← Chapters

အသာစီးရခြင်း

Vol. 010 Ch. 918

အသာစီးရခြင်း

Vol. 010 Ch. 918

ကျောက်ရှီ ပြန်လှည့်ကြည့်လျက် ချောမောသော မျက်နှာတစ်ခုအား တွေ့၏။ သို့သော်လည်း လူငယ်၏ မျက်လုံးများက အလွန်စူးရှကာ အေးစက်သော အငွေ့အသက်များ လွှမ်းခြုံနေ၏။ ထိုလူမှာ အလွန် ငယ်ရွယ်ဟန် ရသော်လည်း သူ့ထံမှလာသော ဖိအားများမှာ အလွန် ပြင်းထန်၏။

သူမ၏ မျက်နှာ အမူအရာက အနည်းငယ် ပြောင်းလဲ သွားသည်။ သူမကား မုဖန်းချန်းကို မြှောက်ပင့်ပြောရန် ဂူတုံးလျိုကို ဝေဖန်ခဲ့ရ၏။ အမှန် တကယ်အားဖြင့် ဂူတုံးလျိုကား ရှစ်လွှာတွင် ရှစ်ပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်ကာ ကျူးထန်အဆင့်သို့ ဝင်ရန် သိပ်မလိုတော့သော အခြေအနေတွင် ရှိ၏။ ထိုသို့သော စွမ်းရည်ကား သူမတတ်နိုင်သော အရာမဟုတ်ပေ။

သို့သော်လည်း သူမက မည်သို့ ဝန်ခံ နိုင်မည်နည်း။ သူမက မျက်မှောင်ကြုတ် လိုက်ကာ ပြန်ပြောသည်... “အောက်ဘုံက လူတွေက သိပ်နားလည် သိတတ်တာ မရှိဘူးလို့ပဲ ကျွန်မက ပြောတာ... ရှင်က ဒါနဲ့ပတ်သက်ပြီး ဘာပြဿနာ ရှိလို့လဲ...”

“ကြက်မက ဖီးနစ်ကို သရော် လှောင်ပြောင်တယ်... ဒါက ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်ဖို့ အတွက်ပဲမလား... ဒါပေမဲ့ ကောင်းကင်က ဘယ်လောက် မြင့်လဲတော့ သိဟန်မတူဘူး...” ရီဖူရှင်းက ကျောက်ရှီအား တစ်ချက် ကြည့်ကာ ပြောသည်။ ထို့နောက် သူက သူမအား ထပ်မကြည့်တော့ဘဲ ရှစ်လွှာမှ လူနှစ်ယောက်ထံသို့ အာရုံက ရောက်သွား၏။

“ရှင်...” ကျောက်ရှီ၏ မျက်နှာ အမူအရာက ပြောင်းလဲ သွားသည်။ သူက အမှန်တကယ်ပင် ကြက်မဟူသော စော်ကားသော စကားအား အသုံးပြုခဲ့၏။ မိန်းကလေး၏ ဘေးမှ လူငယ်၏ အကြည့်ကာ ရီဖူရှင်းထံသို့ ရောက်လာသည်။ သူ၏ မျက်လုံးများက စူးရှကာ ခြိမ်းခြောက်သော အငွေ့အသက်များ ကပ်ငြိနေ၏။

လွန်ခဲ့သော ဆယ်စုနှစ်က ရှန့်ထိုတစ်ပါး ကျောက်ကလန်ကို ရောက်လာခဲ့ရာ ယခုကား သူတို့မှာ အင်ပါယာရှား နယ်မြေအတွင်း၌ အင်အား အထိုက်အသင့် ရှိသော ကလန်ဟု သတ်မှတ် နိုင်ပေသည်။ သူတို့က မုကလန်နှင့် ရင်းနှီးရာ ပုံမှန်အားဖြင့် သူမနှင့် မုဖန်းချန်းတို့ မှာလည်း အတန်ငယ် ရင်းနှီး ကျွမ်းဝင်ကြ၏။ ကျောက်ရှီကား အမှန်ပင် မုဖန်းချန်းကို စိတ်ဝင်စား ပေသည်။ ထို့ကြောင့် သူမက ဂူတုံးလျိုအား လှောင်ပြောင်ရန် ကြိုးစားခြင်း ဖြစ်၏။

“မင်းပြောခဲ့တာကို ပြန်ရုပ်သိမ်းပြီးတော့ တောင်းပန်ပါ...” ဘေးမှ ကျောက်စီ၏ မျက်လုံးများက အလွန်အမင်း အေးစက် သွားကာ ရီဖူရှင်းအား ကြည့်သည်။

ရီဖူရှင်းက ကျောက်စီအား အေးစက်စွာ ကြည့်သည်။ သူတို့ နှစ်ယောက်က သေချာပေါက် အင်အားစု တစ်ခုတည်းမှာ လာသည်။ သို့သော်လည်း ကောင်းကင် ခုနစ်လွှာမှ သူတို့က မုဖန်းချန်းအား မြှောက်ပင့်ပြောရန် သူ၏အစ်ကို ၃အား လှောင်ပြောင်ခဲ့၏။

ယူချင်းက ရှေ့သို့ တက်လာသည်။ သူ၏ တုတ်ခိုင်သော ခန္ဓာကိုယ်ကြီးမှ ကြီးမားသော အရှိန်အဝါများ ဖြာထွက်လာ၏။ ကျောက်ရှီနှင့် ကျောက်စီတို့ဘေး၌ တန်ခိုးရှင် အများအပြား ရပ်နေကြသည်။ သူတို့အထဲတွင် ကွန်းရှီ တန်ခိုးရှင်များပင် ပါဝင်သည်။

“ဒီက ထွက်သွား...” ယူချင်းက ကျောက်စီကို အေးစက်စွာ ပြောသည်။ ရီဖူရှင်းကား သူတို့ကို ကြည့်ပင် မကြည့်တော့။ ထိုသို့သော နိမ့်ကျသော အကျင့်စရိုက်နှင့် လူများကား အာရုံစိုက်ရန်ပင် မထိုက်တန်ပေ။ အစ်ကို၃အား စော်ကားသော စကားများ မပြောလျှင် သူက မူလ ကတည်းကပင်လည်း အရေးစိုက်မည် မဟုတ်ပေ။

ကျောက်ရှီနှင့် တခြားလူများ အားလုံး၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ သည်နှစ်ယောက်ကား အထက်စီး ဆန်လွန်းလှသည်။ ရီဖူရှင်းကား သူတို့ကို တူသည် တန်သည်ဟုပင် ထင်ပုံမရပေ။

ထိုစဉ်မှာပင် တန်ခိုးရှင် တစ်ယောက်က သူတို့အား ကြည့်ကာ ပြောသည် ... “ကျူးထန် နန်းတော်ရဲ့ စည်းကမ်းကို မင်းတို့ သိသင့်တယ် ... ဒီမှာ ပြဿနာတွေကို စင်မြင့်ပေါ်မှာပဲ ရှင်းရမယ်...”

“ကျုပ် နားလည်တယ်...” ကျောက်စီက ခေါင်းညိတ်ကာ ရီဖူရှင်းအား ပြောသည်... “မင်းက ကောင်းကင် ခုနစ်လွှာမှာ လာပြီး ယှဉ်ပြိုင်တာ မဟုတ်ဘူးလား...”

ရီဖူရှင်းက သူတို့ကို လျစ်လျူရှုထားဆဲ ဖြစ်သည်။

သို့သော်လည်း အားလုံးက သူတို့အား စိတ်ဝင်စားစွာ ကြည့်နေကြသည်။

သည်ရီဖူရှင်းကား အလွန် မာနကြီးဟန် ရသည်။ သူကား ကျောက်ကလန်ကိုပင် အထင်သေး၏။ ကျောက်စီကား ခုနစ်လွှာတွင် အကြိမ်များစွာ တိုက်ခိုက်ဖူးကာ တစ်ချိန်က ခုနစ်ပွဲဆက်တိုက် အနိုင်ရ ဖူးပေသည်။ သို့သော်လည်း ရှစ်ပွဲမြောက်တွင် ရှုံးနိမ့်ခဲ့ရာ သူက အသစ်တစ်ဖန် ပြန်လည် တိုက်ခိုက်ခဲ့ရ၏။ ယခု သူက ငါးပွဲဆက်တိုက် အနိုင်ရထားပြီး ဖြစ်သည်။

“ဒါဆိုလည်း ကျုပ်တို့ စင်မြင့်ထက်မှာ ဘာလို့ မစမ်းကြည့်တာလဲ...” ကျောက်စီက ပြောသည်။

“မင်းပါးစပ်ကို ပိတ်ထား...” ရီဖူရှင်းက ကျောက်စီအား မကြည့်ဘဲ ကောင်းကင်ထက်မှ လူနှစ်ယောက်အား မော့ကြည့်ကာ ပြောသည်။

တိုက်ပွဲကား စတော့မည် ဖြစ်သည်။

“ဒါ...” သူ့အနီးမှ လူများ ဆွံ့အ သွားကြသည်။ ရီဖူရှင်းကား ကျောက်စီကို မျက်လုံးထဲတွင်ပင် မထည့်ထားပေ။

“မင်းက ဂုဏ်မောက်ပေမဲ့ ရင်ဆိုင်ဖို့ကျတော့ မရဲဘူးလား...” ကျောက်စီ၏ မျက်လုံးများက အေးစက်နေသည်။

ရီဖူရှင်းက နောက်လှည့်ကာ ကျောက်စီနှင့် ကျောက်ရှီတို့အား ကြည့်သည်။ သူ၏မျက်လုံးများမှ အေးစက်သော အငွေ့အသက်များ ဖြတ်သန်း သွားကာ ပြောသည်... “ကျူးထန် နန်းတော်က တာဝန်ရှိသူတွေ စီစဉ်ပေးရင် ကျုပ်က ငြင်းစရာ မရှိဘူး...”

“ကောင်းတယ်...” ကျောက်စီက ခေါင်းညိတ်သည်။ ထို့နောက် သူက စင်မြင့်ထက်မှ အကြီးအကဲအား ပြောသည်... “စီနီယာက ကျုပ်တို့ တိုက်ပွဲကို စီစဉ်ပေးလို့ ရမလား...”

အကြီးအကဲက ကျောက်စီအား ကြည့်ကာ ပြောသည်... “မင်းက ငါးပွဲဆက်တိုက် နိုင်ထားပြီးပြီ...”

ငါးပွဲဆက်တိုက် အနိုင်ရသူများက ပုံမှန်အားဖြင့် နောက်ထပ် ငါးပွဲဆက်တိုက် အနိုင်ရသူနှင့်သာ ရင်ဆိုင်ရပေမည်။ ထို့ကြောင့် သူတို့က ပွဲဆက်နိုင်လေလေ ထပ်မံ၍ အနိုင်ရရန် ခက်လေလေ ဖြစ်သည်။ အများစုမှာ သတ္တမ အလွှာ၌သာ ဆက်လက်၍ နေကြရပေသည်။

“ဒီတိုက်ပွဲက ကျုပ်စာရင်းထဲ သွင်းဖို့ မလိုဘူး...” ကျောက်စီက ထူးမခြားနားစွာ ပြောသည်။

“ကောင်းပြီ...” အကြီးအကဲက ပြောသည်။

ကျောက်စီ၏ လေသံက အနည်းငယ် အေးစက်နေသည်။ ရီဖူရှင်းနှင့် ယူချင်းတို့၏ ကိုယ်ရောင် ကိုယ်ဝါမှ သူက သူတို့၏ တန်ခိုး အဆင့်များအား ခန့်မှန်းမိပေသည်။ သူတို့ကား အလယ်အလတ် မိုရှီများ ဖြစ်ကြ၏။ တစ်ဖက်တွင် မိမိကား အဆင့်မြင့် မိုရှီဖြစ်သည်။ ထို့အပြင် နိုင်ပွဲလည်း ခုနစ်ပွဲရဖူးသူ ဖြစ်၏။

ယခုမှ သတ္တမ အလွှာသို့ တက်လာသူက မည်သို့ သူ့အား ရင်ဆိုင်ရဲသနည်း။

ကျောက်စီက ထိုင်ခုံတွင် ထိုင်နေရင်းမှ ရှစ်လွှာသို့ ထူးမခြားနားစွာ ကြည့်သည်။

“စရအောင် ...” ထိုအခိုက်တွင် အသံတစ်သံကို ကြားကြရသည်။ ရှစ်လွှာ၌ ဂူတုံးလျိုနှင့် မုချန်းဖန်တို့က တစ်ယောက်နှင့် တစ်ယောက် မျက်နှာချင်း ဆိုင်သည်။

ယခု ကြီးမားသော ကျူးထန် နန်းတော်၌ တိုက်ခိုက်မှုများ အားလုံးမှာ ယာယီ ရပ်နားထားဟန်ပင် ရသည်။ အားလုံး၏ မျက်လုံးများက ရှစ်လွှာသို့ ရောက်နေကြသည်။

ရှစ်ပွဲဆက်တိုက် အနိုင်ရခြင်းကား ကိုးပွဲဆက်တိုက် အနိုင်ရခြင်း မတိုင်မီ အကောင်းဆုံးသော စံချိန် မဟုတ်ပါလား။ ထို့ကြောင့် ပရိသတ်များ အားလုံးက သေချာပေါက် စိတ်ဝင်စား ပေသည်။ ရှစ်လွှာ စင်မြင့်ထက်မှ အားကောင်းသော အရောင်အဝါများ ထွက်ပေါ်နေသည်။

ကျူးထန် နန်းတော်က အင်ပါယာ ရှားနယ်မြေ၌ ထင်ရှားသည်မှာ သူတို့မှ ပေးသော ခက်ခဲ ကြမ်းတမ်းမှုကြောင့် ဖြစ်ပေသည်။ တန်ခိုးရှင်များ အတွက် ထိုသို့သော အတွေ့အကြုံက တန်ဖိုး မဖြတ်နိုင်ပေ။

ဂူတုံးလျို၏ သက်စောင့်ဝိညာဉ် ထွက်လာလျှင် အရောင်များက ပိုမို လင်းလက်လာခဲ့၏။ လျှပ်တစ်ပြက်ပင် စက်ဝန်းသဏ္ဌာန် ရှေးသင်္ကေတကိုးခု သူ့အား လှည့်ပတ် သွားသည်။ သူ့အပေါ်တွင် နတ်ဘုရား ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်အား အဆုံးအစမဲ့သော အလင်းများ စီးဆင်းလာ၏။

အောက်ဘုံတွင် ဤသို့သော ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ရှိမည်ဟု မည်သူ တွေးထင် မိမည်နည်း။ တိုက်ပွဲက မစတင် ရသေးသော်လည်း အားလုံးက သူ၏ ကြီးကျယ် ခမ်းနားမှုကို ခံစားမိ ကြပေသည်။

တစ်ချိန်တည်းမှာပင် မုဖန်းချန်း၏ နောက်၌ လူတစ်ယောက် ပေါ်လာသည်။ ထို့နောက်တွင် သူ့ထံမှ ကိုယ်ခွဲများ ထွက်ပေါ်လာပြီး ကွဲပြားခြားနားသော နေရာများ၌ ရပ်ကြသည်။ တစ်ယောက်ချင်းစီက ကွဲပြား ခြားနားသော ကိုယ်ရောင် ကိုယ်ဝါများ ရှိနေသည်။

လက်ခုပ်လက်ဝါးသံများ သောင်းသောင်းဖြဖြ ပေးကြသည်။ မုဖန်းချန်းကား သေချာပေါက် နာမည် ကျော်ကြားသူ ဖြစ်၏။ လူအများအပြား ကလည်း သူ အနိုင်ရမည်ဟု ယုံကြည် ထားကြ၏။

“မုဖန်းချန်းရဲ့ ကိုယ်ပွား တစ်ယောက်စီက ကွဲပြား ခြားနားတဲ့ စွမ်းရည်တွေ ရှိတယ်... သူက ကိုယ်ပွား ခြောက်ခုအထိ ထုတ်နိုင်ပြီ ... အမြင့်ဆုံး ထုတ်နိုင်တဲ့ ကိုယ်ပွားက ကိုးခုလို့ ပြောကြတယ်... ကိုယ်ပွား တစ်ခုစီက ကွဲပြား ခြားနားတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်တယ် ... ဒီလို အားကောင်းတဲ့ နည်းစနစ်ကို ဂူတုံးလျိုက ဘယ်လို အနိုင်ယူမလဲ...” ကျောက်စီက ထူးမခြားနားစွာ ပြောသည်။

မုဖန်းချန်း၏ စွမ်းရည်များကို ရီဖူရှင်းကလည်း သတိထား မိပေသည်။ သူ၏ကိုယ်ပွား ပညာရပ်ကား ကျူးကော့မိသားစု၏ ပညာရပ်ထက် များစွာ အားကောင်း ပေသည်။ မုဖန်းချန်းက ရှစ်လွှာ၌ ကိုးပွဲဆက်တိုက် အနိုင်ရသည် ဆိုပါက သူ၏စွမ်းရည်အား သံသယ ဖြစ်စရာ မလိုပေ။

သို့တိုင်အောင် ရီဖူရှင်းကား သိပ်အလေး မထားပေ။ အစ်ကို၃၏ သက်စောင့်ဝိညာဉ်ကား ထူးဆန်း အံ့ဖွယ်ကောင်းကာ သူက မင်းသမီး ရှားရှင်းယွန်နှင့်အတူ သုံးနှစ်တိတိ လေ့ကျင့်ခဲ့သည်။ သူ၏စွမ်းရည်များက မည်သို့ မတိုးတက်လာဘဲ နေမည်နည်း။

အစ်ကို၃က သေချာပေါက် ကောင်းကင် ကိုးလွှာသို့ တက်ပေလိမ့်မည်။

ထိုအခိုက်တွင် ဂူတုံးလျို၏ ပတ်ပတ်လည်၌ နတ်ဘုရားတစ်ဖွဲ့ ဆင့်ခေါ်ခြင်း ခံရသည်။ နတ်ဘုရား တစ်ပါးစီ၌ ရှေးသင်္ကေတများ ရေးထွင်းထားပြီး နတ်ဘုရား ကိုးပါးမှာ မုဖန်းချန်း၏ ကိုယ်ပွားများ ထက်ပင် အရေအတွက် များနေသည်။ ထိုမြင်ကွင်းကို ကြည့်ကာ လူအများမှာ ပိုမို၍ပင် စိတ်လှုပ်ရှား လာခဲ့ကြသည်။

ဂူတုံးလျိုနှင့် မုဖန်းချန်းတို့၏ ပညာရပ်များက ကွဲပြား ခြားနားသော်လည်း တစ်နည်းနည်းဖြင့် တူညီကြပေသည်။

ဤသို့ ဆိုလျှင် မည်သူက ပိုမို၍ အားကောင်း သနည်း။

ထိုအခိုက်တွင် အဆုံးအစမဲ့သော နတ်ဘုရား အလင်းများ ဂူတုံးလျို၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နတ်ဘုရား ကိုးပါးအား သက်စောင့်ဝိညာဉ်နှင့် ဆက်နွယ်စေဟန် ရသည်။ ချက်ချင်းပင် အလင်းရောင်များ စင်မြင့် တစ်ခုလုံးသို့ ဖြာထွက် လာခဲ့၏။

ကြည့်ရသည်မှာ စင်မြင့်ထက်မှ ကောင်းကင်နှင့် မြေပြင်၏ စွမ်းအားတို့မှာ ဂူတုံးလျို အသုံးပြုရန်အတွက် အဆင်သင့် ပြင်ထားသည့်ဟန် ဖြစ်သည်။

တစ်ခါတစ်ရံ အစ်ကို၃၏ သက်စောင့်ဝိညာဉ်နှင့် ပတ်သက်၍ ရီဖူရှင်းက ထူးဆန်းသည်ဟု ခံစားရသည်။ အစ်ကို၃က သူ၏မိသားစုနှင့် ပတ်သက်၍ တစ်ခါမှ မပြောပြဖူးပေ။ သို့သော်လည်း ဤသို့သော သက်စောင့် ဝိညာဉ်များကား အလွန် အားကောင်းကာ အဆင့်အတန်း မြင့်မားသော မိသားစုများတွင်သာ ပိုင်ဆိုင်သောပုံစံ ဖြစ်သည်။

ရှေးသင်္ကေတများ ရေးထွင်းထားသော နတ်ဘုရားများက တစ်ပြိုင်နက်တည်း လှုပ်ရှားကြကာ တစ်ဖက်လူများအား စတင် တိုက်ခိုက်သည်။

မုဖန်းချန်း၏ ကိုယ်ပွားများကလည်း ချက်ချင်းပင် ဂူတုံးလျို၏ စစ်နတ်ဘုရားများဖြင့် ရင်ဆိုင် တိုက်ခိုက်သည်။ ချက်ချင်းပင် စင်မြင့်ထက်၌ လေထုများ ပြင်းထန်စွာ ပေါက်ကွဲကြ၏။

“အရမ်း အားကောင်း တာပဲ...” ဂူတုံးလျိုက ဦးဆောင်ကာ တိုက်ခိုက်သည်ကို မြင်လျှင် လူအများအပြားက ထိတ်လန့် ကြရသည်။ သူ၏ စစ်နတ်ဘုရားများကား တံဆိပ်တော်များအား အသုံးပြုရာတွင် ကျွမ်းကျင်ကြပြီး လောကဓာတ်များ ကိုလည်း အသုံးပြုနိုင်ကြ၏။ ထိုသို့သော စွမ်းရည်ကား အလွန် ကြောက်မက်ဖွယ် ကောင်း၏။

“မုဖန်းချန်းက ပြန်လည်း မတိုက်ဘူး ... ဘာလို့ ခုခံနေတာလဲ...”

ရှစ်လွှာမှာ ပြင်းထန်သော တိုက်ပွဲကား ကျူးထန်နန်းတော် ပရိသတ်များ အားလုံးကို တိတ်ဆိတ် စေသည်။ သို့သော် တိုက်ပွဲကား သူတို့၏အထင်နှင့် အမြင်ကို လွဲစေ၏။

မုဖန်းချန်းကား ဂူတုံးလျို၏ စွမ်းအားကို ခံစားမိကာ ပြန်လည် တိုက်ခိုက်မည့်အစား ခုခံနေရသည်။ ထိုအဖြစ်က ကျောက်ရှီနှင့် ကျောက်စီတို့အား ထူးဆန်းစေသည်။

“မုဖန်းချန်းက သူ့စွမ်းအားတွေ အကုန် မသုံးရသေးဘူး ... သူက ပြိုင်ဘက်ကို စောင့်ကြည့်နေတာ ဖြစ်ရမယ်...” ကျောက်ရှီက ပြောသည်။

အားလုံးက သူမအား လျစ်လျူရှု ထားကြသည်။ နတ်ဘုရား ကိုးပါးက ဂူတုံးလျို၏ စိတ်စေရာအတိုင်း တိုက်ခိုက် နေကြသည်။ ထို့နောက် အလင်းတစ်ချက်တွင် နတ်ဘုရား ကိုးပါးက ဂူတုံးလျို၏ သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်ကာ နတ်ဘုရား တစ်ပါးတည်း အဖြစ် ပြောင်းလဲသွား၏။

မုဖန်းချန်းက ပြန်လည် မတိုက်ခိုက်ပေ။ သူက ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိသည်လည်း ဖြစ်နိုင်၏။

အားလုံး၏ စိတ်နှလုံးများက ပြင်းထန်စွာ တုန်ယင် လာကြသည်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ...။

ဂူတုံးလျိုကား မုဖန်းချန်းကို ဖိနှိပ်ထား၏။

***

All Chapters