← Chapters

ကောင်းကင်ယင်သားတော်ကို လုပ်ကြံမည့် လုံပိ

Vol. 84 Ch. 1083

ကောင်းကင်ယင်သားတော်ကို လုပ်ကြံမည့် လုံပိ

Vol. 84 Ch. 1083

“ခဏလေးးးးးး”

နဂါးချီလင်၏ မျက်ဝန်းများ တဖျတ်ဖျတ် လက်လာသည်။ “နောင်တော်၊ ယင်ချောင်ကျင့်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က အတော်လေး ရင်းနှီးတယ်နော်.... ဒီလူက အခုအချိန်အထိ ကောင်းကျိုး‌ပေးဖူးးတာလည်း မရှိဘူး... ဒီတစ်ကြိမ်လည်း နောင်တော် ထွက်မသွားနိုင်အောင် တားဖို့ လာတာ ဖြစ်နိုင်တယ်... နောင်တော့်ကို တားဖို့ ကောင်းကင်နတ်ဘုံရဲ့စစ်တပ်တွေကို ဦးဆောင်လာတဲ့သူက သူတောင် ဖြစ်ရင်ဖြစ်နေမှာ”

မင်းသားယိုမင်မှာ ချီတုံချတုံ ဖြစ်သွားပြီး နန်းတော်မုခ်၀ထံ သွား၍ ဟိုဟိုသည်သည် ကြည့်လိုက်သည်။ ယင်ချောင်ကျင့်သည် အလံတလွင့်လွင့်လျက် ရွက်လွှင့်လာ‌သော သင်္ဘောများနှင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးကို ဦးဆောင်ပြီး မဟူရာလိပ်နန်းတော်ဆီသို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရ၏။

ဤညီတော်နဂါးပြောသည့်အတိုင်း ဖြစ်နေချေပြီ။ ယင်ချောင်ကျင့်ကား သူ့ကို သတ်ဖြတ်ရန် ကောင်းကင်နတ်မြစ်၏ စစ်တပ်ကြီးအား ဦးဆောင်လာနေလေပြီ။

မင်းသားယိုမင်းသည် ချက်ချင်းဆိုသလို အမျက်တစ်ချောင်းချောင်း ထွက်သွားသဖြင့် ‌ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ယင်ချောင်ကျင့်၊ ငါကတော့ မင်းကို ညီအစ်ကိုတစ်ယောက်လို ဆက်ခံခဲ့ပေမယ့် မင်းကတော့ ငါ့ကို အရူးလုပ်ချင်တယ်ပေါ့လေ... ငါ မင်းကို ၀င်ခွင့်ပေးလိုက်ရင် ကောင်းကင်နတ်ဘုံရဲ့ ကျားတွေ၊ ဝံပု‌လွေတွေက ငါ့ရဲ့ မဟူရာလိပ်ကောင်းကင်နန်းတော်ကို ဖျက်ဆီးကြလိမ့်မယ်”

ကောင်းကင်ယင်သားတော်က နောက်လှည့်ကြည့်ပြီးနောက် ရယ်မောလိုက်သည်။ “ကျွန်တော့်ကို သူတိုနဲ့အတူ ထင်လို့ နောင်တော်က စိမ်းကားနေတာလား... တာအိုနောင်တော်၊ ကျွန်တော် နောင်တော့်ကို သတိပေးဖို့ လာတာကို ကောင်းကင်နတ်မြစ်ရေတပ်က သိသွားလို့ ဒီအထိ လိုက်ဖမ်းနေတာပါဗျာ.... ကျွန်တော့်ကို ၀င်ခွင့်မပေးရင် ကျွန်တော်အပြင်မှာ သေရလိမ့်မယ်”

မင်းသားယိုမင်းမှာ ဆုံးဖြတ်ချက်မချတတ်သဖြင့် နဂါးချီလင်အား ကြည့်လိုက်သည်။ “ညီတော်၊ သူက သတိပေးဖို့ လာတာတဲ့... ငါ သူ့ကို ၀င်ခွင့်မပေးရင် သူ အပြင်မှာ သေသွားမှာမဟုတ်လား”

နဂါးချီလင်သည် တစ်စက်လေးမှ စိတ်ကောင်းမရှိပေ။ “မဟူရာလိပ်ကောင်းကင်နန်းတော်က အင်မတန် အရေးကြီးတယ်... နောင်တော် သေချာမကာကွယ်နိုင်ဘဲ ရန်သူ့လက်ထဲ ကျရောက်သွားရင် နတ်မင်းရွှမ်းရော နတ်မင်းဝူပါ ပါလာလိမ့်မယ်... ကောင်းကင်ယင်သားတော်ကို ကောင်းကင်နတ်ဘုံစစ်တပ်နဲ့ တစ်ကြိတ်တည်းတစ်ဉာဏ်တည်း မဟုတ်ဘူးဆိုတာ သက်သေပြဖို့ စစ်သည်တော်တချို့ သတ်ခိုင်းလိုက်ပါ”

မင်းသားယိုမင်းက ‌ချီးကျူးလိုက်သည်။ “ညီတော်က တကယ်ကို အမျှော်အမြင်ကြီးပါပေတယ် .... ညီတော်ယင်၊ မင်း စိတ်ရင်းနဲ့ ငါ့ကို ကူညီဖို့ လာတာဆိုရင် ကောင်းကင်နတ်ဘုံက နတ်ဘုရားနဲ့ မိစ္ဆာတချို့ကို သတ်လိုက်ပါ... မသတ်ရင် မင်းက ငါ့ကို အန္တရာယ်ပေးဖို့ လာတယ်ဆိုတာ သက်သေပြလိုက်တာပဲ”

ကောင်းကင်ယင်သားတော်မှာ ကြောင်အသွားသည်။ ‘ဒီလိပ် ‌ဘယ်တုန်းက ဉာဏ်ကောင်းသွားတာပါလိမ့်’

သူက အနောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ ကောင်းကင်နတ်မြစ်ရေတပ်သည် ရောက်ရှိနေပြီဖြစ်ပြီး သင်္ဘောအရှေ့ရှိ ခေါင်းဆောင်စစ်သူကြီးတစ်ဦးက ဓားမမြှောက်ကာ အော်ပြော၏။ “မင်းသားယိုမင်၊ အရှင်မင်းကြီး ကောင်းကင်နတ်ဧကရာဇ်က အမိန့်တော်ပေးပို့လိုက်ပါတယ်.... အရှင်မင်းကြီးက မင်းသားကို ကျောက်စိမ်းမြို့တော်ဆီ ပြန်လာဖို့ ဆန္ဒရှိတော်မူပါတယ်”

‌ကောင်းကင်ယင်သားတော်သည် ‌ကောင်းကင်နတ်မြစ်ရေတပ်အား မတိုက်ခိုက်သည့်အပြင် ကောင်းကင်နတ်မြစ်ရေတပ်ကလည်း ကောင်းကင်ယင်သားတော်ကို ထိခိုက်အောင် မလုပ်မှန်း သတိထားမိလျှင် မင်းသားယိုမင်းမှာ ‌ဒေါသအမျက်များဖြင့် အော်ဟစ်လိုက်သည်။ “ယင်ချောင်ကျင့်၊ မင်းက ငါ ဖန်သားကောင်းကင်စေတီကို ဖွင့်‌အောင် လှည့်စားပြီးတော့ ငါ့ရဲ့မဟူရာလိပ်ကောင်းကင်နန်းတော်ကို သိမ်းပိုက်မလို့ပေါ့လေ...”

ကောင်းကင်ယင်သားတော်က ဒေါသလည်း ထွက်၊ အကြံလည်း အိုက်လာသည်။ ရုတ်တရက် သူက အံကြိတ်၍ ကောင်းကင်နတ်မြစ်ရေတပ်ဆီသို့ တဟုန်ထိုး ဦးတည်သွားကာ တွေးနေသည်။ ‘မြောက်နတ်မင်းရဲ့ စံအိမ်မှာ ရှိတဲ့ ရတနာတွေကြောင့်သာ မဟုတ်ရင် ငါ့ကိုယ်ငါ ဒီလို အန္တရာယ်တွင်းထဲ တွန်းပို့ပါ့မလား'

သူ၏ လျှပ်တပြက် တိုက်ကွက်က မရေမတွက်နိုင်သော အလံဖြူများအား ကောင်းကင်နတ်မြစ်ရေတပ်၏ သင်္ဘောတစ်စီးဆီ ပျံသန်းသွားစေသည်။ အလံဖြူများ လှုပ်ခတ်သွားသည့်အချိန် ထိုသင်္ဘောပေါ်ရှိ နတ်ဘုရားများနှင့် မိစ္ဆာများ၏ မူလဝိညာဉ်များမှာလည်း လှုပ်ခါသွားပြီး တစ်ယောက်ပြီးတစ်ယောက် ခန္ဓာကိုယ်အတွင်းမှ ဆွဲနှုတ်ခံရကာ သူ၏အလံများအတွင်း၌ ချုပ်နှောင်ခံလိုက်ရသည်။

တချို့ကမူ အစွမ်းထက်ကြသောကြောင့် မူလဝိညာဉ်ပါမသွားကြပေ။ သို့သော် နောက်တခဏတွင် ကောင်းကင်ယင်သားတော်၏ ‌ကျောရှိ ဘူးသီးခြောက်သည် ပွင့်ဟလာပြီး ၎င်း၏ အ၀မှ ပိုးကောင်များ ပျံထွက်လာကြကာ သင်္ဘောပေါ်၌ ရှိနေသူများအား ခြောက်ကပ်သွားသည့်တိုင်အောင် သွေးစုပ်ကြတော့၏။

တိုက်ခိုက်မှု အောင်မြင်သည်နှင့် ကောင်းကင်ယင်သား‌တော်က အော်လိုက်သည်။ “တာအိုနောင်တော်ယိုမင်၊ ကျွန်တော့်စိတ်ရင်းကို တွေ့ပြီလား”

ပတ်ပတ်လည်သင်္ဘောများမှ ဒေါသတကြီး ဟိန်းဟောက်သံများအား ကြားရနိုင်ပြီး ကောင်းကင်နတ်မြစ်ရေတပ်သည် စစ်ဝင်္ကပါများအား အသက်သွင်းလိုက်ကြ၏။ ကောင်းကင်နတ်မြစ်မှာ ပွက်ပွက်‌ဆူလာကာ မရေမတွက်နိုင်သော ၀င်္ကပါသင်္ကေတများ ပျံထွက်လာပြီး ကောင်းကင်နတ်မြစ်၏ လေးဘက်လေးလံကို ပိတ်လိုက်သည်။

ဝှစ်...

နတ်လက်နက်များသည်လည်း ထို၀င်္ကပါသင်္ကေတများနှင့်အတူ ပျံထွက်လာသည်။ ၀င်္ကပါအမှတ်အသားများနှင့်အတူ လက်နက်များက အတူတကွ ပေါင်းစည်းသွားပြီး ကောင်းကင်ယင်သားတော်ကို အပြင်းအထန် ဒဏ်ရာရသွားစေ၏။

ကောင်းကင်ယင်သားတော်မှာ ‌သွေးတစ်လုတ်အန်လျက် နောက်ပြန်ပျံသန်းလိုက်ရာ ဖန်သားကောင်းကင်စေတီ၏ အကာအကွယ်နှင့် ၀င်တိုက်သွားသည်။

မင်းသားယိုမင်းက သူ့ကို ၀င်ခွင့်ပေးရန် ဖန်သားကောင်းကင်စေတီ၏ အကာအကွယ်အား ဖွင့်တော့မည့်အချိန် နဂါးချီလင်က လက်ကာလိုက်သည်။ “နောင်‌တော်၊ နည်းနည်းလောက် စောင့်လိုက်ပါဦးလား... ကိုယ့်ကိုကိုယ် ဒဏ်ရာရအောင်လုပ်ပြီး လှည့်စားတာဖြစ်နေရင်ရော..”

မင်းသားယိုမင်းမှာ တွန့်ဆုတ်သွားသည်။ ထိုအခိုက်အတန့်မှာပင် ကောင်းကင်နတ်မြစ်ရေတပ်သည် ဒုတိယအကြိမ် တိုက်ခိုက်၏။

ရေတပ်၏ ၀င်္ကပါအခင်းအကျင်းကား အံ့မခန်းလိလိ စွမ်းအားကြီးလှသည်။ ‌မရေမတွက်နိုင်သော သင်္ဘောများက လှိုင်းလုံးကြီးများကို စီးနင်းနေကြပြီး နတ်လက်နက်အမျိုးမျိုးမှာ ၀င်္ကပါနှင့် တွဲဖက်အသုံးပြုသည့်အခါ ပို၍အစွမ်းထက်လာကြသည်။

‌ကောင်းကင်ယင်သားတော်၏ ရှေးဟောင်းကမ္ဘာဦး နတ်ပိုးကောင်များပင်လျှင် ၀င်္ကပါကြောင့် တစ်ကောင်မကျန် သေဆုံးပေတော့မည်။ ကောင်းကင်ယင်သားတော်က သူ၏ကိုယ်ပိုင် မင်တုကောင်းကင်မုခ်၀ကို အသက်သွင်းလိုက်သော်လည်း ရုပ်လုံးပင် ပေါ်မလာဘဲ အစိတ်စိတ်အမွှာမွှာ ဖျက်စီးခံလိုက်ရသည်။

“ငရဲပင်လယ် တက်လာစမ်း”

ကောင်းကင်ယင်သားတော်က ပါးစပ်မှ သွေးများစီးကျလျက် စူးစူးဝါးဝါး အော်ဟစ်လိုက်၏။ “ငါက ကောင်းကင်နတ်အရှင်တစ်ပါး မဟုတ်ပေမယ့် ငါ့နာမည်က အလကားကျော်စောနေတာ မဟုတ်ဘူးကွ”

ဝှစ်...

အဆုံးမရှိသည့် ငရဲပင်လယ်ကြီးသည် လှိုင်းလေလန်လျက် ထွက်ပေါ်လာ၏။ ပင်လယ်ထဲ၌ သွေးအလင်းတန်းများ တောက်ပလာကာ နတ်ဘုရား၊ မိစ္ဆအလောင်းများ ထကြွလာကြသည်။ သူတို့က ဒေါသတကြီး ဟိန်းဟောက်၍ ကောင်းကင်နတ်မြစ်ရေတပ်အား တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည်။

ကောင်းကင်ယင်သား‌တော်သည် လက်ရှိအချိန်တွင် သိုင်းပညာ၌ အောင်မြင်မှု သိပ်မရှိသေးသော်လည်း သူ၏လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် သိုင်းကွက်များမှတဆင့် သူ၏အနာဂတ်အား ခပ်ရေးရေး မြင်ရနိုင်ချေသည်။

သူသည် ယိုတုမဟာတာအိုတွင် အင်မတန် ကျွမ်းကျင်သည့်လျောက် ဝိညာဉ်သိုင်းပညာရပ်တွင် အံ့‌ဩဖွယ် အောင်မြင်မှုများ ရရှိထား၏။ ငရဲပင်လယ်ဖြစ်စေ၊ မင်တုကောင်းကင်မုခ်၀ဖြစ်စေ ၎င်းတို့ကို အသက်သွင်းလိုလျှင် လိုအပ်သည့် ယိုတိုအသိအမြင်သည် များစွာကျယ်ပြန့်သည်သာမက ပြန်လည်ဝင်စားခြင်းတာအိုပင်လျှင် ပတ်သက်နေသေး၏။ သူက ယိုတု၏‌ရှေးဟောင်းရိုးရာတာအိုကို ကျော်လွန်သွားပြီး အဆင့်မြှင့်တင်နိုင်ခဲ့သည်ဟုပင် ပြောနိုင်သည်။

ဧရာမရေတပ်သင်္ဘောကြီးများအထက်ရှိ မရေမတွက်နိုင်သော နတ်ဘုရားတစ်ပိုင်းစစ်သူကြီးများက အေးစက်စွာ ပြုံး၍ လက်ဖဝါးများ အတူတကွမြှောက်ကာ လျင်မြန်စွာ လွှဲချလိုက်ကြသည်။ “ပင်လယ်ချုပ် ကောင်းကင်အပ်ကို အသက်သွင်းလိုက်ကြ”

ဒုန်း... ဒုန်း.... ဒုန်း..

သံတိုင်ကြီးများက ကောင်းကင်ထက်မှ ကျဆင်းလာပြီး ငရဲပင်လယ်အား ဖောက်ထွက်သွားရာ ပင်လယ်မှာ ချက်ချင်း အေးခဲလာတော့သည်။ ထွက်ပလာနေသည့် နတ်ဘုရား၊ မိစ္ဆာအလောင်းများမှာလည်း တမုဟုတ်ချင်း ရပ်တန့်သွားကြပြီး ပင်လယ်အောက်ထဲသို့ ပြန်လည် တွန်းပို့ခံလိုက်ကြရသည်

ငရဲပင်လယ်သည် တည်ငြိမ်အေးချမ်းသွားကာ အတွင်း၌ မည်သည့်အရာမှ လှုပ်ရှားမနေတော့ချေ။

ကောင်းကင်ယင်သားတော်မှာ သွေးတဟွတ်ဟွတ်အန်၍ ဒူးထောက်ကျသွားသည်။ သူ ကောင်းကင်နတ်မြစ်ရေတပ်ထံ အသနားခံတော့မည့်အချိန် ‌ဖန်သားကောင်းကင်စေတီ၏ အကာအကွယ်၌ အက်ကွဲကြောင်းတစ်ကြောင်း ပေါ်လာပြီး မင်းသားယိုမင်က သူ့အား အထဲ ဆွဲသွင်းလိုက်သည်။

နဂါးချီလင်က ညည်းညူလိုက်သည်။ “နောင်တော်၊ ကျွန်‌တော်တို့ နောက်ထပ် နည်းနည်းလောက်ပဲ ထပ်စောင့်သင့်...”

“ဒီထက်ကြာကြာ ထပ်စောင့်နေရင် ညီတော်ယင် သေနေပြီ”

မင်းသားယိုမင်မှာ အလွန်အမင်း အားနာနေပုံရပြီး မျက်နှာကြီး နီရဲနေကာ ကောင်းကင်ယင်သားတော်ဆီသို့ လှည့်ပြော၏။ “ငါမှားသွားတယ် ညီတော်.... ငါ့ရဲ့မဟူရာနန်းတော်အတွက် ကိုယ့်ကိုကိုယ်စတေးလောက်တဲ့အထိ ညီတော်က ဒီလောက်သစ္စာရှိရဲရင့်ပြီး ဖြောင့်မတ်လိမ့်မယ်လို့ ထင်မထားမိဘူး.... ငါ့ကိုယ်ငါ အင်မတန် အရှက်ရမိပါတယ်”

ကောင်းကင်ယင်သားတော်က သူ့ပါးစပ်တွင် သွေးများပြည့်စို့လာသောကြောင့် အားနည်းစွာဖြင့်သာ ကြည့်နေနိုင်သည်။ သွေးထွက်လွန်မှုကြောင့် သူ့မှာ မျက်ဖြူဆိုက်ပေတော့မည်။

ပြီးခဲ့သည့်နှစ်သောင်းပေါင်းများစွာအတွင်း ကြိုးစားပမ်းစား ကျင့်ကြံထားခဲ့ရသည့် သူ၏ ငရဲပင်လယ်မှာ ကောင်းကင်နတ်မြစ်ရေတပ်၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။ သူ၏ မင်တိုကောင်းကင်မုခ်၀မှာလည်း ဖျက်စီးခံလိုက်ရသည်။ သူ့အနေဖြင့် အရေးအပါဆုံး ပိုင်ဆိုင်မှုတစ်၀က်ကို ဆုံးရှုံးသွားရပြီဟု ပြောနိုင်ချေသည်။

‘ငါ လိပ်နက်ရဲ့ ငတုံးသားဆီကနေ အမြတ်မထုတ်ရင်တော့ အရှုံးကြီးရှုံးသွားတော့မှာပဲ’

ကောင်းကင်ယင်သားတော်သည် သူ၏ဝိညာဉ်များကို အတူတကွ စုစည်းလိုက်သော်လည်း ဒဏ်ရာများမှာ အင်မတန် ပြင်းထန်လှသဖြင့် သူ၏အရှိန်အဝါမှာ ကျဆင်းနေ၏။

မင်းသားယိုမင်က အလျင်အမြန် သူ့ကို တွဲထူကာ နဂါးချီလင်တို့နှင့် မိတ်ဆက်ပေးချေသည်။ “ဒါက ညီတော်နဂါးတဲ့... သူတို့က အရှေ့နတ်မင်းရဲ့ မျိုးဆက်တွေ... ဒါကတော့ ငါ့ရဲ့၀မ်းကွဲညီမလေး... တောင်နတ်မင်းမိသားစုရဲ့ မင်းသမီးလေးပေါ့”

ကောင်းကင်ယင်သားတော်သည် နဂါးချီလင်ကို စိုက်ကြည့်၍ အေးစက်စွာ ရယ်လိုက်၏။ “နောင်‌တော်၊ ဒီက နောင်တော့်မိတ်ဆွေတွေက နာမည်အရင်းတောင် မပြောရဲကြပါလား.... တစ်ခုခု ကြံစည်နေတာဖြစ်မယ်”

ယန်အာမှာ အနည်းငယ် ရင်တုန်နေမိသည်။ အနာဂတ်မှာတုန်းက ‌ချင်မူ မြောက်နတ်မင်းထံ သွားရောက်လည်ပတ်ခဲ့သဖြင့် ‌မင်းသားယိုမင်သည် သူတို့အား မြင်ဖူးခဲ့၏။ သို့သော် နဂါးချီလင်အား လူပုံစံအဖြစ် မမြင်ဘူးသလို၊ ယန်အာကလည်း ထိုအချိန်က ဤမျှလောက် ၀တုတ်မနေဘဲ ခန္ဓာကိုယ်လှပခဲ့၏။

နာမည်အရင်းသာ ပြောပြလိုက်ပါက မင်းသားယိုမင်သည် အနာဂတ်၌ သူတို့ကို မှတ်မိသွားချေလိမ့်မည်။

နဂါးချီလင်ကမူ တည်ငြိမ်အေးချမ်းစွာဖြင့် ပြန်ဖြေသည်။ “ကောင်းကင်ယင်သားတော်က ရက်စက်ပြီး ကောက်ကျစ်တယ်လို့ သတင်းကြားဖူးတယ်... ပြီးတော့ လူတစ်ယောက်ရဲ့ နာမည်ကို သိတာနဲ့ အဲ့ဒီလူကို သတ်နိုင်တဲ့ ကောင်းကင်နတ်သိုင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတယ်တဲ့... ဒါကြောင့် နောင်တော်ယင်အရှေ့မှာ ကျွန်တော့်နာမည်အရင်းကို မပြောရဲပါဘူးခင်ဗျာ.... ကျွန်တော်တို့ ခြေဦးတည့်ရာ သွားနေကြတဲ့သူတွေပါ... အခွင့်ကြုံလို့ တွေ့တာလောက်နဲ့ မိတ်ဆွေဖွဲ့စရာ မလိုပါဘူး”

“အပြောကောင်းသားပဲ”

မင်းသားယိုမင်းက လက်ခုပ်တီး၍ ချီးကျူးရင်း ရယ်လိုက်သည်။ “ညီတော်ယင်၊ မင်းမှာ အဲ့ဒီလိုကောင်းကင်နတ်သိုင်း တကယ်ရှိတာပဲလေ... ဆိုတော့ ညီတော်နဂါးက နာမည်အရင်းကို မပြောချင်တာ အဆန်းမဟုတ်ပါဘူး”

ယန်အာမှာ နဂါးချီလင်ကို လေးစားအားကျသွားပြီး သူ့အား လေစားရိုသေမှုများ ပြည့်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။

နဂါးချီလင်လည်း သူ့ကိုယ်သူ အတော်လေး ကျေနပ်နေသည်။ ‘ငါဆိုတဲ့ကောင်က ဂိုဏ်းသခင်နောက်က လိုက်လာခဲ့တဲ့ကောင်ပါ.. ကဗျာတွေလည်း ဖတ်ထားသေးတယ်.... ငါ့မှာ အခု အမြှီးမရှိတာ နှမြောစရာပဲကွာ.... လွှဲရမ်းလိုက်ရ..”

ကောင်းကင်ယင်သားတော်မှာ ဝိုင်း၍ အတိုက်ခံခဲ့ရသောကြောင့် အချိန်တိုအတွင်း သက်သာမလာနိုင်ချေ။

မင်းသားယိုမင်က နန်းတော်ထဲရှိ လိပ်နက်မျိုးဆက်များကို စုစည်းပြီးနောက် နဂါးချီလင်အား တပ်ဖွဲ့များကို ဦးဆောင်စေသည်။

နဂါးချီလင်က တက်ကြွစွာ ပြောသည်။ “စစ်သည်တော်တွေကို ဦးဆောင်ပြီး ဝင်္ကပါအခင်းအကျင်းတွေ စီမံရတာနဲ့ပတ်သက်ပြီး ပညာရှင်တစ်ယောက်ဆီကနေ ကျွန်တော် နည်းနည်းပါးပါး သင်ဖူးတယ်.. ဒါကြောင့် ကျွန်တော်သာ ဝင်္ကပါတွေကို နေရာချလိုက်ရင် ကောင်းကင်နတ်မြစ်ရေတပ် အသာထား... ကောင်းကင်နတ်ဘုံရဲ့ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့လာရင်တောင် မဟူရာလိပ်နန်းတော်ကို ကျူးကျော်ဖို့ စိတ်တောင်ကူးရဲမှာမဟုတ်ဘူး”

All Chapters