သား ဦးလေးလင်းလို ဖြစ်ချင်တယ်
Vol. 73 Ch. 1088
" ငါ နေရာဆင်တူတဲ့ တော်တော်များများကို ရောက်ဖူးတယ်... သူတို့က အရမ်း စစ်မှန်လွန်းနေလို့သာ ငါ ဆုံးဖြတ်ချက် မချဖြစ်သေးတာ... "ရန်စီ သူမခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ရင်း ပြောလိုက်သည်။
" အရာရာတိုင်းကို စစ်မှန်လွန်းအောင် လုပ်လို့လည်း ဘယ်ဖြစ်ဦးမှာ... "လင်းရီ ပြောလိုက်ပြီး " ငါတို့ သင့်တင့်သလို ကြည့်စီစဉ်ရမယ်.. သိပ်ကောင်းလွန်းနေတာမျိုးလည်း မဟုတ်၊ အရမ်းကြီး ဆိုးရွားလွန်းနေတာမျိုးလည်း မဟုတ်တာ တစ်ခုခုပေါ့... "
" ငါ စဉ်းစားပြီးသွားပြီ.. ဒါပေမယ့် နောက်ထပ် အပို ကုန်ကျစရိတ်တွေပါ ရှိလာတော့မှာဟ... "
" ငါ့ အရှေ့မှာ ပိုက်ဆံ အကြောင်း လာညဉ်းပြနေတယ်ပေါ့.. အတည်ကြီးလား... "
" အင်း အင်း.. ဟုတ်ပါတယ်.. သူဌေးလင်းက ချမ်းသာပြီးတော့ အရမ်းလည်း ခြယ်လှယ်နိုင်လွန်းတယ်... ကျွန်မတို့လို သူတောင်းစားတွေက သူနဲ့ မယှဉ်နိုင်ပါဘူး..."
အလွန်လျင်မြန်စွာဖြင့် လင်းရီ ကားကို ဟွမ်ရှီးကျေးရွာသို့ မောင်းနှင်လာခဲ့သည်။
" ဘယ်လိုလဲ.. ဒီက လယ်ကွင်းတွေက စိမ်းစိမ်းစိုစိုနဲ့ မဆိုးဘူး ဟုတ်တယ်ဟုတ်... "
" တကယ်ကြီး မဆိုးပါဘူး... "
" ရှေ့က ဖန်လုံအိမ်က ငါ့ ဟာလေ.. မင်း အရင် စားတဲ့ အသီးတွေကိုလည်း ဒီထဲမှာပဲ စိုက်တာ... "
ပြောပြီးနောက် လင်းရီ အဝေး တစ်နေရာရှိ ငါးကန်ကို ညွှန်ပြလိုက်ရင်း " ငါးကန်ကလည်း ငါ့အပိုင်ပဲ.. တကယ်လို့ မင်း ဒီမှာ ရိုက်ကူးရေး စဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အဲ့ ငါးကန်ကိုလည်း လိုသလို သုံးလို့ရတယ်... "
" ငါးကန်ကလည်း နင့်ဟာပဲပေါ့... "
" ဒါပေါ့... မိုက်လား..."
" ကောင်းတာပေါ့.. "ရန်စီ ပြောလိုက်ပြီး " တကယ်လို့ မြို့ထဲက အခြေအနေသာ ပိုပြီး တိုးတက် ကောင်းမွန်လာရင် ဒီလာပြီး အနားယူလို့ သိပ်ကောင်းမှာပဲ.."
" ငါလည်း အဲ့တာ စဉ်းစားနေတာ.. ခက်တာက မြို့အခြေအနေက နည်းနည်းလေး ဆိုးရွားနေတာ.... အပန်းဖြေ နေရာ လုပ်လို့ အဆင်မပြေသေးဘူး..."
" ငါတော့ ရေချိုး စင်တာ တစ်ချို့ မရှိတာကြောင့်လို့ပဲ ထင်တယ်..."
" မင်းက ပြောလိုက်ရင် အမြဲတမ်း တည့်တိုးချည်းပဲနော်.. ငါ့အတိုင်းပဲ... "
" နင့်လိုမျိုးလား... "
" အင်း.. ငါ့လိုမျိုး... "
ရန်စီ ရုတ်တရက်ဆိုသလို ကြယ်ငါးပေါ်ရှိ ကိစ္စကို ပြန်လည် အမှတ်ရသွားခဲ့ပြီး သူမ၏ သွယ်လျသော လက်တစ်စုံက လင်းရီ ခါးကို ထိတို့လိုက်ကာ " အဲ့ အကြောင်း ထပ်မပြောနဲ့... "
" လူကြီးတောင် ဖြစ်နေပြီကို ဘာတွေ ကြောက်နေတာလဲ... "
" အဲ့ကိစ္စ ဆက်မပြောကြစို့ဟာ... "
" အိုကေ အိုကေ ဟုတ်ပါပြီ... "
" ငါးကန်က ရွာနဲ့ မီတာ သုံးလေးရာလောက် ဝေးတယ်ဆိုတော့ ရိုက်ကူးရေး အဖွဲ့သားတွေ အတွက် ယာယီ အိမ်လေး တစ်လုံး ဆောက်ပေးလို့ရတယ်.. အဲ့တာမှ ရိုက်ကူးဖို့ လိုအပ်ချက်တွေနဲ့ ပြည့်စုံမှာ... "
လင်းရီ ကားကို ငါးကန် အစွန်းသို့ မောင်းသွားလိုက်ပြီး " ငါတို့က ဒီကို ဟွမ်ရှီး ကျေးရွာအတွက် ရှိုးတစ်ခု လာရိုက်တာလေ.. မြို့က ကျိန်းသေပေါက် ကူညီ ပံ့ပိုးပေးမှာပဲ.. မင်းမှာ တောင်းဆိုစရာ ရှိရင် သွားပြီး မေးကြည့်လို့ရတယ်... တအားကြီး မလွန်သရွေ့တော့ ဘာပြဿနာမှ ရှိမယ် မထင်ဘူး... "
ရန်စီ ခေါင်းညိမ့်လိုက်ပြီး လင်းရီ၏ စကားကို မည်သည့် မှတ်ချက်မျှ ပြန်မပေးချေ။
" ငါ ပြန်သွားရင် တခြားသူတွေနဲ့ အစီအစဉ် ဆွဲကြည့်လိုက်ဦးမယ်လေ.. တကယ်လို့ ဘာလွဲချော်မှုမှ မရှိဘူးဆိုရင်တော့ ဒီမှာပဲ ရိုက်ကူးရေး လုပ်ကြတာပေါ့..."ရန်စီ ပြောပြီးနောက် ပတ်၀န်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကာ " နင့်အိမ်ကရော ဘယ်နားလေးမှာလဲ.. ငါ့ကို လိုက်ပြဦးလေ... "
" ပြောတော့ မင်း အန်တီက မပြန်သေးဘူးဆို.. ဒီတော့ ဘာအိမ်သွားစရာ အကြောင်းမှ မရှိဘူး... "
" ဘယ်လိုပဲ ဖြစ်ဖြစ် ငါကတော့ ရောက်အောင် သွားမှာပဲ..." ရန်စီ ပြောလိုက်ပြီး " ငါ ဟင်းရွက် တစ်ချို့ ခူးမို့ စဉ်းစားထားတယ်... အပြင်က ၀ယ်တဲ့ဟာတွေက ဆေးများတယ်လေ... "
သို့နှင့် နှစ်ယောက်သား ကားထဲသို့ ၀င်ပြီး ရယ်ရယ်မောမောနှင့် ရွာထဲ ၀င်လာခဲ့ကြသည်။
အကယ်၍ ရန်စီဘက်မှ တောင်းဆိုမှု ပြုမလာခဲ့လျှင်ပင် လင်းရီ သူမကို ကျိန်းသေပေါက် သူ့အိမ်သို့ ခေါ်သွားလိမ့်မည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ဟင်းရွက်စိုက်ခင်းထဲ၌ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေသောကြောင့် ဖြစ်သည်။
" ဒီ အနံ့က တစ်ခုခုပဲနော်... "
သူတို့ ခြံထဲ ၀င်၀င်လာခြင်း ရန်စီ နှာခေါင်းကို ညှပ်ထားပြီး သူမ မျက်နှာထက်တွင်လည်း အထင်သေးမှုတို့ဖြင့် ပြည့်နှက်နေသည်။
ကြည့်ရသည်မှာ လင်းရီ လေလည်လိုက်သည်ဟု သူမ အတွေးပေါက်နေဟန်ရှိသည်။
" ၀က်ခြံထဲက အနံ့နေမှာ.. "လင်းရီ ပြောလိုက်ပြီး " မင်းအရင် ၀င်သွားလိုက်...ငါသွားပြီး သန့်ရှင်းလိုက်ဦးမယ်.. ခဏဆို ပြီးပြီ.... "
ရန်စီ အားတောင့်အားနာ ပြုနေခြင်း မရှိဘဲ လင်းရီ၏ အိမ်ထဲသို့ ၀င်သွားခဲ့လိုက်၏။
သူမကဲ့သို့ မြို့ပေါ်တွင် ကြီးပြင်းလာခဲ့သူ တစ်ယောက်အတွက် ယခုလို ပတ်၀န်းကျင်မျိုးကို လက်ခံဖို့ရာ အမှန်ပင် ခဲယဉ်းလှပေသည်။
လင်းရီ အရင်ဆုံး ၀င်ခြံသို့ သွား၍ တစ်ချက်ကြည့်လိုက်သည်။ ၀က်ပေါက်လေးက အထဲမှာ ၀ဖီးလို့နေသည်။
တစ်ရာ ကီလို ကျော်နေပြီး ဖြစ်သော်လည်း လင်းရီကတော့ ၀က်ပေါက်လေးလို့သာ ခေါ်ရင်း နှုတ်ကျိုးနေခဲ့၏။
သူ ရေပိုက်ကို အိမ်အပြင်ဘက်သို့ ဆွဲထုတ်လာပြီး နာရီ၀က်လောက် ကြာအောင် သန့်ရှင်းရေး ပြုလုပ်လိုက်သည်။
သို့သော်လည်း အနံ့က မဆိုသလောက်လေးသာ ပျောက်ကွယ်သွားပြီး ယခင်အတိုင်း အနံ့ကျန်လို့နေသည်။
အလှကုန်ပစ္စည်းများဖြင့် အမြဲတစေ နယ်ဖတ်ထားသည့် အမျိုးသမီးတို့၏ ခန္ဓာကိုယ်ပေါ်ရှိ သင်းရနံ့ကဲ့သို့ ရေဖြင့် ဆေးကြောသည့်တိုင် အနံ့ကတော့ မပျောက်မပျက် ကျန်ရစ်နေခဲ့သည်။
ရန်စီ ပြတင်းပေါက် ဘောင်အနား ရပ်နေရင်း အပြင်တွင် အလုပ်များနေသည့် လင်းရီကို ငေးကြည့်နေလျက်ရှိသည်။
လင်းရီသည် သူမ ရှိုးတွင် ပါ၀င်ရန် အလွန်သင့်လျော်သည်ဟု စိတ်ထဲ ခံစားနေမိတော့၏။
သူ၏ အသက်ပါသည့် အရှိန်အဝါတို့က သိပ်ကို သန်မာလွန်းနေသည်။
" ထွက်ခဲ့တော့... အနံ့က အရင်လောက် မပြင်းတော့ဘူး... "
သူ့အသံကြားတော့ ရန်စီ ထွက်လာခဲ့ပြီး လေကို ရှူရှိုက်ကြည့်လိုက်သည်။ အမှန်ပင် ပိုကောင်းသွားပြီး အနံ့က သည်းခံနိုင်သည့် အတိုင်းအတာအတွင်းသာ ရှိ၏။
" ငါ့ကို ဟင်းသီးဟင်းရွက် နည်းနည်းလောက် ပေးဦး.. ငါ အပြန် ယူသွားချင်လို့... "
" မင်း စားချင်တာ ကိုယ့်ဘာကိုယ်ကောက်သွားပေါ့... "
" ဒါပေမယ့် ငါ ဒီနေ့ ဖိနပ် အသစ် စီးလာခဲ့တာလေ.. ငါ့ဖိနပ်တွေ ညစ်ပတ်ကုန်ရင် ဘယ်လိုလုပ်မှာ... "
" ငါ့ဖိနပ်တွေကလည်း ဈေးမပေါပါဘူးဟ... "
" မစ္စတာလင်း.. "ရန်စီ မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြုလိုက်ပြီး " ကျွန်မရဲ့ အန်တီ ပြန်သွားတဲ့ အချိန်ကျရင်လေ .. ရှင်နဲ့အတူ သောက်ပေးရုံတင် မကဘူး.. ရှင့်ကိုပါ တို့စ်လုပ်ပေးလို့ရတယ်... ဘယ်လိုထင်လဲ... "
" မင်း ဒီမှာပဲ စောင့်နေ... "
လင်းရီ၏ ယနေ့ ရောက်လာခြင်း အဓိက အကြောင်းအရင်းက ဟင်းသီးဟင်းရွက်များ ကောက်ဖို့ရာပင် ဖြစ်သည်။ သို့မှသာ သူ လက်ဆောင်တစ်ချို့ ပေးနိုင်မည် ဖြစ်၏။
ရန်ကွမ်းရှနှင့် လျန်ရူရွှယ်၏ ဘိုးဘွားများသည် ဤကဲ့သို့ သဘာ၀ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များ စားသုံးရခြင်းကို နှစ်ခြိုက်ကြ၏။
ထို့ပြင် ရန်ကျင်းနှင့် ကျိုးဟိုင်ကလည်း သိပ်မဝေးချေ။ လေယာဉ်ဖြင့် သွားပါက တစ်ရက်အတွင်း ရောက်ရှိနိုင်သည်။
ဘေးချင်းကပ် အိမ်တွင်တော့ ရောင်ပင်းနှင့် သူ့သားလေးသည်လည်း ၎င်းတို့၏ ဟင်းသီးဟင်းရွက် စိုက်ခင်းထဲတွင် တကုပ်ကုပ်နှင့် အလုပ်ရှုပ်နေလျက် ရှိ၏။
ထိုအခိုက် ရောင်ပေါ်၀န်လေးမှ ပျော့ပျောင်းစွာ မေးမြန်းလာခဲ့၏။ " ဖေဖေ.. ဘာလို့ ဦးလေးလင်းရဲ့ ဘေးမှာ အမြဲတမ်း အစ်မကြီး အသစ်တွေ ရှိနေတာလဲဟင်... ခု ရောက်နေတဲ့ အစ်မကြီးဆို ဆရာမယောင်ထက်တောင် လှသေးတယ်... "
" အဲ့တာ အဖေလည်း သိချင်နေတာပဲ သားရယ်..."
" သားကြီးလာရင် အဲ့လိုပဲ လုပ်တော့မယ်..."
" မင်းပြောတော့ လေယာဉ်မှူးကြီး လုပ်မယ်ဆို... "
" ဒါပေမယ့် အဖေပြောတော့ သားက အဲ့လိုလုပ်ဖို့ အရည်အချင်း မမီဘူးဆို... အဲ့တာကြောင့် သား ဦးလေးလင်းလိုမျိုး မမလှလှတွေ အများကြီး သားနားမှာ ရှိချင်တယ်... "
ရောင်ပင်း ရောင်ပေါ်၀မ်လေး၏ ဆံပင်ကို အသာဖွပေးလိုက်ပြီး " ငါ့သား .. အဖေတို့ လေယာဉ်မှူးဖြစ်ဖို့ပဲ အာရုံစိုက်ကြရအောင်... "
တစ်နာရီခန့် ကြာပြီးနောက် လင်းရီ ဟင်းသီးဟင်းရွက် စိုက်ခင်း၏ ငါးပုံတစ်ပုံ နီးပါးခန့် ကောက်ပြီးသွားပြီး ရရှိလာသည်များကို သုံးပုံ ပုံလိုက်သည်။
တစ်ပုံက ရန်စီ အတွက် ဖြစ်ပြီး ကျန်နှစ်ပုံကတော့ ရန်ကွမ်းရှနှင့် လျန်အဘိုးကြီးများ အတွက် ဖြစ်၏။
ကျေနပ် အားရစွာဖြင့် ရန်စီ ဟင်းသီးဟင်းရွက်များကို ကားထဲ ထည့်လိုက်ပြီး အပြုံးလေးဖြင့် " ငါ နင့်ရဲ့ ဖန်လုံအိမ်ထဲ သွားပြီး အသီးနည်းနည်းလောက် ခူးချင်သေးတယ်... "
" မင်း ဒီလာတာ လာလည်တာလား .. ဓားပြ လာတိုက်နေတာလား... "
" ငါက ဒီကို ခဏခဏ လာဖြစ်နေတာလည်း မဟုတ်ဘူးလေ.. တကယ်လို့ ဟင်းသီးဟင်းရွက် တစ်မျိုးတည်း ယူသွားရင် အခွင့်အရေးကို အပြည့်အ၀ မယူလိုက်မိသလို ဖြစ်သွားတော့မှာပေါ့... "
" ဒီလောက်ဆို သေချာပြီ.. အမျိုးသမီးတွေက သူတို့ ပန်းကန်ထဲ ရှိတာ စားရင်းနဲ့ အိုးထဲက ဥစ္စာကို လွမ်းနေကြတဲ့ သူတွေချည်းပဲ.. "
" အဲ့လို ပြောလို့လည်း အသုံးမ၀င်ဘူးနော်.. ငါ ဒီနေ့ ကျိန်းသေပေါက်ကို အသီးတစ်ချို့ ယူသွားရမှ ဖြစ်မှာ... "
သူ့တွင် မစ်ရှင် ရှိနေသော်လည်း ရန်စီ ရောက်လာပြီး စားသောက်နေသည်ကို လင်းရီ မည်သို့မျှ စိတ်မရှိချေ။
ယခု လူသတင်း လူချင်းဆောင်၍ ပျံ့နှံ့သွားပြီး သူ ဆိုင်ပြန်ဖွင့်သည့် အချိန်၌ ပိုမိုမြင့်မားသည့် ဈေးနှုန်းဖြင့် ရောင်းချလျှင်ပင် အားလုံး ရောင်းထွက်သွားမည်မှာ ကျိန်းသေလေသည်။
ယွမ် ဆယ်သိန်းရအောင် ရောင်းရမည့် မစ်ရှင်က ခက်ခဲသည့် ကိစ္စရပ် တစ်ခု မဟုတ်တော့ပါချေ။
အိမ်ထဲမှ မထွက်ခွာမီ လင်းရီ အလိုအလျောက် အစာကျွေးစက်ထဲသို့ အစာတစ်ချို့ ဖြည့်လိုက်ပြီး ရန်စီနှင့်အတူ ဖန်လုံအိမ်ထံ မောင်းသွားလိုက်သည်။
သူမ အထဲသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် အသီးများ၏ သင်းပျံ့သည့် ရနံ့က နှာခေါင်း၀ကို လာရောက်ကျီစယ်နေသည်။
သစ်ကိုင်းထက်တွင် သီးနေသည့် အသီးများနှင့် မြေပေါ်ကျနေသည့် အသီးများကို ကြည့်ရင်း ရန်စီ တော်တော်လေး စူးစမ်းချင်စိတ် ပြင်းပြမိသွားသည်။ ဤ မြင်ကွင်းက မရှားပါးသော်လည်းပဲ သူမကဲ့သို့ မြို့သူ မိန်းကလေးအဖို့ မြင်တွေ့နိုင်ရန် ခဲယဉ်းလွန်းလှပေသည်။
သို့ပေမယ့် လင်းရီသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိသွားခဲ့သည်။
မြေဆီလွှာ စီစဉ်တကျ နေရာထားရှိမှုက ပြောင်းရွေ့ခံထားရသည့်ပုံပင်။
ထို့ပြင် သစ်ပင်ထက် ရှိနေသည့် အသီးများနှင့် သစ်ကိုင်းများသည်လည်း ယခင်ထက်ကို နည်းပါးသွားခဲ့၏။
အခြားသူများ လာရောက် ခူးဆွတ် စားသောက်နိုင်ချေ ရှိသော်လည်း မည်သူကမျှတော့ သစ်ကိုင်များအား ဖြတ်တောက်သွားလိမ့်မည်တော့ မဟုတ်ချေ။
" ဘာလို့လဲ.. နင့် မျက်နှာလည်း မကောင်းပါလား... " ရန်စီ မေးလိုက်ပြီး " နင့် အသီးတွေအကြောင်း စိုးရိမ်နေတယ်လို့တော့ ငါ့ကို လာမပြောနဲ့နော်... "
" ငါ့အထင် တစ်ယောက်ယောက်လာပြီး ငါ့ အသီးတွေကို ခိုးသွားတယ်နဲ့ တူတယ်... "
" အာ... သူခိုး.. ဟုတ်လား..."ရန်စီ အရင်ဆုံး အံ့အားသင့်သွားခဲ့ပြီး ထို့နောက် သူမ၏ ကိုယ်ဟန်ကို ပြန်လည် ရရှိသွားကာ " နင် စိုက်တဲ့ အသီးတွေက အရသာရှိလွန်းတော့ လူတစ်ချို့ လိုချင်ကြတာ သာမန်ပဲလေ.. ရွာထဲကများလားနော်.. ငါ့စိတ်ထဲ တရားခံကတော့ သူတို့ပဲ ဖြစ်နိုင်ချေ များတာပဲ..."