အခန်း (၁၃၂၇)
Vol. 95 Ch. 1327
လေဟာနယ်မြို့တစ်မြို့ကို အုပ်ချုပ်ရမည်။
ဟယ်ရန်စွန်းက မယုံကြည်နိုင်ဖြစ်နေသည်။
“ဆရာဟန်၊ ကျွန်တော်က လေဟာနယ်မြို့ကြီးကို ထိန်းချုပ်ရမှာလား”
ဟယ်ရန်စွန်း၏အသံက တုန်ခါနေသည်။
ကုန်းမြေတွင်ရှိသော မြို့တစ်မြို့ မဟုတ်ပေ။ လေဟာနယ်မြို့ ဖြစ်သည်။
လေဟာနယ်မြို့သည် ကြွယ်ဝမှုကိုသာမက ခွန်အားကိုလည်း ဖော်ပြနိုင်သည်။
ကုန်းမြေနှင့် လေဟာနယ်သည် အလွန်ကွာခြားသည်။
“ဟုတ်တယ်။ လေဟာနယ်မြို့ကြီးပဲ”
ဟန်မူယဲ့က ခေါင်းညိတ်သည်။
ယခုအချိန်တွင် ထျန်းရှန်မြို့၌ ရုပ်သေးရုပ်နှင့် နတ်ဘုရားသားရဲများသာ ရှိနေသည်။
ထိုမြို့ကြီးကို ဗလာအဖြစ် ထားလိုက်လျှင် နှမြောစရာကောင်းနေလိမ့်မည်။
ဟန်မူယဲ့က ရေခဲလမြို့သို့ ပြန်မလာခင် ထိုမြို့ကို အသုံးပြုရန် စီစဉ်ခဲ့သည်။
ယခု ဘုရားမြို့၏အခြေအနေကို မြင်လိုက်ရသောကြောင့် တစ်ခါတည်း ရွှေ့ပြောင်းလိုက်လျှင် ပိုကောင်းသည်။
ဟန်မူယဲ့က နောက်ပြောင်နေခြင်းမဟုတ်ကြောင်း မြင်ရသောအခါတွင် ဟယ်ရန်စွန်းက စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဆရာဟန်၊ အဲဒီမြို့ရဲ့ အခြေအနေကို ပြောပြနိုင်မလား”
သူက အလုပ်ရုံနှင့် ဘုရားမြို့၏လူများကို ရွှေ့ပြောင်းရန်အတွက် ထိုမြို့၏ အခြေအနေကို သိရှိရန် လိုအပ်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။
လွန်ခဲ့သောနှစ်များတွင် ဟယ်ရန်စွန်းက ရင့်ကျက်လာခဲ့သည်။
သူက ဟယ်မိသားစုကို အချိန်ကြာမြင့်စွာ တာဝန်ယူခဲ့ပြီး ကျူကျင်းကုန်သွယ်ရေးအဖွဲ့၏ အဆုံးမရှိသော ကြွယ်ဝမှုများကို ထိန်းချုပ်ထားရသောကြောင့် ဖြစ်သည်။
ဟန်မူယဲ့က ထျန်းရှန်မြို့၏ အခြေအနေနှင့် ခွန်အားအကြောင်းကို ပြောပြလိုက်သည်။
“ဒါဇင်ချီတဲ့ နတ်ဘုရားသားရဲတွေ ရှိနေတယ်”
ဟယ်ရန်စွန်း၏ မျက်နှာထားက ပြောင်းလဲသွားပြီး မျက်လုံးများက တောက်ပလာသည်။
သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ဆရာဟန်၊ ထျန်းရှန်မြို့ကို လေဟာနယ်ရဲ့ ကုန်သွယ်ရေးမြို့အဖြစ် အသုံးပြုနိုင်တယ်”
‘လေဟာနယ်ရဲ့ ကုန်သွယ်ရေးမြို့လား’
ဟန်မူယဲ့၏ မျက်နှာထားက ပြောင်းလဲသွားသည်။
ဟယ်ရန်စွန်းက လက်သီးဆုပ်ထားပြီး ဆက်ပြောသည်။
“ဘုရားမြို့ရဲ့ အရောင်းအဝယ်က အင်အားစုတွေအားလုံးကို ဆက်သွယ်ထားနိုင်ပေမဲ့ လေဟာနယ်မြို့တွေနဲ့ ဘုရားမြို့ကြားမှာ ကုန်ပစ္စည်းတွေကို ပို့ပေးဖို့ အစည်းအရုံးကို မှီခိုနေရတယ်”
“ကျွန်တော်တို့နဲ့ လေဟာနယ်မြို့တွေရဲ့ ကုန်သွယ်ရေးလမ်းကြောင်းက အရမ်းအားနည်းတယ်”
“ကျွန်တော်က လေ့လာကြည့်ပြီးပြီ။ လေဟာနယ်မြို့တွေကြားမှာလည်း ကူးသန်းရောင်းဝယ်ဖို့ ခက်ခဲတယ်”
ဟယ်ရန်စွန်း၏စကားက မှန်သည်။
လေဟာနယ်မြို့များက အချင်းချင်း သတိထားနေရသောကြောင့် စီးပွားရေးကွန်ရက်ကို မဖြန့်ကျက်နိုင်ပေ။
အမှန်အတိုင်းပြောရလျှင် ထိုအရာသည် အင်အားစုများကို ထိန်းချုပ်ထားသော စကြဝဠာနယ်မြေ၏ နည်းလမ်း ဖြစ်သည်။
ထို့အပြင် ပုန်းအောင်းနေသော နတ်ဘုရားတစ်သောင်း ဘုရားကျောင်းကိုလည်း လျစ်လျုရှုမထားနိုင်ပေ။
လွတ်လပ်စွာကုန်သွယ်နိုင်သော နတ်ဘုရားတစ်သောင်း ဘုရားကျောင်းသည် အင်အားစုတိုင်းကို ထိန်းချုပ်ထားရုံသာမက ကုန်သွယ်မှုအားလုံးကို လက်ဝါးကြီးအုပ်ပြီး ကြယ်စင်စုစကြဝဠာ၏ ကြွယ်ဝမှုကို ဆုပ်ကိုင်ထားသည်။
“လေဟာနယ်မှာ ကုန်သွယ်ရေးမြို့ကို တည်ဆောက်ချင်တာလား”
ဟန်မူယဲ့က ဟယ်ရန်စွန်းကို ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။
ဟယ်ရန်စွန်းက အလွန်ရဲတင်းလိမ့်မည်ဟု သူထင်မထားခဲ့ပေ။
“လေဟာနယ်မှာ နှစ်ပေါင်းများစွာကြာသွားပေမဲ့ ကုန်သွယ်ရေးမြို့ ဖြစ်မလာခဲ့ဘူး။ အဲဒီအကြောင်းကို မင်းသိသင့်ပါတယ်”
နောက်ကွယ်တွင် အရှုပ်အထွေးများ ရှိနေသည်။
ကုန်သွယ်ရေးမြို့ကို တည်ဆောက်ချင်သော မြို့ကြီးများသည် ပျက်စီးသွားကြသည်။
“အလုပ်ရုံကို ပြောင်းရွှေ့မယ်လို့ ပြောလိုက်ကတည်းက ကျွန်တော်စဉ်းစားပြီးပါပြီ”
“အလုပ်ရုံက အရမ်းအရေးကြီးတယ်။ တခြားအင်အားစုတွေက ပွင့်ပွင့်လင်းလင်း တိုက်ခိုက်ရဲမှာမဟုတ်ဘူး”
ဟယ်ရန်စွန်းက တောက်ပနေသော မျက်လုံးများဖြင့် တီးတိုးပြောသည်။
အင်အားစုများက အလုပ်ရုံကို မတိုက်ခိုက်ရဲခြင်း မဟုတ်ပေ။ ထိုက်တန်မှုမရှိသောကြောင့် ဖြစ်သည်။
ကျူကျင်းကုန်သွယ်ရေးအဖွဲ့ကို တိုက်ခိုက်သော အင်အားစုများက ပန်းပဲပညာရှင်အစည်းအရုံး၏ရန်သူ ဖြစ်လာလိမ့်မည်။
ထို့အပြင် ရိုးရိုးသားသားပြောရလျှင် အလုပ်ရုံ၏ အဖိုးတန်သော ပန်းပဲပညာရှင်များမှလွဲ၍ တခြားအရာများက သာမန်ပင်ဖြစ်သည်။
လူများ ဆက်ရှိနေသ၍ အလုပ်ရုံကို အချိန်မရွေး၊ နေရာမရွေး ပြန်လည်တည်ဆောက်နိုင်သည်။
အကယ်၍ တစ်ယောက်ယောက်က အမှန်တကယ် တိုက်ခိုက်လာပြီး အလုပ်ရုံ၏ သန်းချီသောလူများကို သတ်ဖြတ်သွားလျှင် အစည်းအရုံးကြီးလေးခုလုံးက အဆုံးအထိ ပြန်လည်တိုက်ခိုက်လိမ့်မည်။
မြို့များ၏ စစ်ပွဲသည် ပုံမှန်သာဖြစ်သော်လည်း ပန်းပဲပညာရှင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းသည် ပြစ်မှုတစ်ခု ဖြစ်သည်။
ပန်းပဲပညာရှင်တစ်သန်းကျော်က အသတ်ခံလိုက်ရပြီး အစည်းအရုံးက ဖြေရှင်းချက်မပေးနိုင်လျှင် အစည်းအရုံးကို ဖြိုခွဲလိုက်ရုံသာ ကျန်တော့သည်။
ထိုသို့လုပ်ရန် မဖြစ်နိုင်ပေ။
ပန်းပဲပညာရှင်များသည် ကြယ်စင်စုစကြဝဠာ၏ အခြေခံအုတ်မြစ် ဖြစ်သည်။
ပန်းပဲပညာရှင်အစည်းအရုံးကို ဖြိုခွဲလိုက်လျှင် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်တစ်ခုလုံး ပြတ်တောက်သွားလိမ့်မည်။
ဟယ်ရန်စွန်းက အလုပ်ရုံကို အသုံးပြုပြီး အင်အားစုတိုင်းကို ချုပ်နှောင်ထားသည်။
“ကုန်သွယ်ရေးမြို့ကို စီမံရတာ ပိုပြီး ခက်ခဲလိမ့်မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။
စုစည်းနေသော မြို့ကြီးတစ်မြို့ကို အုပ်ချုပ်ရန် လွယ်ကူသည်။
သို့သော် ကုန်သွယ်ရေးမြို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်။
သတိမထားမိလျှင် မြို့သခင်က ပြောင်းလဲသွားနိုင်သည်။
အဘယ်ကြောင့်ဆိုသော အပြင်လူအများအပြား ဝင်ရောက်လာလိမ့်မည်။ ထိုလူများထဲတွင် မကောင်းကြံသောလူများလည်း ရှိနေမည်။ ထို့အပြင် ကျွမ်းကျင်သူများလည်း ရောက်လာကြလိမ့်မည်။
“ကျွန်တော်က အကောင်းဆုံးကြိုးစားပါ့မယ်”
ဟယ်ရန်စွန်း၏ သွေးက ဆူပွက်နေသည်။ သူ့အကြည့်များက ပြတ်သားသည်။
သူက ဟန်မူယဲ့ကို စံပြအဖြစ် မှတ်ယူထားသည်။
အကယ်၍ သူက လေဟာနယ်မြို့ကို ထိန်းချုပ်ပြီး ကုန်သွယ်ရေးမြို့အဖြစ် ပြောင်းလဲနိုင်လျှင် ကြယ်စင်စုစကြဝဠာတွင် ဆရာဟန်ကဲ့သို့ နာမည်ချန်ထားနိုင်လိမ့်မည်။
လွန်ခဲ့သောနှစ်များတွင် အင်အားစုအများအပြားက သူ့ကို ဆရာဟန်၏မျက်နှာကြောင့် အလေးပေး၍ ဆက်ဆံနေကြသည်။ အမှန်တကယ် တန်ဖိုးထားသောလူ မရှိပေ။
ယခင်တစ်ကြိမ်က ဟယ်ရန်စွန်းသည် ရေခဲလမြို့ကို ထိန်းချုပ်ရန် နောက်ဆုတ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူက ဖုန်းကျူထျန်းနှင့် မယှဉ်နိုင်သေးပေ။
သူက လေဟာနယ်မြို့တွင် မနေဖူးပေ။ မြို့ကြီးတစ်မြို့၏ နောက်ခံလည်း မရှိပေ။
သူ၏ အခြေခံအုတ်မြစ်သည် ဘုရားမြို့ ဖြစ်သည်။ သူက အလုပ်ရုံကို တာဝန်ယူပြီး ကိုယ့်ကိုယ်ကိုယ် ခိုင်မာအောင် တည်ဆောက်ခဲ့သည်။
ဟန်မူယဲ့က ဟယ်ရန်စွန်း၏ ဆုံးဖြတ်ထားသော မျက်နှာထားကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
အလုပ်ရုံကို ပြောင်းရွှေ့တော့မည်။
ဘုရားမြို့လည်း ပါဝင်သည်။
ပတ်ဝန်းကျင်တွင်ရှိသော မြို့ငယ်များကိုလည်း ဆက်တိုက် ပြောင်းရွှေ့မည်။
သတင်းထွက်လာသောအခါ ဘုရားမြို့နှင့် အလုပ်ရုံက ဆူပွက်သွားသည်။
ဘုရားမြို့က ကောင်းမွန်သော်လည်း ကုန်းမြေ၏ မြို့တစ်မြို့သာ ဖြစ်သည်။ အရင်းအမြစ်နှင့် စွမ်းအင်ကြွယ်ဝမှုတွင် လေဟာနယ်မြို့များနှင့် မယှဉ်နိုင်ပေ။
ဘုရားမြို့ကို လေဟာနယ်သို့ ပြောင်းရွှေ့ခြင်းသည် ဤနေရာတွင်ရှိသော လူများအတွက် စိတ်ကူးမယဉ်နိုင်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
ရုတ်တရက် ဘုရင်ဖြစ်သွားသော သာမန်လူတစ်ယောက်နှင့် ဆင်တူသည်။
ခေါင်းဆောင်ဟန်နှင့် သခင်လေးဟယ်၏ ကျေးဇူးကြောင့် ဘုရားမြို့သည် အလွန်ထူးကဲသော အခွင့်အရေးကို ရရှိခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဘုရားမြို့နှင့် အလုပ်ရုံများသည် ပျော်ပွဲရွှင်ပွဲ ကျင်းပလိုက်ကြသည်။
ဟန်မူယဲ့က လျင်မြန်စွာ လှုပ်ရှားခဲ့သည်။
တစ်ကြိမ်တွင် လူသောင်းချီ၍ ပို့ဆောင်ပေးနိုင်သော တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို တည်ဆောက်ခဲ့သည်။
ပန်းပဲပညာရှင်များအပြင် အလုပ်ရုံ၏ အရေးကြီးသော ပစ္စည်းကိရိယာများကိုလည်း သယ်ဆောင်ခဲ့ကြသည်။ သို့သော် တခြားအရာများကို ယူနေရန် မလိုအပ်ပေ။
လေဟာနယ်မြို့ကြီးတွင် အရာအားလုံး ရနိုင်သည်။
တစ်ခုခု လိုအပ်နေလျှင် ဝယ်ယူလိုက်ရုံသာ ဖြစ်သည်။
နှစ်ဝက်အတွင်း ဘုရားမြို့နှင့် အလုပ်ရုံ၏ လူများအားလုံးသည် ထျန်းရှန်မြို့သို့ ရောက်သွားကြသည်။
လူသူကင်းမဲ့နေသော ထျန်းရှန်မြို့က အသက်ဝင်လာသည်။
ထို့နောက် ထျန်းရှန်မြို့နှင့် တခြားအင်အားစုများ၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းလိုက်ကြသည်။
ထျန်းရှန်မြို့မှ ရောက်လာသော သတင်းကြောင့် တခြားမြို့များက ကြောင်အသွားကြသည်။
‘ကုန်သွယ်ရေးမြို့တဲ့လား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
‘ဘယ်သူက ကုန်သွယ်ရေးမြို့ကို တည်ဆောက်ရဲတာလဲ’
မြို့အများအပြားက ကိုယ်စားလှယ်ကို တိတ်ဆိတ်စွာ စေလွှတ်လိုက်ကြသည်။
တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါမှ ထွက်လာသောအခါ ကျယ်ဝန်းသော ရင်ပြင်ကို မြင်ရသည်။
ထိုမြို့တွင် မြို့တံတိုင်းမရှိပေ။ ရင်ပြင်တစ်ခုသာ ရှိသည်။
ထိုရင်ပြင်၏ ပတ်ဝန်းကျင်တွင် အသေးစားအဆောက်အအုံများကို မြင်ရသည်။
‘ဒီမှာ အကာအကွယ်မရှိဘူးလား’
မဟုတ်ပေ။
လေဟာနယ်ထဲတွင် အနည်းဆုံး နတ်ဘုရားသားရဲ ဆယ်ကောင်ကျော်က တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
ရင်ပြင်၏ ကောင်းကင်ထက်တွင် လှံရှည်တစ်ချောင်း လွင့်မျောနေသည်။
“စကြဝဠာအဆင့် လက်နက်ပဲ”
လူတစ်ယောက်က အော်ဟစ်မိသည်။
ထိုလှံသည် မြို့သခင်မူယွဲ့၏ ကောင်းကင်ခွဲလှံရှည် ဖြစ်သည်။
ထိုလှံရှည်နှင့် နတ်ဘုရားသားရဲဆယ်ကောင်ကျော်ကို မည်သူက ဆန့်ကျင်ရဲမည်နည်း။
ချက်ချင်းဆိုသလိုပင် အတွေးတချို့ရှိနေသော ကျွမ်းကျင်သူများက ထိုအတွေးများကို ဖိနှိပ်လိုက်သည်။
လူတိုင်းက ရင်ပြင်မှတစ်ဆင့် အဆောက်အအုံများဆီသို့ လျှောက်လာပြီး အံ့အားသင့်သွားကြသည်။
ထိုအဆောက်အအုံများသည် အစည်းအရုံးကြီးလေးခု၏ သင်္ကေတကို ပိုင်ဆိုင်ထားသည်။
‘အစည်းအရုံးလေးခုလုံးက ဝင်ပါနေတာလား’
အဆောက်အအုံတစ်ခု၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ရပ်နေသည်။
“ခွင့်ပြုပါအုံးညီငယ်လေး။ ဒီအဆောက်အအုံတွေမှာရှိတဲ့ အစည်းအရုံးကြီးလေးခုရဲ့ သင်္ကေတတွေကို ရှင်းပြနိုင်မလား”
သိချင်နေသော နတ်ဘုရားအဆင့် ချပ်ဝတ်သခင်တစ်ယောက်က မေးသည်။
တခြားလူများကလည်း အဆင့်ငါးသာဖြစ်သော လူငယ်လေးကို ကြည့်လိုက်ကြသည်။
ထိုလူငယ်က အနည်းငယ် စိတ်လှုပ်ရှားနေသည်။
ထိုအရာသည် ဝိညာဉ်မှတစ်ဆင့် ဖြစ်ပေါ်လာသော ဖိအား ဖြစ်သည်။
“အကြီးအကဲတို့၊ ဒီအဆောက်အအုံလေးတွေက ငှားဖို့ပါ”
“ဒီအဆောက်အအုံတွေကို ငှားလိုက်ရင် အစည်းအရုံးကြီးလေးခုရဲ့ ကာကွယ်မှုကို ရပါမယ်”
လူငယ်က လည်ချောင်းရှင်းလိုက်ပြီး ဆက်ပြောသည်။
“ငှားရမ်းခကတော့ အနည်းဆုံး တစ်နှစ်ကို သန်းနှစ်ရာပါ”
“အကောင်းဆုံးနေရာကို လိုချင်ရင်တော့ ဈေးပြိုင်ပေးရပါမယ်”
‘တစ်နှစ်ကို သန်းနှစ်ရာတဲ့လား’
‘ဒီမှာ အနည်းဆုံး အဆောက်အအုံတစ်သောင်းလောက် ရှိနေတယ်’
‘ဒါက ဓားပြတိုက်နေတာလား’
“တစ်နှစ်ကို သန်းနှစ်ရာတဲ့လား။ အရူးတစ်ယောက်ကပဲ ငှားလိမ့်မယ်”
သူတော်စင်အဆင့် ချပ်ဝတ်သခင်တစ်ယောက်က နှာမှုတ်လိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။
“အဟမ်း၊ အကြီးအကဲ ရှေ့မှာ တစ်နှစ်ကို သန်းငါးရာနဲ့ ဆယ်နှစ်စာ ပေးချေသွားတဲ့ မြို့ကြီးတစ်မြို့ရဲ့ဆိုင်ခန်း ရှိနေတယ်”
တစ်နှစ်ကို သန်းငါးရာ ....
လူတိုင်းက အဆောက်အအုံလေးတစ်ခုကို လှမ်းကြည့်လိုက်ကြသည်။
“နေကြတ်မျှော်စင်”
လူအများက ရေရွတ်သည်။
ထိုအဆောက်အအုံ၏ တည်နေရာက ကောင်းမွန်ပြီး မဖြစ်မနေ ဖြတ်သန်းသွားရမည့် လမ်းပေါ်တွင် ရှိနေသည်။