."
ရဲအရာရှိမှ ခေါင်းညိမ့်လိုက်ပြီး လင်းရီနှင့် သူသဟိုင်တို့ကို ကြည့်လိုက်ပြီး " မင်း ဖုန်းဆက်ပြီး လူတစ်ယောက် မင်းကို ရိုက်တယ်လို့ ပြောတယ်နော်... ဘယ်သူတွေလဲ..."
" အဲ့ ကောင်လေးပဲ... ကျွန်မကို ခုလေးတင် သတ်မယ်လို့ ခြိမ်းခြောက်ထားတာ..."၀မ်နာ လင်းရီကို လက်ညိုးထိုးပြလိုက်ပြီး " ကျွန်မဆို ခုထိ ကြောက်လန့်နေတုန်းပဲ... "
ရဲအရာရှိ၏ မျက်နှာ အမူအရာမှာ အေးခဲသွားခဲ့တော့၏။ ထိုစကားမျိုး ပြောလာပုံထောက်လျှင် ဤကောင်လေးသည် အမှန်ပင် ဥပဒေမဲ့ စရိုက် ဖြစ်ပုံရ၏။
" သူပြောတာကို မင်း ၀န်ခံလား...."
" ကျုပ် ၀န်ခံပါတယ်..."
" မင်းလည်း ၀န်ခံနေပြီ ဆိုမှတော့ ... "ရဲအရာရှိမှ ပြောလိုက်ပြီး " ပြည်သူ့လုံခြုံရေး စီမံခန့်ခွဲမှုရဲ့ ပြစ်မှု ဥပဒေ ပြဌာန်းချက်တွေ အရ... မင်းကို ငါးရက် ထိန်းသိမ်းပြီး ဒဏ်ကြေး ယွမ် ငါးရာ ကောက်ရမယ်... မင်းရဲ့ အသီးဆိုင်ကို သိမ်းပြီး ငါတို့နဲ့ လိုက်ခဲ့တော့..."
" ဘာလို့ ငါးရက်တည်းလဲ..."၀မ်နာ လက်သင့်မခံနိုင်ပဲ " သူ ကျွန်မကို သတ်မယ်လို့ ပြောထားတာလေ... ဒီလောက် ပါးပါးလေးပဲ အပြစ်ပေးလို့ ဘယ်ရမှာ... ဒါ ဟာသ မဟုတ်ဘူးနော်...."
" ကျုပ်တို့က သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ အတိုင်း လုပ်နေတာ အစ်မကြီး... "ရဲအရာရှိမှ ပြောလိုက်ပြီး " ကျုပ်တို့ ပြန်ရောက်ရင် ဆက်ပြီး စုံစမ်းကြည့်လိုက်ပါ့မယ်... တကယ်လို့ အခြေအနေက ပြင်းထန်တယ်ဆိုရင် ကျုပ်တို့ ပြစ်ဒဏ်ကို တိုးလိုက်ပါ့မယ်.... "
" ကျွန်မ ယောက်ျားက ဖျင်အန်းရဲ့ အထွေထွေ မန်နေဂျာပဲ.. ရှင်တို့ ပြင်းပြင်းထန်ထန်လေး ကိုင်တွယ်တာ ပိုကောင်းလိမ့်မယ်... မဟုတ်လို့ကတော့ ကျွန်မ ဒီကိစ္စကို အဆုံးထိလိုက်မယ်...."၀မ်နာ လက်လျော့ရန် ငြင်းဆန်နေခဲ့လေသည်။
" ဒါက...."
ရဲအရာရှိ နှစ်ဦးမှ အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး ဆုံးဖြတ်ရ ခက်ခဲနေတော့၏။ တစ်ဖက်သူ၏ အထောက်အထားက သာမန် မဟုတ်သောကြောင့် ကိုင်တွယ်ရ ခက်ခဲနေသည်။
" မဒမ်၀မ်... ဒေါသမထွက်ပါနဲ့... သူ့ကို အရင်ဆုံး ခေါ်သွားပြီးမှ ဆက်ကြည့်ကြတာပေါ့..."
" ငါ နင်တို့ကို ပြောမယ်... ဒီကိစ္စ ပြင်းပြင်းထန်ထန် အရေးယူပေးမှ ဖြစ်မှာနော်... "၀မ်နာ ပြောလိုက်ပြီး " ပြီးတော့ သူ့အသီးတွေကို ဘယ်လောက်နဲ့ ရောင်းနေလဲသိလား... တစ်ကီလိုကို ယွမ် ၅,၀၀၀ ... ဒါ လိမ်စားနေတယ်ဆိုတာ အသိသာကြီးပဲ... နင်တို့ သူ့ကို ဖမ်းမှကို ရမှာ...."
" တစ်ကီလိုကို ယွမ် ၅,၀၀၀ နဲ့ ရောင်းနေတယ် ဟုတ်လား.... "ရဲအရာရှိမှ လင်းရီကို ကြည့်လိုက်ပြီး " ညီကို.. မင်း တကယ်ကြီး အဲ့ဈေး တောင်းရဲနေတယ်ပေါ့... ဒီလောက် ဈေးကြီးတာ စက်မှုနဲ့ ကူးသန်းရောင်း၀ယ်ရေး ဗျူရိုက မင်းကို လာမရှာကြဘူးလား..."
" သူတို့ လာတောင် လာပြီးသွားကြပြီ... "လင်းရီ ပြုံးလိုက်ပြီး " ဒါပေမယ့် နှုတ်ဆက်ပြီး ပြန်သွားကြတာပဲ..."