ကောင်းကင်ရှစ်လွှာ၌
Vol. 010 Ch. 921
“အရမ်း အားကောင်း လွန်းတယ်…” ကျူးထန် နန်းတော်အထက် ခုနစ်လွှာတွင် မရေမတွက်နိုင်သော လူများက တိုက်ပွဲ စင်မြင့်ထက်မှ မြင်ကွင်းကို ကြည့်ကာ အသက်ရှူရန်ပင် မေ့လျော့ နေကြသည်။
ရွှေနှင်တံ ကျဆင်း လာသောအခါ တန်ခိုးရှင် အများအပြား လွင့်စဉ် ဒဏ်ရာရကြ၏။ တောင့်ခံနိုင်သော သူနှစ်ဦးကား ကိုးပွဲဆက် အနိုင်ရထားသူ ကျင်းလီနှင့် ရှစ်ပွဲဆက် အနိုင်ရထားသူ ဝေ့ချီဖန်းတို့ ဖြစ်ကြသည်။
သို့သော်လည်း ရီဖူရှင်းက ရပ်တန့်ခြင်း မရှိပေ။ ရွှေရောင်နှင်တံက လေဟာနယ်ကို ဖြတ်သန်းကာ အလင်း အမှုန်အမွှားများ ရစ်ပတ်လျက် ကျဆင်းလာပြန်၏။ ဝံပုလွေ အစွယ်လက်နက်အား ကိုင်စွဲထားသော ဝေ့ချီဖန်းမှာ နှလုံးများ မြန်ဆန်စွာ ခုန်လာခဲ့သည်။ နှင်တံ ကျဆင်းလာသည်ကို သူမြင်လိုက်သည့် အခိုက်အတန့်တွင် အမှုန်အမွှား အလင်းတန်း တစ်ခုစီက အလွန် အားကောင်းသော ဖိအားများ ပါဝင်နေပြီး ရိုက်ချက်၏ စွမ်းအားမှာ ကောင်းကင်ပင် ပြိုဆင်း လာခဲ့သည်ဟု ဝေ့ချီဖန်း ခံစားရသည်။
သူ့ခန္ဓာကိုယ်မှ ရောင်စဉ်များ ဖြာထွက်လာခဲ့ကာ လက်နှစ်ဖက်လုံးက ဝံပုလွေ အစွယ်လက်နက်အား ကိုင်စွဲပြီး ပြင်းထန်စွာ ခုခံသည်။ ထိုအရာက ရပ်တန့်နိုင်ခြင်း မရှိဟု သူ ခံစားရလျှင်ပင် သူက ထိုရိုက်ချက်၏ အင်အားကို သိရမှ ဖြစ်မည်။
ဘန်း…
အလွန် ကျယ်လောင်သော အသံတစ်သံကို ကြားကြရသည်။ သံသယ ရှိစရာ မလိုအောင်ပင် ဝေ့ချီဖန်းမှာ အဝေးကို လွင့်စဉ်သွားပြီး ဘေးမှ ကာရံထားသော အရံအတား အလင်းမျက်နှာပြင်တွင် သွားရောက် ရိုက်နှက်မိသည်။ မြေပြင်ပေါ်သို့ ပြန်လည် ကျဆင်း လာသောအခါ သူ၏ပါးစပ်မှ စီးကျလာနေသော သွေးများအား မြင်ကြရသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော လျှပ်စီးအလင်းများ ရီဖူရှင်းထံသို့ ကျဆင်းလာပြီး လျှပ်စီးမုန်တိုင်း တစ်ခုကလည်း သူ၏ စိတ်နယ်ပယ်ထဲသို့ လာရောက် တိုက်ခိုက်သည်။
ရီဖူရှင်းက နောက်လှည့် ကြည့်လိုက်သောအခါ ကျင်းလီ၏ မျက်လုံးများက အလွန်တရာ နက်ရှိုင်းသော ချောက်နက် တစ်ခုအလား ပြောင်းလဲနေပြီး သူ၏ပြင်းထန်သော စိတ်စွမ်းအားက ရီဖူရှင်း၏ စိတ်စွမ်းအားကို ဝါးမျိုရန် ကြိုးစားသည်။ ရီဖူရှင်းက ခေါင်းယမ်း လိုက်သည်။ နှင်တံ ပျောက်ကွယ် သွားကာ သူက ကျင်းလီထံသို့ ပြေးသွားသည်။ သူ၏ မျက်လုံးများကလည်း ညို့မှိုင်းသွားကာ မုန်တိုင်းတစ်ခု ဖြစ်လာဟန်ရသည်။ သူ့မျက်လုံးမှ ရွှေရောင် အလင်းတန်းတစ်ခု ထွက်လာကာ ကျင်းလီ၏ မျက်လုံးများသို့ တိုးဝင် သွားသည်။ သူတို့နှစ်ယောက်က အဝေးမှပင် အချင်းချင်း စိုက်ကြည့် ကြသည်။
အော်သံတစ်ခုအား ကြားရသည်။ ကျင်းလီက မျက်လုံးကို မှိတ်လိုက်သည်တွင် သူ့မျက်လုံးများမှ သွေးများ စီးကျင်လာ၏။ ရီဖူရှင်းကလည်း မြန်ဆန်စွာပင် သူ၏စိတ်စွမ်းအားကို ပြန်သိမ်း လိုက်သည်။
သို့တိုင်အောင် မြင်ကွင်းကား ထိတ်လန့်ဖွယ် ကောင်းလွန်း လှသည်။
ရီဖူရှင်းကား အလွန် အားကောင်းကာ ပြိုင်ဘက် ကင်းသည်။ သူက ကျူးထန် နန်းတော်သို့ တက်ရောက်လာခဲ့ပြီး မည်သူကမှ သူ့အား တားနိုင်မည် မဟုတ်ဟု ပြောခဲ့သည်။ ကျင်းလီ သော်၎င်း၊ ဝေ့ချီဖန်းသော်၎င်း သူ့၏တိုက်ကွက် တစ်ကွက်မျှပင် မခံနိုင်ပေ။
ကျင်းလီက သူ၏ မျက်လုံး ထောင့်စွန်းမှ သွေးများအား သုတ်လိုက်ပြီး ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “သက်ညှာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်…”
ရီဖူရှင်းကသာ သူ၏ စိတ်စွမ်းအားကို အချိန်မီ မရုပ်သိမ်းလိုက်ပါက သူ၏မျက်လုံးများမှာ ကန်းသွား နိုင်ပေသည်။
တိုက်ပွဲ စင်မြင့်ထက်တွင် တခြားလူများမှာ တိတ်ဆိတ် နေကြသည်။ ရီဖူရှင်းက သူတို့အား ပြင်းထန်သော ဟန်ပင်ဖြင့် အနိုင်ယူခဲ့သော်လည်း သူက သက်ညှာ ပေးခဲ့သည်ဟု ခံစားကြရသည်။ တစ်ယောက်တည်းက ကိုးယောက်အား အနိုင်ယူခဲ့သည်။ သည်ကဲ့သို့သော စွမ်းရည်၌ သူတို့ကား မည်သို့မှ ပြန်လည် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ရီဖူရှင်းကား ကိုးလွှာတွင် တိုက်ခိုက်ရန် အရည်အချင်း ရှိသည်။ သို့သော်လည်း သူက ကျူးထန်အဆင့်မှ တန်ခိုးရှင်များအား အနိုင် ယူနိုင်မည်လား ဟူသည်ကား မသေချာပေ။
တိုက်ပွဲကြီးကြပ်သူ အကြီးအကဲက ရီဖူရှင်းအား ရှစ်လွှာ၌ ယှဉ်ပြိုင်ခွင့် တံဆိပ်ပြားကို ကမ်းပေးသည်။ ထို့နောက် သူက ကျယ်လောင်စွာ ကြေညာသည်… “ရီဖူရှင်းက တိုက်ပွဲကို အနိုင်ရလို့ ဆယ်ပွဲဆက်တိုက် အနိုင်ရသူအဖြစ် သတ်မှတ်တယ်… သူက ကျူးထန် နန်းတော်ရဲ့ ရှစ်လွှာသို့ တက်ရောက် ယှဉ်ပြိုင်ခွင့်ရတယ်…”
ရီဖူရှင်းက ကျူးထန် တံဆိပ်ပြားအား ယူလိုက်သည်။ သူ၏ ရည်ရွယ်ချက်က ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ ယခု သူက ကောင်းကင်ရှစ်လွှာသို့ တက်ကာ စီနီယာ အစ်ကိုများနှင့် တခြားလူများကို တွေ့နိုင်ပြီ ဖြစ်သည်။
“ဒါဆိုလည်း သွားလို့ရပြီ…” အကြီးအကဲက ပြောသည်။ သို့သော်လည်း ရီဖူရှင်းက မလှုပ်ရှားသေးပေ။
“တစ်ခုခု ပြောချင်တာ ရှိလား…” တန်ခိုးရှင်က မေးသည်။ သူက မေးလိုက်စဉ်မှာပင် လူတစ်ယောက်က လူအုပ်ထဲမှ ထွက်လာကာ စင်မြင့်ထက်သို့ တက်သည်။ သူကား ယူချင်း ဖြစ်သည်။
“ကျုပ်လည်း လူကိုးယောက်ကို စိန်ခေါ်မယ်…” ယူချင်းက ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် မရေမတွက်နိုင်သော မျက်လုံးများက ယူချင်းထံသို့ ရောက်လာကြသည်။ ရီဖူရှင်းနှင့်အတူ ရောက်လာသော သည်လူငယ်ကလည်း လူကိုးယောက်အား စိန်ခေါ် လိုသည်လား။
ဒါ… အောက်ဘုံမှ လူတိုင်းက ဤသို့ ရူးသွပ်ကြသည် များလား။
ကျူးထန်နန်းတော်မှ တန်ခိုးရှင်များ အားလုံးက ရီဖူရှင်းအား အံ့အားသင့်စွာ ကြည့်နေကြသည်။ သူတို့ကား ခုနက ဖြစ်ပွားခဲ့သော တိုက်ပွဲတွင်ပင် ကြီးစွာ အံ့အားသင့် ခဲ့ရသည်။ ယခု နောက်တစ်ယောက်က ထိုသို့ စိန်ခေါ်လိုပြန်၏။
“သူတို့က ရှုံးနိမ့်ခဲ့တယ် ဆိုပေမဲ့ ဒီမတိုင်ခင် သူတို့ရဲ့ မှတ်တမ်းတွေက စစ်မှန်တဲ့ စွမ်းရည်တွေကို အကဲဖြတ် ထားတာပဲ… သူတို့က ဒီတိုက်ပွဲမှာ ဒဏ်ရာ နည်းနည်း ရခဲ့တယ်… ဒီအတွက် ကျုပ်က သူတို့ကို ပြန်ကုစားဖို့ အချိန်ပေးနိုင်တယ်.. ပြီးတော့ ခုနစ်လွှာက တခြား စိန်ခေါ်ချင်တဲ့ လူတွေကလည်း သူတို့နဲ့အတူ တစ်ခါတည်း ပါဝင် တိုက်ခိုက်နိုင်တယ်…” ယူချင်းက ပြောသ်ည။
“ရီဖူရှင်းက ပြည်နယ်ကိုးခုမှာ ပြိုင်ဘက် ကင်းတယ်… ဒါကြောင့် သူ့ကို ကျူးထန် နန်းတော်က ခြွင်းချက်ထားပြီး တိုက်ခိုက်ခွင့် ပေးခဲ့တယ်… မင်းကရော ပြည်နယ်ကိုးခုမှာ ပြိုင်ဘက်ကင်းလား…” အကြီးအကဲက ယူချင်းအား မေးသည်။
“ဟုတ်တယ်…” ရီဖူရှင်းက ပြန်ပြောသည်။
အကြီးအကဲက သိပ်ယုံကြည်ဟန် မရှိပေ… “ပြိုင်ဘက်ကင်းတယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ…”
“သူက ကျုပ်နဲ့အတူ ငယ်စဉ် ကတည်းက လေ့ကျင့်ခဲ့တယ်… တန်ခိုးအဆင့်တူ အတွင်းမှာ သူ့ကို အနိုင်ယူနိုင်တဲ့သူ မရှိဘူး … သူကလည်း ကောင်းကင် လှေကားက အထက်ဘုံသို့ တက်လာခဲ့ပြီးတော့ ကျူးထန်အဆင့်သို့ ဝင်လိမ့်မယ် … တကယ်လို့ ပြည်နယ်ကိုးခုက တစ်စုံ တစ်ယောက်က ကျုပ်ကို အနိုင်ယူမယ်ဆိုရင် အဲဒါ ယူချင်းပဲ ဖြစ်လိမ့်မယ်…” ရီဖူရှင်းက အေးဆေးစွာ ပြောသည်… “သူက ကျုပ်နောက်ကို လိုက်ပြီး ကောင်းကင် ကိုးလွှာသို့ တက်လိမ့်မယ်…”
“ကောင်းပြီ…” အကြီးအကဲက ခေါင်းညိတ်သည်… “သူက တိုက်ခိုက်ပါစေ…” ထို့နောက် သူက စင်မြင့်ပေါ်မှ လူများအား ကြည့်ကာ ပြောသည်… “မင်းတို့ သူနဲ့ဆက်ပြီး တိုက်ခိုက်နိုင်မလား…”
တန်ခိုးရှင် ကိုးယောက်လုံးက ခေါင်းညိတ်ကြသည်။ ယခုကား ကျင်းလီ၊ ဝေ့ချီနှင့် တခြားလူများ အားလုံး နားလည် လိုက်ကြသည်။ ရီဖူရှင်းက သက်ညှာခဲ့ခြင်းမှာ သူတို့အား နောက်တစ်ယောက်က ထပ်မံ စိန်ခေါ်လို သေးသောကြောင့်သာ ဖြစ်သည်။
ဒီခွေးကောင်…
ရီဖူရှင်းက စင်မြင့်ထက်မှ ဆင်းလာခဲ့ကာ သူ့နေရာအား ယူချင်းက အစားထိုးသည်။ သူက လူကိုးယောက်အား ကြည့်ကာ ပြောသည်… “ကျုပ်က ဆယ်ပွဲ ဆက်တိုက် အနိုင်ရဖို့ဆိုရင် နောက်တစ်ယောက် လိုသေးတယ် … ခင်ဗျားတို့က ခုနက တစ်ပွဲ တိုက်ခိုက်ပြီးပြီ ဖြစ်လို့ အသား မယူချင်ဘူး … နောက်ထပ် ဘယ်သူတွေ စင်မြင့်ထက် တက်လာချင်သေးလဲ…”
ကောင်းကင် ခုနစ်လွှာ၏ ဧည့်ကြည့်စင်မှ လူတိုင်းမှာ ဆွံ့အရသည်။ ရီဖူရှင်းနှင့် ယူချင်းကား ကောင်းကင် ခုနစ်လွှာမှ ပါရမီရှင်များအား အနည်းငယ်မျှပင် လေးစားမှု မရှိပေ။
“သူတို့က ဖိတ်ခေါ်မှတော့ စမ်းကြည့်ချင်တဲ့သူတွေ စင်မြင့်ပေါ်သို့ တက်လာလို့ ရတယ်…” အကြီးအကဲက ပြောသည်။ ရုတ်တရက် လူအများအပြား စင်မြင့်ထက်သို့ တက်လာကြသည်။ သူတို့ကလည်း အောက်ဘုံမှ ပြိုင်ဘက်ကင်း ပါရမီရှင်၏စွမ်းရည်ကို ခံစားကြည့်လိုကြ၏။
ရှုံးနိမ့်ခဲ့သော ပါရမီရှင် ကိုးယောက်က သူတို့၏ အားကောင်းသော လောကဓာတ်များအား ချက်ချင်း ထုတ်လိုက်ကြသည်။ ပထမ တိုက်ပွဲကဲ့သို့ပင် သူတို့က ထပ်မံ အဖြစ်ခံမည် မဟုတ်တော့ပေ။
ဘုန်း…
တန်ခိုးရှင်များ အလယ်၌ ဗုဒ္ဓအလင်းနှင့် မိစ္ဆာအလင်းတို့ ယှဉ်တွဲ ထွက်ပေါ်လာကာ ယူချင်းအား ကြီးမားသော အရှိန်အဝါများ ဖြစ်ပေါ်စေ၏။ တိုက်ခိုက်ရေးပုံစံ ထွက်ပေါ်လာလျှင် အလင်းတန်းများက သူ့ခန္ဓာကိုယ်အား ဖြတ်သန်း စီးဆင်းသွားပြီး ရွှေရောင်များ ဖြာထွက်လာစေသည်။
ဓားက ကောင်းကင်မှ ကျဆင်းလာသော မြစ်တစ်စင်းအလား ဆင်းသက် လာသည်။ သို့သော်လည်း ထိုထွင်းဖောက်ခြင်းဓားမှာ ယူချင်း၏ ခန္ဓာကိုယ်အား ထွင်းဖောက်နိုင်ခြင်းငှာ မတတ်နိုင်ပေ။
“ခန္ဓာကိုယ်က အဲဒီလောက်တောင် မာလား…” လူအများအပြားက အံ့အားသင့် ကြရသည်။ ရီဖူရှင်းသည်လည်း ထိုသို့ဖြစ်ကာ နှစ်ယောက်လုံးမှာ အလွန် သန်မာသော ရုပ်ခန္ဓာကိုယ်အား ပိုင်ဆိုင်ကြ၏။
ဝေ့ချီဖန်း၏ ဝံပုလွေအစွယ် လက်နက်က နတ်ဘုရား စွမ်းအား အလုံးအရင်းဖြင့် ကျဆင်း လာခဲ့သော်လည်း ထိုတိုက်ခိုက်မှုများမှာ အရာမထင်ပေ။
လောကဓာတ် စွမ်းအားများ အဆက်မပြတ် ကျဆင်း လာသည့်တိုင် ယူချင်း၏ ခန္ဓာကိုယ်မှာ ရွှေရောင်များ ပိုမိုဝင်းဝါ လာခဲ့သည်။ ထိုအခိုက်တွင်ပင် ယူချင်း၏ ဗုဒ္ဓနတ်ဘုရားမှ လက်ထောင်ပေါင်း များစွာ ထွက်ပေါ် လာသည်။
ဘန်း…
ထိုအခိုက်တွင်ပင် ထောင်ပေါင်း များစွာသော လက်များက လေဟာနယ်ကို ခွင်းကာ တန်ခိုးရှင်များထံသို့ တိုးဝင်သွားသည်။ ဝေ့ချီဖန်းက သူ့ထံသို့ တိုးဝင်လာသော ဧရာမ လက်ကြီးအား မြင်ရသည်။ သူက ဝံပုလွေ အစွယ်လက်နက်အား ဆုပ်ကိုင်ကာ လက်ဝါးအား ပြင်းထန်စွာ ရိုက်နှက်သည်။ ယူချင်းကား အဆုံးအစမဲ့သော လက်ဝါး ရိုက်ချက်များအား စင်မြင့်နေရာ အနှံ့သို့ ရိုက်နှက် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ထိုမျှ ကြီးမား ကျယ်ပြန့်သော တိုက်ခိုက်မှုများ အတွက် သာမန် ခုခံခြင်းမျှကပင် လုံလောက်သင့် ပေသည်။ သို့သော်လည်း ယူချင်း ထုတ်လွှတ်လိုက်သော လက်ဝါးများမှာ လေဟာနယ်ကိုပင် ယိုင်နဲ့ စေနိုင်စွမ်းရှိဟန် ရသည်။ အဆုံးအစမဲ့သော လက်ဝါးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲ ထွက်လာသည်တွင် စွမ်းအားက မည်မျှ ကြောက်မက်ဖွယ် ကောင်းသနည်း။ ထိုအရာကား ကမ္ဘာပျက်ခြင်းနှင့် အတူတူ ဖြစ်သည်။
တန်ခိုးရှင်များ အားလုံးက အပြင်းအထန် ခုခံကြသော်လည်း မကြာခင် အော်ဟစ်သံများနှင့် အတူ တစ်ယောက်ပြီး တစ်ယောက် လွင့်စဉ် သွားကြသည်။ တန်ခိုးရှင်များမှာ သွေးများ ပွက်ပွက် အန်ကာ မချိမဆံ့ နာကျင်မှုများအား ခံစားကြရ၏။
မကြာမီ ဝေ့ချီဖန်းမှလွဲ၍ တခြားလူများ အားလုံး ကျသွားသည်။ ထိုအချိန်တွင် ဝေ့ချီဖန်းကား သူ၏ဝံပုလွေအစွယ် လက်နက်ဖြင့် အဆက်မပြတ် ဝှေ့ယမ်း တိုက်ခိုက်နေဆဲ ဖြစ်သည်။ ထိုစဉ် သူက ဝံပုလွေအစွယ် လက်နက်ကို ဝှေ့ယမ်း နေစဉ်မှာပင် ယူချင်းက လက်ဆန့်တန်းကာ သူ၏လက်နက်အား ဆုပ်ကိုင်လိုက်ပြီး ဝှေ့ချီဖန်းကိုပါ လေထဲတွင် ဝှေ့ယမ်းတော့သည်။
“ငါ မတိုက်ခိုက်တော့ဘူး…” ဝေ့ချီဖန်းက ကျယ်လောင်စွာ အော်ဟစ်သည်တွင် ယူချင်းက သူ့အား လွှင့်ပစ်လိုက်တော့သည်။
ကောင်းကင် ခုနစ်လွှာ တစ်ခုလုံး တိတ်ဆိတ် နေသည်။ ထို့အတူ သည်တိုက်ပွဲအား အောက်အလွှာများ မှလည်း စောင့်ကြည့် နေခဲ့ကြ၏။
အဆုံးသတ်ကား ထိတ်လန့်ဖွယ် ကောင်းသည်။
လူနှစ်ယောက်က ခုနစ်လွှာမှ တန်ခိုးရှင်များအား အပြတ်အသတ် အနိုင်ယူခဲ့သည်။
ကျူးထန် နန်းတော်တွင် သူတို့အား မည်သူက အနိုင်ယူနိုင် မည်နည်း။
“ဒါကို ယူလိုက်…” အကြီးအကဲက တံဆိပ်ပြားအား ယူချင်းထံသို့ ပြစ်ပေးလိုက်သည်။
ယူချင်းက တံဆိပ်ပြားကို ဖမ်းယူလိုက်ကာ ရီဖူရှင်းထံသို့ လှမ်းသွားလိုက်၏။ ထို့နောက် သူတို့က ကျေးရွာ ခေါင်းဆောင်နှင့်အတူ ရှစ်လွှာသို့ တက်ကြသည်။
သူတို့ကား ကောင်းကင် ရှစ်လွှာသို့ သွားကြတော့မည် ဖြစ်သည်။
“သွားရအောင်…” ခုနစ်လွှာတွင် ရှိသော လူအများအပြားကလည်း သူတို့နောက်ကို လိုက်ပါ သွားကြသည်။ သူတို့သာမဟုတ် အောက်အလွှာမှ လူများကလည်း ရှစ်လွှာသို့ အရူးအမူး တက်လာကြကာ နောက်ထပ် တိုက်ပွဲများအား ကြည့်ရှုရန် ပြင်ကြတော့သည်။
***
ထိုအချိန်တွင် ကောင်းကင်ရှစ်လွှာမှ လူများမှာ အောက်၌ ဘာဖြစ်နေသည်ကို မသိကြပေ။
ကျူးထန်နန်းတော်တွင် ကျူးထန်အဆင့်ကား အမြင့်ဆုံးသော ဂုဏ်သိက္ခာ ဖြစ်သည်။ ကိုးလွှာမှ တိုက်ပွဲများမှာ ကျူးထန်အဆင့် တိုက်ပွဲများ ဖြစ်ကြသည်။ တိုက်ပွဲတိုင်းက မရေမတွက်နိုင်သော တန်ခိုးရှင်များအား ဆွဲဆောင်နိုင်စွမ်းသည်။
ဒုတိယအားဖြင့် လူအများ စိတ်ဝင်စားကြသည်မှာ ရှစ်လွှာမှ ရှစ်ပွဲဆက်နှင့် ကိုးပွဲဆက်များ၏ တိုက်ပွဲများ ဖြစ်ကြသည်။
ထိုအခိုက်တွင် ရှစ်လွှာ၌ လူတစ်စု ရှိနေသည်။ သူတို့ကား မုဖန်းချန်းအား အနိုင်ယူခဲ့သော ဂူတုံးလျိုနှင့် မြေရိုင်းပြည်နယ်၊ တော်ဝင်ကျဲနန်းတော်မှ လူများ ဖြစ်ကြသည်။
သူတို့အကြားတွင် မြေပြင်၌ လဲလျောင်းနေသော လူငယ် တစ်ယောက်လည်း ပါဝင်သည်။ သူကား ရီဝူချင်းဖြစ်သည်။ နောက်ထပ် တစ်ပွဲ တိုက်ခိုက်သည်နှင့် သူတို့က ကိုးလွှာသို့ တက်ရောက် နိုင်တော့မည်ဖြစ်ရာ ရီဝူချင်းအား တစ်ခါတည်း ခေါ်ဆောင် လာခဲ့ကြသည်။ သူတို့က နောက်ဆုံး တိုက်ပွဲအား စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
သူတို့က ကျူးထန်ဆင့်သို့ တက်ကာ ပေ့ချိန်ယွန်အား အနိုင်ယူရမည်။ မဟုတ်လျှင် မပြန်နိုင်ပေ။
အနီးတစ်ဝိုက်မှ လူများ အားလုံးမှာလည်း သူတို့အား ကြည့်နေကြသည်။ ထိုစဉ်မှာပင် လှေကားထစ်ထံမှ လာသော ဆူညံသံများအားကို အားလုံးက သတိထားမိ ကြသည်။ လှေကားထစ်မှ တန်ခိုးရှင် အများအပြား အပေါ်သို့ တက်လာကြ၏။
ရှေ့ဆုံး၌ကား လူသုံးယောက်က ကောင်းကင်ရှစ်လွှာသို့ တက်ရောက် လာနေသည်။
***