အခြေအနေကို ပြောင်းပြန်လှန်ခြင်း
Vol. 73 Ch. 1089
" မဟုတ်ဘူး.. ရွာသားတွေ လုပ်တာ မဖြစ်နိုင်ဘူး... ငါသူတို့ရဲ့အကျင့် စရိုက်ကို သိတယ်... "
သူ ဤနေရာ၌ နေထိုင်လာသည်မှာ ရှည်ကြာခြင်း မရှိသေးသော်လည်း ရွာထဲတွင် သူကြီးထက် အဆင့်အတန်း မြင့်မားနေသူ တစ်ယောက်ဟု ပြော၍ ရလေသည်။
သာမန်လူဆိုပါက သူ့အား ပစ်မှတ်ထားဝံ့လိမ့်မည် မဟုတ်ချေ။
သူ့ခြံထဲ ရောက်လာပြီး အသီးတစ်ချို့ ကောက်စားသူများ ရှိကြပါသော်လည်း သူတို့ အကန့်အသတ်ကို သူတို့သိ၏။ တရားလွန်ကြီးတော့ ခူးဆွတ်စားကြလိမ့်မည် မဟုတ်ချေ။ သစ်ကိုင်းတွေ ခုတ်ဖြတ်သွားဖို့ဆိုလျှင်တော့ ပို၍ပင် ဝေးသေး၏။
" ဒါဆို တခြားရွာကလူတွေများလား..."ရန်စီ သူမ၏ သံသယကို ထုတ်ဖော်လိုက်သည်။
လင်းရီ ဖန်လုံအိမ်ကို ကြည့်နေရင်း " သူတို့ လုပ်သွားတာက တော်တော်လေး သပ်ရပ်တယ်.. ရွာသားတွေ လုပ်တာတော့ မဖြစ်နိုင်ဘူး... "
အနီးအနားတွင် အသီးစိုက်ပျိုးကြသည့် ရွာသား များစွာ ရှိသည်မှာ အမှန်ပင်။ သို့ပေမယ့် အများစုက ရိုးသား ဖြောင့်မှန်သူများ ဖြစ်ကြ၏။ အကယ်၍ သူတို့ အလိုရှိလျှင်ပင် လင်းရီထံ ဦးစွာ ခွင့်တောင်းကြလိမ့်မည် ဖြစ်ပြီး မပြောမဆိုဘဲနှင့်တော့ ဘာမျှ လုပ်ကိုင်ကြလိမ့်မည် မဟုတ်ချေ။
သေချာစဉ်းစား ချင့်ချိန်ကြည့်ပြီးနောက် သူ့ကို မနေ့က လာရှာခဲ့သည့် ၀တ်စုံပြည့်နှင့် လူ၏ လက်ချက် ဖြစ်ဖို့များသည်ဟု လင်းရီ ကောက်ချက်ချလိုက်သည်။
ထိုလူ့ နာမည်သည်က ဖန့်ချိန်ကျယ်။ သေချာသည်ဟု တပ်အပ် မပြောနိုင်သေးသော်လည်း ထိုလူက သံသယ ဖြစ်စရာ အကောင်းဆုံး တရားခံ တစ်ယောက် ဖြစ်နေလေသည်။
" နင့် ဖန်လုံအိမ်ထဲမှာ ကင်မရာတွေရှိနေတာပဲ... ငါတို့ မှတ်တမ်းတင်ထားတာတွေ ကြည့်လိုက်ရင် သိနိုင်မှာပဲလေ.. " " ဒီကင်မရာတွေက တိုက်ရိုက်ကြည့်ဖို့ပဲ ကောင်းတာဟ... ဗွီဒီယိုကလစ်တွေ အများကြီး မသိုလှောင်ထားနိုင်ဘူး... မှတ်တမ်း တင်ထားတာကနေ တရားခံရှာတွေ့ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ... "
" ဒါဆို ငါတို့ ဘာလုပ်ကြမလဲ... ရဲခေါ်ကြမလား.... "
" မလိုဘူး.. ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်... "
" အင်းပါ... နင် ဒီည ဒီမှာနေပြီး ဖန်လုံအိမ်ကို စောင့်ကြည့်ဦးမလား... သူတို့ နောက်တစ်ခါက် မလာဘူးလို့ ဘယ်ပြောနိုင်မှာလဲ... " " မြေဆီလွှာတွေလည်း ယူသွားကြပြီ.. သစ်ကိုင်းတွေကိုလည်း ခုတ်ဖြတ်သွားခဲ့ကြတယ်... ဒီမှာ သူတို့ အာရုံစိုက်စရာ ဘာမှ မကျန်တော့ဘူး... " လင်းရီ ပြောလိုက်ပြီး
" ပြန်ကြစို့.. ငါ ဒီကိစ္စကို အခုပဲ ကိုင်တွယ်လိုက်မယ်.... "
မထွက်ခွာမီ လင်းရီ ရင့်မှည့်နေပြီး ဖြစ်သည့် မက်မွန်သီးနှင့် ပန်းသီးအချို့ကို ရန်စီအတွက် ထည့်ပေးလိုက်သေးသည်။ ထို့နောက် သူတို့ နှစ်ဦး ကျိုးဟိုင်သို့ ပြန်လာခဲ့ကြလေသည်။
အပြန်လမ်းတွင်၊ လင်းရီ အစက ချိန်ပင်းချန်ကို ဤကိစ္စ စုံစမ်းကြည့်ဖို့ စဉ်းစားမိခဲ့၏။ သို့သော်လည်းပဲ သေချာ ပြန်စဉ်းစားကြည့်လိုက်တော့ သူ့ကို စုံစမ်းကြည့်ခိုင်းလျှင်ပင် အသုံး၀င် လိမ့်မည် မဟုတ်ချေ။ ရွာထဲတွင် စောင့်ကြည့်ရေး ကင်မရာက တစ်လုံးတစ်လေမျှ ရှိမနေချေ။ မြို့ထဲ၌ ကင်မရာတစ်ချို့ ရှိတယ် ဆိုသော်ငြား တော်တော်များက ကျိုးပျက်ထားသည်များ ဖြစ်၏။ ဤအခြေအနေ၌ နတ်ပင့်ပြီး မေးမြန်းလျှင်ပင် တစ်စုံတစ်ခု သိရလိမ့်မည် မဟုတ်ချေ။
ကလင် ကလင် ကလင် ...
လင်းရီ ကျိုးဟိုင်သို့ ၀င်လာသည့် အချိန်မှာပဲ သူယောင် ဖုန်းခေါ်လာခဲ့၏။
" ဟယ်လို အစ်ကိုကြီးလင်း... လူတွေက ရှင့်ကား တွေ့လိုက်တယ် ပြောကြလို့ အစ်ကိုကြီး ရွာ ရောက်လာခဲ့သေးတာလား... "
" အင်း ဟုတ်တယ်.. ငါ ခုလေးတင် ဟင်းသီးဟင်းရွက်နဲ့ အသီးတစ်ချို့ ခူးပြီး ပြန်လာတာလေ.. ခု ကျိုးဟိုင်ကို ပြန်တဲ့လမ်းမှာ.. ဘာဖြစ်လို့လဲ... "
" ဪ... ဒါနဲ့ အိမ်လည်း အခြေအနေကောင်းတယ် မလား.. ဘာမှတော့ ဖြစ်မသွားပါဘူးနော်... "
" အင်း.. ကောင်းပါတယ်... ဘာလို့တုန်း... "
" ညီမတို့ ခုလေးတင် ထမင်းစားတုန်းက အဖေ့ဆီကနေ ကြားတာ တစ်စုံတစ်ယောက်က မနေ့ညက အဖေ့ဆီ ဖုန်းဆက်လာပြီး ညီမတို့ရဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသီးတွေ အများကြီး ၀ယ်ချင်နေတယ်လို့ ပြောတယ်... သူက အစ်ကိုကြီးလင်း အကြောင်းလည်း အများကြီး မေးခဲ့တယ်ဆိုပဲ.. ညီမ အဖေကလည်း အစ်ကိုသိတဲ့အတိုင်း ရိုးရိုးအအ ကြီးလေ... သူသိသမျှ အကုန် ပြောချပစ်လိုက်တာပဲ... ညီမ စိတ်ထဲ တစ်ဖက်သူက လူကောင်းမဟုတ်လောက်ဘူးလို့ စိတ်လေးနေမိလို့... တစ်ခုခု ဖြစ်မှာကြောက်တာနဲ့ အစ်ကို့ဆီ ဖုန်းဆက်ကြည့်လိုက်တာ... "
" အဆင်ပြေပါတယ်... အိမ်မှာ အားလုံး အိုကေတယ်.... "
လင်းရီ အမှန်အတိုင်း မပြောပြလိုက်ချေ။ မဟုတ်ပါက သူသဟိုင် ဒေါပွသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
မည်သို့ပင်ဆိုစေ သူက ရည်ရွယ်ချက်ရှိရှိ သူ့အကြောင်းများကို ဖောက်သည်ချခဲ့ခြင်း မဟုတ်ပါချေ။
" အစ်ကို အဆင်ပြေတယ်ဆိုတာ ကြားရတော့ စိတ်အေးပါပြီ... ညီမထင်တာ လူလိမ်တစ်ချို့ အစ်ကို့ကို ပစ်မှတ်ထားနေပြီလားလို့ပေါ့..."
" အရူးမလေး.... ကမ္ဘာပေါ်မှာ လူလိမ်တွေ အဲ့လောက် အများကြီး ဘယ်ရှိနိုင်မှာ... "လင်းရီ ပြောလိုက်ပြီး " တကယ်လို့ မင်းမှာ အချိန်ရတယ်ဆိုရင် အစ်ကိုဟိုင်ဆီ ဆက်လာတဲ့ သူ့ရဲ့ ဖုန်းနံပါတ်ကို ငါ့ဆီ လှမ်းပို့ထားပေး... "
" ဟုတ်.. ခုပဲ ပို့ပေးလိုက်မယ်... "
" ကောင်းပြီ... "
သူဖုန်းချပြီး မကြာမီ သူယောင် ဝီချက်မက်ဆေ့ခ်ျ ပို့လာခဲ့၏။
လင်းရီ ဖုန်းကို ရန်စီထံ ကမ်းပေးပြီး " မင်းဖုန်းနဲ့ ဒီနံပါတ်ကို ဆက်ကြည့်ပြီး တစ်ဖက်လူ ဘယ်သူလဲဆိုတာ မေးကြည့်ကြည့်... "
ရန်စီ ခေါင်းညိမ့်ပြီး လင်းရီ ပြောသည့်အတိုင်း တစ်ဖက်သူထံ ဖုန်းဆက်ကြည့်လိုက်သည်။
" မိတ်ဆွေ ခေါ်ဆိုနေသော ဖုန်းနံပါတ်မှာ တပ်ဆင်ထားခြင်း မရှိပါသဖြင့် ဘလာဘလာ.... "
ဖုန်းချပြီးနောက် ရန်စီ ပြောလိုက်သည်။ " ကြည့်ရတာ ကြိုတင် စီစဉ်ထားနဲ့တူတယ်... သူတို့က မသုံးတဲ့ကတ်နဲ့ ဖုန်းဆက်ခဲ့တာပဲ... "
" အင်း... ထားလိုက်တော့... ဘယ်သူမှန်း ငါခန့်မှန်းကြည့်ပြီးသွားပြီ... "
ပြောပြီးနောက် လင်းရီ ဖန့်ချိန်ကျယ် ယခင်နေ့က ပေးသွားသည့် စီးပွားရေးကတ်ကို ထုတ်၍ ဖုန်းဆက်လိုက်၏။
......
' ကြီးမြတ်သော ' လယ်ယာတိုးတက်မှု ကုမ္ပဏီ လီမီတက်။
ဇီ၀ သုတေသနနှင့် ဖွံ့ဖြိုးမှု ဓာတ်ခွဲခန်း ။
ဖန့်ချိန်ကျယ်သည် ဒါရိုက်တာ ရုံးခန်းထဲတွင် ထိုင်နေလျက်ရှိပြီး ဓာတ်ခွဲခန်း ဒါရိုက်တာ၊ စွန်းချိန် နှင့် ရှာဖွေတွေ့ရှိမှု ရလဒ်များကို ဖလှယ်နေသည်။
" ဒါရိုက်တာစွန်း... အခြေအနေတွေ ဘယ်လိုရှိလဲ... "
" နည်းနည်းလေး ထူးဆန်းတယ်..."စွန်းချိန် ပြောလိုက်ပြီး " မင်း ယူလာခဲ့တဲ့ မြေဆီ နမူနာထဲမှာ မိုက်ခရိုအော်ဂနယ်စင်တွေ အများကြီး ပါနေတယ်... ဒါပေမယ့် ခေတ်သစ် နည်းပညာနဲ့ဆိုရင် ဒီ မြေဆီရဲ့ ဖော်မြူလာကို ပြုလုပ်ဖို့က မခက်ခဲဘူး... "
" ဆိုတော့ မြေဆီရဲ့ ဖော်မြူလာနဲ့ ပတ်သက်ပြီး ဘာမှ မထူးခြားဘူးပေါ့.. ဟုတ်လား... "ဖန့်ချိန်ကျယ် မေးလိုက်ပြီး " ဒါဆို ခင်များပြောတဲ့ ထူးဆန်းတယ်ဆိုတာက ဘာကြီးလဲ... "
" အဲ့လိုပြောလို့ရတယ်.. ထုတ်လုပ်ဖို့ မခက်ဘူး ဆိုပေမယ့် ဒီလို အသီးမျိုး ဖြစ်အောင် စိုက်နိုင်မယ်လို့တော့ အာမ မခံနိုင်ဘူး... နိုင်ငံခြားက တင်သွင်းလာတဲ့ ထူးရှယ် မျိုးစေ့တွေနဲ့ ဆိုရင်တောင် ဒီလောက် ကောင်းမွနိတဲ့ မျိုးစိတ်ကို မထုတ်လုပ်ဘူး "
" ထူးဆန်းတယ်..."ဖန့်ချိန်ကျယ် သံသယ လေသံဖြင့် ဖြည်းညင်းစွာ ပြောလိုက်၏။
ဒေါက် ဒေါက် ဒေါက် ...
သူတို့ စကားပြောနေစဉ် တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာပြီး အဖြူရောင်ကုတ်နှင့် လူတစ်ဦး ၀င်ရောက်လာခဲ့၏။
" ဒါရိုက်တာဖန့်.. ဒါရိုက်တာစွန်း... ကျုပ်တို့ မြေဆီ နမူနာထဲမှာ အမည်မသိ ၀တ္ထုပစ္စည်းတစ်ခုကို ရှာတွေ့ထားပါတယ်... ကျုပ်တို့ နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေ ဆန်းစစ်ကြည့်ပြီးပြီး ဆိုပေမယ့် အဲ့ပစ္စည်းရဲ့ ကွန်ပေါင်းကို မရှာဖွေ နိုင်သေးပါဘူး... "
" ဘယ်မှာလဲ... ငါ့ကိုပြစမ်းပါ.... "
ငယ်ရွယ်သည့် ဓာတ်ခွဲခန်း ကျွမ်းကျင် ပညာရှင်မှ နောက်ဆုံးရရှိထားသည့် ဓာတ်ခွဲခန်း ရလဒ်ကို ကမ်းပေးလိုက်သည်။
အထဲတွင် အမှတ်အသား ပြုခြင်း ခံထားရသည့် အထူး၀တ္ထု တစ်ခု ရှိနေသည်။
" အဲ့ဒါပါပဲ... မြေဆီရဲ့ ၁ ကုဗမီတာမှာ ဒီ၀တ္ထု ၀.၁ ဂရမ်တည်းပါတယ်... ကျုပ်တို့ရဲ့ ကိရိယာတွေကပဲ error တက်နေတာလား.. ဒါမှမဟုတ် ဒီရဲ့ အမည်မဖော်နိုင်တဲ့ ၀တ္ထု ပစ္စည်းကပဲ တကယ်ကြီး အသီးရဲ့ အာဟာရ ပါ၀င်နှုန်းကို တိုးမြင့်သွားစေတာလား ကျုပ်တို့ မသေချာသေးပါဘူး..."
" နားလည်ပြီ... မင်းတို့ အကောင်းဆုံး ကြိုးစားပြီး သေချာဆန်းစစ်ကြည့်လိုက်... အဖြေ တစ်ခု ရရင်လည်း ရလာမလားပေါ့... "
" ဟုတ်ကဲ့ပါ ဒါရိုက်တာစွန်း... "
ဖန့်ချိန်ကျယ် လက်တွေ့စမ်းသပ်မှု မှတ်တမ်းကို ကြည့်နေရင်း " ဒါရိုက်တာစွန်း... ခင်များ လူတွေ အမှားလုပ်မိတာတော့ မဟုတ်လောက်ပါဘူးနော်...."
" မဖြစ်နိုင်ဘူး... ဓာတ်ခွဲခန်း နည်းပညာရှင်တွေရဲ့ အရည်အချင်းကို ငါ သေချာသိတယ်.. ပုံမှန်ဆို ဘာအမှားမှ မရှိနိုင်ဘူး... လက်ရှိ အနေအထားအရ ဆိုရင် ဒီ အမည်မသိ ၀တ္ထုပစ္စည်းက ပြဿနာရဲ့ သော့ချက်တောင် ဖြစ်နေနိုင်တယ်... ... "စွန်းချိန် ပြောလိုက်ပြီး " အနှစ်ချုပ်လိုက်ရင် မြေဆီနဲ့ မျိုးစေ့က အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါ၀င်နေတာ မဖြစ်နိုင်ဘူး... အရေးကြီးဆုံး အချက်က သူစိုက်ပျိုးတဲ့ နည်းစနစ်ပဲ ဖြစ်ရမယ်.. ဒါကြောင့်မို့ သူ့ရဲ့ အသီးတွေကို ထူးခြားသွားအောင် အမည်မသိ ဒြပ်စင်တစ်ခုကို မြေဆီထဲ ပေါင်းထည့်လိုက်တယ်လို့ ငါ ကောက်ချက်ချတယ်... "
ဖန့်ချိန်ကျယ် စီးကရက် မီးညှိလိုက်ပြီး အချိန်အတော်ကြာအောင် တိတ်ဆိတ်နေမိသည်။
" ကျုပ် သစ်ကိုင်း တော်တော်များများလည်း ယူလာခဲ့သေးတယ်... သူတို့ကို ကိုင်းကူးပြီး စိုက်ပျိုးကြည့်လို့ မရဘူးလား... "
" ရတာက ရတယ်.. ဒါပေမယ့် အဓိက အရေးပါတဲ့ အရာက ဒီမှာ ရှိမနေတော့ စိုက်ပျိုးနိုင်ရင်တောင် အရည်အသွေးက ကောင်းမှာတော့ မဟုတ်ဘူး... မင်း မျှော်လင့်နေသလို ကောင်းကင်ကို ဆန့်ကျင်နိုင်လောက်တဲ့ အနေအထားအထိ မရောက်နိုင်ဘူး... "
ဖန့်ချိန်ကျယ် သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး " အဲ့လိုဆိုရင် နည်းနည်းတော့ ပြဿနာပဲ..."
" အမှန်ပဲ... အဓိက နည်းပညာက သူ့လက်ထဲ ရှိနေတော့ ငါတို့ သူနဲ့ တိုက်ရိုက် မဆက်သွယ်ဘူးဆိုရင် မျိုးတူ ရလဒ်ဖြစ်အောင် လုပ်လို့ရမှာ မဟုတ်ဘူး... "
" ကျုပ်သိတယ်.. ဒါပေမယ့် ကျုပ်လည်း သူနဲ့သွားပြီး စကားပြောကြည့်ပြီးပြီလေ.... သူကိုက စိတ်မ၀င်စားတာ... ဒါ ခက်တော့ခက်တယ်ဗျာ.. မဟုတ်ရင် မနေ့ညက ဒီပစ္စည်းတွေကို သူ့နား သွားခိုးမှာတောင် မဟုတ်ဘူး... "
" ဘော့စ်ဖန့်.. ကျုပ်တို့ ကြိုးစားကြည့်လို့ရမယ့် အကြံတစ်ခုတော့ ရှိတယ်... "ရောင်ခွန်ဖန့် ပြောလာခဲ့၏။
" ပြော... "
" ကျုပ်တို့ တရားဥပဒေ လမ်းကြောင်းကနေ တိုက်ခိုက်လို့ရတယ် မဟုတ်ဘူးလား... ကျုပ်တို့ ဓာတ်ခွဲခန်းကနေ အသစ် တီထွင်ထားတဲ့ မြေဆီကို သူက ခိုးသွားတယ်ဆိုပြီး လုပ်လိုက်လို့ရတယ်... ပြီးရင် တရားရုံးနဲ့ လက်ဝါးချင်းရိုက်ပြီး သူ့ဘက်က နည်းပညာ ထုတ်ပေးမလာဘူးဆိုရင် အချုပ်ထဲ ပို့လိုက်ရုံပဲ... "