အခန်း (၁၃၂၃)
Vol. 95 Ch. 1323
“ငါက ဒီလေဟာနယ်ကို ထိုးခွဲပြီး စကြဝဠာနယ်မြေကို အနိုင်ယူခဲ့တယ်။ ပြီးတော့ ဒီစကြဝဠာကနေ ထွက်သွားတာ နှစ်သန်းချီနေပြီ”
ဘိုးဘေးလုယွဲ့၏ စကားသံတွင် ဂုဏ်ယူမှုကို ခံစားကြည့်နိုင်သည်။
‘လေဟာနယ်ကို ထိုးခွဲပြီး စကြဝဠာနယ်မြေကို ဖျက်ဆီးခဲ့တာလား’
ဟန်မူယဲ့က တောက်ပနေသော ဘိုးဘေးလုယွဲ့၏ မျက်လုံးများကို မြင်ရသည်။
“မင်းက မူလစကြဝဠာရဲ့ မျိုးဆက်သစ်ဓားကျင့်ကြံသူတစ်ယောက် ဖြစ်နေမှတော့ လက်ဆောင်ပေးရမှာပေါ့”
“မင်းက ဘယ်လောက်ရနိုင်မလဲ ကြည့်ရအောင်”
ဘိုးဘေးလုယွဲ့၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က သူ့စကားသံကို ဆက်ကြားနေရသည်။
“အရင်က မူလစကြဝဠာမှာ ဓားဝင်္ကပါကိုလေ့ကျင့်တဲ့ လူတစ်ယောက်ကပဲ ငါ့ရှေ့မှာ ဓားဆွဲထုတ်ဖို့ အဆင့်မီခဲ့တယ်”
“ငါ့ဓားကတော့ သူနဲ့ မတူဘူး”
ဓားဝင်္ကပါ ....
ဟန်မူယဲ့ကလည်း ဓားဝင်္ကပါကို လေ့ကျင့်သည်။ အထွတ်အထိပ်သို့ ရောက်သွားလျှင် ဓားဝင်္ကပါဖြင့် လောကတွင်ရှိသော အရာအားလုံးကို ဖျက်ဆီးနိုင်သည်။
သတ်ဖြတ်ခြင်းဓား၊ ထောင်ချောက်ဓား၊ အင်မော်တယ်ဖျက်ဆီးခြင်းဓား ....
ဓားသုံးလက်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားမည်။ ထို့နောက် ဓားဝင်္ကပါတစ်ခုကို ပြန်လည်ဖန်တီးပြီး လောကတွင် အသန်မာဆုံး ဖြစ်လာမည်။
“ဘုန်း”
ဓားအလင်းတစ်ခုသည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် စုစည်းလာသည်။
စကြဝဠာတစ်ခုကို ဖြတ်တောက်ပစ်နိုင်သော ဓားအလင်းသည် ဆင်းသက်လာခဲ့သည်။
ထိုဓားကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့၏ စိတ်နယ်ပယ်မှတစ်ဆင့် ဓားအလင်းသုံးခုသည် တိုက်ရိုက်ပေါ်ထွက်လာပြီး ဆက်တိုက်လည်ပတ်လျက် သွယ်ယှက်နေသည်။
သို့သော် သူ၏ ဓားဝင်္ကပါသည် ဆင်းသက်လာသော ဓားချက်ကို မတားနိုင်ခဲ့ပေ။
ဘိုးဘေးလုယွဲ့ ချန်ထားခဲ့သော ဓားချက်သည် စည်းမျဉ်းကို ဖြတ်တောက်နိုင်သည်။
‘ဒါက ဘယ်လိုဓားချက်မျိုးလဲ’
ဟန်မူယဲ့က ကျင့်ကြံခြင်းလမ်းစဉ်တစ်လျှောက်တွင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများနှင့် တွေ့ဖူးသည်။ သို့သော် ထိုဓားမျိုးကို မမြင်ဖူးခဲ့ပေ။
ကမ္ဘာဦးအဆင့်ဖြစ်စေ၊ စကြဝဠာအဆင့်ဖြစ်စေ ထိုဓားချက်၏ရှေ့တွင် ဟာသတစ်ခုသာ ဖြစ်သွားလိမ့်မည်။
ထိုဓားကို ပြိုင်ဘက်ကင်းသည်ဟု ပြောနိုင်သည်။
အစစ်အမှန် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားပြီး လက်ထဲတွင်ရှိသော ဓားကို မြှောက်လိုက်သည်။
သူ့လက်ထဲတွင်ရှိသော အနက်ရောင်ဓားက ထူးခြားဆန်းကြယ်သည်။
သူ၏ အစစ်အမှန်ဝိညာဉ်အရိုး၊ စကြဝဠာအဆင့် လက်နက် ဖြစ်သည်။
ထိုဓားသည် ဓားဝင်္ကပါထဲသို့ ဝင်ရောက်ပြီး သတ်ဖြတ်ခြင်းဓား၊ ထောင်ချောက်ဓား၊ အင်မော်တယ်ဖျက်ဆီးခြင်းဓားတို့နှင့် ပေါင်းစပ်သွားခဲ့သည်။
ဓားစွမ်းအင်လေးခု ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်တွင် ဖြာထွက်သွားသည်။
ပတ်ဝန်းကျင်က အေးခဲသွားသည်။
“သင်္ကေတလေးခုရဲ့ စွမ်းအား”
ဟန်မူယဲ့က ရေရွတ်လိုက်ပြီး လက်မြှောက်၍ ညွှန်ပြသည်။ သူ့တစ်ကိုယ်လုံးက ဓားအလင်းရောင်ကို ထုတ်လွှတ်နေသည်။
“သင်္ကေတလေးခုရဲ့စွမ်းအား မဟုတ်သေးဘူး။ ကောင်းကင်ဖျက်ဆီးဝင်္ကပါရဲ့ စွမ်းအားပဲ”
သူ့စကားအဆုံးတွင် ဓားအလင်းလေးခုက ပေါက်ကွဲထွက်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော ဧရာမဓားတစ်လက်အဖြစ် စုစည်းသည်။
ထိုဓားသည် အစိမ်းပုပ်ရောင်သန်းနေပြီး မရေမတွက်နိုင်သော နတ်ဘုရားအင်းကွက်များကို သယ်ဆောင်ထားသည်။
ထိုဓားသည် ဆင်းသက်လာသောဓားနှင့် ထိတွေ့သွားသည်။
နားအူလောက်သောအသံကြောင့် ဟန်မူယဲ့က စိတ်ရှုပ်ထွေးသွားသည်။
သူက မရေမတွက်နိုင်သော ဓားတောအုပ်ထဲတွင် ရှိနေသည်ဟု ခံစားလိုက်ရသည်။
သူ့ပတ်ဝန်းကျင်တွင်ရှိသော ဓားအလင်းတိုင်းသည် ကောင်းကင်နှင့်မြေကြီးကို ဖြတ်တောက်နိုင်သည်။
သူက လက်ကိုဆန့်ထုတ်ပြီး ဓားတစ်လက်ကို ဆုပ်ကိုင်သည်။
မြင်ကွင်းတချို့ကို မြင်လိုက်ရသည်။
“ငါက သုံးနှစ်အရွယ်မှာ ဓားကို လေ့ကျင့်ပြီး ငါးနှစ်အရွယ်မှာ လူသတ်ခဲ့တယ်။ ငါက ဘဝတစ်လျှောက်လုံး ဓားကို ကိုးကွယ်ခဲ့တယ်။ ဒါပေမဲ့ ....”
ဓားအလင်းက ဖျတ်ခနဲ ပေါ်ထွက်လာပြီး သူဆုပ်ကိုင်ထားသော ဓားရှည်က ပျက်စီးသွားသည်။
ဟန်မူယဲ့က တခြားဓားတစ်လက်ကို ဆုပ်ကိုင်လိုက်သည်။
“လောကမှာ မရေမတွက်နိုင်တဲ့လမ်းစဉ်တွေ ရှိနေပေမဲ့ ငါက ဓားကိုပဲ စွဲလမ်းနေတယ် ....”
ဆံပင်ဖြူနေသော လူအိုကြီး၏အသံကို ကြားရသည်။
“ငါ့မှာ ကောင်းကင်အင်မော်တယ်ကို တိုက်ခိုက်နိုင်တဲ့ဓား ရှိတယ်။ ဓား၊ လာခဲ့စမ်း”
ဓားအလင်းသည် အင်မော်တယ်များကို ခုတ်ပိုင်းပစ်ခဲ့သည်။
“ဒီဘဝမှာ ငါက ဓားကို ကျင့်ကြံဖို့ ဆက်မတွေးတော့ဘူး ....”
သူက ဓားကို စွန့်ပစ်ပြီး စုတ်တံကို ကိုင်လိုက်သည်။ အဝတ်အစားများကိုလည်း ပြောင်းလဲလိုက်ပြီး ကျိုးပဲ့နေသောဓားကို စာအုပ်စင်အောက်တွင် မြှုပ်နှံထားခဲ့သည်။
ဓားတစ်လက်ချင်းသည် ဇာတ်လမ်းတစ်ပုဒ်စီ ဖြစ်သည်။
ဓားတစ်လက်သည် ဘဝတစ်ခု၏ အစိတ်အပိုင်း ဖြစ်သည်။
ဓားတစ်လက်သည် ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
ဟန်မူယဲ့က ဓားတစ်လက်ကို ထိတွေ့လိုက်ပြီး အဆုံးမရှိသော နောင်တများကို မြင်ခဲ့ရသည်။
လွတ်လပ်သည်ဟု ထင်ရသော ဓားကျင့်ကြံသူများသည် အမှန်တွင် ရုန်းကန်နေရသည်။
“ဘုန်း”
ဟန်မူယဲ့၏ ဦးခေါင်းထက်တွင်ရှိသော ဓားနှစ်လက်သည် အချင်းချင်း တွန်းထိုးပြီး ဆက်တိုက် ပေါင်းစပ်နေသည်။ နောက်ဆုံးတွင် အဖြူအနက် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
လောကတွင် ပြီးပြည့်စုံသောအရာ မရှိပေ။
“ငါက ဓားတာအိုရဲ့အဆုံးသတ်ကို ရှာဖွေဖို့ မရေမတွက်နိုင်တဲ့ စကြဝဠာတွေဆီ သွားခဲ့တယ်”
“တစ်နေ့မှာ ငါပင်ပန်းလာရင်တော့ မူလစကြဝဠာကို ပြန်လာခဲ့မယ်”
“အရင်က မိတ်ဆွေဟောင်းတွေ ရှိနေအုံးမှာလား ....”
လုယွဲ့၏အသံက မှေးမှိန်နေပြီး ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့၏ ဦးခေါင်းထက်တွင်ရှိသော ဓားက ကွဲထွက်သွားသည်။
ဓားအလင်းများသည် သူ၏ စိတ်နယ်ပယ်ထဲသို့ ပြန်ရောက်လာသည်။
သတ်ဖြတ်ခြင်းဓား၊ ထောင်ချောက်ဓား၊ အင်မော်တယ်ဖျက်ဆီးခြင်းဓား ....
ထိုဓားများအပြင် အဖြူအနက် ဓားရှည်တစ်လက်လည်း ရှိနေသည်။
ထိုဓားသည် တခြားဓားများကဲ့သို့ သတ်ဖြတ်လိုစိတ်နှင့် ခမ်းနားသောဓားအလင်းကို သယ်ဆောင်မထားပေ။
အဆုံးမရှိသော အသက်စွမ်းအင်ကိုသာ သယ်ဆောင်ထားခဲ့သည်။
“ဒီဓားထဲမှာ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်း ရှိတယ်”
ဟန်မူယဲ့က တီးတိုးပြောလိုက်သည်။
သူက နောက်သို့ လှည့်ကြည့်သည်။
ထိုနေရာတွင် ဓားကိုင်ထားသော လူငယ်တစ်ယောက်က လျင်မြန်စွာ လမ်းလျှောက်လာသည်။
သို့သော် သူ့မှာ အခွင့်အရေးမရှိပေ။
ဤလောကသည် ပုံရိပ်ယောင်တစ်ခုသာဖြစ်သည်။ သူက မည်သို့ ဝင်ရောက်နိုင်မည်နည်း။
မြို့တစ်မြို့လုံးကလည်း ဗလာဖြစ်သည်။
ဟန်မူယဲ့၏ ရှေ့တွင်ရှိသော မြင်ကွင်းများအားလုံးသည် လွင့်ပြယ်သွားကြသည်။
သက်ဝင်လှုပ်ရှားနေသော မြို့ကြီးက တိတ်ဆိတ်ခြောက်ကပ်နေသော မြို့ပျက်အဖြစ် ပြောင်းလဲသွားသည်။
မြို့ဂိတ်တံခါးတွင် စစ်သည်များက တီးတိုးစကားပြောနေကြသည်။
လမ်းပေါ်တွင် ကျင့်ကြံသူများက သွားလာနေကြသည်။
ကျူးယန်ရှန်က ဓားစံအိမ်၏ လှေကားထစ်တွင် ထိုင်နေသည်။
ခန်းဆောင်ထဲတွင်ရှိသော ကျန်းယုက ခေါင်းမော့ကြည့်လိုက်သည်။
အရာအားလုံးနှင့် လူတိုင်းက ပျောက်ကွယ်သွားခဲ့သည်။
သို့သော် လှေကားထစ်တွင် ရှုချန်က နောင်တရနေသော မျက်နှာထားဖြင့် ဆက်ရှိနေသည်။
“ငါက ဒီအခွင့်အရေးကို ယူချင်ခဲ့တယ်”
ရှုချန်က ရေရွတ်လိုက်ပြီး ပုံစံပြောင်းသွားသည်။
“ဓားနတ်ဘုရားလုယွဲ့က စကြဝဠာနယ်မြေရဲ့တစ်ဝက်ကို ကိုယ်တိုင်ဖျက်ဆီးပစ်ခဲ့တယ်”
“စကြဝဠာအဆင့်တွေကတောင် သူနဲ့ ရင်မဆိုင်ရဲဘူး”
ရှုချန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အစိမ်းရောင်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ လက်ထဲတွင်ကိုင်ထားသော ဓားရှည်က လှံတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့က သူ့ပုံစံကို မြင်ဖူးသည်။
ချပ်ဝတ်အပိုင်းအစ၏ မှတ်ဉာဏ်ထဲတွင် မြင်ခဲ့ရသည်။
ပုန်းအောင်းနေသော စကြဝဠာအဆင့် ကျင့်ကြံသူ ဖြစ်သည်။
“ငါ့နာမည်က ရှုချန်၊ ငါက စကြဝဠာနယ်မြေကပဲ”
“ဓားနတ်ဘုရားလုယွဲ့က စကြဝဠာနယ်မြေကို လွှမ်းမိုးခဲ့တဲ့အချိန်မှာ ငါက ဒဏ်ရာရထားတာကြောင့် ထွက်ပြေးလာပြီး ဒီနေရာမှာ ပုန်းနေဖို့ပဲ တတ်နိုင်ခဲ့တယ်”
“တစ်ယောက်ယောက်က ဒီနေရာကို ရှာတွေ့သွားမယ်လို့ ထင်မထားခဲ့ဘူး”
ရှုချန်က လှံရှည်ဖြင့် ဟန်မူယဲ့ကို ညွှန်ပြသည်။
လှံထိပ်ဖျား၏ အအေးဓာတ်က လေထုကို အေးခဲသွားစေသည်။
ရှုချန်၏မျက်နှာထားက တည်ငြိမ်နေပြီး ဂရုမစိုက်စွာ ပြောသည်။
“အဲဒါကြောင့် မင်းက သေရမယ်”
သေရမည်။
သူ့စကားအဆုံးတွင် လှံရှည်က ပြေးထွက်လာခဲ့သည်။
လေဟာနယ်က ပေါက်ကွဲထွက်သွားပြီး အနက်ရောင်အလင်းကို ဖော်ပြသည်။
လှံရှည်က လေဟာနယ်မှတစ်ဆင့် ဟန်မူယဲ့၏ရင်ဘတ်ဆီသို့ ချက်ချင်းရောက်လာသည်။
စကြဝဠာအဆင့်လက်နက် မဟုတ်ပေ။ သို့သော် ကမ္ဘာဦးအဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည်။
ဟန်မူယဲ့က ဓားမြှောက်ပြီး ခုတ်ချလိုက်သည်။
နတ်ဘုရားအင်းကွက် ၄၁ခုသည် ဓားကိုယ်ထည်တွင် တောက်ပလာခဲ့သည်။
နတ်ဘုရားအင်းကွက်များ၏ စွမ်းအားသည် ဓားအလင်းနှင့် ပေါင်းစပ်သွားပြီး လှံရှည်ကို ရင်ဆိုင်သည်။
လှံရှည်က အနည်းငယ် တုန်ခါသွားသည်။ ဟန်မူယဲ့က နောက်ဆုတ်ပေးလိုက်ရသည်။
စကြဝဠာအဆင့် ....
အလွန်သန်မာသည်။
သူက လက်ထဲတွင် စကြဝဠာအဆင့်လက်နက်ကို ကိုင်ထားပြီး ကမ္ဘာဦးအဆင့်ချပ်ဝတ်ကို အသုံးပြုထားသည်။ ထို့အပြင် ခန္ဓာကိုယ်ကလည်း အလွန်သန်မာသည်။ သို့သော် လှံချက်ကို ခုခံနိုင်ရုံသာ ဖြစ်သည်။
ဟန်မူယဲ့၏ မျက်နှာထားက လေးနက်နေသည်။
သူက စကြဝဠာအဆင့် ကျွမ်းကျင်သူများကို လျှော့တွက်ခဲ့ကြောင်း ဝန်ခံရမည်။
“ဝီ”
အဖြူအနက် ဓားတစ်လက်သည် သူ့ခေါင်းထက်တွင် ပေါ်လာသည်။
ဘိုးဘေးလုယွဲ့နှင့် သူ့ဓားနည်းစနစ်၏ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသော သေခြင်းရှင်ခြင်းဓား ဖြစ်သည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစက်ဝန်းသည် လောကတွင်ရှိသော စည်းမျဉ်းများ၏ အထွတ်အထိပ်တွင် ရှိနေသည်။
“ကောင်းတယ်”
ရှုချန်က အော်ဟစ်လိုက်ပြီး လှံဖြင့်ထိုးသည်။
ဟန်မူယဲ့၏ ဦးခေါင်းထက်တွင်ရှိသော ဓားက ပျံထွက်သွားသည်။
ဓားသည် လှံနှင့် ထိတွေ့သွားသည်။
ဟန်မူယဲ့က အလင်းရောင်ကို ထုတ်လွှတ်သည်။ ထိုဓားချက်သည် သူ၏ ဘဝတစ်သက်တာ စုဆောင်းမှု ဖြစ်သည်။
စကြဝဠာအဆင့် ကျွမ်းကျင်သူနှင့် ရင်ဆိုင်ရာတွင် သူက အကောင်းဆုံး ကြိုးစားရမည်။
“ဘုန်း”
ဓားအလင်းနှင့် လှံက ပျောက်ကွယ်သွားသည်။
ဟန်မူယဲ့က ဖြူဖျော့နေသောမျက်နှာဖြင့် နေရာတွင် ရပ်နေသည်။
သူ့ရှေ့တွင်ရှိသော ရှုချန်၏ပုံရိပ်က ပျောက်ကွယ်သွားသည်။
“ဟားဟား၊ ဓားတာအိုက တကယ်အထင်ကြီးစရာပဲ”
“ငါ့ပစ်မှတ်က မင်းမဟုတ်တာ နှမြောစရာပဲ။ မဟုတ်ရင် မင်းနဲ့ ဆက်ကစားပေးတယ်”
ရှုချန်၏အသံကို ကြားရသည်။
ဟန်မူယဲ့က နေရာတွင် ရပ်နေသည်။ ဓားအလင်းများသည် သူ့ပတ်ဝန်းကျင်တွင် လှုပ်ရှားနေကြသည်။
ရွှေအလင်းလုံးတစ်ခုသည် သူ့ရှေ့တွင် စုစည်းလာသည်။
ဟန်မူယဲ့က အလင်းလုံးကို လှမ်းယူလိုက်ပြီး အံ့အားသင့်သွားသည်။
သူက ထိုပစ္စည်းကို သိသည်။
ထိုပစ္စည်းမျိုးကို ပိုင်ဆိုင်ခဲ့ဖူးသည်။
အသက်ဝိညာဉ် အုတ်မြစ်ဝင်္ကပါ ဖြစ်သည်။
မြို့ကြီးတစ်မြို့ကို ထိန်းချုပ်နိုင်သည်။