မင်းကိုယ်တိုင် ခုန်ဆင်းပါ။
Vol. 154 Ch. 2150
“ စီနီယာ အစ်ကို တိုက်ပြီ။ ”
လင်းယွန် တစ်ယောက် ကျိကျစ်ရှီ၏ ဒဏ်ရာများကို နဂါးပြာ ရောင်ဝါဖြင့် ကုသပေး လျက်မှ လီတာ့ယန်နှင့် ဟဲရွှမ်ကျင့် တိုက်ပွဲထံ လှမ်းကြည့်သည်။
လီတာ့ယန်၏ နည်းစနစ်သည် ထူးထူးခြားခြား ဖြစ်၏။ အမည်ခံ သူတော်စင် နယ်ပယ် မရောက်မီ၊ ဘုန်းသူတော်စင် လက်ရာ (၁၀)ခန့် ဝါးမြိုခဲ့သည်။
ထို့ကြောင့် လင်းယွန်သည် မိုးပြာ မူလ အမည်ခံ သူတော်စင် ဖြစ်ပြီးနောက် မိုးပြာနဂါး နတ်ခန္ဓာ ကိုယ်နှင့်၊ လီတာ့ယန်၏ မဟာနေမင်း သူတော်စင် ခန္ဓာကိုယ်ကို ယှဉ်ကြည့်လို မိသည်။
“ အာရုံ မလွင့်နဲ့ ... ။ ”
ပိုင်ရှုရင်မှ စိုးရိမ်စွာ သတိပေးသည်။ လင်းယွန်က ပြုံးပြီး၊
“ စိတ်မပူနဲ့ ... သူ့ထဲမှာ ရှိတဲ့ ဓားမော့ ရည်ရွယ်ချက်ကို ငါဖြေရှင်းပြီးပါပြီ။ ”
-ဟု ပြန်ပြော လိုက်သည်။
“ ဘယ်လို ... ။ ”
ပိုင်ရှုရင်နှင့် ရှင်းယန်မှာ အချင်းချင်း ပြန်ကြည့် လိုက်မိသည်။ ဟဲရွှမ်ကျင့်၏ ဓားမော့ မည်မျှ အစွမ်းထက်မှန်း သူတို့ သိ၏။
၎င်းကို သူတော်စင် တာအိုနှင့် ခွန်အား ပေးထားသည်။ ယင်းက ကျိကျစ်ရှီ ခန္ဓာကိုယ်၌ တွင်းနက်ကြီး အလား သူတို့ ပေးပို့ သမျှသော သူတော်စင် ရောင်ဝါကို စုပ်ယူခဲ့၏။
“ နင် ဘယ်လို လုပ်လိုက်တာလဲ။ ”
ပိုင်ရှုရင်မှ မေးသည်။
“ လျှို့ဝှက်ချက် ... ။ ”
ဆဌမတန်း ဓားမော့ ရည်ရွယ်ချက်သည် ကိုင်တွယ် ဖြေရှင်းရန် ခက်ခဲ၏။ ဖယ်ရှားလိုက ကောင်းကင် မူလ အဆင့်ရှိ အမည်ခံ သူတော်စင်ပင် ပြဿနာ ရှိပေမည်။
ထို့ကြောင့် ဖယ်ရှားရန်ထက် ၎င်းကို စုပ်ယူရန် ရွေးချယ်ခဲ့သည်။ အန္တရာယ်များသော နည်းလမ်းဖြစ် သော်လည်း၊ နတ်ခန္ဓာကြောင့် ခံနိုင်ရည် ရှိမည်ဟု ယုံကြည်၏။
ယင်းကို ရှင်းပြသော် အန္တရာယ်များသည် ဟူသော စကားအရ၊ သူ့အပေါ် ဤအမျိုးသမီး (၂)ဦးမှ စိတ်ပူပေ လိမ့်မည်။
“ သူ ... သက်သာ လာပြီ။ ”
ရှင်းယန်မှ ကျိကျစ်ရှီကို ကြည့်ကာ ပြောလိုက်သည်။ မျက်နှာတွင် သွေးရောင်များ ပြန်လွှမ်းလာပြီး၊ ရင်ဘတ် ပေါ်ရှိ ဒဏ်ရာများ ပြန်ပိတ်သွား၏။
“ အဟွတ် ... အဟွတ် ... ။ ”
“ နိုးပြီလား ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
လင်းယွန်မှ ပြုံးပြီး နှုတ်ဆက် လိုက်သည်။ သူမျက်နှာကို မြင်ချိန်၌ ကျိကျစ်ရှီမှ လက်သီးနှင့် ထိုးလာတော့သည်။
လင်းယွန်က နဂါးပြာ စွမ်းအင်ကို သွန်းလောင်းပေးနေဆဲ ဖြစ်သဖြင့် ရှောင်ချိန်မရ လိုက်ချေ။ ထိုလက်က ရင်ဘတ်ပေါ် ကျရောက် လာသဖြင့်၊ အသက်ရှူကြပ် သွား၏။
“ မဟုတ်ဘူး ... ။ ”
“ အထင် မလွဲနဲ့ ... ။ ”
ပိုင်ရှုရင်နှင့် ရှင်းယန်က အလျင်အမြန် ရှင်းပြလိုက်ရ၏။ သို့မှသာ သူမ အမှားလုပ်မိမှန်း သိသွားပြီး၊
“ တောင်းပန်ပါတယ် ... ငါ ထင်ခဲ့တာက ... ။ ”
-ဟု ရှက်ရွံ့စွာ ခေါင်းငုံ့သွားသည်။
“ အဟက် ... ဘာလဲ၊ မင်းက ... ငါ့ကို တကယ်ပဲ သန့်ရှင်းသော သမီးတော် သတ်သူ တစ်ယောက်လို့ ထင်နေ တာလား၊ ငါ အဆင် ပြေပါတယ်၊ ...
... ကြည့်ရတာ မင်းသမီးလေးက ကိုယ်ကိုယ်ကို ကာကွယ်ဖို့ ကောင်းကောင်း သိပုံရတယ်။ ”
သူ့မ အသက်ကို ကယ်ခဲ့သော်လည်း၊ မင်းသမီးလေး ဟူသော အသုံးအနှုန်း အပေါ် မကြိုက်သဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
လင်းယွန်က သူမကို လျစ်လျူရှုလျက် လက်ကို ပြန်ရုတ်ကာ၊
“ ပြီးပြီ ... အတွင်းမှာ လျှို့ဝှက်ဒဏ်ရာတွေ မကျန်တော့ဘူး။ ”
-ဟု ပြောကြား လိုက်သည်။
“ သူ့နောက်ကျောက ဒဏ်ရာရော ... ။ ”
ပိုင်ရှုရင်မှ ဝင်မေးသည်။ ဟဲရွှမ်ကျင့်သည် တောင်ပံ နှစ်ဖက်ကို စုတ်ဖြဲ ပစ်ခဲ့ခြင်းကြောင့် အရေပြား၌ သွေးများ ခြောက်ကပ်နေ၏။
“ ဒါတော့ ကူညီလို့ မရဘူး၊ သူ့ အတောင်ပံတွေမှာ ... သူတော်စင် တံဆိပ်တစ်ခု ရှိတယ်၊ ဒါက ငါ့နဂါး ... သူတော်စင် ရောင်ဝါ စွမ်းအင်ကို အနားကပ် မခံဘူး။ ”
နဂါးပြာ စွမ်းအင်ဟု ထုတ်ပြောမိမည် ဖြစ်သဖြင့် ချက်ချင်း အသုံးအနှုန်း ပြောင်းလဲ လိုက်ရသည်။ သို့တိုင် အမျိုးသမီးများမှာ သတိမပြု မိချေ။
“ သူပြောတာ မှန်တယ် အစ်မရှုရင်၊ ဒါက ခဏ အနားယူပြီးရင် ပြန်ကောင်းလာမှာပါ။ ”
ကျိကျစ်ရှီမှ ခေါင်းညိမ့် ပြ၏။ ဒဏ်ရာမှာ စိုးရိမ်စရာ မလိုတော့ သဖြင့်၊ (၄)ယောက်သား လီတာ့ယန်နှင့် ဟဲရွှမ်ကျင့်ထံ လှည့်ကြည့် လိုက်မိသည်။
ရန်ပွဲသည် ပြင်းထန် နေပြီး နှစ်ယောက်လုံး လက်ရည်ညီ နေခဲ့၏။ ၎င်းတို့၏ နက္ခတ်များကို ဆင့်ခေါ်ထားပြီး ဖြစ်သည်။
“ ဟိတ် ... ။ ”
“ ဘုန်း ... ။ ”
ကောင်းကင်တခွင် မရဏ အမည်ခံ သူတော်စင် ရောင်ဝါများ ဖုံးလွှမ်းလျက် ဖြစ်စဉ် အမျိုးမျိုး ရောထွေးနေ၏။
လီတာ့ယန်သည် နေမင်းကြီး ကဲ့သို့ တောက်ပနေပြီး၊ သူ့ရောင်ဝါဖြင့် နဂါးဦးခေါင်း အပေါ် ဖုံးအုပ်ထားသည်။
နဂါးတောင်တန်းများ အပြင်ဘက်ရှိ လူတိုင်းသည် လီတာ့ယန်၏ ခွန်အား အပေါ် အံ့ဩ အသိအမှတ် ပြုလာကြ၏။
ညစ်ပတ် နံ့စော်နေသော ဤလူငယ်လေးသည် ကောင်းကင်လမ်း ချန်ပီယံ များထက် အားမနည်း လှချေ။
ဟဲရွှမ်ကျင့် သည်လည်း ကြီးမားသော ဖိအားကို ခံစားလာ ရသည်။ ဤတစ်ကြိမ်တွင် ဟန်ဆောင်ရန်ပင် သတိမရချေ။
သူတော်စင် တာအိုနှင့် တန်ခိုးအာဏာ ဖြည့်စွက်ပြီးနောက် ဓားမော့ ရည်ရွယ်ချက်ကို အထွတ်အထိပ်ထိ ထုတ်ဖော်ထားရသည်။
၎င်းသည် မွေးရာပါ သူတော်စင် ခန္ဓာကိုယ်ပိုင်ရှင် များကိုပင် ဖြိုခွဲနိုင်၏။ သို့သော် ဤမျှ ညစ်ပတ်နံ့စော် နေသော ပြိုင်ဘက်အပေါ် ခြစ်ရာ တစ်ချက်ပင် မပေးနိုင် ခဲ့ချေ။
ဘုန်းဝိညာဉ် လက်ရာ အလား မာကျောနေသဖြင့်၊ သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။
ဆန့်ကျင်ဘက် အနေနှင့် တစ်ဖက်လူ၏ တိုက်ခိုက်မှုများသည် သူ့ခန္ဓာကိုယ်ကို သွေးများ ဖုံးလွှမ်းလာ စေသည်။
“ စီနီယာ အစ်ကိုရဲ့ မဟာ နေမင်း ရောင်ဝါက ပိုအားကောင်းနေပြီ။ ”
လင်းယွန်သည် ယခင်က လီတာ့ယန်ကို တိုက်ခိုက်ဖူး၏။ တစ်ဖက် လူသည် အမည်ခံ သူတော်စင် နယ်ပယ် ရောက်ရှိ ပြီးနောက် ကြောက်မက်ဖွယ် အစွမ်းထက် လာသည်။
မဟာနေမင်း ရောင်ဝါသည် ပြင်းပျပြီး တိုက်ခိုက်မှု များစွာကို တန်ပြန်နိုင်၏။ သို့သော် ၎င်းသည် အပေါ်ယံ အမြင်မျှသာ ဖြစ်ပြီး၊ ထိုထက်ပို၍ လေးနက်သော အရာများ ရှိနေသေးသည်။
လီတာ့ယန်မှ မည်သည့် လက်နက်မျှ ကိုင်ဆွဲထားခြင်း မရှိချေ။ သူ့ခန္ဓာကိုယ်သည် အကောင်းဆုံး လက်နက် ဖြစ်၏။
“ အခု ငါ့အလှည့် ရောက်ပြီ ထင်တယ်။ ”
လီတာ့ယန်မှ မျက်ခုံးပင့်ကာ ပြောကြား လိုက်သည်။ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေကို ပြောင်းလဲလို ခဲ့သည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် လက်သီးများကို တရစပ် ပစ်ထုတ်လိုက်သည်။ လက်သီး ပစ်လိုက်သည့် အချိန်တိုင်း လေဟာနယ်ထဲ၌ ပေါက်ကွဲမှု အသေးစားများ ဖြစ်ပေါ်လာ၏။
လက်သီး တစ်ထောင် မဟာ သူတော်စင် တပည့် ပီသပေသည်။ လက်သီးချက် တိုင်းသည် ပြိုးပြက်လွန်းသော နေမင်းကြီး ကဲ့သို့ လေဟာနယ်ကို ခွဲထုတ်နေ၏။
“ ဝုန်း ... ဝုန်း ... ။ ”
ဟဲရွှမ်ကျင့် တစ်ယောက် တဆုတ်တည်း ဆုတ်ခွာ ပေးနေရသည်။ လီတာ့ယန်မှ ချက်ချင်း တိုက်ပွဲ အပေါ် အုပ်စီး မိလာ၏။
သို့သော် ဟဲရွှမ်ကျင့် ဟူသည် ကောက်ကျစ် လွန်းသဖြင့် ကောင်းကင် တာအိုဂိုဏ်း တပည့် များမှ စိတ်ချလက်ချ မနေဝံ့ချေ။
ဤသည်မှာ ဟန်ဆောင် လုပ်ရပ်မျိုး ပင်လော အစစ်အမှန် ရှုံးနိမ့်ခြင်း မည်လော ခွဲခြားရန် ခက်ခဲနေသည်။
“ ဒီလူ ထပ်လုပ်ပြန်ပြီ ... ။ ”
ကျိကျစ်ရှီမှ ဒေါသတကြီး ပြောသည်။ သူမသည် ယခင်က ဤလုပ်ရပ် အတွင်း ရှုံးနိမ့် ခဲ့ရခြင်း ဖြစ်၏။
“ စိတ်မပူနဲ့ ... ဒီတစ်ခါတော့ သူ တကယ် ဒုက္ခရောက်နေတာ။ ”
လင်းယွန်က ပြောကြား လိုက်သည်။ သို့သော် ဤစကား အပေါ် မောက်မာလွန်းပြီး ယုံကြည်မှု လွန်ကဲနေသည်ဟု ကျိကျစ်ရှီမှ မြင်၏။
“ ကောင်းကင်လမ်း ချန်ပီယံတွေက တကယ့်ကို အားကောင်းတယ်၊ မုချင်းကျွယ်ကို အနိုင်ယူ နိုင်ရင်တောင် တခြား ချန်ပီယံတွေကို လျှော့တွက်လို့ မရပါဘူး။ ”
မကျေမနပ်ဖြင့် ပြောကြားလိုက်သည်။ တစ်ဖက်လူသည် သူမကို ကယ်တင်ခဲ့သဖြင့် ဆုံးမ စကား တိုက်ရိုက် မပြောခဲ့ချေ။
လင်းယွန်မှ ပြုံးသည်။ သူသည်လည်း နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဖြစ်၏။ ထို့ကြောင့် အခြားသော ချန်ပီယံများ မည်မျှ တန်ခိုးကြီးသည်ကို သူမထက် ပိုသိသည်။
“ ကြည့် ပါ ... ။ ”
ထိုအချိန်တွင် မမျှော်လင့် ထားသော အရာတစ်ခု ဖြစ်ပေါ်လာ၏။ ဟဲရွှမ်ကျင့် ထံမှ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်လာခြင်း ဖြစ်သည်။
ဤအရာက လီတာ့ယန်ကို အငိုက်မိစေလျက် အဝေးသို့ မောင်းထုတ် နိုင်ခဲ့၏။ ဟဲရွှမ်ကျင့် နောက်ကျော်၌ ထူးထူး ဆန်းဆန်း ဓားမော့ပန်းတစ်ပွင့် ပေါ်လာ တော့သည်။
ထိုပန်းပွင့်၌ ပွင့်ချပ်(၉)ချပ် ပါရှိပြီး မရေမတွက် နိုင်သော သူတော်စင် တာအိုများ သိုင်းယှက်နေ၏။ ပန်းဖူး၌ ကြက်သွေးရောင် အဆင်းများ တောက်ပနေသည်။
“ အုပ်စိုးရှင် တာအို ... ။ ”
နဂါးတောင်တန်းများ အပြင်ဘက်ရှိ လူတိုင်းသည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက် ကြသည်။ အုပ်စိုးရှင်း တာအိုသည် လူတိုင်း နားလည်နိုင်သော အရာ မဟုတ်ချေ။
အံ့သြ တုန်လှုပ် လွန်းသောကြောင့် လူအများစုက မှင်တတ်ကုန်သည်။ နှစ်ပေါင်း သုံးထောင် အတွင်း အုပ်စိုးရှင် တာအိုကို လူ အနည်းငယ်သာ ဆုပ်ကိုင်နိုင်၏။
သူတို့ အားလုံးသည် ဉာဏ်ရည် ထက်မြက်သော ကျွမ်းကျင်သူများ ဖြစ်ကြပြီး ၎င်းတို့သည် ဧကရာဇ် ကိုးပါးနောက် ဒုတိယ စွမ်းအားရှင်များ ဖြစ်သည်။
အမည်ခံ သူတော်စင် နယ်ပယ်ဖြင့် ဆုပ်ကိုင်နိုင်သော လူငယ်များ မရှိချေ။ ယခုမူ တစ်စုံ တစ်ယောက်သည် သူတို့ ရှေ့၌ ထုတ်ဖော်ပြသ လာ၏။
ကောင်းကင် တာအို ဂိုဏ်းမှ တပည့်တိုင်း စိတ်ပျက် အားငယ် သွားကြသည်။ ကျိကျစ်ရှီ နည်းတူ လီတာ့ယန် ရှုံးနိမ့် နိုင်ပေ၏။
ကျိကျစ်ရှီ၏ ဒဏ်ရာများကို ပြန်လည် တွေးတောမိ ချိန်တိုင်း နှလုံးသားများ နွမ်းလျ ကုန်ကြသည်။
၎င်းသည် ဓားရည်ရွယ်ချက် ကဲ့သို့ အစွမ်းထက်ပြီး၊ (၃၆)ပါးသော အုပ်စိုးရှင် တာအိုများ အနက်မှ တစ်ပါး ဖြစ်၏။
“ ရွှပ် ... ။ ”
ဟဲရွှမ်ကျင့် ဓားသည် လီတာ့ယန် ခန္ဓာကိုယ်ပေါ် ကျသွားသည်။ ဤတစ်ကြိမ်တွင် အရေပြားများ အက်ကွဲလျက် ရွှေရောင် အဆင်း သဏ္ဍာန်များ မှိန်ဖျော့ သွားခဲ့၏။
နဂါးဦးခေါင်း ပေါ်ရှိ မြင့်မားသော အပူချိန်များ အားပျော့သွားကာ ရောင်ဝါများ ပြိုကျကုန်သည်။ သို့သော် ဓားမော့သည် ရှေ့ မဆက်နိုင်ဘဲ ပခုံး၌ ရပ်တန့်သွား၏။
“ ငါ့ဓားကို မဟာ နေမင်း သူတော်စင် ခန္ဓာကိုယ်နဲ့ ခံယူနိုင်တာ လေးစားစရာပဲ။ ”
ဟဲရွှမ်ကျင့်မှ ချီးကျူးစကား ဆိုသည်။ သို့သော် ကြံ့ခိုင်မှုမှာ အဆုံးအဖြတ် မဟုတ်ချေ။ ဤတိုက်ပွဲကို အမြန် အဆုံးသတ်ကာ အနားယူချင် နေပြီ ဖြစ်သည်။
ဤလူညစ်ပတ်နှင့် တိုက်ပွဲသည် ပင်ပန်းလွန်းပြီး နံစော်လွန်းချေ၏။ သို့သော် သူ့ဓားမော့ကို ပြန်ဆွဲထုတ် မရတော့ သဖြင့် ချက်ချင်း ထိတ်လန့်သွားသည်။
“ ဘာလဲဟ ... ။ ”
စွမ်းအား တစ်ခုမှ တုပ်နှောင်လျက် ဓားမော့ပေါ်ရှိ သူတော်စင် ရောင်ဝါနှင့် မဟာ တာအိုကို လျင်မြန်စွာ ဝါးမြိုတော့၏။
ဤအရာသည် ထိတ်လန့်ဖွယ် ကောင်းလွန်းချေပြီ။ ဓားမော့ကို စွန့်လွှတ်ပြီး ချက်ချင်း ဆုတ်ခွာလိုက်မိ၏။
“ အရမ်း နောက်ကျ နေပြီ။ ”
လီတာ့ယန်မှ ပြုံးရယ်လာသည်။ နောက်ဆုံးတွင် ဟဲရွှမ်ကျင့် ဝှက်ဖဲ ထုတ်ပြလာ စေရန် သူ လှည့်ဖြား နိုင်ခဲ့၏။
“ ကောင်းကင်ကို ဝါးမျိုးခြင်း။ ”
လီတာ့ယန် ခန္ဓာကိုယ် အတွင်းမှ ပြင်းထန်သော ရောင်ဝါတစ်ခု ပေါက်ကွဲထွက် လာခဲ့သည်။
ဤတစ်ကြိမ်တွင် ဝါးမြိုခြင်း တာအို ဖြစ်ချေ၏။ အုပ်စိုးရှင် (၃၆)ပါး အနက် တစ်ပါး ဖြစ်သည်။ ဟဲရွှမ်ကျင့် နောက်ရှိ ဓားပန်းမှာ ချက်ချင်း ညှိုးနွမ်းသွားတော့၏။
“ ဝှစ် ... ။ ”
“ ဘုန်း ... ။ ”
“ အွတ် ... ။ ”
လက်သီးမှလည်း နောက်ဆုတ် နေသော ဟဲရွှမ်ကျင့် ရင်ဘတ်ထံ၊ ထိမှန်ကာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိသွားစေသည်။
ပြီးနောက် လီတာ့ယန်က ပခုံးပေါ်ရှိ ကြက်သွေးရောင် ဓားမော့ကို ကိုင်လိုက်သည်။ ဓားမော့မှာ ချက်ချင်း မှိန်ဖျော့လျက် သံကြေးတက်လာခဲ့၏။
“ ငါ့ဓား ... ။ ”
“ ဂျွတ် ... ။ ”
“ ကလန် ... ။ ”
ဤမြင်ကွင်းကို မြင်သောအခါ ဟဲရွှမ်ကျင့် တစ်ယောက် နာကျင်စွာ အော်ဟစ် လိုက်သည်။ ဓါးသမား တစ်ယောက် အတွက် ဓားအချိုးခံရ သည်မှာ သေသည်ထက် ဆိုးချေ၏။
လီတာ့ယန်က သံကြေးတက်နေသော သူတော်စင်ဓားကို ချိုးပြီး မြေပြင်ပေါ် ပစ်ချကာ၊
“ အခု မင်းကိုယ်တိုင် ခုန်ဆင်းမလား ... ငါကန်ချရမလား။ ”
-ဟု မေးမြန်း လိုက်တော့သည်။
***