နဂါးဟန်၏ နံပါတ်တစ် ကောင်းကင်ဆရာသခင်
Vol. 84 Ch. 1085
အတိတ်တုန်းဆိုလျှင် မင်းသားယိုမင်နှင့် ကောင်းကင်ယင်သားတော်သည် နဂါးချီလင် ကြွားဝါနေခဲ့သည်ဟုသာ ထင်ခဲ့ကြလိမ့်မည်။ သို့သော် နဂါးချီလင်က ကောင်းကင်နတ်မြစ်ရေတပ်အား အလွယ်တကူ ဖြိုခွဲပြခဲ့ရာ သူ့တွင် ထိုကဲ့သို့လုပ်ဆောင်နိုင်စွမ်းများ ရှိကြောင်း ၀န်ခံရတော့သည်။
နဂါးချီလင်ကား ဂုဏ်ယူ၀င့်ကြွားစွာ မပြောမိဘဲ မနေနိုင်ချေ။ “ဉာဏ်ပညာ အရည်အချင်းနဲ့ ပြည့်ဝတဲ့သူဟာ အခွင့်အရေးကို စောင့်ပြီးမှ ထုတ်ပြတတ်တယ်... ဒီနေ့ကတော့ ကျွန်တော် လုံပိရဲ့ နေ့ပဲ”
မင်းသားယိုမင်က ချီးကျူးသည်။ “မင်းက တကယ့်ကို အရည်အချင်းရှိတဲ့သူပါပဲ ညီတော်ရေ ... နဂါးဟန်ခေတ်ရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်လို့တောင် ခေါ်ထိုက်ပါပေတယ်”
ယန်အာ့မျက်နှာမှာ နဂါးချီလင်အပေါ် လေးစားကြည်ညိုသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။
ကောင်းကင်ယင်သားတော်ပင်လျှင် သူ့အား ချီးကျူးလိုက်သော်လည်း အောင့်သက်သက်နှင့်သာ ဖြစ်သည်။ သူက တွေးတောနေသည်။ ‘ဒီလူ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်တွေကို တားဆီးပြီးတာနဲ့ ငါ ဖန်သားကောင်းကင်စေတီကို ခိုးဖို့ အအခွင့်အရေးရှာရမယ်’
ကောင်းကင်နတ်ဧကရာဇ်သည် လောကအား ခွဲခြမ်းလိုက်ပြီး သူ့အား နတ်မင်းလေးပါး၏ ၀င်ရိုးစွန်းလေးခုကို အုပ်ချုပ်ခိုင်းခဲ့သည်။ ကောင်းကင်နတ်ဘုံ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရသည့်အခါ နတ်မင်းလေးပါးတွင် ကိုယ်ပိုင်မြေသော်လည်းကောင်း၊ ကိုယ်ပိုင်စစ်တပ်သော်လည်းကောင်း မရှိကြပေ။ သူတို့၏မျိုးဆက်များကိုသာ ကောင်းကင်နန်းဆောင်အား စောင့်ရှောက်ခိုင်းရသည်။
နဂါးချီလင်က မဟူရာလိပ်ကောင်းကင်နန်းတော်၏ ဖန်သားကောင်းကင်စေတီ၊ မြွေနတ်ဘုရားများနှင့် လိပ်နတ်ဘုရားများကို အသုံးချ၍ ကောင်းကင်နတ်မြစ်ရေတပ်အား လုံးလုံးလျားလျား အနိုင်ယူခဲ့ရာ သူ့အား အရည်အချင်းရှိသည့် ဉာဏ်ကြီးရှင်တစ်ယောက် အလိုအလျောက် ဖြစ်သွားစေသည်။
အဘယ်ကြောင့်ဆိုသော် နတ်သိုင်းအစောင့်တပ်ဖွဲ့နှစ်ဖွဲ့၊ မြောက်ပိုင်းဂိုဏ်းစစ်တပ်နှင့် ကောင်းကင်နတ်မြစ်ရေတပ်တို့ ပူးပေါင်းလိုက်ပါက မဟူရာလိပ်ကောင်းကင်နန်းတော် မဆိုထားနှင့် တစ်လောကလုံးရှိ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များအား အလွယ်တကူ ချေမှုန်းနိုင်သည့်အတွက်ကြောင့်ပင်။
သူသာ သူတို့၏တိုက်ကွက်များကို ခုခံနိုင်ပါလျှင် နံပါတ်တစ်ကောင်းကင်ဆရာသခင် ဟူသော ရာထူးနှင့် ထိုက်တန်ချေသည်။
စစ်တပ်သုံးတပ်သည် မဟူရာလိပ်နန်းတော် မြောက်ဘက်သို့ ဆက်လက်မသွားနိုင်အောင် တားဆီး၀န်းရံထား၏။ သို့သော် မင်းသားယိုမင်က မြောက်နတ်မင်း၏ သားတော်ဖြစ်သည့်အပြင် သိုင်းအဆင့်ကလည်း ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်ထားသောကြောင့် မလွယ်လှပေ။
မြောက်နတ်မင်းက ကောင်းကင်နတ်မြစ်မှ မွေးဖွားလာသည့် နတ်ဘုရားတစ်ပါးဖြစ်သည့်အပြင် မဟူရာလိပ်ကောင်းကင်နန်းတော်သည် ဖန်သားကောင်းကင်စေတီ၏ အကာအကွယ်အောက်တွင် ကောင်းကင်နတ်မြစ်အတိုင်း ပျံသန်းလျက် မြောက်အရပ်သို့ သွားနေသည့်အချက်ကိုပါ ပေါင်းထည့်လိုက်ပါက သင်္ဘောများဖြင့် ကောင်းကင်နန်းဆောင်ကို တားဆီးရန်မှာ မဖြစ်နိုင်ပေ။
တားဆီးရန် ကြိုးစားသည့် သင်္ဘောမှန်သမျှအား ကောင်းကင်နန်းဆောင်သည် တိုက်ချသွားနိုင်၏။
သံကြိုးများဖြင့် ချုပ်နှောင်ရန်မှာလည်း မဖြစ်နိုင်ပေ။ ဖန်သားကောင်းကင်စေတီတွင် အစွမ်းထက်ရတနာများစွာ ရှိသည်။ ကောင်းကင်နန်းဆောင်အား သံကြိုးများ၊ သံချိတ်များဖြင့် ချည်နှောင်လျှင် ကောင်းကင်နန်းဆောင်၏ တပည့်များက ထိုရတနာတို့၏ စွမ်းအားဖြင့် ဖြတ်တောက်ပစ်ကြသည်။
မဟူရာလိပ်ကောင်းကင်နန်းတော်မှာ မလျင်မြန်သော်လည်း တားဆီးရန်တော့ မဖြစ်နိုင်ချေ။
“၀င်္ကပါဆရာသခင်တစ်ယောက်က ဖန်သားကောင်းကင်စေတီကို ထိန်းချုပ်နေတာပဲ”
မြောက်ဂိုဏ်း၏ နံပါတ်တစ်ကောင်းကင်ဆရာသခင်မှာ ရှန့်ပင်းယင် ဖြစ်သည်။ နဂါးဟန်ခေတ်ပထမနှစ်၏ ပါရမီရှင်တစ်ဦး ဖြစ်၏။ သို့သော် သူ့မှာ ကောင်းကင်နတ်အရှင်ကိုးပါး၏ လောင်းရိပ်အောက်တွင် ပိတ်မိနေခဲ့သောကြောင့် သင်္ချာပညာတွင် တာအိုဘိုးဘေးကြီးနီးပါး ထူးချွန်ပြောင်မြောက်သော်လည်း ထိုမျှနာမည်မကြီးပေ။
သူက ၀င်္ကပါပညာတွင် ပိုမိုကျွမ်းကျင်သဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ ရုပ်ခန္ဓာတည်ဆောက်ပုံနှင့် မဟာတာအိုသင်္ကေတများကို လေ့လာကာ ၀င်္ကပါအသစ်အဆန်းများကို စွန့်ဦးတီထွင်သူ ဖြစ်သည်။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်များသည် သူ၏၀င်္ကပါများကို ကျင့်ကြံလိုက်နာကြ၏။ သူက နဂါးဟန်ခေတ်၏ နံပါတ်တစ် ၀င်္ကပါကောင်းကင်ဆရာသခင်ပင် ဖြစ်ခဲ့ဖူးသည်။
တာအိုဘိုးဘေးကြီး၏ တပည့် ယွဲ့ထင်းကဲ အောင်မြင်လာပြီးနောက်တွင်မူ သူ့မှာ အစားထိုးခံခဲ့ရသည်။ အကြောင်းမှာ သူ့ကိုပင် ကျော်လွန်နေသည့် ယွဲ့ထင်းကဲ၏ အံ့မခန်းလိလိ ပါရမီကြောင့်ပင်။
ရှန့်ပင်းယင်က မဟူရာလိပ်ကောင်းကင်နန်းတော်ဆီသို့ သွားလိုက်ပြီး လှည့်ပတ်ပျံသန်းရင်း ဝင်္ကပါများအား အကဲခတ်နေသည်။ သူက စိုးရိမ်မကင်းစွာ ပြော၏။ “၀င်္ကပါတွေကို ဖန်တီးနေတဲ့သူက အင်မတန် ထက်မြတ်တယ်... ငါတောင် သူ့ရဲ့၀င်္ကပါအတော်များများကို ဖောက်ထွင်းမမြင်နိုင်ဘူး.. သူနဲ့သာ ပညာချင်းဖလှယ်ခွင့်ရလိုကတော့ ငါ့တစ်သက်လုံး ပျော်ရွှင်မိမှာပဲ... မင်းသားယိုမင်များလား..... သူသာဆိုရင်တော့ တကယ်ကို နှိမ့်ချတတ်တယ် ဆိုရမယ်”
ရှန့်ပင်းယင်မှာ စိတ်လှုပ်ရှားလာပြီး ရယ်မောလိုက်သည်။ သွေးများပင် ပွက်ပွက်ဆူလာမိသည်။ “ငါ စစ်တပ်အားလုံးကို ထိန်းချုပ်မယ်.. ၀င်္ကပါတွေကို ချိုးဖျက်ပြီးတော့ ဒီ၀င်္ကပါပညာရှင်နဲ့ ရင်ဆိုင်မယ်ကွ”
သူ၏အ၀တ်စများသည် တဖျတ်ဖျတ် လွင့်နေပြီး သူက စိတ်အားထက်သန်စွာ ပြော၏။ “ဒီလောကရဲ့ အလှပဆုံး ဘာသာစကားက သင်္ချာပဲ.... သင်္ချာကနေ ဖွဲ့တည်ထားတဲ့ ၀င်္ကပါတွေက အခမ်းနားဆုံးကဗျာတွေ..... အလှပဆုံးဘာသာစကားနဲ့ အခမ်းနားဆုံးကဗျာတွေကို သုံးပြီး သင်္ချာမိတ်ဆွေတစ်ယောက်နဲ့ တွေ့နိုင်ရင် ငါ့တစ်သက်လုံး နေပျော်ပြီ..”
သူက တဟားဟား ရယ်မောလျက် ဖန်သားကောင်းကင်စေတီအား တိုက်ခိုက်ရန် စစ်တပ်များ၏ ၀င်္ကပါများကို အသက်သွင်းလိုက်သည်။
မဟူလိပ်ကောင်းကင်နန်းတော်မှ တပည့်များ၏ သိုင်းအဆင့်တို့သည် နိမ့်ကျသဖြင့် စစ်အင်အားမှာ အားနည်း၏။ သို့သော် နံပါတ်တစ်ရတနာ ဖန်သားကောင်းကင်စေတီ၏ စွမ်းအားကြောင့် သန်းပေါင်းများစွာသော နတ်ဘုရားများ၊ မိစ္ဆာများပင်လျှင် အင်အားသုံး၍ မ၀င်ရောက်နိုင်ကြချေ။
သို့ထိတိုင် ၎င်း၏စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်နိုင်ရန် အင်မတန် ထက်မြက်သော လူတစ်ဦးကို လိုအပ်သည်။
နဂါးချီလင်က ချင်မူ၏ အကြံပေးချက်အတိုင်း ရန်သူ၏၀င်္ကပါကို ၀င်္ကပါဖြင့် ပြန်တိုက်ရန် ၀င်္ကပါများအား ချက်ချင်း ပြောင်းလဲလိုက်သည်။
ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်သည် သွေးများ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရ၏။ တိုက်ပွဲကား ပြင်းထန်ပြီး ရလဒ်မှာ မသေချာပေ။
ဤတိုက်ပွဲသည် သူ့၌ ငယ်ပေါင်းဖော်သူငယ်ချင်းတစ်ဦး ရှိသည့်အလား ခံစားရစေ၏။ သူက ကောင်းကင်နတ်မြစ်ရေတပ်၊ မြောက်ပိုင်းဂိုဏ်းစစ်တပ်နှင့် နတ်သိုင်းအစောင့်တပ်ဖွဲ့နှစ်ဖွဲ့ကို ထိန်းချုပ်လျက် ၀င်္ကပါကို ၀င်္ကပါဖြင့် ချိုးဖျက်နေချေသည်။ နဂါးဟန်ခေတ်၏ ၀င်္ကပါသိုင်းကွက်များကိုလည်း အဆုံးစွန်အထိ တွန်းပို့နေတော့သည်။
သို့ထိတိုင် မဟူရာလိပ်ကောင်းကင်နန်းတော်မှာ နှိုင်းယှဉ်မရနိုင်သည့် အတွက်အချက် သင်္ချာဝိညာဉ်လက်နက်ကြီးတစ်ခုကဲ့သို့ပင်။ ၀င်္ကပါတစ်ခုစီတိုင်းသည် မြွေလိမ်မြွေခေါက် ရောယှက်လျက် လှုပ်ရှားပြီး အမြဲတိုင်း ပုံမှန်မဟုတ်ဘဲ ပြောင်းလဲနေသည်။ ကောင်းကင်နန်းတော်အတွင်းရှိ ၀င်္ကပါဆရာသခင်မှာ အံ့မခန်းလိလိ ထက်မြက်ကျွမ်းကျင်သည့်အလား ရှန့်ပင်းယင် ဖန်တီးသမျှ ၀င်္ကပါတိုင်းအား တစ်ခုပြီးတစ်ခု ခုခံ၍ ဖျက်ဆီးပစ်နေသည်။
ကောင်းကင်နတ်ဘုံ၏ စစ်တပ်များတွင် အင်အားအကြီးဆုံးသည် အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ ဖြစ်၏။ အစောင့်ဆယ်ဖွဲ့ထဲမှ မည်သည့် နတ်ဘုရားဖြစ်စေ၊ မိစ္ဆာဖြစ်စေ တခြားစစ်တပ်တွင် တပ်မှူးချုပ် လုပ်နိုင်သည်။ သို့ထိတိုင် ထိုသို့သော စစ်တပ်ပင်လျှင် ဖန်သားကောင်းကင်စေတီကို တိုက်ခိုက်ရာတွင် အထိအခိုက်၊ အသေအဆုံးများစွာ ရင်ဆိုင်နေရသည်။
ရှန့်ပင်းယင်မှာ ပို၍ စိတ်လှုပ်ရှားလာသည့်အလျောက် အာကျယ်သထက် ကျယ်လာသည်။ သူ၏ဦးနှောက်ကလည်း အလျင်အမြန် တွက်ချက်နေပြီး စစ်တပ်များ သေဆုံးသည်ကို ဂရုမစိုက်ပေ။ သူ့တွင် မဟူရာလိပ်ကောင်းကင်နန်းတော်အထဲရှိ ပညာရှင်ကို တိုက်ခိုက်၍ သူ၏အဆင့်ကို စမ်းသပ်လိုစိတ်သာ ရှိသည်။
ကောင်းကင်နတ်မြစ်တစ်စင်းလုံး မရေမတွက်နိုင်သော နတ်ဘုရားများနှင့် မိစ္ဆာတို့၏ အလောင်းများကြောင့် သွေးရောင်လွှမ်းနေသည်။ ကြယ်တာရာကောင်းကင်ကို ဖြတ်၍ စီးဆင်းနေသော အနီရောင်မြစ်တစ်စင်းပမာပင် ထင်ရသည်။ ဤသတ်ပွဲကြီးကား မိုးသောက်ချိန်မှ နေ၀င်ချိန်... နေ၀င်ချိန်မှ မိုးသောက်ချိန်အထိ မရပ်မနား ဖြစ်ပွားနေသည်။
ရှန့်ပင်းယင်က ညပေါင်းများစွာ တစ်လျှောက်လုံး စိတ်လှုပ်ရှားနေပြီး ၀င်္ကပါများကို ပြောင်းလဲလျက် သူ၏စစ်တပ်များအား ဖန်သားကောင်းကင်စေတီကို တိုက်ခိုက်စေ၏။
သူသည် အင်မတန် ထက်မြက်သည့်အလျောက် ပထမ ကောင်းကင်ဘုံမှ ၂၈ ခုမြောက် ကောင်းကင်ဘုံအထိ ကောင်းကင်ဘုံတစ်ခုပြီးတစ်ခုသို့ ဖောက်ဝင်လာသည်။ မကြာမီ ဖန်သားကောင်းကင်စေတီ၏ ၂၈ ခုမြောက် ကောင်းကင်ဘုံကို ချိုးဖျက်၍ မဟူရာလိပ်ကောင်းကင်နန်းတော်ကို တိုက်ခိုက်ပေတော့မည်။
ထိုအချိန်တွင် စစ်တပ်များမှာ လူအင်အား ထက်၀က်နီးပါး ဆုံးရှုံးပြီးလေပြီ။
မဟူရာလိပ်ကောင်းကင်နန်းတော်၏ တပည့်များလည်း အကျအဆုံးများစွာ ရင်ဆိုင်နေရသည်။ နဂါးချီလင်မှာ ချင်မူမဟုတ်သည့်အတွက် ချင်မူအကြံပေးနေသည့်တိုင် အနည်းငယ် နှေးကွေးချေသည်။
သို့ထိတိုင် ချင်မူ၏ အသိစိတ်အလျဉ်ဒဏ်ရာများသည် ပြင်းထန်လွန်း၏။ သူ့တွင် သတိဟူ၍ မျှင်မျှင်မျှသာရှိသဖြင့် မဟူရာလိပ်ကောင်းကင်နန်းတော်၏ မျိုးဆက်များမှာ တားဆီးမရနိုင်ဘဲ ကျဆုံးကြရတော့သည်။
ချင်မူမှာ နဂါးဟန်ခေတ်၏ နံပါတ်ကောင်းကင်ဆရာသခင် ရှန့်ပင်းယင်ကို အသိစိတ်အလျဉ်ဖြင့် တိုက်ခိုက်နေရသောကြောင့် သူ၏အသိစိတ်အလျဉ်မှာ အတော်လေး ပင်ပန်းနွမ်းနယ်လာသည်။ သူ့အဖြစ်သည် ဆိုးရွားလွန်း၍ အသိစိတ်အလျဉ် လုံး၀ပျက်သုဉ်းသွားစေနိုင်သည့် အန္တရာယ်ပင် ရှိ၏။
သူက မင်းသားယိုမင်းကိုပင်လျှင် တိုက်ခိုက်ခိုင်းထားရသည်။ မင်းသားယိုမင်က ၀င်္ကပါအတွင်း အကြိမ်ကြိမ် ၀င်ရောက်၍ နတ်သိုင်းအစောင့်တပ်ဖွဲ့နှစ်ဖွဲ့အား ရင်ဆိုင်တိုက်ခိုက်ပေးသည်။ သူ့မှာ သူတို့ကြောင့် အကြိမ်ကြိမ်အခါခါ သေလုနီးပါးဖြစ်ခဲ့၏။
“လုံပိ၊ ဒီနံပါတ်တစ် ကောင်းကင်ဆရာသခင် မျှော်လင့်ချက်ပျက်သုဉ်းသွားအောင် လုပ်ကြစို့”
ချင်မူ၏အသိစိတ်အလျဉ်က ပြောသည်။ “ဒီနေ့ ငါ မင်းကို နာမည်ကြီးအောင် လုပ်ပေးမယ်.... ဖန်သားကောင်းကင်စေတီကို ရှိခိုးပြီး ကောင်းကင်ဘုံ ၂၈ ဘုံကို ပြောင်းပြန်လှန်လိုက်”
နဂါးချီလင်က ကြားသည်နှင့် ဖန်သားကောင်းကင်စေတီကို ရှိခိုးလိုက်သည်။ ဖန်သားကောင်းကင်စေတီ၏ ထီးတော်၂၈ ခုသည် ကျုံ့၀င်သွားပြီးနောက် ပြန်လည်ပွင့်ကားလာသည်ကို တွေ့လိုက်ရ၏။
ရှန့်ပင်းယင်က ၂၈ ခုမြောက် ကောင်းကင်ဘုံကို ထိုးဖောက်၍ မဟူရာလိပ်ကောင်းကင်နန်းတော်သို့ ရောက်ပေတော့မည်။ ထိုအချိန်တွင် အရာအားလုံး ရုတ်တရက် ပြောင်းလဲသွားသည်။ ကောင်းကင်ဘုံများသည် အလွှာလိုက် ကားထွက်လာပြီး ၂၈ ဘုံမြောက် ကောင်းကင်ဘုံအား ပထမကောင်းကင်ဘုံ ဖြစ်သွားစေသည်။
ကောင်းကင်နတ်ဘုံ၏ စစ်တပ်များမှာ အောင်ပွဲနှင့် လက်တစ်ကမ်းအလိုသို့ ရောက်ရှိပြီးနောက်မှ ရုတ်တရက် ဖန်သားကောင်းကင်စေတီ၏ အပြင်ဘက်ဆုံးအလွှာသို့ ပြန်လည်ရောက်ရှိသွားကြ၏။ ဖန်သားကောင်းကင်စေတီ၏ အတွင်းပိုင်းကောင်းကင်ဘုံများမှာ ၀င်္ကပါများစွာဖြင့် ခံစစ်ဆင်ထားသည်။ အသက်ပေးဆပ်၍ ထိုးဖောက်ဝင်ရောက်ခဲ့ရသော ကောင်းကင်နတ်ဘုံများကား ပြန်လည်ကောင်းမွန်လာကြကာ အသက်နှုတ်၀င်္ကပါများအဖြစ် ပြောင်းလဲသွားချေပြီ။
ကောင်းကင်နတ်မြစ်ရေတပ်၊ နတ်သိုင်းအစောင့်တပ်ဖွဲ့နှစ်ဖွဲ့နှင့် မြောက်ပိုင်းဂိုဏ်းစစ်တပ်တို့မှာ စိတ်ဓာတ်များ ပြိုလဲကုန်ကြသည်။ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ မျှော်လင့်ချက်များ ပျက်သုဉ်းသွားကြတော့သည်။
“ဝေါ့...”
ရှန့်ပင်းယင်၏ မျက်နှာမှာ ရုတ်တရက် နီရဲလာပြီး သူက သွေးအန်လျက်ဖြင့် မြစ်ရေပြင်ထက်သို့ ဒူးထောက်ကျသွားသည်။ သူ၏ ဆံပင်များမှာ လျင်မြန်စွာ ဖြူလာပြီး မကြာမီ အဘိုးကြီးတစ်ဦးကဲ့သို့ တစ်ခေါင်းလုံး ဖြူဖွေးသွားသည်။
သူ၏တာအိုနှလုံးသားသည် ပြိုလဲသွားပြီဖြစ်၍ ကောင်းကင်နန်းတော်အထဲရှိ ၀င်္ကပါပညာရှင်နှင့် ရင်ဆိုင်တိုက်ခိုက်မည့်အတွေးကို ထုတ်မပြောနိုင်တော့ပေ။ တိုက်ခိုက်လိုစိတ်လည်း ကုန်သွားချေပြီ။
သူက ခေါင်းမော့၍ အော်ဟစ်လိုက်သည်။ “တပ်ဆုတ်ကြ”
စစ်သည်တော်များက တပ်ဆုတ်သွားကြသဖြင့် သူတို့၏အော်ဟစ်သံများက သူ့အနားတွင် ဆူညံနေသည်။
ရှန့်ပင်းယင်မှာ ထိုနေရာ၌ ဒူးထောက်လျက်ပင် သွေးတစ်လုတ် ထပ်အန်လိုက်ရသည်။ သူက အက်ကွဲစွာဖြင့် မေး၏။ “၀င်္ကပါဆရာသခင်က ဘယ်သူများလဲ.. ခင်ဗျား ကိုယ်တိုင်ထွက်လာပြီး ကျုပ်ရဲ့ ရှုံးနိမ့်မှုကို လက်ခံပေးနိုင်မလား”
နဂါးချီလင် ထွက်ပလာသည်။ သူက မဟူရာလိပ်နန်းတော်၏ တံခါး၀အပြင်တွင် ရပ်၍ သူ့ကို ကြည့်ကာ ပြောလိုက်၏။ “ကျုပ်ပါပဲ”