နင့်ကို ဒီည ဧည့်မခံတော့ဘူး
Vol. 73 Ch. 1081
ကျန်းကျင်းဟွာ၏ ခွန်းတုံ့ပြန်လာမှုက ရန်စီ၏ အမူအရာကို အေးခဲသွားစေခဲ့တော့၏။
သူတို့ ခုလေးတင် ၀င်လာတုန်းကပဲ သူတို့ရဲ့ သဘောထားကို ဖော်ပြပြီးသွားပြီ မဟုတ်ဘူးလား...။ ခုကျ ပြောပြီးသား စကားကို ပြန်ရုတ်သိမ်းချင်နေတယ်...။
အနုပညာနယ်ပယ်က အကျိုးအမြတ်ကို အရာအားလုံးထက် ရှေ့တန်းတင်တယ်ဆိုရင်တောင် ဒီလိုမျိုး လုပ်လို့တော့ မသင့်ဘူးလေ.. ဟုတ်တယ်မလား...။
အရှက်လေး လာလေးလည်း မရှိတော့ဘူးလား မသိပါဘူး...။
" ဒါ-ဒါပေမယ့် ငါတို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရထားပြီးကြပြီလေ... "
" ရင်ညန်က ဒီတိုင်းပဲ ပြောလိုက်တာ... ပြီးတော့ ငါတို့ကြားမှာ ဘာစာချုပ်စာတမ်းမှလည်း မရှိထားဘူးလေ... ဒါရိုက်တာရန်.. ရှင်စကားကို လိုရာဆွဲတွေးပြီး လျှောက်မပြောပါနဲ့လား... "
ကျောက်ဟိုင်ဟုန် နောက်သို့ လှည့်ကြည့်လာပြီး ကျောက်ရင်ညန်ကို အကြည့်တစ်ချက်ပေးလိုက်သည်။
" မင်းတို့ နှစ်ယောက်က သိတယ်ဆိုမှတော့ မင်းတို့ပဲ အလုပ်အတူ လုပ်ကြပေါ့... ငါ့ ရုပ်ရှင်အတွက် တခြား တစ်ယောက်ကို လိုက်ရှာလိုက်မယ်.... "
" မဟုတ်ဘူး... ဒါရိုက်တာကျောက်... ရှင် နားလည်မှု လွဲနေပြီ... ကျွန်မ သူတို့နဲ့ မသိပါဘူး... ကျွန်မက ဒီတိုင်း ယဉ်ကျေးပြနေတာပါ... "ကျောက်ရင်ညန် ကမန်းကတမ်း ပြောဆိုလိုက်ပြီး " ကျွန်မက ရှင်လာမယ်ဆိုတာ သိလို့ သဘောတူလိုက်တာ... ရှင်နဲ့ လင်းရီကြားမှာ အချေအတင် ဖြစ်ထားမှန်း သိရင် ကျွန်မလည်း သဘောမတူပါဘူး..."
အလွန်အမင်း တိုတောင်းလှသည့် အချိန်ကာလအတွင်းမှာပဲ ကျောက်ရင်ညန် ကောင်းကျိုး ဆိုးပြစ်များကို တိုင်းတာ ချိန်တွယ်ကြည့်လိုက်သည်။
ကျောက်ဟိုင်ဟုန်သည်က အနုပညာ နယ်ပယ်ထဲတွင် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။ သူ၏ ရွေ့ကွက်က မည်သို့ပင် ဖြစ်စေကာမူ သူမ သူ့ကို အပြစ်ပြုလို့ မစွမ်းသာချေ။
သူနှင့်အတူ ရပ်တည်မှသာလျှင် သူမ၏ လက်ရှိ အနေအထားကို ဆက်လက် ထိန်းထားနိုင်ပြီး အနုပညာ နယ်ပယ်ထဲတွင် ခြေကုပ်ယူနိုင်မည် ဖြစ်၏။
ထို့ကြောင့် မည်သို့ပင် ဖြစ်စေကာမူ သူမ ဒါရိုက်တာကျောက် စိတ်ငြိုငြင်အောင် ပြုလုပ်လို့ မဖြစ်ချည်။
သူမနှင့် လင်းရီကြားရှိ ရင်းနှီးပတ်သက်မှုကတော့ အကယ်၍ ထိန်းသိမ်းထားနိုင်လျှင် အကောင်းဆုံး ဖြစ်သော်ငြားလည်းပဲ မထိန်းသိမ်းနိုင်လျှင်ပင် ပြဿနာ မရှိချေ။
" နင်က ငါတို့နဲ့ မသိဘူးပေါ့.. ဟုတ်လား..."ရန်စီ၏ လေသံမှာ ယခင်ကကဲ့သို့ ခင်မင်ဖွယ်ရာ ကောင်းမနေတော့ပဲ " မစ်ကျောက်... နင် မပူးပေါင်းချင်ဘူးဆိုလည်း မပူးပေါင်းချင်ဘူးလို့ တိုက်ရိုက်ပြောလိုက်... ငါတို့ စိတ်မရှိဘူး... ဒါပေမယ့် ငါတို့နဲ့ မသိပါဘူးလို့ ပြောလိုက်တာကတော့ နည်းနည်းလေး များတယ် မထင်ဘူးလား..."
" ကျွန်မတို့က တကယ်ရော ရင်းနှီးလို့လား... ကျွန်က ရှင့်ရဲ့ ရှိုးထဲမှာ တစ်ခါပဲ ၀င်ရိုက်ဖူးပြီး အဆက်အသွယ်လည်း သိပ်ရှိတာ မဟုတ်ဘူး...ဒီတော့ ကျွန်မတို့က မရင်းနှီးဘူးလို့ သတ်မှတ်လို့ ရတယ်လေ.... " ကျောက်ရင်ညန် ပြောလိုက်သည်။
" ငါတို့ နှစ်ယောက်ကြားမှာ တကယ်ပဲ ရင်းနှီးမှု မရှိဘူး... ဒါပေမယ့် နင်နဲ့ လင်းရီ ကျတော့ရော... သူသာ မရှိရင် နင် ကျွန်းပေါ် ရောက်နိုင်တဲ့ အခွင့်အရေးတောင် ရှိမှာမို့လားတဲ့.. ပန်းတိုင်ရောက်ဖို့ဆို ပြောမနေနဲ့တော့...."ရန်စီ နှာခေါင်းရှုံ့လိုက်သည်။
ကျောက်ရင်ညန် မျက်မှောင်ကြုတ်သွားခဲ့သည်။ လင်းရီက သူမကို အမှန်ပင် ကူညီခဲ့ဖူးလေသည်။ သို့ပေမယ့် အရာအားလုံးက အတိတ်၌သာ ကျန်ရစ်ခဲ့ချေပြီ။
သူမဘ၀ တက်လမ်းအတွက်၊ ပိုမိုမြင့်မားသည့် လှေကားထစ်အပေါ် တက်ရောက်နိုင်ရေးအတွက် သူမ လင်းရီနှင့် နောက်တစ်ကြိမ် ရင်းနှီးပတ်သက်လို့ မရတော့ချေ။
မဟုတ်ပါက သူမ၏ အသက်မွေး၀မ်းကျောင် အလုပ်အကိုင်သည်လည်း အဆုံးသတ်သွားပေလိမ့်မည်။
" ဒါရိုက်တာရန်... ကျေးဇူးပြုပြီး အမှန်တရားကို လေးစားပေးပါ... ကျွန်မတို့ နှစ်ယောက် အရင်က အတူ အလုပ်လုပ်ခဲ့ဖူးတာ ဟုတ်တယ်..."ကျောက်ရင်ညန် လင်းရီကို ကြည့်လိုက်ပြီး" သူ့ရဲ့ ရုပ်ရည်က အပြစ်ပြောစရာ မရှိဘူးဆိုပေမယ့် ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် သူက ဒီတိုင်း သာမန်လူပဲ.. ကျွန်မ နာမည်ကို အသုံးချပြီး အနုပညာ နယ်ပယ်ထဲ ၀င်ချင်နေတဲ့ လူတစ်ယောက်ထက် မပိုဘူး... ကျွန်မကလည်း ကျွန်းပေါ်မှာတုန်းက သူ့ရဲ့ အရည်အချင်းကို အသုံးချခဲ့တယ်... နှစ်ဦးနှစ်ဖက်က ကိုယ်လိုချင်တာကို ရပြီးသွားပြီ မဟုတ်ဘူးလား... ဘာလို့ ရှင့်မျက်လုံးထဲမှာ သူကပဲ ကျွန်မကို ကူညီပေးခဲ့တဲ့သူလို့ လာမြင်နေတာလဲ... ဒါကြီးကတော့ မဟုတ်သေးပါဘူး.. ဟုတ်တယ်နော်... "
" ဟက်... " လင်းရီ ပြုံးလိုက်ပြီး " ငါ မှတ်မိသလောက်ဆိုရင် ငါ့မှာ ပိုက်ဆံ မရှားဘူးလို့ မင်းကို ပြောဖူးသလားလို့... ဘာဆိုင်လို့ သောက်လုပ်ရှုပ်ခံပြီး အနုပညာ နယ်ပယ်ထဲ ၀င်ရမှာလဲ...."
" အဲ့တာ ရှင်တို့ လက်ဝါးချင်း ရိုက်ထားတဲ့ ကိစ္စပဲ နေမှာပေါ့.."ကျောက်ရင်ညန် ပြောလိုက်ပြီး " သူက ရှင့်အတွက် တိုင်ကွန်းပုံစံ ဖန်တီးပေးတယ်.. ဒါမှ ရှင်နောင်ကျရင် အနုပညာ နယ်ပယ်ထဲ ၀င်လို့ရမှာလေ..."
" နင်...."
ရန်စီ ပြောစရာ စကား ရှာမရလောက်အောင် ဒေါသထွက်နေခဲ့တော့သည်။ သူမ၏ ရှိုးပွဲကြောင့်သာ မဟုတ်ပါက ကျောက်ရင်ညန်သည်လည်း ယနေ့ကဲ့သို့ နာမည်ကြီးလာလိမ့်မည်လော။
သို့ပေမယ့် ယခု ဤ မိန်းကလေးသည် အလွန်တရာကို ကျေးလာစွပ်ပြနေသည်။
အကယ်၍ ယခုလိုဖြစ်မည်မှန်း ကြိုသိခဲ့ပါက သူမကို ငှားရမ်းခဲ့မိလိမ့်မည် မဟုတ်ချေ။
သူမကို အခွင့်အရေး လုံး၀ မပေးနိုင်ချေ။
" ကောင်းပြီ.. ဘာမှ ဒေါသ ထွက်မနေနဲ့တော့..."လင်းရီ ရန်စီ၏ ပခုံးကို ပုတ်ရင်း သူမကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။
" ထားလိုက်.. ခု သူ့ဘေးမှာ တခြားတယောက် ရှိနေပြီလေ..."
" ရင်ညန်.. သွားကြစို့... ငါတို့ တစ်နေရာရှာပြီး ဒါရိုက်တာကျောက်နဲ့ နောက်ရိုက်မယ့် ရုပ်ရှင်အကြောင်း ဆွေးနွေးရမယ်... "ကျန်းကျင်းဟွာ ပြောလိုက်၏။
" အွန်း-အွန်း... "
ကျောက်ရင်ညန် အပြုံးလေးဖြင့် ကျောက်ဟိုင်ဟုန်ထံ လျှောက်လှမ်းသွားသည်။ " ဒါရိုက်တာကျောက်.. သွားကြစို့... တစ်နေရာရှာပြီး အလုပ်အကြောင်း အသေးစိတ် ပြောကြတာပေါ့... "
" သွားမယ်..."ကျောက်ဟိုင်ဟုန် မောက်မာလွန်းစွာ ပြောလိုက်သည်။ သူ၏ ပုံစံက လင်းရီနှင့် ရန်စီသည် သူ တစ်ချက်ကြည့်ဖို့လောက်ကို မထိုက်တန်နေသကဲ့သို့ပင်။
အကြည့်တို့ စကားပြောနေခဲ့သည်က ‘ မင်း စောက်ဆင့်နဲ့များ ‘ ဟူ၍ပင် ဖြစ်ပေတော့သည်။
ချလပ်…
သုံးယောက်လုံး ထွက်ခွာသွားခဲ့ပြီးနောက် သီးသန့်ခန်းသည်လည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။
“ ချီးပဲဟာ…”
ရန်စီ ဆံပင်ကို နောက်သို့ သပ်လိုက်ရင်း စိတ်တိုကြီးစွာ ကျိန်ဆဲလိုက်သည်။
“ ဘာလို့ ဒေါသထွက်နေရတာလဲ…” လင်းရီ ပြုံးလိုက်ပြီး “ ဘာမှဟုတ်တာလည်း မဟုတ်ပဲနဲ့ကို…”
“ ငါ သူ့ကို ဒီလောက်ထိ ကျေးဇူးကန်းလိမ့်မယ် ထင်မထားလို့လေ… နင့်ကြောင့်သာ မဟုတ်ရင် သူဆိုသာ သင်္ဘောပေါ်ကနေ ဆင်းနိုင်မှာတဲ့လား… ခုလိုမျိုး TV ဒရာမာတွေ ရိုက်နေရရင်တောင် ဒီလောက်ထိ နာမည်ကြီးနေမှာ မဟုတ်ဘူး…” ရန်စီ ဒေါသ အင်မတန် ထွက်နေခဲ့ပြီး သူမ ရင်ဘက်ကြီးပင် နိမ့်တုံမြင့်တုံ ဖြစ်နေခဲ့သည်။ “ သူက ကျော်ကြားဖို့အတွက် ကိုယ့်ကျင့်တရားကိုတောင် စွန့်လွှတ်ပစ်လိုက်တာပဲ..”
“ ဒါကြောင့် လူကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့... မသေချာသေးတဲ့ ကိစ္စတစ်ခုအပေါ် အရမ်းကြီးလည်း မျှော်လင့်မထားရဘူး… ငါလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးတာပဲလေ…”
ရန်စီနှင့် နှိုင်းယှဉ်ပါက လင်းရီ၏ စိတ်နေသဘောထားသည် တော်တော်လေးကို ပွင့်လင်းမြင်သာ ရှိသည်ဟု ဆိုရလိမ့်မည်။
စီးပွားရေး လောကရှိ ယုတ်မာ ကောက်ကျစ်သည့် အပြုအမူများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ယခု ဖြစ်ရပ်လေးမှာ ဖြတ်တိုညှပ်စ အသေးအမွှားလေးမျှသာ ဖြစ်သည်။
“ ငါက နင့်အစား စိတ်မကောင်း ဖြစ်မိလို့ပါ…”
“ ကောင်းပြီ… ဒါရိုက်တာရန် .. စိတ်ကိုလျှော့… “ လင်းရီ ပြောလိုက်ပြီး “ အရင်ဆုံး တစ်ခုခုသွားစားကြတာပေါ့.. ငါဗိုက်ဆာနေပြီ…”
“ ဒါလည်း စားသောက်ဆိုင်ပဲ မဟုတ်ဘူးလား… ငါတို့ ဒီမှာတင် စားလို့ရတယ်လေ…” ရန်စီ ပြောလိုက်သည်။
“ ဒီက အစားအသောက်တွေက အရသာ မရှိဘူး… အပြင်ဘက်က ဘာဘီကျူးဆိုင်တွေနဲ့ ယှဉ်ရင် လိုနေသေးတုန်းပဲ…”
ရန်စီ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ပြီး “ နင်က ငါမြင်ဖူးသမျှ တိုင်ကွန်းတွေထဲမှာ ရိုးရိုးကုပ်ကုပ် အနေဆုံးပဲ…”
နှစ်ယောက်သား ရယ်ရင်း ဟားရင်းဖြင့် ဟိုတယ်ထဲမှ ထွက်လာခဲ့ကြသည်။ ထို့နောက် လင်းရီ ကားမောင်း၍ ဘာဘီကျူး ဆိုင်တစ်ဆိုင်သို့ မောင်းထွက်လာခဲ့လေသည်။ သူတို့ အကင်တစ်ချို့မှာပြီး ပျော်ရွှင်စွာ စားသောက်ခဲ့ကြ၏။
“ မင်းက ဘယ်လို ပရိုဂရမ်မျိုး ရိုက်ဖို့ စီစဉ်ထားတာလဲ…” လင်းရီ စားနေစဉ် မေးမြန်းလိုက်သည်။
“ နင့်ရဲ့ လက်ရှိ ဘဝ နေထိုင်တဲ့ ပုံစံနဲ့ နည်းနည်းဆင်တယ်… ကျေးလက် အတွေ့အကြုံယူတဲ့ ပရိုဂရမ်ပေါ့… ဖြည်းဖြည်းချင်းနဲ့ သတိရှိမှုအပေါ် အာရုံစိုက်သွားတာ…” ရန်စီ လင်းရီနှင့် ဖန်ခွက်ချင်း တိုက်လိုက်ပြီး “ နင့်မှာ အကြံပေးစရာလေးများ မရှိဘူးလား..”
“ မင်းက ငါ့လို ရင်ဖိုစရာတွေ ဘယ်လိုလိုက်ရှာမလဲ သိတဲ့ ကောင်နဲ့ ပွင့်ပွင့်လင်းလင်း အေးချမ်းမှု အကြောင်းတွေ လာဆွေးနွေးနေတယ်ဆိုတော့…. အစ်မကြီး… ခင်များတော့ လူမှားနေပြီ…”
“ ငါ နောက်နေတာ မဟုတ်ဘူးဟ… နင့်မှာ အကြံတစ်ချို့ ရှိရင် ပေးစမ်းပါ…”
“ ပြည်တွင်း Variety show တွေရဲ့ ပုံစံက တစ်သားမှတ်တည်း ပုံစံယူထားသလို ဖြစ်နေပြီး အဓိက အားပေးကြတဲ့သူတွေ ဆိုတာကလည်း အမျိုးသမီးတွေ ခပ်များများရယ်… အဲ့ဒီ အချက်ကို သေချာလေး ကိုင်တွယ်နိုင်မယ်ဆိုရင် မင်း အဆင်ပြေပြီလေ..”
“ နင် ပြောတဲ့ အတိုင်းဆို ငါ့ရဲ့ ရှိုးမှာ နင့်ကို စတား လုပ်ခိုင်းရမလိုတောင် ဖြစ်နေပြီ.. “ ရန်စီ အပြုံးဖြင့် ပြောလိုက်၏။ “ ငါနင့်ရဲ့ ဝမ်းဗိုက်ကြွက်သားကြီးတွေကို သေချာ မီးမောင်းထိုးပြပေးမယ်… အဲ့လိုသာဆိုရင် rating ကတော့ ကြော်ငြာလုပ်နေစရာတောင် လိုမှာ မဟုတ်လောက်ဘူး… သေချာပေါက် ထိုးတက်လာလောက်တယ်…”
“ တော်စမ်းပါကွာ… ဒါက ပရိုဂရမ် စီးရီးလေ… ငါ့ခန္ဓာကိုယ်ကို ရောင်းချတဲ့ နေရာမှာပဲ အာရုံစိုက်နေလို့ ဘယ်ဖြစ်မှာ…”
စနောက်ပြီးနောက် ရန်စီ ပို၍ လေးလေးနက်နက် ဖြစ်လာခဲ့သည်။
“ နင် ပြောတဲ့ဟာကိုလည်း ငါ စဉ်းစားပြီးသွားပြီ.. ဒါကြောင့်မို့ ကျွမ်းကျင်မှုလည်းရှိ၊ နာမည်လည်း တော်တော်ကြီးတဲ့ အနုပညာရှင် တစ်ယောက်လောက် ရှာချင်နေတာ…. ဒါမှ ပွဲတစ်ခုလုံးရဲ့ စည်းချက်ကို ကောင်းကောင်းကြီး ထိန်းညှိသွားနိုင်မှာဟ…”
“ အင်း… အကြံကတော့ မဆိုးပါဘူး… အဲ့လိုသာဆိုရင် ရှိုးပွဲက မင်း ထိန်းချုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာပဲ ရှိနေတော့မှာပဲ…” လင်းရီ ပြောလိုက်ပြီး “ ငါ တခြား ဘာကူညီပေးဖို့ လိုသေးလဲ…”
“ ငါ ပိုက်ဆံလိုရင် နင့်ဆီ သေချာပေါက် လာရှာမယ်…”
“ ငါပြောနေတာ ပိုက်ဆံ ကိစ္စ မဟုတ်ဘူး.. တခြား ကိစ္စ… သရုပ်ဆောင်တွေ… ထုတ်လုပ်ရေး အသင်းတွေ… အဲ့သလိုမျိုး…”
“ ဟမ်… နင့်မှာ အဆက်အသွယ်တွေ ရှိနေလို့များလား…”
“ ဆိုပါတော့… မင်း လိုအပ်တယ်ဆို ငါ လိုက်စုံစမ်းထားပေးမယ်လေ… မနက်ဖြန်ကျရင် အဖြေပြန်ပေးမယ်…”
“ အဲ့တာဆို သိပ်ကောင်းတာပဲပေါ့…” ရန်စီ ပြောလိုက်ပြီး “ ဧည့်သရုပ်ဆောင်တွေက တကယ့်ကို ပြဿနာ သိလား… နာမည်ကြီး စတားတွေရဲ့ အချိန်ဇယားတွေကလည်း အကုန်ပြည့်ကြပ်နေပြီ… လွတ်နေကြတဲ့ စတားတွေကျတော့လည်း နာမည်က မရှိကြပြန်ဘူး… အရမ်း အလုပ်ရှုပ်တယ်…”
“ ငါနဲ့ လွှဲထားလိုက်…”
လင်းရီ စိတ်ထဲ တော်တော်လေး ချိန်ကိုက်သား ဖြစ်လွန်းသည်ဟု ခံစားနေရသည်။ သူ ယနေ့ တွေ့ခဲ့ရသည့် ရှောင်လီတုံသည် မီဒီယာ ကုမ္ပဏီ တစ်ခုမှ ဖြစ်နေခဲ့လေသည်။
သူသည်က ဤကဏ္ဍတွင် ကျိန်းသေပေါက်ကို ကျွမ်းကျင်သူ ဖြစ်လိမ့်မည်။ သူနှင့် စကားပြောနိုင်မည်ဆိုပါက ပြဿနာ ရှိလိမ့်မည် မဟုတ်ချေ။
သို့ဖြင့် နှစ်ယောက်သား ည ဆယ်နာရီလောက်အထိ သောက်စား မူးယစ်နေခဲ့ကြ၏။ ရန်စီ၏ အရက်သောက်နိုင်စွမ်းသည်လည်း ဩချလောက်စရာပင်။
ဘီယာ ခုနစ် ပုလင်း သောက်ပြီးသည့်တိုင် မလဲပြိုသေးဘဲ သူနှင့် အပြိုင် ခွက်ချင်းတိုက်နေဆဲ ဖြစ်သည်။
စားသောက်ပြီးနောက် ရန်စီ ဘေလ်ရှင်းလိုက်ပြီး လင်းရီနားထဲသို့ တီးတိုးပြောလိုက်၏။
“ ငါ ဒီနေ့ အန်တီလာနေတယ်… နင့်ကို ဒီည ဂရုစိုက်ပေးမယ်… နောင်ကိစ္စ နောင်မှပဲ ပြောကြတာပေါ့…နော်…”