← Chapters

မိုးလောက်မြင့်သည့် ကုန်ကျစရိတ်

Vol. 73 Ch. 1084

မိုးလောက်မြင့်သည့် ကုန်ကျစရိတ်

Vol. 73 Ch. 1084

သူတို့ ထိပ်ဆုံးအထပ်ကို ရောက်တော့ လင်းရီ ရန်စီကို ရှောင်လီတုံ၏ ရုံးခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။

တစ်ချိန်တည်း၌ သက်လတ်ပိုင်းလူကြီး တစ်ယောက်သည် ရှောင်လီတုံ၏ ရုံးခန်းထဲတွင် ထိုင်နေလေသည်။

ထို အမျိုးသား၏ နာမည်မှာ ယွီဖုန်းဖြစ်သည်။ သူက အပြာရောင် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားပြီး အညိုရောင် သားရေရှူးဖိနပ်ကို စီးနင်းထား၏။ နားထင်တစ်ဝိုက်တွင် အဖြူရောင် ဆံပင်မွေးများ ကျိုးတိုးကျဲတဲ ပေါက်ရောက်နေမှုက ၎င်းအသက်အရွယ်တွင် ရှားပါးသည့် ရင့်ကျက်မှုကို ဖော်ပြနေသည်။

ယွီဖုန်းသည်ကား ကျိုးဟိုင် စင်ကျူရီ မီဒီယာ ကုမ္ပဏီရှိ စီနီယာ ဒုတိယဥက္ကဌတစ်ဦး ဖြစ်ပြီး အလွန်ပင် စွမ်းစွမ်းတမံရှိသည့် ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

“ ယွီကြီး… ခဏနေကျရင် ငါ့မိတ်ဆွေတစ်ယောက် သူ့ သူငယ်ချင်း တစ်ယောက်ကို ခေါ်လာလိမ့်မယ်… သူက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အကြောင်း စကားပြောချင်နေတာ… မင်းက ကုမ္ပဏီရဲ့ အော်ပရေးရှင်းတွေအတွက် တာဝန်ယူထားတဲ့သူဆိုတော့ မင်းပဲ သူတို့နဲ့ ပြောကြည့်လိုက်ကွာ…”

“ ဘယ်လို မိတ်ဆွေမျိုးမို့လို့ … ငါတို့နှစ်ယောက်လုံး ကိုယ်တိုင်ကိုယ်ကျ ထွက်လာဖို့ ထိုက်တန်လို့လား…” ယွီဖုန်း ပြောလိုက်ပြီး “ မားကတ်တင်း ဌာနကိုပဲ ကိုင်တွယ်ခိုင်းလိုက်ရင် ပြီးနေတာကိုပဲ မင်းကလည်း…”

“ ဇာတ်လမ်း အရှည်ကြီး တစ်ပုဒ်ပေါ့ကွာ… မင်း မနေ့က ငါ့သမီး အက်စီးဒင့် ဖြစ်သွားတာ မင်း မှတ်မိတယ်မလား.. သူက ငါ့သမီးကို ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ပဲ… အဲ့တာပြီးတော့ ငါလိုက်စုံစမ်းကြည့်လိုက်တာ သူက ကျိုးဟိုင်မှာ အတော်ဆုံး ဆရာဝန်ဖြစ်နေတယ်… သူက ဆေးနယ်ပယ်မှာ တကယ့်ကို ဆရာကြီး…. အဲ့လို လူစားမျိုးက ငါ့ဆီလာမှတော့ ကူညီပေးသင့်တာ သဘာဝပဲလေ….”

“ မင်း သူ့ကို ကျေးဇူးဆပ်ချင်နေတာမလား…”

“ ဆိုပါတော့… ငါတို့တတ်နိုင်တဲ့ အတိုင်းအတာအတွင်း ရှိသရွေ့တော့ ငါတို့ အကောင်းဆုံး ကူညီပေးကြတာပေါ့…”

“ သူတို့က ဘာလုပ်ချင်နေကြတာလဲတဲ့….”

“ ငါကြားတာ သူ့သူငယ်ချင်းတစ်ယောက်က မီဒီယာ ကုမ္ပဏီတစ်ခု တည်ထောင်ပြီး variety show တစ်ခု ရိုက်ချင်နေတယ်ဆိုပဲ.. သူက ငါတို့ ကုမ္ပဏီရဲ့ အတွေ့အကြုံနဲ့ အရင်းအမြစ်တွေကို ငှားရမ်းချင်နေတာ…. အသေးစိတ်ကိုတော့ သူတို့ ရောက်လာတဲ့ အချိန်ကျ စကားပြောကြတာပေါ့….”

“ ဒါ ငါတို့ အပေါ် အခွင့်ကောင်းယူနေတာနဲ့ မတူဘူးလား.. မင်းလိုမျိုး အနုပညာနယ်ပယ်က အကောင်ကြီးကြီးနဲ့ တွေ့ပြီးမှတော့ အခွင့်အရေး ယူချင်နေတာ သဘာဝပါပဲ…”

“ မင်း အဲ့လို ပြောလို့တော့ ဘယ်ရမှာ… သူက ကျိုးဟိုင်မှာ တကယ့်ကို လွှမ်းမိုးမှုရှိပြီး ဆေးပညာ အသိုင်းအဝိုင်းမှာ ပြောရေးဆိုခွင့် အများကြီး ရှိတဲ့သူ တစ်ယောက်ဆိုလည်း မမှားဘူး…”

“ သူ့မှာ ဘယ်လောက်ပဲ လွှမ်းမိုးမှုရှိရှိ မင်းသူတို့ကို အကြွေးစာရင်းတော့ ပေးလိုက်လို့ မရဘူးနော်.. ဘာပဲဆိုဆို ငါတို့နဲ့တော့ မယှဉ်နိုင်ပါဘူး… ဟုတ်တယ်မလား..” ယွီဖုန်း‌ ပြောလိုက်ပြီး

“ ဒါကြောင့်မို့ ငါပြောချင်တာကကွာ.. ငါတို့ သူ့ကို ဒီတိုင်းလေးပဲ ကူညီမယ်.. ငါတို့ နည်းနည်းလေးပဲ ပေးမယ်.. အများကြီးတော့ မဟုတ်ဘူးပေါ့… ကုမ္ပဏီမှာ ဂရုစိုက်ပေးရမယ့် ဝန်ထမ်းတွေကလည်း အများကြီး ရှိနေသေးတာ မဟုတ်ဘူးလား…”

“ အမှန်ပဲ.. ငါတို့ တတ်နိုင်သလောက်လေးပဲ ကူညီကြမယ်…” ရှောင်လီတုံ ပြောလိုက်သည်။ “ တကယ်လို့ သူသာ ငါ့သမီးကို ခွဲစိတ်မှု မလုပ်ပေးခဲ့ရင် ငါ့သမီး တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အသက်ရှင်ရတော့မှာ… ဘယ်လိုပဲဖြစ်ဖြစ် ငါ ဒီကျေးဇူးကိုတော့ ပြန်ပေးဆပ်ရမှာပဲ…”

“ မင်း ပြောချင်တာကို ငါနားလည်တယ်…” ယွီဖုန်းပြောလိုက်ပြီး “ သူတို့ တောင်းဆိုလာတာကို အရင်ဆုံး ကြည့်ကြည့်ကြတာပေါ့… မဟုတ်လည်း ခု ဆွေးနွေးနေလို့ အလကားပဲ…”

ဒေါက် ဒေါက်‌ ဒေါက်..

သူတို့ နှစ်ယောက် စကားပြောနေတုန်းမှာပဲ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာခဲ့၏။

“ ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ…”

ရှောင်လီတုံ တုံ့ပြန်လိုက်ပြီး လင်းရီနှင့် ရန်စီတို့ တံခါးတွန်းဖွင့်၍ အထဲသို့ လမ်းလျှောက်လာခဲ့ကြသည်။

“ ဒါရိုက်တာလင်း.. ရောက်လာပြီလား…”

လင်းရီ ဝင်ရောက်လာသည်ကို မြင်တော့ ရှောင်လီတုံ ချက်ချင်း ထရပ်လိုက်ပြီး သူ၏ လက်ကို ဆန့်တန်းလိုက်သည်။

“ ကျုပ် ဒါရိုက်တာလင်းကို စောင့်နေတာ တော်တော်လေးတောင် ကြာနေပြီ..”

ရန်စီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ ရှောင်လီတုံ ဤမျှ ယဉ်ကျေးပြနေလိမ့်မည်လို့ သူမ မျှော်လင့်မထားခဲ့ချေ။

ကျိုးဟိုင် စင်ကျူရီ မီဒီယာ လက်အောက်တွင် ရှိနေသည့် အနုပညာရှင်များက နယ်ပယ် တစ်ခုလုံး၏ တစ်ဝက်လောက် ရှိနေသည်ဟု ပြောလျှင်ပင်မလွန်။ သူတို့က မီဒီယာ လောကတွင် အစစ်အမှန် ကျွမ်းကျင်သူများ ဖြစ်ကြ၏။ သို့ပေမယ့် လင်းရီနှင့် စကားပြောဆိုသည့် အချိန်၌ အင်မတန်ကို ယဉ်ကျေးနေခဲ့သည်။ ဖြစ်နိုင်သည်က လင်းရီ၏ ကျိုးဟိုင်ရှိ လွှမ်းမိုးနိုင်စွမ်းနှင့် အဆင့်အတန်းကြောင့်များ ဖြစ်နေမလော။

၎င်းအပြင် ရန်စီ အဖြေရှာမရ ဖြစ်နေသည့် နောက်တစ်ချက်ကလည်း ရှိနေသေးပြန်သည်။

အဘယ်ကြောင့် ရှောင်လီတုံက လင်းရီကို ဒါရိုက်တာလင်းဟု ခေါ်သမုတ်နေရသနည်း။

လင်းရီသည်လည်း သူ့လက်ကို ဆန့်တန်းလိုက်ပြီး ဘေးသို့ လှည့်၍ “ ကျုပ် မိတ်ဆက်ပေးရဦးမယ်… သူ့နာမည်က ရန်စီတဲ့…. အရင်က ကျိုးဟိုင် TV ဌာနမှာ ဒါရိုက်တာ ဖြစ်ခဲ့ဖူးတယ်လေ… ခုတော့ ကိုယ်ပိုင် ကုမ္ပဏီတစ်ခု တည်ထောင်လိုက်ပြီ….”

“ မင်္ဂလာပါ မစ္စတာကျောက်..” ရန်စီ သူမ၏ လက်ကို ဆန့်တန်း နှုတ်ဆက်လိုက်၏။

“ မင်္ဂလာပါ မင်္ဂလာပါ… “ ရှောင်လီတုံ တုံ့ပြန် နှုတ်ဆက်လိုက်ပြီး “ ဒါကတော့ ကျုပ်တို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌ၊ ယွီဖုန်း… သူက အတွင်း ထောက်ပို့နဲ့ အော်ပရေးရှင် လုပ်ငန်းတွေကို တာဝန်ယူထားတာလေ.. ဒီတော့ စီးပွားရေး ကိစ္စတွေမှာ ကျုပ်ထက်ပိုပြီး အရည်အချင်း ရှိတယ်.. မစ်ကျောက် သူနဲ့ စကားပြောကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်..”

“ မင်္ဂလာပါ ဒါရိုက်တာယွီ…”

“ မင်္ဂလာပါ ဒါရိုက်တာရန်…”

အပြန်အလှန် နှုတ်ဆက်ပြီးသည့်နောက် လေးယောက်လုံး ဆိုဖာပေါ် ထိုင်ချလိုက်ကြသည်။

“ ဒါရိုက်တာရန်… ဥက္ကဌရှောင် ကျုပ်ကို ခင်များရဲ့ အခြေအနေအကြောင်း ပြောပြပြီးသွားပြီ.. တကယ်လို့ ဒါရိုက်တာရန်မှာ အထူးတောင်းဆိုစရာလေးတွေ ရှိရင် ပြောလေ… ကျုပ်တို့ သင့်တင့်တဲ့ အစီအစဉ်တွေနဲ့ ကြိုးစားကြည့်ကြတာပေါ့…” ယွီဖုန်း ပြောလိုက်သည်။

“ ကျွန်မ အဓိက ဖန်တီးချင်နေတဲ့ variety show က အေးဆေးနိုင်ပြီး ကျေးလက်ဒေသ ဘဝပုံစံမျိုးပဲ… ကြည့်ရှုသူတွေကို သူတို့စိတ်အတွင်း ပုန်းအောင်းနေတဲ့ သူတို့သူတို့ ပြန်ရှာတွေ့နိုင်ပြီး ပဲ့တင်မှု ပြုလုပ်နိုင်အောင် ကူညီပေးချင်တယ်…. ဒါက ပရိုဂရမ် ကြည့်ရှုသူတွေရဲ့ rating ကို မြင့်မားစေမှာ သေချာသလောက်ပဲ…” ရန်စီမှ ပရော်ဖက်ရှင်နယ်ဆန်သည့် အမူအရာမျိုးဖြင့် ပြောဆိုလိုက်သည်။

“ ဒါပေမယ့် ကျွန်မနဲ့ ကျွန်မအသင်းက ဝါလည်း နုပြီး ဒီလိုမျိုး Variety show အသစ်ကို စီမံခန့်ခွဲဖို့က စိန်ခေါ်မှုတွေ တော်တော်လေး ရှိနေတယ်.. ဒါကြောင့်မို့ ကျွန်မတို့ နှစ်ဖက်က ပူးပေါင်းဆောင်ရွက်ပြီး ဒီ ပရိုဂရမ်ကို အကောင်အထည်ပေါ်အောင် ဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်…”

“ ဒီပရိုဂရမ်က တော်တော်လေးကို ဆန်းသစ်နေတာပဲ .. ဒါပေမယ့် တချို့ စွန့်စားရမှာလေးတွေလည်း ရှိနေတယ်… ဝက်ဝက်ကွဲ ဖြစ်သွားနိုင်ချေ ရှိသလို လုံးဝ ကျရှုံးသွားတာမျိုးလည်း ဖြစ်နိုင်တယ်… ဒါရိုက်တာရန် ဒီအတွက်တော့ ကြိုတင်ပြင်ဆင်ထားပြီးပြီလား မသိဘူး…”

“ ကျွန်မ ဒီ ဖြစ်နိုင်ချေတွေကို ကြိုစဉ်းစားပြီးသွားပြီ… ဒါကြောင့်မို့ ရှင်တို့လို အတွေ့အကြုံ ကြွယ်ဝတဲ့ အသင်းကြီးနဲ့ အတူ ပူးပေါင်းဆောင်ရွက်နိုင်ပြီး ရှိုးကို ထိပ်ဆုံးရောက်အောင် ပို့ပေးမယ့် အနုပညာရှင်တွေ ပါဝင်ဆင်နွှဲဖို့ မျှော်လင့်မိတာပေါ့…” “ ဒါရိုက်တာရန် အထူးညွှန်းဆိုချင်တဲ့ ဧည့်သည်တော်တွေများ ရှိလားမသိဘူး…”

“ လောလောဆယ် ကျွန်မ တွေးမိတဲ့ အမြင်ပေါ် အခြေခံပြီး ပြောရမယ်ဆိုရင် ပုံမှန် ဧည့်သည်တော်အဖြစ် ပါဝင်ကြမယ့် အလေးစားခံ အနုပညာရှင် တစ်ယောက်ကနေ နှစ်ယောက်အထိ လိုမယ်.. ရှိုးတစ်ခုလုံးရဲ့ စည်းချက်ကို ထိန်းသွားပေးမယ့် အနုပညာရှင်တွေပေါ့… သူတို့က နာမည် သိပ်ကြီးချင်မှ ကြီးလိမ့်မယ်… ဒါပေမယ့် ပရိတ်သတ်တွေကြားထဲမှာ အထူး အလေးစားခံတွေ ဖြစ်ဖို့တော့ လိုတယ်..”

“ အဲ့ဒါအပြင် ကျွန်မ ရှိုးတစ်ခုလုံးရဲ့ ကြည့်ရှုသူ ဦးရေ တိုးအောင် ပရိတ်သတ် အများအပြား ပိုင်ဆိုင်ထားတဲ့ လက်ရှိနယ်ပယ်ရဲ့ ဦးဆောင်နေသူ အနုပညာရှင်တစ်ယောက်ကိုလည်း ပုံမှန် ဧည့်သည်တော်အဖြစ် ထားရှိချင်တယ်… တခြား ဧည့်သည်တော်တွေကိုတော့ ဒုတိယ ဒါမှမဟုတ် တတိယအဆင့် အနုပညာရှင်တွေဆိုလည်း ရတယ်… ကျွန်မတို့ ကုန်ကျစရိတ်တွေ ချွေတာလို့ရတာပေါ့…”

ယွီဖုန်း မျက်မှောင်ကြုတ်သွားခဲ့ပြီး ဤကိစ္စကို ဂရုတစိုက်နှင့် တွေးတောကြည့်လိုက်သည်။

“ ဒါရိုက်တာရန်က အပိုင်းတစ်ပိုင်းကို ဧည့်သည်တော် ဘယ်နှစ်ယောက်လောက် ဖိတ်ကြားချင်တာလဲ မသိဘူး…”

“ သုံးယောက်ကနေ ငါးယောက်လောက်ပေါ့..”

ယွီဖုန်း မသိစိတ်မှ ခေါင်းညိမ့်လိုက်ပြီး “ ခင်များတို့နဲ့ ဥက္ကဌရှောင်ရဲ့ ရင်းနှီးပတ်သက်မှုကြောင့် ကျုပ်တို့ ထုတ်လုပ်ရေး ကုန်ကျစရိတ်ကိုတော့ ကြိုပြီး မတောင်းတော့ပါဘူး.. ပထမပိုင်း လွင့်ပြီးတဲ့ အချိန်ကျမှပဲ ရှင်းပေးလိုက်ပေါ့..”

ရန်စီ အလွန် ပျော်မြူးသွားခဲ့သည်။ အရင်ဆုံး ရိုက်ကူးပြီးမှ ပိုက်ဆံ ရှင်းပေးရသည်ကပင် ဧရာမ အကူအညီကြီး ဖြစ်နေချေပြီ။

“ ရှိုးပွဲရဲ့ စည်းချက်ကို ထိန်းညှိပေးမယ့် ဝါရင့် သမ္ဘာရင့် အနုပညာရှင်တွေ ငှားဖို့ကလည်း မခက်ခဲဘူး… သူတို့ရဲ့ အချိန်စာရင်းတွေက အဲ့လောက်ထိ ပြည့်ကြပ်နေတာ မဟုတ်တော့ လွယ်တယ်.. အနုပညာကြေးကသာ သင့်တင့်နေသရွေ့ သူတို့ကို ငှားဖို့ ပြဿနာ မရှိဘူး… အဓိက စိန်ခေါ်မှု ရှိတာက ဖန်ဘေ့စ် တော်တော်ကောင်းတဲ့ ခေါင်းဆောင် အနုပညာရှင် တစ်ယောက်ကို ငှားရမ်းဖို့ပဲ…”

“ လက်ရှိ ပေါက်ဈေးအရဆိုရင်… A အဆင့် စာရင်းဝင်တဲ့ အနုပညာရှင်တစ်ယောက်က တစ်ပိုင်းကို ယွမ် သုံးသန်းကျော် တောင်းတယ်… B အဆင့် စာရင်းဝင်တဲ့ အနုပညာရှင်တွေကတော့ ယွမ် တစ်သန်ကနေ နှစ်သန်း ၊ C နဲ့ D အဆင့် အနုပညာရှင်တွေကတော့ ပိုပြီး ဈေးချိုသာတယ်… တစ်ပိုင်းကို ယွမ် တစ်သိန်းကနေ ငါးသိန်းလောက်အထိပဲ … ကျုပ်တို့က ဆယ့်နှစ်ပိုင်း ရိုက်ကူးဖို့ ဆုံးဖြတ်ထားတယ်ဆိုတော့ အစားအသောက်ဖိုး၊ ခန်းဝင်ပစ္စည်းဖိုး၊ မိတ်ကပ်ဖိုး၊ ဘာညာ သာရကာတွေနဲ့ဆို ယွမ် သန်း ၁၀၀ ဝန်းကျင် သွားကျမယ်… အဲ့တာအပြင်ကို ထုတ်လွင့်တဲ့ အချိန်ကျ ကြည့်ရှုသူတွေကို အုတ်အုတ်ကျက်ကျက် ဖြစ်အောင် ၊ စပွန်ဆာပေးမယ့်သူတွေကို ဆွဲဆောင်နိုင်အောင် အကြိုထုတ်လုပ်ရေးနဲ့ နှောင်းပိုင်းထုတ်လုပ်ရေးအတွက် ယွမ်သန်း ၁၀၀ လောက် ထပ်လိုမယ်… စုစုပေါင်း ဘတ်ဂျတ် ယွမ် သန်း ၂၀၀ လောက်ရှိမှ အစဆုံး ရိုက်ကူးလို့ အဆင်ပြေမှာပဲ…”

ယွမ် သန်း ၂၀၀ ဆိုသည့် ပမာဏကိုလည်း ကြားတော့ ရန်စီ၏ အမူအရာမှာ အနည်းငယ် တောင့်တင်းသွားခဲ့ပြီး သဘာ၀မကျ ဖြစ်သွားခဲ့သည်။ ဤသည်က သူမ ယခင် တွက်ချက်ထားသည့် ပမာဏ၏ နှစ်ဆ ရှိနေသည်။ အင်မတန် ခက်ခဲတော့မည် ဖြစ်၏။

“ ကုန်ကျစရိတ်ကို နည်းနည်းလောက်လေးပဲ ထပ်လျှော့လိုက်လို့ မရဘူးလား…”

“ ဒါရိုက်တာရန်… ဒါက အနိမ့်ဆုံး ဂိတ်ဆုံးရောက်နေတဲ့ ကုန်ကျစရိတ် ဖြစ်နေပြီနော်… တကယ်လို့ တခြားသူသာဆို အနုပညာရှင်တွေက ဒီထက်တောင် ပိုတောင်းကြဦးမှာ… ဒါရိုက်တာလင်းနဲ့ ဥက္ကဌရှောင်တို့ရဲ့ ရင်းနှီးမှုကြောင့်သာ ကျုပ် ဒီဈေးနဲ့ ရအောင် စီစဉ်ပေးနေတာ…”

ရန်စီ မျက်မှောင်ကြုတ်နေသည်ကို မြင်တော့ ရှောင်လီတုံးမှ “ ဒါရိုက်တာရန် … ကျုပ် မှန်းဆကြည့်ရသလောက်တော့ ခင်များတို့ဘက်မှာ ဘတ်ဂျက် ကွာဟမှုလေးတွေ ရှိနေတယ်နဲ့တူတယ်… ဒီ ပရိုဂရမ်ကို ကျုပ်တို့ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းတဲ့ ပရောဂျက်အဖြစ် သဘောထားလိုက်ပေါ့… ကျုပ်တို့လည်း ပါဝင်လိုက်မယ်…”

All Chapters