လင်းငယ် ... နင့် မိန်းမတွေကို ငါ ယူလိုက်မယ်။
Vol. 154 Ch. 2153
“ သူ့မှာ ကောင်းကင် နဂါးသွေး တကယ် ရှိတာလား။ ”
“ ဒါဆို ကောင်းကင် နဂါး သခင်ကြောင့် ရှုပ်ကုန်တော့မယ်၊ ကျရှုံးတဲ့ သူတိုင်း ဒုတိယ အကြိမ် အခွင့်အရေး ရပြီပေါ့။ ”
“ ပြောရခက်တယ် ... ၊ ဒါကို သဘော မတူမှာ ကြောက်တယ်။ ”
နဂါးတောင်များ အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ စတင် လာသည်။ နဂါးသခင် များပင် စိတ်ခံစားချက် အပြောင်းအလဲ များစွာ ရှိလာခဲ့၏။
ကောင်းကင် နဂါး သခင် သည်သာ အမှန်တကယ် ရှိသော်၊ လူတိုင်း စိတ်ဝင်စား ကြပေမည်။
ထို့ကြောင့် အရာရှိ ဇီလင် အပါအဝင် အားလုံးက မုရွယ်လင်ကို ကြည့်သည်။ ယနေ့ပွဲ ကျင်းပရန် အတွက် အင်ပါယာမှ မုရွယ်လင် အပေါ် တောင်းဆိုခဲ့ခြင်း ဖြစ်၏။
ဆုံးဖြတ်ချက်ကို သူမ ချနိုင်သည်။ ဤကောင်းကင် နဂါးသခင် ရာထူး သည်သာ သွေးလ ဂိုဏ်းသို့ ရောက်ရှိသွားသော် အဓိပ္ပါယ် မဲ့ပေမည်။ ထိုအတွေးက အရာရှိ ဇီလင်ကို ကြီးစွာ မသက်မသာ ဖြစ်စေ၏။
မျက်စိအောက်တွင် ရန်သူများ အင်အား ကြီးထွားလာ မည်ကို လက်မခံလိုချေ။ ယင်းကို လက်မခံရန် ပြင်လိုက်စဉ် တိုးညှင်းသော အသံ တစ်သံ သူမနားထဲဝင်လာသည်။
ချက်ချင်း ထိတ်လန့်သွားပြီး၊ အသံရှင်ကို မရှာမိစေရန် ခေါင်းငုံ့ချ လိုက်သည်။ ၎င်းသည် ခေါင်းညိတ်သည်နှင့် မခြားချေ။ ခေါင်းပြန်မော့ လိုက်ချိန်၌ မုရွယ်လင်ထံ လှည့်ကြည့်ကာ၊
“ သူတော်စင် အကြီးအကဲ .... မင်း ဆုံးဖြတ်ချက် ချနိုင်ပါတယ်။ ”
-ဟု ပြောကြားလိုက်သည်။
ထိုစကားက မုရွယ်လင်ကို အံ့အားသင့် သွားစေ၏။ သူမ မျက်နှာ ပြောင်းသွားပြီးနောက် ခက်ခဲသော အနေ အထားသို့ ရောက်ရှိ သွားခဲ့သည်။
“ မင်းမှာ ကောင်းကင် နဂါးသွေး တကယ်ရှိလား။ ”
မုရွယ်လင်မှ နဂါးလင်းနို့ မဟာ သူတော်စင်ထံ ထပ်ပြီး အတည်ပြုချက် တောင်းခံ လိုက်၏။
“ ငါ့မှာ မရှိရင် ဒီကိုလာမယ် ထင်လား၊ မြင့်မြတ်သော ငါ့ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်ကို မနှိမ့်ချပါနဲ့ ... နဂါးပြာ ဘိုးဘေး သခင် ချန်ထားတဲ့ စည်းကမ်းတွေ အရ ...
... ငါတို့ကို ငြင်းပယ်လို့ မရ၊ မင်းက ဘိုးဘေးတွေ ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး နတ်နဂါး အင်ပါယာရဲ့ ... ခွေး ဖြစ်ချင်လို့လား၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က နိမ့်ကျ သွားပြီပဲ။ ”
နဂါး လင်းနို့ မဟာ သူတော်စင်၏ လှောင်ပြုံးသည် လူတိုင်းကို စိတ်မသက်မသာ ဖြစ်စေသည်။
“ ဒါမှ မဟုတ် ငါတို့ရဲ့ ပါရမီရှင်တွေကို ကြောက်လို့လား ... ဒီလိုဆိုရင်တော့ အတင်း အကြပ် မလုပ်တော့ပါဘူး၊ မင်းတို့ ငါ့ဂိုဏ်းကို ဦးညွှတ် လိုက်ကြပါ ဟား ဟား ဟား။ ”
နောက်ဆုံးတွင် နဂါးပြာ မှတ်တမ်းသို့ တက်ရောက်လာ သူတိုင်း ဉာဏ်ကြီးရှင်များ ဖြစ်သည်။
မာနကြီးကာ နဂါးလင်းနို့ မဟာ သူတော်စင်၏ အထင်သေး လှောင်ပြောင်မှု အပေါ် သည်းမခံနိုင်ကြချေ။
“ သူတော်စင် အကြီးအကဲ ... ဒီမိစ္ဆာကို သဘောတူ လိုက်ပါ၊ သူတို့လို အညစ်အကြေး တွေကို ငါတို့ မကြောက်ဘူး။ ”
“ ဟုတ်တယ် ... ကောင်းကင် နဂါးသခင် ရာထူးကို သူတို့ မပိုင်စေရဘူး၊ နဂါးတောင်ကို ဖွင့်ပေးဖို့ သူတော်စင် အကြီးအကဲကို တောင်းဆိုပါတယ်။ ”
မြင့်မြတ်မြေ အသီးသီးမှ ပါရမီရှင်များက ပြတ်သားကြသည်။ မုရွယ်လင် တစ်ယောက် ဖိအားများ ခံစား လာရ၏။
သူမက လင်းယွန်ထံ လှမ်းကြည့်သည်။ လင်းယွန် မှလည်း သူမ ထံသို့ စာနာစိတ်ဖြင့် ကြည့်နေခဲ့၏။
အချိန် အနည်းငယ်ကြာ တစ်ဦးကို တစ်ဦး စိုက်ကြည့်ပြီးနောက် မုရွယ်လင်မှ သူမ အကြည့် ပြန်ရုတ်ကာ၊
“ ဒါဆို ကောင်းကင် နဂါးသွေး ပေးပါ၊ ငါခွင့်ပြုမယ်။ ”
-ဟု ပြောကြား လိုက်တော့သည်။
“ ကောင်းတယ် ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်က ဂုဏ်သတင်းကြီး နေတုန်းပါပဲ။ ”
နဂါးလင်းနို့ မဟာ သူတော်စင်က ပြုံးရယ် လိုက်လေသည်။ ပြီးနောက် ကျောက်စိမ်းပုလင်း တစ်လုံးကို မုရွယ်လင်ထံ ပစ်ပေးလိုက်သည်။
“ ဒါ ... ကောင်းကင် နဂါးသွေးလား။ ”
အရာရှိ ဇီလင်မှာ ထိတ်လန့် တုန်လှုပ် လာသည်။ ကောင်းကင် နဂါး၏ ရတနာများကို အင်ပါယာပင် ပိုင်ဆိုင်ထားခြင်း မရှိချေ။
“ သွေးလဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်က တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်၊ တကယ်ပဲ ကောင်းကင် နဂါးသွေးကိုး။ ”
မြင့်မြတ်မြေ အသီးသီး၏ မဟာ သူတော်စင်များ မျက်နှာတွင် ကြောက်ရွံ့ ထိတ်လန့်မှုများ ဖြစ်ပေါ် လာကြ၏။
ကောင်းကင်နဂါး သခင် ရာထူးသည် သွေးဆောင် လွန်းသောကြောင့် သန့်ရှင်းသော သားတော်များ ယှဉ်ပြိုင်မည်မှာ သေချာ၏။
ယင်းက လက်ရှိ နဂါးပြာ မှတ်တမ်း၏ ရာထူးများကို အပြောင်းအလဲ ဖြစ်စေပေမည်။ လူတိုင်းအတွက် အခွင့်အရေးမှာ နောက်ထပ် တစ်ကြိမ် ရောက်ရှိလာခြင်း ဖြစ်၏။
“ ..... ။ ”
မုရွယ်လင်က ကောင်းကင် နဂါး သွေး တစ်စက်ကို နဂါးပြာ မှတ်တမ်းတွင် ချပေးသော အခါ ကောင်းကင်နဂါး ဟောက်သံနှင့် အတူ အလင်းရောင်များ တောက်ပ လာခဲ့သည်။
ကောင်းကင် သုံးဆယ့်ခြောက်လွှာ ကွဲအက်လျက် ကြယ်ရောင်များ ဆင်းသက် လာ၏။ နဂါးကြီး တစ်ကောင်က စကြာဝဠာ အတွင်း လှည့်လည်နေသည်။
“ အဲဒါက အမှန်ပဲ။ ”
မုရွယ်လင် သည်ပင် မယုံကြည်နိုင်စွာ ရေရွတ် လိုက်မိသည်။ သို့သော် တည်ငြိမ်အောင် ပြင်ယူပြီး ကောင်းကင်ပေါ် ပျံတက်လိုက်၏။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် မူလ နဂါး တောင်ကြီး (၉)လုံးသည် သက်ရှိအလား ဟောက်သံများစွာ ထုတ်လွှတ်လျက် အချင်းချင်း ပေါင်းစည်း ကုန်ကြသည်။
နဂါးတောင် ပေါ်ရှိ ပြိုင်ပွဲဝင် ပါရမီရှင်တိုင်း ၎င်းတို့၏ ခန္ဓာကိုယ်များကို ထိန်းချုပ် နိုင်စွမ်း မရှိ တော့ဘဲ ဖိအားများ ခံစားလိုက်ရ၏။
များမကြာခင် နဂါးတောင် (၉)လုံးက ကြီးမားသော တောင်ကြီးတစ်ခု အဖြစ် ပေါင်းစုံ သွားသည်။
ပေါင်းစည်း သွားလာသော နဂါးတောင် အသစ်သည် ပေသုံးထောင်ရှိ၏။ တောင်ထိပ်၌ နဂါးခေါင်း ကိုးလုံးက ကျောက်တိုင် သဖွယ် ပြောင်းလဲသွားသည်။
ဆိုလိုသည်မှာ နဂါးခေါင်း ကိုးလုံး ပါရှိနေသည့် ကြီးမားသော ကျောက်တောင်ဝှေး တစ်ခုနှင့် တူနေ၏။
နဂါး ဦးခေါင်း ကိုးလုံးသည် အချင်း မီတာ တစ်ထောင်ခန့် အကွာအဝေး ရှိသော စက်ဝိုင်း ပုံသဏ္ဍာန် အဖြစ် ဖွဲ့တည်နေသည်။
၎င်းတို့မှ လေးစားဖွယ် ကောင်းသော တစ်စုံတစ်ရာကို စောင့်မျှော်ကြ နေသကဲ့သို့ စက်ဝိုင်း အလယ်ဗဟိုထံ ကြည့်နေကြ၏။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် မုရွယ်လင် လက်ထဲတွင် ရှိသော နဂါးပြာမှတ်တမ်း စာအုပ်သည် ပျံတက် သွားပြီး၊ စကြာဝဠာ ထဲရှိ ကောင်းကင် နဂါးထံ ဆင်းသက် လိုက်သည်။
“ ..... ။ ”
စကာဝဠာ အတွင်း မြူးထူးနေသော ကောင်းကင် နဂါး ခမျာ အလင်းတန်း အသွင် ပြောင်းလျက်၊ ခွန်လွန်ထံ ဆင်းသက် လာရ၏။
ကြီးမားသော ဖိအားက နဂါးတောင် အပြင်ဘက်ရှိ မဟာ သူတော်စင်များ ကိုပင် ခံစားရ စေသည်။
“ ဒါ ... ဒါက ကောင်းကင် နဂါးရဲ့ ဖိအားလား၊ သွေးလေး တစ်စက်က ယုတ္တိမဲ့ လိုက်တာ။ ”
ကောင်းကင် တာအို ဂိုဏ်းမှ လက်သီး တစ်ထောင် မဟာ သူတော်စင်က ခေါင်းမော့ ကြည့်ကာ သက်ပြင်းချလိုက်သည်။
“ ဒီလို ဗီဇပြောင်း စစ်မှန်သော နဂါး တစ်ကောင်က ... နတ်နဂါး ခုနစ်ကောင်ထက် သန်မာတယ် ဆိုတာ အမှန်ပဲပေါ့။ ”
အခြားသော မြင့်မြတ်မြေ များ၏ မဟာ သူတော်စင်များက သူနှင့် မတူဘဲ စိတ်လှုပ်ရှား လာကြ၏။
လက်သီး တစ်ထောင် မဟာ သူတော်စင် သည်သာ တျန်ကူနှင့် ကူရှင်းယွီထံ ကြည့်ပြီး၊ လေးနက် နေခဲ့သည်။
နောက်ဆုံးတွင် သွေးလဂိုဏ်းနှင့် ဝိညာဉ်နတ်မိစ္ဆာ မိသားစု ဟူသည် အားနည်း သူများ မဟုတ်ချေ။ ပြင်ဆင် ထားပုံရ၏။
ကူရှင်းယွီနှင့် တျန်ကူမှာ စိတ်အေး လက်အေးဖြင့် ပြုံးနေသည်။ ၎င်းတို့ကို ခွန်လွန် မြင့်မြတ်မြေများ၏ ပါရမီရှင်များမှ အနိုင်ယူ နိုင်ခြင်း ရှိ-မရှိ မသိနိုင်ချေ။
ထိုအတွေးက လက်သီး တစ်ထောင် မဟာသူတော်စင်ကို သတ်ဖြတ်လို စိတ်များ ပေါက်ကြား လာစေသည်။
ပွင့်ပွင့် လင်းလင်း ဝန်ခံရပါမူ သူသည် ၎င်းတို့နှင့် ပတ်သက်ပြီး အကောင်းမြင် စိတ်များ မရှိချေ။
တစ်ဖွဲ့သည် မိစ္ဆာ ကျင့်ကြံသူ ဖြစ်ပြီး နောက်တစ်ဖွဲ့သည် လူသားများ အပေါ် ကျွန် ပြုမည့် နတ်ဆိုးများ ဖြစ်သည်။
ထို့ကြောင့် ယဉ်ကျေး နေမည့် အစား အုပ်စုဖွဲ့ခြင်းသည် အကောင်းဆုံး ဖြစ်သည်။ လိုအပ်ပါက ဂျူနီယာကော ဘာကော ဂရုစိုက် နေမည် မဟုတ်ဘဲ သတ်ပစ်ရ ပေမည်။
“ ဝူး ... ။ ”
လူတိုင်း ကြည့်နေစဉ် ကောင်းကင် နဂါးသည် နဂါးကိုးကောင် ဝန်းရံထားသည့် အလယ်ဗဟိုသို့ ဆင်းသက် လာခဲ့၏။
၎င်းသည် သက်ရှိ ဝိညာဉ် နဂါး အလား နဂါးတောင်ပေါ်ရှိ လူငယ်များထံ လှည့်ပတ် စစ်ဆေးကြည့် တော့သည်။
တောမြို့အတွင်း ရောက်လာသော အထက်တန်းစား တစ်ဦးကဲ့သို့ မောက်မာကြီးစိုး နေခဲ့၏။
အကြည့်များက လင်းယွန်းထံ ရောက်သောအခါ အနည်းငယ် ငြိမ်သက်သွား လေသည်။
လင်းယွန် ဘေးရှိ ပိုင်ရှုရင်၊ ကျိကျစ်ရှီနှင့် ရှင်းယန်ကို မမြင်ရသော လေထုက ခွဲထုတ်ပစ် လိုက်ကာ သီးခြား စစ်ဆေးတော့၏။
ဤသည်မှာ သဘာဝ ဖြစ်စဉ် မျှသာ ဖြစ်သဖြင့်၊ မဟာ သူတော်စင်များ အပါအဝင် မည်သူမျှ သတိမထား မိလိုက်ချေ။
အရာအားလုံး ငြိမ်သက်သွားချိန်၌ နဂါးခေါင်းကိုးလုံးတွင် ပလ္လင်များ ပေါ်လာပြီး၊ အလယ်၌ ကောင်းကင် နဂါး ရုပ်ပုံသဏ္ဍာန် စင်မြင့်တစ်ခု ဖြစ်ပေါ်လာ၏။
ထို့ကြောင့် နဂါးသခင် အသီးသီးက မူလပလ္လင်များကို စွန့်ကာ ထိုပလ္လင်များ ပေါ်သို့ ပျံသန်းနေရာ ယူလိုက်ကြသည်။
အချင်းချင်း မျက်နှာချင်း ဆိုင်လျက် အနေ အထားဖြင့် ၎င်းတို့ အလယ်ရှိ ကောင်းကင် နဂါး စင်မြင့် သည်သာ ပိုင်ရှင်မဲ့ နေခဲ့၏။
“ လူတိုင်း ... ကောင်းကင် နဂါး သခင် အတွက် ယှဉ်ပြိုင်နိုင်တယ်၊ ရှုံးနိမ့် သူကို မူလ ရာထူး ကနေ ဖယ်ရှားမယ်၊ ...
... ကောင်းကင် နဂါးသခင် ကသာ နဂါးပြာမှတ်တမ်းရဲ့ အဆုံးအစွန်ဆုံး အောင်နိုင် သူပဲ။ ”
မုရွယ်လင် အသံက ပြတ်သားစွာ ပဲ့တင်ထပ်လာ၏။ လူတိုင်း တိတ်ဆိတ်သွား ပြီးနောက်၊ ကူရှယန် မျက်ဝန်းများ မှေးစင်း သွားလေသည်။ သူ့အတွေးကို မည်သူမျှ မမြင်နိုင်ချေ။
ကောင်းကင် နဂါးသခင် ရာထူးသည် နဂါးသခင်များကြား ချန်ပီယံဟု အဓိပ္ပါယ်ရ လေသည်။
ပြိုင်လိုသူသည် မူလ ရာထူးကို စွန့်လွှတ်ရပေမည်။ ထိုအတွေးက ကူရှယန်ကို တွက်ဆ ချိန်ထိုးမှုများ ပြုလုပ်လာ မိစေ၏။
ဤအရာသည် ရွေးချယ်ရ ခက်ပြီး ဆွဲဆောင်မှု ရှိနေသည်။ ကောင်းကင် နဂါး စင်မြင့်နှင့် နီးကပ်နေ သဖြင့် ၎င်း၏ ဖိအားကို ကောင်းစွာ ခံစားနိုင်သည်။
လူတစ်ဦးသည် ကောင်းကင် နဂါး စင်မြင့်ပေါ် တက်လိုပါက ထိုဖိအားကို ဦးစွာ ခံနိုင်ရည် ရှိရမည် ဖြစ်သည်။
သူတင် မကဘဲ အခြားသော နဂါးသခင် များသည်လည်း ပလ္လင်ပေါ်မှ နေ၍ ကောင်းကင် နဂါးစင်မြင့်ကို ကြည့်နေကြသည်။
( လင်းငယ် ... ။ )
( ဟမ့် ... ။ )
ရုတ်တရက် လင်းငယ် ဟူသည့် နာမ်စားကြောင့် လင်းယွန် တစ်ယောက် ဒေါသထွက် သွားသည်။
အသံ၏ လားရာအရပ်၌ လက်ရှိ ကမ္ဘာနှင့် ကွဲလွဲနေသော အာကာသ အက်ကြောင်း တစ်ခု ရှိနေခဲ့သည်။
ထိုနေရာ၌ ဆုစီယာသည် ဝတ်ရုံကို ခေါင်းအထိ ခြုံထား၏။ သူမ သည်သာ ပြသရန် ဆန္ဒမရှိပါက မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဆုစီယာ တစ်ယောက် ဤနေရာ၌ အချိန်ကြာမြင့်စွာ ကတည်းကပင် ရောက်ရှိ နေပုံ ရသည်။
( လင်းငယ် ... ကောင်းကင် နဂါးသခင် ရာထူးကို ယူနိုင်ရင် ... ဒီနေ့ နင့်ကို ခွင့်လွှတ် လိုက်မယ်။ )
( အနိုင် မရရင်ရော ... ။ )
လင်းယွန်မှ ကူကယ်ရာမဲ့ စွာဖြင့် နှစ်ကိုယ်ကြား ကြားလောက်ရုံ ပြန်လည် မေးမြန်း လိုက်သည်။
( ဒါဆို နင့် ... မိန်းမတွေက ငါ့သိမ်းမယ်၊ ဒီတစ်သက် နင် ... တွေ့စရာ မလိုတော့ဘူး။ )
( ဒါ ... ။ )
***