ကျုံးဝေ့တပ်ဖွဲ့၏ ဒုတိယမြောက် မစ်ရှင်
Vol. 73 Ch. 1090
ဖန့်ချိန်ကျယ် မျက်လုံးအရောင် လက်သွားခဲ့သည်။
" အဲ့တာ အကြံကောင်းပဲ.. "
ထိုသို့ ပြောပြီးနောက် ဖန့်ချိန်ကျယ် စွန်းချိန်ကို ကြည့်လိုက်ပြီး " ဒါရိုက်တာစွန်း .. ခင်များ ဒီ မြေဆီကို အချိန်တိုအတွင်း ဖော်စပ် ထုတ်နိုင်မယ်မလား..."
" ပြဿနာ မရှိဘူး.. ငါ့ကို သုံးရက်ပဲ အချိန်ပေး.."
" ကောင်းပြီ... အခု လုပ်လိုက်တော့.. ကျုပ်တို့ ခဏကျရင် သူ့ကို တရားရုံး ဆင့်ခေါ်စာ ပို့လိုက်မယ်..."ဖန့်ချိန်ကျယ် ယုံကြည်မှု ရှိစွာ ပြောလိုက်ပြီး " ပါမွှား လယ်သမားလေးကများ ငါနဲ့ ယှဉ်ဖိုက်ဖို့ အဆင့်မမီသေးပါဘူးကွာ..."
ကလင် ကလင် ကလင် ...
ဖန့်ချိန်ကျယ် ကိုယ့်ကိုယ်ကို ဘ၀င်ခိုက်ပြီး ကြုံးဝါးနေတုန်းမှာပဲ စားပွဲပေါ်ရှိ သူ့ဖုန်းက အသံမြည်လာသည်။ အမည်မသိ နံပါတ်တစ်ခုမှ ဖုန်းခေါ်လာခဲ့ခြင်းပင်။
" ဟယ်လို... "
" ကျုပ်ပါ လင်းရီ... ခင်များ မနေ့တုန်းက အလုပ်တွဲလုပ်ချင်နေတဲ့သူလေ..."
လင်းရီ ဖုန်းဆက်လာခဲ့သည့် အတွက် ဖန့်ချိန်ကျယ် အံ့အားသင့်မသွားခဲ့ပေ။
သူက ဖန်လုံအိမ်ထဲရှိ အပင်များအားလုံးကို ကိုယ်တိုင် စိုက်ပျိုးထားသူ ဖြစ်သောကြောင့် အတွင်းရှိ ပြောင်းလဲနေမှုများကို အလွန်လျှင်မြန်စွာ ရှာတွေ့နိုင်သည်။ အရူးတစ်ယောက် မဟုတ်သရွေ့ သဲလွန်စများကို ဆက်စပ်ကြည့်ပြီး သူ့ဆီ ကျိန်းသေပေါက် အရောက်လာ၍ ရသည်။
" ဪ... မင်းကိုး... ပြောလေ.. ဘာကိစ္စလဲ... ငါနဲ့ အတူ အလုပ်လုပ်ဖို့ စဉ်းစားပြီးသွားပြီလား... မင်းသာ ဆန္ဒရှိသရွေ့ ဈေးနှုန်းကို အဆင်ပြေပြေ ညှိနှိုင်းလို့ ရတယ်နော... "
" ကျုပ် ဖန်လုံအိမ် အမွှေခံလိုက်ရတယ်... အဲ့တာ ခင်များ လက်ချက်မဟုတ်လား... "
" ဘာကွ.. မင်းမှာ သက်သေရှိလို့လား... မရှိရင် လာမပြောနဲ.. မင်းကို အသေရေဖျက်မှုနဲ့ တရားစွဲပစ်လိုက်မယ်... "
" ဘာလို့ အဲ့လောက်တောင် စိတ်လောကြီးနေရတာလဲ... ခင်များ ၀န်မခံလည်း ကိစ္စမရှိပါဘူး.. ကျုပ် ခင်များကို ကိုင်တွယ်ဖို့ နည်းလမ်း စဉ်းစားထားပြီးသား...."
" ကျစ် ... မင်းက စကားလုံး အကြီးကြီးတွေ တကယ်ပြောတတ်တာပဲ... ငါ့ကို လာခြောက်လှန့်နေတယ်ပေါ့... "ဖန့်ချိန်ကျယ် တဟားဟား ရယ်မောရင်း ပြောလိုက်ပြီး " ဒါပေမယ့် မင်း ဖုန်းခေါ်လိုက်တာ အတော်ပဲ... ငါ မင်းကို ပြောစရာရှိတယ်... "
" ဘာများလဲ... "
" မင်း ငါတို့ ဓာတ်ခွဲခန်းထဲက အသစ် ထုတ်လုပ်ထားတဲ့ မြေဆီအသစ်ကို ခိုးသွားတယ်... ငါတို့ ဒီကိစ္စကို အဆုံးထိလိုက်ဖို့ ဆုံးဖြတ်ထားပြီးပြီ... "
လင်းရီ ခေတ္တမျှ ကြက်သေသေသွားပြီး ထို့နောက် ကျယ်လောင်စွာ အော်ဟစ် ရယ်မောလိုက်တော့၏။
" ခင်များက ကျုပ် ဒီနှစ်ထဲ တွေ့ဖူးသမျှ လူတွေထဲမှာ အရယ်ရဆုံးလူပဲ... ဘယ်လိုမျိုး ညစ်တီးညစ်ပတ် ကစားရမလဲ ဆိုတာလည်း သိတယ်.... "
" မင်းဘာမင်း ဘာပြောပြော ကိစ္စမရှိဘူး... ဒါပေမယ့် ငါ မင်းကို သိစေချင်တာ .. မင်း ငါနဲ့ ပူးပေါင်းမယ်ဆိုရင် ငါတို့ ပါတနာတွေ ဖြစ်လာမယ်... ဒါပေမယ့် မပူးပေါင်းချင်ဘူးဆိုရင်တော့ .. ငါတို့ တရားခွင်မှာ တွေ့ကြတာပေါ့... ဘယ်နှနှစ် ချမှတ်ခံရမလဲ ဆိုတာတော့ ငါလည်း သေချာ မပြောတတ်ဘူး... အဲ့တာ မင်း ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိလဲဆိုတဲ့ အပေါ် မူတည်တယ်...."
" ဒါဆိုလည်း ကျုပ် ခင်များ နောက်ထပ် ရွေ့လာမယ့် အကွက်ကို စောင့်မျှော်နေမယ်... "
လင်းရီ တခြား ဘာမှ ထပ်မပြောတော့ပဲ ဖုန်းချလိုက်၏။
" ဘော့စ် သူဘာပြောလဲတဲ့..."ရောင်ခွန်ဖန့် မေးမြန်းလိုက်သည်။
" ရွာသားလေ... ခေါင်းသိပ်မာတယ်... ဒီလောက်ထိ ပြောနေတာတောင် အပိုးက မကျိုးချင်ဘူး... "
" ဦးနှောက် မရှိတဲ့ကောင်တွေက အကြောက်အလန့်ကင်းတယ်ဆိုတာ တကယ့်ကို မှန်နေတာပဲ... ဒီ အပင်စိုက်တဲ့ကောင်တွေက ကမ္ဘာကြီး အကြောင်း ဘာမှ သိတာ မဟုတ်ဘူး... သူတို့ဘက်က မှန်နေတာနဲ့ တရားဥပဒေက သူတို့ဘက် ရှိနေပေးမယ်လို့ ထင်နေကြတာလေ...ဟာသပဲ... ဒါကြောင့်လည်း ဘာကိုမှ မကြောက်ကြတာပေါ့... "
" အမှန်ပဲ.. အဲ့ကောင်က လူးပါးမ၀သေးတဲ့ လူသစ်လေးပဲ ရှိသေးတာ... ဖန့်ချိန်ကျယ် သက်ပြင်းချလိုက်ပြီး " ဒါက အရင်းရှင်တွေ ကြီးစိုးတဲ့ ကမ္ဘာကြီး.. ငွေသာလျှင် အရာရာတိုင်းပဲ.... "
" ဒါဆိုလည်း ရှေ့နေရဲ့ ပေးပို့စာနဲ့ တရားရုံး ဆင့်ခေါ်စာကို သူ့ဆီ အမြန်ပို့လိုက်တော့ ဘော့စ်.. ကျုပ်တော့ သူ အဲ့လိုမျိုးတွေ တစ်ခါမှ မြင်ဖူး တွေ့ဖူးလိမ့်မယ် မထင်ဘူး... "ရောင်ခွန်ဖန့် ပြောလိုက်ပြီး " ကျုပ်တို့နဲ့ တရားခွင်မှာ ရင်ဆိုင်တိုက်ခိုက်ရဲလိမ့်မယ်လို့ ကျုပ်တော့ မထင်ဘူး... "
" ငါ တွေးထားပြီးပြီ.. ဒါပေမယ့် ငါတို့ဘက်ကလည်း အားလုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားရမယ်... "ဖန်ချိန့်ကျယ် ပြောပြီးနောက် စွန်းချိန်ကို ကြည့်လိုက်ပြီး " ခင်များလည်း မြန်မြန် ပြင်ဆင်တော့... ဒါက သိပ် အရေးကြီးတယ်... အမှားယွင်း ရှိလို့ မဖြစ်ဘူး... "
" နားလည်ပြီ ဒါရိုက်တာဖန့်.. ငါ ခု ချက်ချင်း သွားလုပ်လိုက်မယ်... "
တစ်ချိန်တည်းတွင် လင်းရီ ရန်စီ၏ အိမ်သို့ မောင်းနှင်လာခဲ့ပြီး အသီးနှင့် ဟင်းသီးဟင်းရွက်များကို အပေါ်ထပ်သို့ လိုက်သယ်ပေးလိုက်၏။
ရန်စီ၏ အိမ်လေးသည်က စတုရန်းမီတာ တစ်ရာကျော်မျှသာ ကျယ်၀န်းသည့် အိမ်အသေးလေး တစ်လုံး ဖြစ်သည်။ သို့ပေမယ့် ကျိုးဟိုင်လို နေရာမျိုးတွင်တော့ ဈေးက မသေး။ ယွမ် ၁၀ သန်းကျော် တန်ကြေး ရှိလေသည်။
အိမ်၏ အပြင်အဆင်က အင်မတန် ရိုးရှင်းနေပြီး ပြောင်ပြောင်လက်လက် ဖြစ်နေသည့် မည်သည့် ပစ္စည်းတစ်ခုမျှ မရှိချေ။ စာအုပ်စင်ထက်တွင်တော့ စာအုပ်များနှင့် ဆုတံဆိပ်များကို သူ့အတန်းနှင့်သူ စီရီထားပြီး ရန်စီ၏ နေထိုင်မှု အကျင့်စရိုက်ကို ထင်ဟပ်ပြသနေသည်။
" နင် ဘာသောက်မလဲ.. ကော်ဖီ ၊ ဖျော်ရည် ၊ ဒါမှမဟုတ် ရေသန့်... " ရန်စီ ရေခဲသေတ္တာရှေ့တွင် ရပ်ရင်း မေးမြန်းလိုက်၏။
" မင်းရဲ့ ရေခဲသေတ္တာထဲမှာ စတော်ကင်တွေ ရှိလား... "
" ဟင်... နင်က ငါ့ကို ၀တ်စေချင်လို့လား... "
" မဟုတ်ဘူး... တကယ်လို့ ရှိရင် ငါ ဘာတစ်ခုမှ မသောက်တော့ဘူး... "
" ဟင့်... ရေခဲသေတ္တာထဲ စတော်ကင် သိမ်းထားတယ်ဆိုတာ မိန်းကလေးတွေ အတွက် ပုံမှန်ကိုပဲ.. စတော်ကင် ၀တ်တဲ့ မိန်းကလေးတိုင်း ဒီလိုပဲ ထိန်းသိမ်းကြတာ... "
" ထားလိုက်တော့... အဲ့လိုဆို ငါ ဘာမှ မသောက်တော့ဘူး... "
" နင်က လူထူးဆန်းပဲ... "
ရန်စီ လင်းရီကို လျစ်လျူရှုလိုက်ပြီး သူမ သောက်ဖို့ရာ အတွက် ကော်ဖီဘူး ထုတ်ယူလိုက်၏။
" တစ်ဖက်သူက နင့်ကို တရားစွဲမယ်လို့ ပြောလာတယ် မဟုတ်ဘူးလား... နင် ဘာလုပ်ဖို့ စီစဉ်ထားလဲ.. ငါက နှုတ်ထွက်လိုက်ပြီ ဆိုပေမယ့် TV ဌာနမှာ ငါ့အဆင်အသွယ် တစ်ချို့တော့ ရှိနေသေးတယ်နော်... နင့်မှာ သက်သေ အသေးအမွှားလေး ရှိတယ်ဆိုရင်ပဲ ငါတို့ ဖော်ထုတ်လိုက်လို့ရတယ်... "
" အဲ့လိုလုပ်စရာ မလိုဘူး... "လင်းရီ ပြောလိုက်ပြီး " ငါတို့ လင်းယွင် အုပ်စုရဲ့ ဥပဒေရေးရာ ဌာနက ဟာသမှ မလုပ်တာ... ငါ သူတို့ကို အရုပ်လေးလို ကစားပြမယ်... "
" နင် ကိုင်တွယ်မယ်ဆို ငါ ၀င်မပါတော့ပါဘူး"
ရန်စီ၏ အိမ်ထဲတွင် ခေတ္တ ၀င်ထိုင်ပြီးနောက် နှစ်ယောက်သား လမ်းခွဲလိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်စီ လုပ်စရာ ကိစ္စများ ရှိနေသဖြင့် အချိန်ထိုင်ဖြန်းနေ၍ မဖြစ်ချည်။
ထို မွန်းလွဲပိုင်းတွင်တော့ လင်းရီ ရှေ့နေ၏ ပေးစာကို ရရှိလိုက်သည်။ ပြောထားသည်က မနက်ဖြန်တွင် သူနှင့် စကားပြောချင်ပါသည် ဆိုသည်ပင်။
လင်းရီ အရေးတယူ ပြုမနေခဲ့ချေ။ သူ့အဖို့တော့ ဤသည်က ပြက်လုံး တစ်ခုမျှသာ ဖြစ်၏။ နောက်တစ်ကြိမ် လှည့်ကြည့်ဖို့ရာပင် မတန်ချေ။
ယခု အချိန် ညနေ လေးနာရီ ထိုးနေပြီ။ လင်းရီတွင်လည်း လုပ်စရာက ဘာမျှမရှိ။ ထို့ကြောင့် သူ ချောင်ရန် အုပ်စုသို့ သွား၍ ကျီချင်းရန်ကို သွားကြိုလိုက်သည်။
သို့သော်လည်းပဲ သူမ ဆင်းလာသည်ကို စောင့်ဆိုင်းနေသည့် အချိန်မှာပဲ သူ မျှော်လင့်မထားစွာဖြင့် နင်ချဲ့၏ ဖုန်းကို လက်ခံ ရရှိလိုက်သည်။
" အသင်းခေါင်းဆောင်နင် ... ထူးထူးဆန်းဆန်း ဖုန်းတွေ ဆက်လို့ပါလား... "
" ငါ မစ်ရှင်အတွက် ဖုန်းဆက်လိုက်တာ... ငါတို့ မနက်ဖြန် ကျိုးဟိုင် ရောက်လာခဲ့မယ်... လက်ထောက် အသင်းခေါင်းဆောင် တစ်ယောက်အနေနဲ့ နင်က ခရီးဦးကြို ပြုသင့်တယ် မဟုတ်ဘူးလား... "
" မစ်ရှင်က ကျိုးဟိုင်မှာလား..."
" မစ်ရှင် အသေးစားလေးပါပဲ... ဘော့စ်လျိုက ထောက်ချိန်ကို အသင်းတစ်ခု ခေါ်လာခဲ့စေချင်တာလေ... ဒါပေမယ့် ငါနဲ့ ယွီလော့ကလည်း အားနေတာနဲ့ အတော်ပဲဆိုတော့ အကုန်လုံး ကျိုးဟိုင်ကို လာခဲ့ဖို့ ဆုံးဖြတ်လိုက်တာ... နင် ငါတို့ကို ကြိုပေးမယ် မလား... "
" ကြိုပေးရမှာပေါ့... မင်းတို့က မနက်ဖြန် ဘယ်အချိန် ရောက်လာကြမှာလဲ..."
" မနက်ဖြန် ၁၁ ခွဲလောက် လေယာဉ်ဆင်းမယ်... လာကြိုမယ့် ကိစ္စ နင်နဲ့ လွှဲထားလိုက်မယ်နော်... "
" လာကြိုဖို့ကတော့ ပြဿနာ မရှိပါဘူး... ဒါပေမယ့် မစ်ရှင် အတိအကျက ဘာကြီးလဲ... သူတို့က ဘာလို့ ကျိုးဟိုင် ရောက်လာကြမှာလဲတဲ့... "
" ဖုန်းထဲမှာ အသေးစိတ်ပြောလို့ အဆင်မပြေဘူး... မနက်ဖြန် တွေ့မှပဲ ဆက်ပြောကြတာပေါ့... ဟုတ်ပြီလား... "
" ကောင်းပြီလေ... "
ကျုံးဝေ့တပ်ဖွဲ့၏ ထူးခြားသည့် သဘောသဘာ၀ကြောင့် လင်းရီ မေးခွန်းများ ဆက်လက် မမေးမြန်းတော့ချေ။
သာမန်လူများ၏ မျက်လုံးထဲတွင်တော့ ယခု ဤကမ္ဘာကြီးက ငြိမ်းချမ်းသည့် ကမ္ဘာကြီး ဖြစ်သည်။ သို့ပေမယ့် အမှောင်ထဲတွင်တော့ အန္တရာယ်က နေရာအနှံ့တွင် ပုန်းခိုနေသည်။ အန္တရာယ်က နေရာအနှံ့တွင် ရှိနေသောကြောင့် အထူး သတိထားသည်က ပိုကောင်းသည်။
ထို့ကြောင့် လင်းရီ ဤကိစ္စကို စိတ်ထဲ ထားမနေတော့ချေ။
သာမန် လုပ်ရိုးလုပ်စဉ် အတိုင်းဆိုပါက အကယ်၍ အရေးကြီးသည့် မစ်ရှင်တစ်ခု ရှိလာလျှင် ကျုံးဝေ့တပ်ဖွဲ့၏ မန်ဘာများ အားလုံးက လေ့ကျင့်ရေး စခန်းတွင် စုဝေးကြလိမ့်မည်။ ယခုလိုမျိုး အရမ်း သာမန်လျှံကာ ပြုနေကြလိမ့်မည် မဟုတ်ချေ။
အန္တရာယ် မရှိသည့် မစ်ရှင်မျိုးလည်း ဖြစ်နေနိုင်သည်။ မဟုတ်ပါက အသင်းကို ထောက်ချိန်တစ်ဦးတည်း ဦးဆောင်ခိုင်းလိမ့်မည် မဟုတ်ချေ။
ဖုန်းချပြီးနောက် မကြာမီ ကျီချင်းရန် ဓာတ်လှေကားထဲမှ သူမ၏ အိတ်ကို လွယ်လျက် ပျော်ရွှင်နေသည့် ဘန်နီလေးကဲ့သို့ အပြင်ကို ထွက်လာသည်။
" နင် ငါ့ကို လာမကြိုဖြစ်တာတောင် ဘယ်အချိန်တုန်းကတည်းကလဲ... "ကားထဲသို့ ၀င်ပြီးနောက် ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။
" မင်း စိတ်တွေလှုပ်ရှားနေတာ ဖင်က မိုးပေါ်တောင် ထောင်တော့မယ်နော... "
" နင်ငါ့ကို ဖင်ကောက်တယ်လို့ ပြောချင်နေတာလား... အဲ့လိုမျိုး ချီးကျူးချင်တယ်ဆိုရင်လည်း ဒီက ၀မ်းမြောက်၀မ်းသာနဲ့ပဲ လက်ခံလိုက်ပါ့မယ်ဟယ်.... "
လင်းရီ ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ရင်း ကျီချင်းရန်၏ အရေသည်လည်း ပို၍ ထူလာကြောင်း သတိထားမိသွားခဲ့တော့၏။
" ငါ ပြောချင်တာက မင်း ခုနကလို ပြုမူနေတာကို အလုပ်သမားတွေ မြင်ရင် ဘယ်လိုထင်ကြမလဲလို့... "
" ဟင်... အဲ့လောက်ကြီးတော့ မဆိုးရွားလောက်ပါဘူး... ဟုတ်တယ်မလား.. ငါ ခုလေးတင် လှည့်ပတ်ကြည့်လိုက်တာတော့ ဘယ်သူ့ကိုမှလည်း မမြင်မိပါဘူး... နင် ငါ့ကို ညာနေတာပဲ ဖြစ်ရမယ်... "
" ဘယ်သူမှ မရှိဘူးဆိုရင်တောင် ဒီမှာ ကင်မရာတွေ ရှိနေသေးတယ်လေ... "
" အာ..... "
ဘေးဘီကို လိုက်ကြည့်ရင်းဖြင့် သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ပြီး " ဒါ အရမ်း ရှက်ဖို့ ကောင်းတာပဲ.. သွားကြစို့... "
လင်းရီ ပြုံးလိုက်ပြီး ကားကို လက်တစ်ဖက်ဖြင့် မောင်းလိုက်သည်။ အခြား တစ်ဖက်ကိုတော့ ကျီချင်းရန်၏ လက်ကို ဆုပ်ကိုင်ထားပြီး ကမ္ဘာကြီး တစ်ခုလုံးလား သူ့လက်ထဲတွင် ဆုပ်ကိုင်ထားနေသကဲ့သို့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျီချင်းရန်သည်က သူ၏ ကမ္ဘာကြီးပေတည်း။