မတူကွဲပြားသည့် လူ့အဆင့်အတန်း၊ ကွာခြားသွားသည့် အတွေးအခေါ်
Vol. 73 Ch. 1082
“ အာ…. မီးနီဖြတ်မှာ ကောင်းတာတော့ မဟုတ်ဘူးနော…”
ရန်စီ ဆံပင်ကို နားအနောက် သပ်လိုက်ပြီး အပြုံးလေးဖြင့် “ ငါ သောက်ထားတယ်.. ဒီတော့ နင့်ကို ပြန်မောင်းမပို့ပေးတော့ဘူး… တက္ကစီနဲ့သာ စီးသွားလိုက်တော့… မဟုတ်လည်း ငါ့ကား ယူသွားလိုက်….”
“ မလိုပါဘူး… ငါ တက္ကစီပဲ ယူသွားလိုက်မယ်…”
ကိုယ်စီ လမ်းခွဲပြီးနောက် လင်းရီ တက္ကစီငှား၍ သူ့ကားကိုတော့ ထန်းချိန် အိမ်ယာ ဝင်ပေါက်ဝ၌သာ ထားရစ်ခဲ့လိုက်သည်။
“ ဟင်... နင် သောက်လာတယ်… “
အိမ်သို့ ပြန်ရောက်လာပြီးနောက် ကျီချင်းရန် လင်းရီကို လာကြိုပြီး မေးမြန်းလိုက်သည်။
“ သုံးလေး ပုလင်းလောက်ပါပဲကွာ…. မများပါဘူး..”
“ နင် ကားတော့ မမောင်းလာပါဘူးနော်.. “
“ ထန်းချိန်အိမ်ယာမှာပဲ ထားခဲ့တယ်…”
“ အဲ့တာကောင်းတယ်…”
ကျီချင်းရန် လင်းရီကို ရေချိုးခန်းထဲ ဆွဲခေါ်သွားလိုက်ပြီး “ သွား … ရေသွားချိုးစမ်း… တစ်ကိုယ်လုံးလည်း အရက်နံ့တွေချည်းပဲ…”
“ အေးပါ…”
လင်းရီ ကျီချင်းရန်နှင့် ပြန်ငြင်းမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူနိုင်မည် မဟုတ်မှန်း ကြိုသိနေသောကြောင့် ဖြစ်၏။ အကယ်၍ သူသာ ရေမချိုးဘူးဆိုပါက သူ့ကို ပေးအိပ်လိမ့်မည် မဟုတ်ချေ။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ ပုံမှန်အတိုင်း ထန်းချိန် အိမ်ယာသို့ သွားပြီး အသီးများအား တတ်နိုင်သမျှ မြန်မြန် ရောင်းထွက်ချင်နေတော့၏။
သို့သော်လည်း သူသဟိုင်နှင့် သူယောင်တို့တော့ ရောက်မလာခဲ့ကြချေ။ သူတို့အိမ်ရှိ ဟင်းသီးဟင်းရွက်များအားလုံးသည် ရောင်းလို့ ကုန်သွားခဲ့ချေပြီ။
မျှော်လင့်မထားစွာဖြင့် လင်းရီ ရောက်ပြီးသည်နှင့် တစ်ပြိုင်နက် စီးပွားရေးမှာ တံခါးလာခေါက်တော့၏။
ထို့ပြင် အသီး ဝယ်ရန်အတွက် သူ့ကို တမင်တကာ စောင့်ဆိုင်းနေသည့် ဟန်ပင်။
“ ကောင်လေး… ငါ့ကို ပန်းသီး နှစ်ပေါင်လောက် ချိန်ပေးဦး…” အသက်လေးဆယ် အရွယ်ရှိ သက်လတ်ပိုင်း အန်တီကြီး တစ်ယောက်မှ ပြောလိုက်၏။
သူ့အသီးကို လူတော်တော်များများက ဝယ်မစားကြသောကြောင့် လင်းရီ ယခု လာဝယ်နေသည့်သူကို မှတ်မိနေသည်။
သူက မနေ့တုန်းက ပန်းသီး တစ်ပေါင်ဝယ်ပြီး အားပေးသွားသည့် အန်တီကြီး ဖြစ်၏။
“ ပန်းသီးတွေ ကောင်းတယ်နော် ဒေါ်ကြီး… ဟုတ်တယ်မလား…”
“ ကောင်းတာထက်ကို ပိုတာပေါ့… နင်က လူရိုးသားလေးပဲ… အန်တီနင့်ကို အကဲဖြတ်တာ မမှားဘူး…” သက်လတ်ပိုင်း အမျိုးသမီးမှ ပြောလိုက်ပြီး “ မနေ့တုန်းက အန်တီ့သမီး နင့် ပန်းသီး စားလိုက်တာ သူ့မျက်နှာပေါ်က တင်းတိပ်ဝက်ခြံတွေ ပျောက်ကုန်တယ်လေ.. လှပစေတယ်ဆိုတာ တကယ်ကြီး ချဲ့ကားနေတာ မဟုတ်ဘူးပဲ… ဒါကြောင့် ထပ်လာဝယ်တာ..”
၎င်းကို ကြားတော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ယခင် သူ မစ်ရှင် လက်ခံစဉ်က စနစ်သည် အမှန်ပင် ထိုသို့ ခန္ဓာကိုယ်ကို လှပစေပြီး ဟော်မုန်းများအား ကောင်းစွာ လည်ပတ်စေသည့် အကျိုးသက်ရောက်မှု ရှိသည်ဟု ပြောထားခဲ့သည်။သို့သော် အကျိုးသက်ရောင်မှုက ထိုမျှ ခိုင်မာနေလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ချေ။
“ အားလုံးပေါင်း ၆,၁၃၀ ယွမ် ကျပါတယ်… ၆,၀၀၀ ပဲပေးဗျာ…”
“ မလုပ်နဲ့… အန်တီနင့်ကို အခွင့်အရေး ယူလို့ ဘယ်ကောင်းမှာလဲ…”
သက်လတ်ပိုင်း အမျိုးသမီးကြီးက သိပ်ကို သဘော လွှတ်ကောင်းနေခဲ့ပြီး လင်းရီကို ယွမ် ၆,၂၀၀ လွှဲပေးလိုက်သည်။ " ကောင်လေး .. ငါနင်နဲ့ ဆွေးနွေးစရာလည်း ရှိတယ်…”
“ ဟုတ်ကဲ့…. ဘာများလဲ…”
“ နင် ဒီအသီးတွေ ဘယ်လိုလည်း စိုက်ပျိုးထားတာ… ငါ ဒီထဲ ယွမ် ငါးသန်း ရင်းနှီးမြုပ်နှံပေးမယ်… နင် ဘယ်လိုထင်လဲ..”
“ အမ်….”
လင်းရီ မေးစေ့ကို ပွတ်သပ်လိုက်ပြီး စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားလိုက်ရသည်။
ယုတ္တိရှိရှိ ပြောရမည် ဆိုပါက ဤအသက်အရွယ်ရှိ အန်တီကြီးများသည် ပုံမှန်ဆို ခင်ပွန်းသည်နှင့် ကလေးများအား ပြုစုရင်း အချိန်ကုန်နေသင့်လေသည်။ ဒါမှမဟုတ် အိမ်တွင်နေ၍ မြေးမြစ်များအား ထိန်းချင်လည်း ထိန်းနေပေလိမ့်မည်။
ယခုတော့ ကောင်းလွန်းပေစွ။ အသက် လေးဆယ် သို့မဟုတ် ငါးဆယ် ရှိပုံရသည့် အန်တီကြီးသည် သူ့ဆီ ရောက်လာပြီး အမှန်ပင် ယွမ်ငါးသန်း ရင်းနှီးမြုပ်နှံမည့် အကြောင်း လာပြောပြနေတော့၏။
မတူကွဲပြားသည့် လူ့အဖွဲ့အစည်း၏ အဆင့်အတန်းကို နေရာတိုင်းတွင် တွေ့ရှိနေနိုင်နေပါတကား။
“ ရင်းနှီးမြုပ်နှံဖို့တော့ မလိုသေးဘူးဗျ… ကျုပ်က ဒီတိုင်း လုပ်ချင်ရာ လျှောက်လုပ်နေတာမို့လေ… ကျုပ်လည်း ပိုက်ဆံ မရှားပါဘူး… ဒီတိုင်း အတွေ့အကြုံရအောင် လုပ်နေတာ….”
“ ငါ သိပြီ… ဒါဆို အန်တီနင့်ကို မနှောင့်ယှက်တော့ဘူးနော်…”
“ ဟုတ်ကဲ့… ဂရုစိုက်ပြီးသွားပါ…”
တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် ထိုအန်တီကြီး ထွက်ခွာသွားခဲ့ပြီးနောက် အသီးဝယ်မည့်လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်လာခဲ့ကြသည်။
ထိုအထဲ အများစုကတော့ ထပ်ခါ ထပ်ခါ လာဝယ်ကြသည့် ဖောက်သည်ရင်းကြီးများ ဖြစ်ကြ၏။ တစ်ချို့တလေကျတော့ ထိုဖောက်သည်ရင်းကြီးများ အကြံပြုလိုက်သည့်လူများပင် ဖြစ်ကြသည်။
နှစ်ရက်ကြာ တစိုက်မတ်မတ် အလုပ်ကြိုးစားပြီးနောက် သူ့ဆိုင်လေးသည်လည်း နာမည် ဂုဏ်သတင်းတစ်ချို့ ရှိလာခဲ့သည့်ပုံပင်။
“ ကောင်လေး… ငါ့ကို အသီး နောက် ဆယ်ကီလိုဖိုးလောက် ချိန်ပေးပါဦး..”
တစ်စုံတစ်ယောက် စကားပြောလာသည့် အသံကို ကြားတော့ လင်းရီ ခေါင်းမော့ကြည့်လိုက်ပြီး ရှောင်လီတုံ၏ ဇနီး၊ မုန့်ဖန်းဖေး ဖြစ်နေကြောင်း မြင်တွေ့လိုက်ရသည်။
“ ခင်များတို့ မနေ့တုန်းကပဲ ငါးကီလို ဝယ်သွားသေးတယ် မဟုတ်ဘူးလား… တစ်ညတည်း ကုန်အောင် စားပစ်လိုက်ပြီပေါ့…”
“ နင့်အသီး ဘယ်လောက်ကောင်းလဲ ဆိုတာ မစားဖူးရင် သိမှာ မဟုတ်ဘူး… ငါ မနေ့က တစ်လုံး မြည်းကြည့်လိုက်တာလေ ရှော့ခ်ပါ ရသွားပါတယ်ဆိုနေ… သိပ် အရသာ ရှိလွန်းတယ်ဟယ်…” မုန့်ဖန်းဖေး ပြောလိုက်ပြီး “ သမီးလေး ခွဲစိတ်ပြီးတော့ အမျိုးတွေ တော်တော်များများလည်း ရောက်လာကြတာ သူတို့ကို ပေးမြည်းကြည့်လိုက်တော့ သူတို့လည်း အကုန် ကြိုက်ကုန်ကြတာချည်းပဲ… နည်းနည်းလေး ဈေးကြီးတယ်ဆိုပေမယ့် ဒီလောက် အရသာရှိတဲ့ အသီးမျိုးက ရှာရခက်ခဲတယ်လေ.. ဒါကြောင့် နောက်ထပ် ဆယ်ကီလို လာဝယ်တာ…”
“ ဟဲဟဲ.. လာပေးလို့ ကျေးဇူးပါ…”
“ ကျေးဇူးတင် စကားပြောကြေးဆို ငါတို့ကပဲ ပြောရမှာပေါ့… မဟုတ်ရင် ပိုက်ဆံ ရှိရင်တောင် နင့်လိုမျိုး ကျွမ်းကျင်တဲ့ ဆရာဝန်ကို ငှားဖို့ တတ်နိုင်မှာ မဟုတ်ဘူး…”
“ ရပါတယ်… ရေစက်ပါလို့ ဆုံကြရတာချည်းပဲလေ…” လင်းရီ ပြောလိုက်ပြီး “ ကဲ.. ဘယ်အသီးယူမလဲ.. ကျုပ် ချိန်ပေးမယ်..”
“ နင် ပေးချင်တာ ပေးလိုက်…. နင့်မှာ အများဆုံး ကျန်တဲ့ အသီး ထည့်ပေးလိုက်လေ…”
“ ကောင်းပြီ…”
မိနစ် အနည်းငယ် ကြာပြီးနောက် လင်းရီ အသီးများကို မုန့်ဖန်းဖေး အတွက် ချိန်ပေးလိုက်ပြီး တစ်ဖက်သူမှ ပိုက်ဆံပေးချေလာခဲ့၏။
သူမ မထွက်ခွာမီ လင်းရီကို ကျေးဇူးတင်ရန်အလို့ငှာ သူမ အိမ် အလည်လာရန်လည်း ဖိတ်ခေါ်လိုက်သေးသည်။
သို့ပေမယ့် သူမ၏ စေတနာကောင်းများကို လင်းရီ ငြင်းပယ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ လိုအပ်သည်ဟု မထင်သောကြောင့်ပင်။
သို့သော် မုန့်ဖန်းဖေး၏ ထွက်ပေါ်လာမှုက လင်းရီကို ကိစ္စတစ်ခုအား သွားသတိရစေခဲ့သည်။
ရန်စီ၏ ပြဿနာကို သူမ ယောက်ျားဖြစ်သူမှ ဖြေရှင်းပေးနိုင်သောကြောင့် လင်းရီ တစ်ချက် မေးမြန်းကြည့်ဖို့ သင့်၏။
ယနေ့ စီးပွားရေးကတော့ တော်တော်လေးကို ရောင်းကောင်းနေသည်။ တစ်ယောက်ပြီးတစ်ယောက် လူများ လာအားပေးကြပြီး တန်းစီရလောက်သည်အထိ မဟုတ်သော်ငြား သေးငယ်သည့် ပမာဏတော့ မဟုတ်ချေ။
သို့တိုင်အောင် သူ များများစားစားတော့ မရောင်းရပါချေ။ ပန်းသီးနှင့် လိုင်ချီးသီးကဲ့သို့ အသီးများက တစ်လုံး ၊ နှစ်လုံး စသဖြင့် နည်းနည်းချင်းသာ ရောင်းချရ၏။ မရဆိုသလို ရောင်းသည့် ဈေးကလည်း ကြီးလွန်းနေသည် မဟုတ်ပါလော။ အသီးများက ချိုသာလွန်းပါသော်လည်း ရောင်းသည့်ဈေးကတော့ ချိုသာမနေခဲ့ချေ။
ဖောက်သည်တစ်ယောက်ကို အများဆုံး တစ်ကီလိုသာလျှင် ဝယ်သွားကြ၏။ သို့သော် လာဝယ်ကြသူများတော့ စဲမသွားခဲ့ချေ။
တချို့ဆို လင်းရီကို အဆင့်မြင့် ထုတ်ကုန်သစ်သီးများအဖြစ် ရောင်းချနေသည်ဟုတောင် စနောက်သွားခဲ့ကြသေး၏။
သူ မွန်းလွဲ နှစ်နာရီ အထိ အလုပ်ကြိုးစားနေခဲ့ပြီး အသီးများအားလုံး ရောင်းထွက်သွားခဲ့လေသည်။ ဤသည်က လင်းရီ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေတော့သည်။
၎င်းအပြင် လင်းရီ ဖောက်သည်များ ပြန်ပြောလာခဲ့သည်မှတဆင့် အရေးကြီးသည့် အချက်တစ်ချက်ကိုလည်း အတည်ပြုလိုက်နိုင်သည်။
စနစ်မှ ဆိုထားသည့် ရွှေစေး မြေဆီနှင့် စိုက်ပျိုးထားသော အသီးများသည် လူကို လှပစေပြီး ဟော်မုန်းများစွာ ကောင်းစွာ လည်ပတ်စေသည်က အပြောသပ်သပ် မဟုတ်သည့်ပုံပင်။ အမှန်ပင် အကျိုးသက်ရောက်မှု ရှိနေခဲ့ပြီး တော်တော်လေးလည်း စွမ်းပကားထက်၏။
အရေးကြီးဆုံး အချက်ကတော့ အလှပရေးရာပင်။
စားသုံးသူ၏ အခြေအနေအပေါ် မူတည်ပြီး အမြန်ဆုံး နာရီ အနည်းငယ်မှ အနှေးဆုံး တစ်ည အထိ အာနိသင်ပြရန် အချိန်ယူရသည်။
တစ်ည ဆိုသော်လည်းပဲ ထိုတစ်ညတည်းနှင့်ပင် မှော်ဆန်းလွန်းနေပြီးဖြစ်၏။
ဤသို့ဖြင့် စနစ်မှ သူ့ကို အသီးများ ရောင်းချပြီး ယွမ် ဆယ်သိန်း ရှာဖွေခိုင်းသည်က ခက်ခဲသည့် မစ်ရှင် တစ်ခု မဟုတ်ဟု လင်းရီ ခံစားလိုက်ရ၏။ ယခုလောလော၌ပင် သူ ယွမ် နှစ်သိန်း ရသည်အထိရောင်းချထားပြီး ဖြစ်လေသည်။
စနစ်သည် နည်းနည်း ခွေးဆန်သော်လည်း မမျှမတတော့ မလုပ်ချေ။
အသီးများ ရောင်းချပြီးနောက် လင်းရီ ဆိုင်ကို ပိတ်သိမ်းရန် ဟန်ပြင်လိုက်၏။ ၎င်းမတိုင်မီ သူ ရှောင်လီတုံထံ ဖုန်းဆက်လိုက်သည်။
“ ဟုတ်ကဲ့ ဘယ်သူလဲ… “ ရှောင်လီတုံ၏ လေသံမှာ တင်းမာနေသည်။
“ ကျုပ်ပါ… လင်းရီ…”
“ ဆိုတော့ ဒါရိုက်တာလင်းကိုး..” ရှောင်လီတုံ လေသံ တစ်မဟုတ်ချင်း ပြောင်းလဲသွားခဲ့ပြီး “ အဲ့တုန်းက ခင်များရဲ့ ဖုန်းနံပါတ် ကျုပ်ကို မပေးခဲ့ဘူးလေ… ဒါကြောင့်မို့ အဆက်အသွယ်ထဲ မမှတ်ထားလိုက်ရဘူး…”
“ ရပါတယ်…” လင်းရီ ယဉ်ကျေးစွာ စကားဆိုလိုက်ပြီး “ ကျုပ် ခင်များနဲ့ ကိစ္စ တစ်ခု စကားပြောချင်လို့… အဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခင်များရဲ့ အမြင်ကို ကျုပ် နားထောင်ကြည့်ချင်တယ်…”
ရတယ်လေ… ပြောပါ ဒါရိုက်တာလင်း…”
“ ကျုပ်မှာ မီဒီယာ ကုမ္ပဏီ အသစ်တစ်ခု တည်ထောင်ထားတဲ့ မိတ်ဆွေ တစ်ယောက်ရှိတယ်.. သူက Variety show တစ်ခု ရိုက်ချင်နေတာ.. ဒါပေမယ့် အသင်းအဖွဲ့နဲ့ လုပ်ရမယ့် ကိစ္စတွေမှာကျ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးဘူး ဖြစ်နေတယ်.. အဲ့တာ ခင်များ သူ့ကို ကူညီပေးနိုင်မလားလို့ပါ…”
“ ဒါရိုက်တာလင်းက ပြောလာပြီဆိုမှတော့ ကျိန်းသေပေါက် ပြဿနာ မရှိပါဘူး… ကျုပ် အခု ဒါရိုက်တာလင်းဆီ လာခဲ့လိုက်မယ်လေ… တစ်နေရာရှာပြီး တွေ့တဲ့အခါကျမှ အသေးစိတ် စကားပြောကြတာပေါ့..”
“ ကျုပ်ကို သိပ်ယဉ်ကျေးနေစရာ မလိုပါဘူး.. ဒါက စီးပွားရေး လုပ်နေတာ… ကျေးဇူးရှိတယ်ဆိုတဲ့ အမြင်နဲ့ မကြည့်လိုက်နဲ့… စီးပွားရေးမှာ အကျိုးအမြတ်က အရေးကြီးဆုံးပဲ…”
ထိုစကားများ ကြားပြီးသည်နှင့် တစ်ပြိုင်နက် ရှောင်လီတုံး၏ စိတ်ထဲရှိ လင်းရီ ပုံရိပ်သည် ကောင်းမွန်သထက် ကောင်းမွန်လာခဲ့တော့၏။
“ ဒါဆိုလည်း စီးပွားရေး လုပ်ကြတာပေါ့…. “
“ အင်း… တကယ်လို့ ခင်များ အဆင်ပြေတယ်ဆိုရင် ကျုပ် သူ့ကိုပါ ခေါ်ခဲ့လိုက်မယ်…”
“ ပြဿနာ မရှိဘူး… ကျုပ် ကုမ္ပဏီ လိပ်စာက ကတ်ပေါ်မှာ ပါပြီးသားပဲ… ကျုပ် အမြဲတမ်း ကုမ္ပဏီမှာ ရှိတယ်… ဒါရိုက်တာလင်း လာချင်တဲ့ အချိန်သာ လာလိုက်..”
“ ကောင်းပြီ… ကျုပ်တို့ တစ်နာရီကြာရင် တွေ့ကြတာပေါ့…”