← Chapters

အခန်း (၁၅)

Vol. 11 Ch. 15

အခန်း (၁၅)

Vol. 11 Ch. 15

ရန်ကုန်တိုက်ပွဲပြီးနောက်မှာတော့ ဖရာလီတာက နန်းတော်ကို ပြန်လာခဲ့ပါတယ်။ အီဗန်ကတော့ ဒဏ်ရာရထားတဲ့ ဖီးလစ်ကို တွဲပြီးပြန်လာရတယ်။ ကိုယ်တော်ချောက အနီးကပ်တိုက်ခိုက်မှုတွေမှာ မကျွမ်းကျင်ဘဲနဲ့ အီဗန်ထက်အရင် S rank ပိုးကောင်ကို သတ်နိုင်ရမယ်ဆိုပြီး ဝင်လုံးရင်းကနေ ပခုံးကို ပိုးကောင်လက်တံနဲ့ထိုးမိလာတာပါ။ ဆေးအဖွဲ့က လိုအပ်တာတွေလုပ်ပေးထားလို့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပေမဲ့ပေါ့။

“နောက်တစ်ခါတော့ မင်းမနိုင်စေရဘူးကွ။” ဖီးလစ်က သွေးတွေအများကြီး ဆုံးရှုံးထားလို့ မျက်နှာတစ်ခုလုံး ဖြူစွပ်နေခဲ့ပေမဲ့ ပိုးကောင်ကိုသတ်ခဲ့တဲ့အီဗန်ကို ဘုကန့်လန့်ပြောနေဆဲပါပဲ။

‘ဒီမသာလေးကို သေသေဆိုပြီး ပစ်ထားခဲ့ရမှာ။' လို့တောင် သူတွေးမိသေးတယ်။

အဖွဲ့ခေါင်းဆောင်ဖရာလီတာကတော့ ဧည့်ခန်းထဲက အကြီးဆုံးခုံမှာ ဇိမ်ကျကျပဲဝင်ထိုင်လိုက်တယ်။ နျူရေ၊ အီဗန်၊ အယ်လိုဟင်နဲ့ ဖီးလစ်တို့ကလည်း နေရာဝင်ယူလိုက်ကြပါတယ်။ ခဏနေတော့ အတွင်းရေးမှူး ကိုထိန်လင်းရောက်လာပါတယ်။

“အရှင်မင်းကြီးရဲ့အခြေအနေက တော်တော်လေး ပြင်းထန်ပြီးတော့ ဒီညကို ကျော်ဖြတ်နိုင်တော့မယ့် ပုံမပေါ်ပါဘူး။ သူက မစ်ဖရာလီတာကို တစ်ယောက်ချင်းတွေ့ဖို့အတွက် တောင်းဆိုထားပါတယ်။”

သူရိယရာဇာက သစ်ကိုင်းပိုးကောင်ရဲ့တိုက်ရိုက်တိုက်ခိုက်မှုကို ခံခဲ့ရတဲ့သူပါ။ အစစ်အမှန်အယ်ဖာအဆင့်မဟုတ်သူတစ်ယောက်အနေနဲ့ အယ်ဖာအဆင့်တစ်ယောက်ရဲ့တိုက်ကွက်ကို တိုက်ရိုက်ခံရရင် ​သေဖို့တစ်လမ်းသာရှိပါတယ်။

“နောက်ဆုံးတော့ ထာဝရဘုရင်ရဲ့အုပ်စိုးမှုကလည်း အဆုံးသတ်တော့မယ်ပေါ့။” ဖရာလီတာက သက်ပြင်းချလိုက်ရင်း ပြောလိုက်ပါတယ်။ ထိန်လင်းကတော့ ဝမ်းနည်းမှုကို ထိန်းချုပ်ရင်းနဲ့ပဲ ဖရာလီတာကို ရှေ့ကနေဦးဆောင်ပြီး လမ်းပြပါတယ်။ ဖရာလီတာကတော့ တခြားသူတွေကို ချန်ထားရစ်ပြီး ဘုရင့်အိပ်ဆောင်တော်ဆီ လိုက်ပါလာခဲ့ပါတယ်။

...

ဘုရင်တစ်ပါးရဲ့အိပ်ဆောင်က ကြီးကျယ်ခမ်းနားသင့်တယ်ဆိုပေမဲ့ သူရိယရာဇာရဲ့အိပ်ခန်းက အတော်လေးသာမန်ဆန်ပါတယ်။ စာအုပ်စင်တချို့၊ စားပွဲတစ်လုံးနဲ့ ကုတင်တစ်လုံးသာရှိတယ်။ အပြင်ဘက် နန်းတော်လိုမျိုး ခမ်းခမ်းနားနားတန်ဆာဆင်ထားတာမျိုးလည်းမရှိပါဘူး။ အခုသူရိယရာဇာက အိပ်ရာပေါ်မှာလဲနေပြီး သူ့ရဲ့ကုသရေးမြူတန့်တွေက သူ့ကိုဝိုင်းဖွဲ့ကာ အကောင်းဆုံး ကုသပေးဖို့ကြိုးစားနေပေမဲ့ သူ့ခန္ဓာကိုယ်က ပြုပြင်လို့မရတော့တဲ့ အခြေအနေအထိ ရောက်နေခဲ့ပါပြီ။

“ဒါကြောင့်တစ်လမ်းလုံးက အစေခံတွေအားလုံး ဝမ်းနည်းနေကြတာကိုး။ နင့်ခန္ဓာကိုယ်က အရိုးတိုင်း ကြွက်သားတိုင်း ကျိုးပဲ့ပျက်စီးနေပြီပဲ။ အတွင်းအင်္ဂါတွေအကုန်လုံးလည်း ထိခိုက်ထားပုံပဲ။”

ဖရာလီတာက သူရိယရာဇာရှိနေတဲ့ အိပ်ရာဘေးနားကို အတော်နီးနီးအထိကပ်သွားပြီး ပြောလိုက်ပါတယ်။ ထိန်လင်းကတော့ ဒူးထောက်ချလိုက်ပြီး သူ့မျက်လုံးကနေ မျက်ရည်တွေစီးကျလာပါတယ်။

“အရှင်မင်းကြီး... အရှင်မရှိတော့ရင် ဒီတိုင်းပြည်ကို ဘယ်သူအုပ်ချုပ်မှာလဲ။ မင်းမဲ့တိုင်းပြည်အဖြစ်နဲ့ ဒီနိုင်ငံကို ထားခဲ့တော့မလို့လား။”

သူရိယရာဇာကတော့ ခေါင်းကိုခါယမ်းလိုက်တယ်။ “ဒီတိုင်းပြည်က ငါ့အုပ်ချုပ်မှုမတိုင်ခင် အမှောင်ထုထဲမှာ ရှိနေခဲ့တာမှန်တယ်။ ဒါပေမဲ့ ဒုတိယကုန်းဘောင်ဆိုတာ ဒီတိုင်းပြည်ကို အလင်းရောင်ဆောင်ကျဥ်းဖို့အတွက် ငါလုပ်ခဲ့တဲ့ ထွင်လုံးသက်သက်ပါပဲ။ ဒီတိုင်းပြည်က ငါပြီးရင် နောက်ထက်ဘုရင်တစ်ပါးမလိုအပ်တော့ပါဘူး။ သာမန်နိုင်ငံတွေလိုပဲ သမ္မတစနစ်ကိုပြန်သွားပါ။”

“ဒါပေမဲ့မင်းကြီး၊ ဒီနူးညံ့သိမ်မွေ့လွန်းတဲ့တိုင်းပြည်က...”

“ဒီပြည်သူတွေက ငါပေးခဲ့တဲ့အလင်းရောင်နဲ့ ရင်းနှီးနေပြီးပြီ။ ကုန်းဘောင်ရဲ့ဆီမီးအလင်းရောင်ကို သူတို့ကပဲ ဆက်ပြီးထိန်းသိမ်းကြပါလိမ့်မယ်။”

ထိန်လင်းက ဒီစကားတွေကို ကြားပြီးတဲ့နောက်မှာတော့ နဖူးကိုကြမ်းပြင်နဲ့ထိကာ ဦးတိုက်လိုက်ပြီး ပြောလိုက်ပါတယ်။

“ကျွန်တော်ထိန်လင်း ဒီနေရာမှာ မင်းကြီးကိုတိုင်တည်ပြီး သစ္စာဆိုပါမယ်။ ကျန်ရှိနေတဲ့ ဘဝသက်တမ်းတစ်လျှောက်မှာ ဒီတိုင်းပြည်ရဲ့အလင်းကို အမှောင်ထဲကနေ ကာကွယ်ပေးသွားပါ့မယ်။”

ထိန်လင်းက အမြဲတမ်းလိုလို အမှောင်ထဲက လူသားတစ်ယောက် ဖြစ်ခဲ့တာ။ သူ့အနေနဲ့ အလင်းရောင်အောက်မှာ ရပ်နေဖို့အခွင့်အရေးမရှိပေမဲ့ အလင်းရောင်ထဲမှာရှိနေသူတွေကို လေးစားအားကျစွာ ကြည့်နေရင်းနဲ့ သူတို့လုံခြုံဖို့ကာကွယ်ပေးနေရတဲ့သူပါ။ သူ့မှာနာမည်ကောင်းမရှိပေမဲ့ သစ္စာတရားတော့ရှိပါသေးတယ်။

“ကောင်းပြီ၊ မင်းထွက်သွားတော့...”

သူရိယရာဇာက အားအင်ချိနဲ့စွာနဲ့ပြောလိုက်တယ်။ ထိန်လင်းက ငိုကြွေးနေရင်းနဲ့ပဲ အခန်းထဲကနေ ထွက်သွားပါတယ်။ ပြီးတဲ့နောက်တော့ သူရိယရာဇာက ဖရာလီတာကို ခက်ခက်ခဲခဲနဲ့ပြုံးပြလိုက်တယ်။

“ဒီနေ့ရန်ကုန်တိုက်ပွဲမှာ ဖြစ်ခဲ့တာတွေအားလုံးအတွက် မင်းကို အပြစ်မတင်တော့ပါဘူး။ ငါ့ပြည်သူတွေအားလုံးကို ငါကာကွယ်နိုင်ခဲ့တာ ဒီတိုက်ပွဲမှာ မင်းရူးရူးမိုက်မိုက်နဲ့တိုက်ပေးခဲ့လို့ပါ။”

“ကျွန်မက ရှင့်ပြည်သူတွေကို ဂရုမစိုက်ဘဲ တိုက်ခိုက်နေခဲ့တာတောင်မှလား။”

“ဒီအားနည်းပြီးအိုမင်းနေတဲ့ဘုရင်က ဒီတိုင်းပြည်ကို တစ်ယောက်တည်း မကာကွယ်နိုင်ပါဘူးလေ။”

သူရိယရာဇာက သူ့ခေါင်းပေါ်က ဆံပင်ဖြူတွေကို လက်နဲ့ထိကြည့်လိုက်တယ်။ သေဆုံးခါနီး စွမ်းအားတွေ ကုန်ဆုံးလာချိန်မှာတော့ သူက နုပျိုမှုကို ထိန်းမထားနိုင်တော့ပါဘူး။

“ရှင်က သွေးစုပ်ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲခံခဲ့ပြီးသားမဟုတ်လား။ ဘာကြောင့် ရှင့်ဒဏ်ရာတွေကို အဲဒီနည်းလမ်းနဲ့မကုသတာလဲ။”

သူရိယရာဇာက ဖရာလီတာရဲ့စကားကြောင့် မျက်နှာကြက်ကို မော့ကြည့်လိုက်တယ်။ ပြီးတဲ့နောက် သက်ပြင်းချလိုက်ပြီး လေးပင်စွာနဲ့ပြောလိုက်ပါတယ်။

“ဖရာလီတာ၊ ဒီတိုင်းပြည်ကို မင်းဘယ်လိုမြင်လဲ။”

“စစ်ရေးကိုဦးစားပေးလွန်းပြီး မောက်မာလွန်းတယ်လို့ ခံစားရတယ်။”

သူရိယရာဇာက ဖရာလီတာရဲ့ဘက်မလိုက်တဲ့ သုံးသပ်ချက်ကြောင့် ပြုံးလိုက်ပါတယ်။ ပြီးတဲ့နောက် သူက သူ့ရဲ့အမြင်ကို ဖော်ပြလိုက်တယ်။

“ဒီတိုင်းပြည်အခုလိုဖြစ်ခဲ့တာက ကိုလိုနီအဖြစ် ရာစုနှစ်တစ်ခုတာနေခဲ့ရတဲ့အပြင် လွတ်လပ်ရေးရပြီးနောက်မှာပါ အမျိုးမျိုးသော စိန်ခေါ်မှုတွေကို ခံခဲ့ရလို့ဖြစ်တယ်။ နိုင်ငံရှင်သန်ဖို့အတွက် လူတိုင်းက သန်မာဖို့လိုတယ်လို့ ဒီကလူတွေက တွေးကြတယ်။ သန်မာဖို့အတွက် တခြားသူတွေကို လွှမ်းမိုးနိုင်ရမယ်လို့လည်း ယုံကြည်ကြတယ်။ ငါကိုယ်တိုင်ရောပေါ့။”

“ဒါပေါ့၊ ရှင်က ဆုဗာနာကိုတောင် သိမ်းဖို့ကြံခဲ့သေးတာပဲ။”

သူရိယရာဇာက သက်သောင့်သက်သာဖြစ်အောင်လို့ ဘေးတစ်စောင်းပြောင်းလှဲလိုက်တယ်။ ပြီးမှ သူ့စကားကို ရှေ့ဆက်ပါတယ်။

“ဒါပေမဲ့ ဒီတိုင်းပြည်က အဲဒီဓလေ့ကို ကိုင်စွဲထားဖို့ မလိုအပ်တော့ပါဘူး။ သန်မာရမယ်ဆိုတဲ့ အစွဲကိုဖျက်ပြီး တခြားတိုင်းပြည်တွေလို အလင်းရောင်အောက်မှာ လွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ သူတို့လုပ်သင့်တယ်။ အဲဒီရှေ့ဆက်ရမယ့် ဦးတည်ချက်မှာ ငါဆိုတဲ့ဘုရင်တစ်ပါးကို သူတို့မလိုအပ်တော့ဘူး။”

“ရှင်က သန်မာမှုရဲ့ပြယုဂ်မလို့ အဲဒီလမ်းမှာ အတားအဆီးဖြစ်နေခဲ့တာလား။”

ဖရာလီတာက စကားထောက်လိုက်တယ်။ သူရိယရာဇာကလည်း ခေါင်းညိတ်ပြီး မှန်ကြောင်း ဝန်ခံပါတယ်။ ဖရာလီတာကတော့ မျက်နှာသေနဲ့ရှိနေပြီး ကြမ်းတမ်းတဲ့အဖြစ်မှန်ကို ပြောပြလိုက်တယ်။

“ဒါပေမဲ့ ဒီတိုင်းပြည်က ရှင့်လက်အောက်မှာ ပုံစံတစ်ခုတည်းအဖြစ် အကြာကြီးရှိနေခဲ့ပြီးပြီ။ ရုတ်တရက် ရှင်ထွက်သွားရင် ကသောင်းကနင်းဖြစ်ရပ်တွေအများကြီး ဖြစ်လာမှာပဲ။”

“ဒီနေ့ ငါက ငါ့ရဲ့ရန်သူဟောင်းတစ်ယောက်နဲ့ ပခုံးချင်းယှဥ်ပြီးတိုက်နိုင်ခဲ့တယ်။ ဒါကြောင့် ဒီတိုင်းပြည်ကလည်း အဲဲဒီကသောင်းကနင်းဖြစ်ရပ်တွေကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။”

ယုံကြည်မှုလွန်ကဲနေတဲ့ ဘုရင်ကိုမြင်ရပြီးနောက်မှာ ဖရာလီတာက ဘာမှဆက်မပြောတော့ဘူး။ အဲဒီအစား သူက သူရိယရာဇာကိုကြည့်ပြီး မေးလိုက်တယ်။

“ရှင်ကျွန်မကို ဒီခေါ်လိုက်တာ ရှင်သေတာကို ကြည့်ခိုင်းရုံသက်သက်ပဲလား။”

ဖရာလီတာရဲ့တုံးတိစကားကြောင့် သူရိယရာဇာက ရယ်မောလိုက်တယ်။ ပြီးတဲ့နောက်တော့ သူက လက်စွပ်တစ်ကွင်းကို ဖရာလီတာဆီပစ်ပေးလိုက်ပါတယ်။

“ဒါက ဒိတ္တဘောင်မင်းရဲ့ပျူလက်စွပ်ပဲ။ လျှို့ဝှက်လိုဏ်ဂူထဲကို ဝင်ခဲ့အခါမှာ ဒါကိုလိုလိမ့်မယ်။ တည်နေရာကတော့ ငါ့မှတ်စုထဲမှာ ရေးထားပြီးသားပါ။ ကောင်လေးကိုခေါ်သွားပြီး သွေးဘိုးဘေးကိုနှိုးလိုက်။”

ဖရာလီတာက ခေါင်းညိတ်လိုက်ပြီး အိပ်ခန်းထဲကနေ ထွက်သွားတယ်။ သူထွက်သွားပြီးမကြာခင်မှာပဲ ကုသရေးမြူတန့်တွေဆီက ဝမ်းနည်းစွာနဲ့ငိုကြွေးသံတွေ ထွက်ပေါ်လာတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သူရိယရာဇာ နတ်ရွာစံသွားတဲ့သတင်းက နန်းတော်တစ်ခုလုံးကို ပြန့်သွားပြီး တစ်နိုင်ငံလုံးဆီကိုပါ ပြန့်နှံသွားလေရဲ့။

“မင်းကြီးနတ်ရွာစံပြီ.... မင်းကြီးနတ်ရွာစံပြီ။”

ဒီသတင်းနဲ့အတူ ရန်ကုန်မြို့ထဲက မီးတွေအားလုံးကို ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပိတ်ချလိုက်ပြီး မြို့တစ်ခုလုံးအမှောင်ကျသွားလေတော့တယ်။ အီဗန်တို့ကတော့ ခေတ်တစ်ခုရဲ့အဆုံးသတ်ကို မြင်နေခဲ့ရတာပေါ့။

...

“ရန်ကုန်တိုက်ပွဲက ပြီးသွားပြီဆိုပေမဲ့ တိုကျိုမှာတော့ ပွဲက မပြီးသေးဘူး။ အခုဆိုရင် အဲဒီမှာတိုက်ပွဲဖြစ်နေတာ သုံးနာရီကျော်နေပြီ။”

ဖရာလီတာက ဧည့်ခန်းထဲကို ပြန်ရောက်လာပြီးတော့ သူ့ရဲ့အဖွဲ့သားတွေကို ပြောလိုက်ပါတယ်။ နျူရေက ဖုန်းကနေတစ်ဆင့် တိုကျိုတိုက်ပွဲကို တိုက်ရိုက်ကြည့်နေတာမလို့ စိုးရိမ်တကြီးနဲ့ သက်ပြင်းချလိုက်တယ်။

ဗီဒီယိုထဲမှာတော့ တိုကျိုမြို့ကောင်းကင်ပေါ်မှာ ဖရန့်ရဲ့ရေခဲစိုင်တွေ၊ ကိုင်းတိုရဲ့မီးကြာပန်းတွေရှိနေပြီးတော့ သူတို့နှစ်ယောက်က ပိုးကောင်တွေကို ယှဥ်ပြိုင်တိုက်ခိုက်နေကြတယ်။

“ငါတို့က ရန်ကုန်မှာအနိုင်ရပြီဆိုပေမဲ့ တိုကျိုတိုက်ပွဲကို စစ်ကူပေးပြီး အမြန်အနိုင်ရအောင်လုပ်ဖို့လိုတယ်။ သစ်ကိုင်းပိုးကောင်နဲ့ပျစားပိုးက ပြန်ဆုတ်သွားပေမဲ့ တစ်ခုခုလုပ်ဖို့မကြံဘူးလို့ မပြောနိုင်ဘူး။ ဒါကြောင့် ရှိသမျှမဟာမိတ်တပ်ကူတွေကို တိုကျိုကိုသွားဖို့ အမိန့်ပေးလိုက်ပြီ။”

ဖရာလီတာက ပြောလိုက်တယ်။ ရှိသမျှတပ်ကူတွေဆိုတာက ယုဆ၊ မိရိုင်၊ ဖရက်တို့လိုမျိုး အဝေးရောက်နေသူတွေကိုပြောတာပါ။ ဖရာလီတာက သူတို့အားလုံးကို အမြန်ပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်တာ။

“ သူတို့ကို ကမ္ဘာ့အမြန်ဆုံးလေယာဥ် NASA X43တွေ သုံးဖို့ခွင့်ပြုမိန့်ချပေးပြီးပြီ။ ဒါပေမဲ့ တိုကျိုကိုရောက်ဖို့ အနီးဆုံးအဖွဲ့ကတောင် နှစ်နာရီလောက်အချိန်ယူရလိမ့်မယ်။”

ဖရာလီတာဆီကနေ ဒီသတင်းကို သိရပြီးမှာတော့ အားလုံးသက်ပြင်းချလိုက်တယ်။ လေကြောင်းခရီးသွားလာရေးအတွက် နှစ်နာရီဆိုတာက မကြာပါဘူး။ စစ်ကူအဖွဲ့တွေက ကုန်းမြေတိုက်တွေကို ဖြတ်လာရမှာဖြစ်လို့ အခုလောက်ကြာတာကိုက အံ့မခန်းဖြစ်နေပါပြီ။ ဒါပေမဲ့ စစ်ပွဲတစ်ပွဲအတွက်တော့ နှစ်နာရီဆိုတာက အများကြီးဖြစ်ပျက်သွားနိုင်တဲ့ အချိန်ကာလပါ။

“ကိုင်းတိုနဲ့ဖရန့်က ရန်သူတွေကို အဲဲဒီလောက်ထိန်းထားနိုင်ဖို့ မျှော်လင့်ရတာပဲ။ တိုကျိုကျတာနဲ့ ကျန်တဲ့စစ်ဒေသတွေပါ ထိုးစစ်ဆင်ခံရနိုင်တဲ့အခြေအနေရှိတာမလို့ ငါတို့လည်း ပြင်ဆင်စရာရှိတာပြင်ဆင်ရမယ်။ နောက်ဆယ့်ငါးမိနစ်နေတာနဲ့ ပုဂံကိုသွားပြီး သွေးဘိုးဘေးကို နှိုးရမယ်။”

သွေးဘိုးဘေးဆိုတဲ့အသံကြားတာနဲ့ အီဗန်က သူ့လည်ပင်းကိုသူ ပြန်စမ်းသပ်လိုက်မိတယ်။ မကြာခင် သွေးစုပ်ခံရတော့မယ်ဆိုတဲ့အသိကြောင့် သူကျောချမ်းလာတယ်။ နျူရေကတော့ အီဗန်ကိုကြည့်ပြီး တခွိခွိအူတက်နေတော့တာပေါ့။

...

အရှေ့စွန်းဖျားစစ်ဒေသ။ တိုကျို။

အာကိုင်းဂါမီက တိုက်တစ်ခုနဲ့တစ်ခုကြား ခုန်ပေါက်ပြေးလွှားနေပြီး သူ့နောက်ကနေလိုက်လာတဲ့ ပိုးဖလံလက်ကနေ လွတ်အောင်ပြေးနေရပါတယ်။

“ဖယောင်းတိုင်မီးလေးရေ၊ မင်းဘယ်တော့ငြိမ်းမှာလဲဟေ့။”

ပိုးကောင်ပုံစံနဲ့ရှိနေတဲ့ ပိုးဖလံက ဧရာမတောင်ပံကြီးတွေကိုခတ်ပြီး လေမုန်တိုင်းတွေကို ဖန်တီးကာ ကိုင်းတိုကို တိုက်ခိုက်နေတယ်။ ကိုင်းတိုက လေပြင်းတွေကို ရှောင်ရှားနေပေမဲ့ လေပြင်းတွေက ရပ်တန့်မသွားဘဲ တိုက်တာအဆောက်အဦးတွေကို တစ်စစီဖြစ်တဲ့အထိ ဖျက်ဆီးပစ်နေပါတယ်။

“ဒါက တကယ့်ကို ကပ်ဘေးပဲ။” ကိုင်းတိုက ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ကိုးမိုင်လောက်ကျယ်တဲ့ တိုကျိုမြို့ရဲ့လေးပုံတစ်ပုံကို ပိုးဖလံရဲ့လေပြင်းတွေက လွှမ်းခြုံထားပြီး အဲဒီအဝန်းအဝိုင်းအတွင်းမှာရှိသမျှ အဆောက်အဦးတွေက အပျက်အစီးအဖြစ်ကို ပြောင်းလဲနေပါပြီ။ မြို့ရဲ့စွမ်းအင်ဒိုင်းကတော့ ပြိုကျသွားတာ ကြာလှပေါ့။

“ဆက်ပြေးနေလို့ မဖြစ်တော့ဘူး။” သူ့ရှေ့မှာ ပြောင်းရွေ့ဖို့ အခက်အခဲတွေ့နေသေးတဲ့ ပြည်သူထောင်ချီ ရှိနေတာကိုမြင်တော့ ကိုင်းတိုက ပြေးနေတာကိုရပ်ပြီး နောက်ကိုချက်ချင်းပြန်လှည့်တယ်။ သူက တိုက်ခေါင်မိုးကို ခြေထောက်နဲ့ဆောင့်ကန်လိုက်ပြီး လေပေါ်ကိုခုန်တက်ပါတယ်။ သူ့ကျောနောက်မှာ မီးတောက်တောင်ပံတွေပေါ်လာပြီး မီးကြာပန်းနှစ်ခုက သူ့ကိုဝန်းရံထားတယ်။ ဒါပေမဲ့ အရင်ကထက် အများကြီးပိုအားနည်းတယ်။

“ဖီးနစ်မရှိဘဲ မင်းငါ့ကိုအနိုင်ရမှာမဟုတ်ဘူးနော်။ မင်းက အခုသာမန်S rankပဲ။”

ပိုးဖလံက တောင်ပံတစ်ချက်ထပ်ခတ်လိုက်တာနဲ့ ကိုင်းတိုရဲ့မီးတောက်တွေ ​ငြိမ်းသွားတယ်။ ဒါပေမဲ့ ကိုင်းတိုက ငြိမ်းသွားတဲ့မီးတောက်တွေကို လစ်လျူရှု လေပြင်းတွေကိုဆန်တက်ပြီး ပိုးဖလံရဲ့ခေါင်းပေါ်ကို ခုန်တက်လိုက်တယ်။ အဲဲဒီနောက်ပိုးဖလံရဲ့မျက်လုံးကို လက်သီးနဲ့ထိုးချလိုက်တယ်။

“အား... မင်းဘာလုပ်တာလဲကွ။”

ပိုးဖလံက နာကျင်မှုကြောင့် ပျံသန်းနေရာကနေ ချက်ချင်းပြုတ်ကျသွားတယ်။ ကိုင်းတိုကတော့ မရပ်တန့်ဘဲ ပိုးဖလံရဲ့မျက်လုံးကိုပဲ ဆက်တိုက်ဆက်ပြီးထိုးနှက်နေပါတယ်။ နောက်ဆုံး ပိုးဖလံရဲ့မျက်လုံးက ဧရာမစပျစ်သီးတစ်လုံးလို ပေါက်ထွက်သွားပြီး ပိုးဖလံရဲ့ပိုးကောင်ပုံစံကလည်း ကြုံဝင်သွားတယ်။ မကြာခင်မှာပဲ ဂျင်းဘောင်းဘီ၊ တီရှပ်နဲ့လူငယ်လေးအဖြစ်ကို ပြန်ပြောင်းသွားကာ အက်ကွဲနေတဲ့လမ်းမထက်မှာ သူ့မျက်လုံးကိုသူအုပ်ပြီး အော်ဟစ်နေတော့တယ်။ ကိုင်းတိုကတော့ အဲဒီလူငယ်ဘေးမှာ ဆင်းသက်လိုက်တယ်။

“အဆင့်ကွာခြားချက်ဆိုတာ တိုက်ပွဲတစ်ခုမှာရှိတဲ့ အတုအယောင်အသာစီးရမှုတစ်ခုပဲ။”

ကိုင်းတိုက ပြောလိုက်ပြီး ပိုးဖလံရဲ့ရင်ဝကို ဆောင့်ကန်လိုက်တယ်။ ပိုးဖလံကလည်း ကိုင်းတိုရဲ့ကန်ချက်ကို လက်နဲ့တားလိုက်ပြီး ပြန်တိုက်ပါတယ်။ သူ့မျက်လုံးတစ်ဖက်က မရှိတော့ပေမဲ့ ချက်ချင်းပဲအသစ်တစ်လုံးပြန်ပေါက်လာတယ်။

“ခင်ဗျားကို ပိုးကောင်ပုံစံနဲ့ချဖို့ခက်ပုံပဲ။ ဒီတော့ လူသားအနေနဲ့တိုက်ရတာပေါ့။”

ပိုးဖလံက စကတယ်။ သူ့ကကွက်တွေက Underground အကနဲ့ဆင်တူပေမဲ့ ကကွက်တိုင်းက ကိုင်းတိုကိုသတ်ဖို့အတွက်ပါ။ ကိုင်းတိုကလည်း ကိုယ်ခံပညာပေါင်းစုံကို ကျွမ်းကျင်ပြီးသားဖြစ်သူပီပီ လက်ဗလာနဲ့ပြန်တိုက်ပါတယ်။ သူတို့ရဲ့လက်သီးတွေမှာ ကြီးမားတဲ့ခွန်အားတွေပါဝင်နေပြီး လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်တိုင်း နောက်က အဆောက်အဦးတွေဟာ အရှိန်ကြောင့် တစ်စစီပျက်စီးကုန်ပါတယ်။

...

မြို့ရဲ့တခြားတစ်ဖက်မှာတော့ ဖရန့်က လိပ်နက်အဖြစ်ပြောင်းထားပြီး ပိုးစုန်းကြူးနဲ့ တိုက်ခိုက်နေပါတယ်။ ပိုးစုန်းကြူးက ပေါက်ကွဲစေနိုင်တဲ့ ဂရင်းအရည်တွေကို မှုတ်ထုတ်နေပြီး လိပ်နက်ကတော့ သူ့ရဲ့ပါးစပ်ကနေ ရေခဲတန်းတွေနဲ့တန်ပြန်ပစ်ခတ်ကာ မပေါက်ကွဲအောင် ကာကွယ်နေရပါတယ်။

...

မြို့အတွင်းက ကျောင်းရှေ့တစ်နေရာမှာလည်း ဖလေရာနဲ့လင်ဒါက ပိုးအားနည်းတဲ့ ချီးပိုးထိုးပိုးကောင်ကို ရင်ဆိုင်နေပြီးတော့ ကျောင်းအတွင်းမှာ ခိုလုံနေသူတွေ အန္တရာယ်မဖြစ်စေဖို့ ကာကွယ်နေရတယ်။ စစ်ကူတွေက မကြာခင်ရောက်လာတော့မှာဆိုပေမဲ့ အခုတော့မဟုတ်သေးပါဘူး။

All Chapters