← Chapters

အရှက်ရဖွယ်ဖြစ်ရပ်

Vol. 11 Ch. 16

အရှက်ရဖွယ်ဖြစ်ရပ်

Vol. 11 Ch. 16

ဖလေရာက တန်ပြန်ကျိုင်းတုတ်ရဲ့အားကိုသုံးပြီး နွားချေးပိုးထိုးကို တစ်ခဏလောက် မူးဝေသွားအောင် ရိုက်လိုက်နိုင်တယ်။ စက္ကန့်ပိုင်းပဲ အချိန်ရမှာဖြစ်ပေမဲ့ အခွင့်အရေးကြီးတစ်ခုလို့ ပြောနိုင်ပါတယ်။

“လင်ဒါ၊ သူ့ကိုချုပ်ထားပေး။”

ဖလေရာက အချက်ပြလိုက်တာနဲ့ S.W.A.T Booster Formကိုတပ်ဆင်ထားတဲ့ လင်ဒါက သူ့လက်ထဲက သေနတ်အသစ်နဲ့ ပိုးကောင်ကိုချိန်ပြီးပစ်လိုက်ပါတယ်။ ဒီတစ်ခါက အသေသတ်ဖို့မဟုတ်ဘဲ ချုပ်နှောင်ထားဖို့အတွက်ပါ။ သေနတ်ကနေထွက်လာတာက ကျည်မဟုတ်ဘဲ အဆင့်မြင့်ဇက်စတီးကြိုးတွေဖြစ်ပြီးတော့ ပိုးကောင်ရဲ့ခြေတွေလက်တွေအားလုံးကို တုပ်နှောင်ထားလိုက်တယ်။

“ငါ့ကိုလွှတ်စမ်း။” စကော့ ကိုဝါးဝကီးက တုပ်နှောင်ခံထားရရာကနေ ရုန်းထွက်ဖို့ကြိုးစားပေမဲ့ လင်ဒါက ဝတ်စုံရဲ့အားကုန်ကိုသုံးပြီး နောက်ကိုပြန်ဆွဲထားတဲ့အတွက် နေရာမှာတင်လှုပ်မရဖြစ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ဖလေရာက သူ့ရဲ့ကျိုင်းတုတ်မှာစုစည်းထားတဲ့ စွမ်းအားတွေအကုန်လုံးကို ​ဖောက်ခွဲပစ်ဖို့ အသင့်ဖြစ်နေပါပြီ။

“ဒီထက်ပိုပြီး လူသားတွေကိုဒုက္ခမပေးနိုင်အောင် နင့်ကိုသတ်ဖို့ဆုံးဖြတ်လိုက်ပြီ။ သေလိုက်တော့။” ခြင်္သေ့ချပ်ဝတ်နဲ့ချိတ်ဆက်ထားတဲ့ မက်တယ်ပလာဒင်က ခုန်လိုက်ပြီး ကျိုင်းတုတ်နဲ့ ချေးပိုးထိုးရဲ့ခေါင်းကို အားကုန်လွှဲရိုက်လိုက်တယ်။ ချေးပိုးထိုးက အကာအကွယ်နေရာမှာ အဆင့်မြင့်တဲ့ ပိုးကောင်တစ်ကောင်ပါ။ ဒါပေမဲ့ မလှုပ်နိုင်အောင် အချုပ်ခံရပြီး အားကုန်လွှဲရိုက်ခံရချိန်မှာတော့ ဘာမှမတတ်နိုင်တော့ပါဘူး။

“မဟုတ်ဘူး... ငါမသေချင်သေးဘူး။”

ခရက်....

သူဘယ်လိုပဲ အော်ဟစ်ငြင်းဆန်နေပါစေ ကျိုင်းတုတ်ကြောင့် သူ့ခေါင်းက အခွံမာတွေ ကွဲအက်သွားပြီး ခန္ဓာကိုယ်က လေထဲမှာတစ်ပတ် ချာလည်လည်သွားတယ်။ အဲဒီနောက် ဘုန်းခနဲပြုတ်ကျသွားပြီး မလှုပ်ရှားတော့ဘူး။

“ပိုးကောင်တွေက အသက်ပြင်းတယ်။ ဒီတော့ သူသေတာ သေချာအောင်လုပ်ရမယ်။”

ဖလေရာက တိုက်ခိုက်ပြီးတဲ့နောက်မှာ လင်ဒါက ပြောလိုက်ပါတယ်။ လင်ဒါက ကြိုးသေနတ်ကို ပစ်ချလိုက်ပြီး သူ့ပေါင်မှာချိတ်ထားတဲ့ ဆုံလည်သေနတ်ကို ဖြုတ်လိုက်တယ်။ ပြီးတဲ့နောက် ပိုးကောင်ရဲ့ခန္ဓာကိုယ်နားကိုကပ်သွားပြီး ကျည်ကုန်တဲ့အထိ ဆက်တိုက်တေ့ပစ်ပါတယ်။

ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...

ဇက်သတ္တုသေနတ်ကျည်တွေ ခန္ဓာကိုယ်အနှံကိုထိုးဖောက် ဝင်ရောက်သွားပြီးနောက်မှာတော့ ချေးပိုးထိုးပိုးကောင်လည်း အသက်ရှင်စရာအကြောင်းမရှိတော့ပါဘူး။

“ပထမဆုံးအနေနဲ့ တိုက်ပွဲမှာ အယ်ဖာအဆင့်တစ်ယောက်ကို အ​သေသတ်နိုင်ဖူးတာပဲ။” ဖလေရာက ပြောလိုက်တယ်။ လင်ဒါကတော့ အဲဒီလောက်ကြီး စိတ်လှုပ်ရှားမနေပါဘူး။ အဲဒီအစား သူတို့တိုက်ပွဲထက် ပိုပြီးပြင်းထန်နေတဲ့ တခြားအယ်ဖာအဆင့်တိုက်ပွဲနေရာနှစ်ခုကို ကြည့်လိုက်ပြီးပြောပါတယ်။

“တိုက်ပွဲက မပြီးသေးဘူး။ လိပ်နက်ကတော့ တစ်နည်းနည်းနဲ့အဆင်ပြေနေပုံပေါ်ပေမဲ့ အရှေ့ဘက်က မီးတောက်တွေ အားနည်းသွားတာသတိထားမိတယ်။ ကိုင်းတိုအခက်ကြုံနေပြီနဲ့တူတယ်။ သူ့ကိုသွားကူညီရမယ်။”

အဲဲဒီနောက်တော့ မတည့်အတူနေပြိုင်ဘက်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ခေါင်းညွတ်ပြလိုက်ပြီး ကောင်းကင်ပေါ်ကို ပျံတက်သွားပါတယ်။ သူတို့နောက်မှာတော့ ကျောင်းထဲမှာပိတ်မိနေတဲ့ ပြည်သူတွေက ပြတင်းပေါက်ကနေတစိဆင့် သူတို့ကိုလက်ပြနေကြတယ်။ ဒီလူတွေက သူတို့နှစ်ယောက်ကြောင့် ပိုးကောင်တွေဘေးကနေ အသက်ရှင်ခဲ့တာပါ။

....

ကိုင်းတိုက ပိုးဖလံရဲ့မျက်နှာကို လက်သီးနဲ့မိမိရရထိုးလိုက်နိုင်တယ်။ ဒါပေမဲ့ ပိုးဖလံကလည်း ကိုင်းတိုရဲ့ပေါင်ကို ခြေနဲ့ကန်လိုက်နိုင်ပြီး ခြေထောက်ကို ချိုးပစ်လိုက်နိုင်တယ်။ ကိုင်းတို ဒူးတစ်ဖက်ထောက်ကျသွားပြီး ပိုးဖလံရဲ့ဒုတိယကန်ချက်ကို မတားဆီးနိုင်တော့ပါဘူး။

ဖောင်း....

သူ့ခန္ဓာကိုယ်တစ်ခုလုံး မီတာရာနဲ့ချီလွင့်ထွက်သွားပြီး မြေပြင်ပေါ်ကိုပြုတ်ကျသွားတယ်။ သူပြန်ထနိုင်ချိန်မှာ ပိုးဖလံက သူ့အနားကိုရောက်နေနှင့်ပါပြီ။ သူက ကိုင်းတိုရဲ့ဆံပင်တွေကို ဆောင့်ဆွဲပြီး တစ်ကိုယ်လုံးကို လေထဲမြှောက်လိုက်တယ်။

“ဖီးနစ်မရှိတော့ မင်းဒဏ်ရာတွေကို ပြန်မကုနိုင်ဘူးပဲ။ ငါ့ကို တစ်ခဏလောက်ယှဥ်ချနိုင်တယ်ဆိုရင်တောင်မှ ရေရှည်ယှဥ်မတိုက်နိုင်ဘူးမဟုတ်လား။”

ပိုးဖလံက ကိုင်းတိုကို အဆုံးသတ်ဖို့အတွက် လက်ကိုမြှောက်လိုက်တယ်။ ကိုင်းတိုက သုံးနာရီလုံးလုံး ပိုးဖလံကို ခံချလာခဲ့တာပါ။ အခုသူ့မှာ သက်လုံမရှိတော့သလို ပိုးဖလံကိုတားဆီးဖို့ ခွန်အားလည်း မကျန်တော့ပါဘူး။

“ဒဏ္ဍာရီလာသူရဲကောင်းတစ်ယောက်ကို အနိုင်ယူခွင့်ရတဲ့ ခံစားချက်က အဲဒီလိုလား။ သိပ်ကောင်းတယ်။”

ပိုးဖလံက သူ့လက်သီးကိုဆုပ်လိုက်ပြီး ကိုင်းတိုရဲ့ရင်ဝကို ထိုးချလိုက်တယ်။ ဒါပေမဲ့ အလင်းတန်းတစ်ခုက သူ့လက်ဆီကိုအရင်ရောက်လာပြီး သူ့လက်ဝါးကို ဖောက်ဝင်သွားတယ်။ ပိုးဖလံက နာကျင်မှုကြောင့် တစ်ချက်တုန်ယင်သွားပြီး သူ့လက်ဝါးကို ပြန်ကြည့်လိုက်ပါတယ်။ သူ့လက်ဖဝါးရဲ့အလယ်တည့်တည့်မှာ တစ်လက်မအရွယ် အပေါက်တစ်ခုရှိနေပြီး သွေးရည်ကျည်တွေ စီးကျနေပါတယ်။

“ဇက်သတ္တုကျည်လား... အလင်းဒြပ်စင်လက်နက် မဟုတ်ဘူးပဲ။”

ပိုးဖလံက ကိုင်းတိုရဲ့ခန္ဓာကိုယ်ကို သဲအိတ်တစ်အိတ်လို လွှတ်ပစ်လိုက်ပြီးတဲ့နောက် အသစ်ရောက်လာသူတွေကို ကြည့်လိုက်တယ်။ လင်ဒါနဲ့ဖလေရာတို့နှစ်ယောက်ဖြစ်ပြီး သူတို့က သူတို့ဝတ်စုံတွေနဲ့ ကောင်းကင်ပေါ်ကနေ ဆင်းလာကြတာပါ။

“ရှင်တို့ထဲကတစ်ယောက်တော့ ကျွန်မတို့လက်ချက်နဲ့ သေပြီ။ ရှင်က နောက်တစ်ယောက်ဖြစ်မယ်နဲ့တူတယ်။”

ဖလေရာက ပြောလိုက်တော့ ပိုးဖလံက သူ့ဆံပင်တွေကို လက်နဲ့သပ်လိုက်ပြီး ရယ်မောလိုက်ပါတယ်။ “အဲဒီလူသစ်လေး ကိုဝါးစကီးလား။ အစကတည်းက သိပ်မလွန်းလှတဲ့ကောင်ပါ။ ငါတို့ပိုးကောင်ဗိုလ်ချုပ်တွေက တစ်ယောက်တစ်မျိုး စတိုင်တစ်မျိုးစီရှိကြပေမဲ့ သူကမရှိဘူးလေ။ သေသွားတာ ပိုကောင်းသေးတယ်။”

ပိုးဖလံက ပြောနေရင်းနဲ့ ပိုးကောင်တစ်ဝက်ပုံစံကို ပြောင်းလိုက်တယ်။ အဲဲဒီနောက် နည်းပညာဝတ်စုံနဲ့ မိန်းမလှလေးနှစ်ယောက်ကို ရယ်ပြလိုက်တယ်။

“မင်းတို့နှစ်ယောက်ပေါင်းစွမ်းအားက ကိုင်းတိုထက် ပိုအားနည်းတယ်နော်။ မင်းတို့ငါ့ရှေ့မှာ ပေါ်လာရဲတယ်လား။”

ဝှစ်....

ပိုးဖလံက သူ့ခြေထောက်တွေကို လှုပ်ရှားလိုက်တယ်။ သူက ချက်ချင်းဆိုသလို အသံမြန်နှုန်းကို ချိုးဖောက်ပြီး လင်ဒါရှေ့ကိုရောက်လာတယ်။ သူ့လက်သီးက လင်ဒါရဲ့ဝမ်းဗိုက်ကို ထိုးမိခါနီးမှာ ဖလေရာက ကြားဝင်ပြီး ကျိုင်းတုတ်နဲ့ခံလိုက်တယ်။

“မကောင်းတော့ဘူး။” ကျိုင်းတုတ်ရဲ့စွမ်းအင်ဘားက ကိုးဆင့်အထိ ချက်ချင်းမြင့်တက်သွားပြီး အနည်းငယ် ကွေးညွတ်သွားတဲ့အတွက် ဖလေရာမျက်နှာချက်ချင်း ပျက်သွားပြီး စုဆောင်းထားမိသမျှအားတွေကို ပြန်သုံးလိုက်တယ်။

ဘုန်း...

တန်ပြန်စွမ်းအားလှိုင်းက ပိုးဖလံဆီတည့်တည့်ဝင်လာပါတယ်။ ဒါပေမဲ့ ပိုးဖလံက သူ့အတောင်ပံတွေကို အသာခတ်လိုက်ပြီး လေထဲမှာ လမ်းကြောင်းပြောင်းလိုက်တဲ့အတွက် အဲဒီစွမ်းအားတွေရဲ့စက်ကွင်းကနေ လွတ်မြောက်သွားတယ်။ စွမ်းအားလှိုင်းတွေက နောက်မှာရှိနေတဲ့ မီတာတစ်ထောင်ဝန်းကျင်မြေပြင် တစ်ခုလုံးမှာ စွတ်ကြောင်းကြီးတစ်ခုကိုချန်ထားခဲ့ပေမဲ့ ပိုးဖလံက ဂရုမစိုက်ပါဘူး။

“စိတ်ဝင်စားစရာ နည်းပညာပဲ၊ ဒါပေမဲ့ ငါ့ကိုမထိသမျှ အရေးမပါဘူးလေ။”

ပိုးဖလံက သူ့ခြေကိုမြှောက်ပြီး ဖလေရာကိုကန်လိုက်တယ်။ ဖလေရာရဲ့ခန္ဓာကိုယ်က လေပေါ်မြောက်သွားပြီး ပိုးဖလံက နောက်ဆက်တွဲ အနေနဲ့ လက်သီးနဲ့ဆက်ထိုးဖို့လုပ်ပေမဲ့ လင်ဒါက ဖလေရာကို လှမ်းဆွဲလိုက်ပြီး ဆုံလည်သေနတ်နဲ့ ပိုးဖလံကို အနီးကပ်ဝင်ပစ်တယ်။

“ဝေး...ဝေး... မိန်းကလေးတစ်ယောက်က သေနတ်ကိုင်ထားရတယ်လို့ အန္တရာယ်များလိုက်တာ။”

ပိုးဖလံက သေနတ်ကျည်တွေကို ဆက်တိုက်ရှောင်ရှားလိုက်ပြီး နောက်ကိုဆုတ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ အတောင်ပံကို ခတ်လိုက်တယ်။ အတောင်ပံခတ်ရာကနေ ဖြစ်တည်လာတဲ့ လေပြင်းတွေက ဖလေရာနဲ့လင်ဒါတို့နှစ်ယောက်ကို အခြေပျက်သွားစေပြီး လေထုထဲမှာ ဘောလောမြောနေစေပါတယ်။ သူတို့နှစ်ယောက်ရဲ့အတောင်ပံတွေနဲ့ လေပြင်းကြားကနေ ဖောက်ထွက်ဖို့ကြိုးစားပေမဲ့ အချည်းအနှီးပါပဲ။ ပိုးဖလံရဲ့အတောင်ပံတွေက ပိုအားကောင်းပြီး အနီးအနားကလေထုကို သူ့ကိုယ်ပိုင်နယ်​မြေအဖြစ် ပြောင်းလဲထားတယ်။

“ကြည့်ရတာ မင်းတို့နှစ်ယောက်တော့ ပြိုင်ဖက်မှားရွေးမိပြီနဲ့တူတယ်။”

...

ကိုင်းတိုက သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ သူ့မျက်နှာက ကျောက်တုံးကျောက်ခဲအစအနေတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမနဲ့အပ်နေပြီး အေးစက်စက် ခံစားချက်ကိုရနေတယ်။ သူ့ဘယ်ဘက်ပေါင်ကနေ ကြီးမားတဲ့နာကျင်မှုကို ခံစားခဲ့ရပေမဲ့ ကြာလာတာနဲ့အမျှ ထုံကျင်လာပြီး အထွေအထူးမခံစားမိတော့ပါဘူး။

“ရှက်စရာပဲ....” ကိုင်းတိုက လေပြင်းတွေကို လစ်လျူရှုပြီး ထရပ်လိုက်တယ်။ အခုသူက ညာဘက် ခြေထောက်ကိုပဲ အဓိကအားပြုရပ်နေတာဖြစ်လို့ သူရပ်နေတဲ့ပုံစံက ဘေးနည်းနည်းစောင်းနေပြီး ကြည့်ရဆိုးတယ်။

“တကယ့်ကို ရှက်စရာပဲ....” ကိုင်းတိုက တူညီတဲ့ စကားတစ်ခွန်းကိုပဲ နောက်တစ်ခါရေရွတ်လိုက်ပါတယ်။ သူ့မျက်လုံးအကြည့်တွေက ကောင်းကင်မှာ တိုက်ပွဲဝင်နေတဲ့ ပိုးဖလံဆီမှာရှိနေတယ်။ အခုပိုးဖလံက ဖလေရာနဲ့လင်ဒါကို လေထုထဲမှာပိတ်လှောင်ထားပြီး စိတ်ကြိုက်ဆော့ကစားနေပါတယ်။

“မင်းက မင်းရဲ့ရန်သူတွေကို လေးစားမှုမရှိဘဲနဲ့ ကစားစရာလိုသဘောထားနေတာပဲ။ စစ်သည်တော်တစ်ယောက်အနေနဲ့ အရှက်ရစရာကောင်းတဲ့ကောင်ပဲ။”

ကိုင်းတိုက သူ့ခန္ဓာကိုယ်မှာရှိသမျှ စွမ်းအားတွေကို စုစည်းလိုက်ပြီး မီးတောက်တွေကိုထုတ်ဖော်လိုက်တယ်။ သူ့လက်ထဲမှာ မီးတောက်လှံတံတစ်ခု ထွက်ပေါ်လာပြီး လက်ကိုမြှောက်လိုက်တယ်။ သူ့ပေါင်အခြေအနေကြောင့် သေချာမချိန်နိုင်ပေမဲ့ အတတ်နိုင်ဆုံး ပိုးဖလံရဲ့နှလုံးရှိရာကိုချိန်ပြီး မီးတောက်လှံနဲ့ပစ်ခတ်လိုက်တယ်။

ရှီး....

လှံက လေထုကိုဖောက်ထွက်သွားပြီး အသံမြန်နှုန်းလေးဆနဲ့ ခရီးနှင်တယ်။ လမ်းမှာတင် မီးတောက်က အနီရောင်ကနေ အပြာရောင်၊ တစ်ဆင့် အစိမ်းအဖြစ်ပြောင်းသွားပြီး အချိန်မရွေးငြိမ်းသွားတော့မယ်လို့တောင် ထင်ရပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ မီးတောက်လှံက ဘဝင်လေမြောက်နေတဲ့ ပိုးဖလံရဲ့ညာတောင်ပံကို ထိုးဖောက်သွားတယ်။

“ဘာ...” ပိုးဖလံရဲ့အပြုံးတွေက အေးခဲသွားတယ်။ တစ်ပြိုင်နက်တည်းမှာပဲ လေပြင်းတွေလည်း ​ငြိမ်သက်သွားခဲ့ပြီ။ သူက သူ့အတောင်ပံကိုကြည့်လိုက်တော့ ညာတောင်ပံတစ်ခုလုံး မီးစွဲနေပြီးဖြစ်ပြီး သူ့ခန္ဓာကိုယ်ကို မီးကူးလာဖို့ နည်းနည်းပဲလိုပါတော့တယ်။

“ဖယောင်းတိုင်ကောင် မင်းမသေနိုင်သေးဘူးလား။”

ပိုးဖလံက သူ့ကိုယ်သူကာကွယ်ဖို့အတွက် ညာတောင်ပံကို လက်နဲ့ချိုးချလိုက်ပြီး အော်ဟစ်လိုက်တယ်။ သူ့ခန္ဓာကိုယ်ကတော့ မြေပြင်ပေါ်ကို ချာလည်လည်ကာ ပြုတ်ကျနေပါပြီ။

“လင်ဒါ၊ နင့်အတောင်ပံတွေကိုသုံး။” ဖလေရာက လင်ဒါကို လှမ်းသတိပေးလိုက်တယ်။ လေပြင်းထဲမှာ ပိတ်မိနေတဲ့ ဖလေရာနဲ့လင်ဒါကလည်း လွတ်မြောက်လာပါပြီ။ စစချင်းဟန်ချက်ရှာမရတာကြောင့် သူတို့လည်း ပြုတ်ကျနေပေမဲ့ ဖလေရာက ဟန်ချက်အရင်ထိန်းနိုင်သွားပြီး လင်ဒါကို သတိပေးလိုက်နိုင်တယ်။ အဲဒီနောက်တော့ လင်ဒါလည်း ပြုတ်ကျနေတာကိုရပ်နိုင်သွားပြီး တကယ်ဟန်ချက်ထိန်းမရဖြစ်နေတဲ့ ပိုးဖလံကို သေနတ်နဲ့ချိန်လိုက်ပါတယ်။

“သေလိုက်တော့....” လင်ဒါက ပိုးဖလံကို သေနတ်နဲ့ ကျည်မကုန်မချင်းပစ်တယ်။

ဒိုင်း... ဒိုင်း... ဒိုင်း....

“သောက်ကျိုးနည်း...” ပိုးဖလံကလည်း သေနတ်ကျည်တွေ သူဆီရာကို လာနေမှန်းသိတဲ့အတွက် သူ့ကိုယ်သူပိုချိန်ရခက်တဲ့ ပစ်မှတ်ဖြစ်စေဖို့ ဒူးကိုဖက်ပြီး ကိုယ်ကိုကျုံထားလိုက်တယ်။ ဒါတောင်မှ သေနတ်ကျည်တစ်ခုက သူ့ပခုံးထဲ ဖောက်ဝင်သွားသေးတယ်။

ဘုန်း....

ပိုးဖလံက ​မြေပြင်နဲ့ပြင်းပြင်းဝင်ဆောင့်မိတယ်။ သူပြုတ်ကျတဲ့နေရာတစ်ခုလုံးကို ဖုန်လုံးကြီးတစ်ခုက ဖုံးလွှမ်းထားပြီး ဖုန်လုံးထဲကနေ အဆက်မပြတ်ချောင်းဆိုးနေတဲ့ လူငယ်လေးတစ်ယောက် လမ်းလျှောက်ထွက်လာတယ်။ အဲဒါကတော့ ပိုးဖလံပါပဲ။

“စိတ်ပျက်ဖို့ကောင်းလိုက်တာ... မဖြစ်စလောက် အားနည်းတဲ့လူသားတွေကများ...”

ပိုးဖလံက မလျှော့တမ်းပုတ်ခတ်စကားတွေ ပြောနေပေမဲ့ သူ့ရှေ့မှာ မားမားမတ်မတ်ပြန်ရပ်နေတဲ့ ကိုင်းတိုကို မြင်လိုက်ရချိန်မှာတော့ တိတ်ဆိတ်သွားတယ်။ ကိုင်းတိုက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားပြီး သူ့ထက်အားနည်းတယ်ဆိုပေမဲ့ သွေးအလိမ်းလိမ်းနဲ့ရပ်နေတဲ့ ပုံစံကိုမြင်ရရုံနဲ့တင် သူကြောက်လန့်သွားခဲ့တာပါ။

“မင်း... မင်းဘယ်လိုလုပ်ပြီး အခုထိရပ်နေနိုင်သေးတာလဲ။”

“မသိဘူး...” ကိုင်းတိုက တစ်ခွန်းပဲပြောလိုက်ပြီး သူ့ကျောနောက်မှာ မီးတောက်ကြာပန်းတွေကို ဖန်တီးလိုက်တယ်။ ပိုးဖလံရဲ့အားနည်းချက်က မီးပါ။ ရုတ်တရက် အားကောင်းတဲ့မီးလျှံတွေအဝိုင်းခံရတာကြောင့် ပိုးဖလံ ရုတ်တရက်ထိတ်လန့်သွားပြီး အသည်းအသန်ရှောင်ရှားတယ်။

“ကိုင်းတိုက ဒီလောက်အထိဒဏ်ရာရထားတာတောင်မှ လွှမ်းမိုးနိုင်တဲ့အရှိန်အဝါကို ထုတ်လွှတ်နေတုန်းပဲ။ တစ်ချိန်က ဘာအစွမ်းမှမရှိတော့တာတောင် ဥစာကီကို ယှဥ်ချရဲတဲ့ သတ္တိရှိသူပီသပါပေတယ်။” ဖလေရာက ချီးကျူးလိုက်တယ်။ လင်ဒါကလည်း ခေါင်းညိတ်ပြီး ပြောလိုက်တယ်။

“ကိုင်းတိုက ငါတို့အတွက်အခွင့်အရေးတစ်ခုဖန်တီးပေးထားတယ်။ သူ့အားထုတ်မှုကို အလကားအဖြစ်မခံဘဲ ဝင်ဖိအားပေးကြစို့။”

အဲဒီနောက် သူတို့နှစ်ယောက်လည်း ပိုးဖလံကို ဝင်တိုက်ကြတယ်။ ပိုးဖလံက အယ်ဖာတစ်ယောက်ဖြစ်ပေမဲ့ S အဆင့်သုံးယောက်ကြားမှာစပြီး ဖိအားကို ခံစားလာရတယ်။ အားလုံးက သူ့ထက်အားနည်းပေမဲ့ တစ်ယောက်ဟာကွက်ကိုတစ်ယောက် ဖြည့်စည်းပေးပြီး တစ်အပေါင်းတစ် နှစ်ထက်ပိုတဲ့ ခွန်အားကိုထုတ်ဖော်ထားကြတယ်။

“လုံလောက်ပြီ...”

ဘုန်း....

နောက်ဆုံးတော့ ဒေါသထွက်လာတဲ့ပိုးကောင်လည်း သည်းမခံနိုင်တော့ဘဲ ပိုးကောင်အပြည့်ပုံစံကို ချက်ချင်းပြောင်းပြီး လေပြင်းတွေနဲ့ ပြိုင်ဘက်သုံးယောက်လုံးကို အနားကနေ နှင်ထုတ်ပစ်လိုက်တယ်။

“သေစမ်း... သူပုံစံပြန်မပြောင်းခင် သတ်ဖို့ကျရှုံးသွားပြီ။” ဖလေရာက စိုးရိမ်စွာနဲ့ပြောလိုက်တယ်။ သူတို့က တစ်ခဏတာ အသာစီးရထားခဲ့ပေမဲ့ အားနည်းနေကြဆဲပါ။ ပြီးတော့ ကိုင်းတိုက ဒဏ်ရာရထားတယ်။ တိုက်ပွဲအချိန်ကလည်း ကြာပြီဖြစ်လို့ သူတို့နည်းပညာဝတ်စုံတွေမှာ စွမ်းအား သိပ်မကျန်တော့ပါဘူး။ ဒါကြောင့် ပိုးဖလံကိုအသေသတ်ဖို့ အခွင့်အရေးကိုဆုံးရှုံးသွားတာဟာ တိုက်ပွဲကို ရှုံးသွားတာနဲ့ အတူတူပါပဲ။

“ကိုင်းတို၊ ဒီကနေထွက်ကြစို့။ တိုကျိုကျသွားပြီ။” ဖလေရာက ကိုင်းတိုကို လက်လျှော့ဖို့ အကြံပေးလိုက်တယ်။ ပိုးဖလံကို သူတို့ဆက်မတိုက်နိုင်တော့ရင် ပိုးဖလံက ပိုးစုန်းကြူးကို သွားကူပါလိမ့်မယ်။ ဒါဆို ဖရန့်အတွက် အင်အားမမျှဖြစ်သွားပြီး ဖရန့်ပြန်ဆုတ်ရမှာပါ။ တစ်နည်းအားဖြင့် သူတို့မှာနိုင်ခြေမရှိတော့ဘူး။ မကြာခင်မှာ တိုကျိုတင်မကဘဲ အရှေ့စွန်းဖျားစစ်ဒေသတစ်ခုလုံးကို ဆုံးရှုံးရပါလိမ့်မယ်။ ဒါပေမဲ့ ကိုင်းတိုက နေရာမှာတင် ဆက်ရပ်နေပြီး ​ဆုတ်ခွာမယ့် အရိပ်အယောင်မရှိပါဘူး။

“မင်းတို့နှစ်ယောက်က မိန်းကလေးတစ်ယောက်ကြောင့် ဟီးရိုးဖြစ်လာကြတာမလို့ ဒီခံစားချက်ကို သိချင်မှသိလိမ့်မယ်။ ဒါပေမဲ့ သူရဲကောင်းတစ်ယောက်က သူကာကွယ်ပေးနေတဲ့ အရာတစ်ခုထက်ပိုပြီး အသက်မရှည်သင့်ဘူး။”

အဲဒီနောက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကို ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားတော့တယ်။

All Chapters