← Chapters

သွားပြီး နည်းနည်းခိုးလိုက်

Vol. 73 Ch. 1087

သွားပြီး နည်းနည်းခိုးလိုက်

Vol. 73 Ch. 1087

ကျောက်ရင်ညန်ကို သင်ခန်းစာ ပေးပြီးနောက် ရှောင်လီတုံနှင့် ယွီဖုန်းတို့ လင်းရီနှင့် ရန်စီထံ လျှောက်လာခဲ့ကြသည်။

“ ဥက္ကဌလင်း.. ကျုပ် တကယ့်ကို တောင်းပန်ပါတယ်ဗျာ.. ဒီလို ကိစ္စမျိုးတွေ ဖြစ်ထားမှန်း ကျုပ် တကယ်ကို မသိထားလို့ပါ…” ရှောင်လီတုံ တောင်းပန်တိုလျှိုးစွာ ပြောလိုက်သည်။

“ ကျုပ် သူ့ကို ဒီရှိုးမှာ မသုံးတော့ပါဘူး.. သူ့ထက် ပိုပြီး နာမည်ကြီးတဲ့ တခြား တစ်ယောက်ပဲ ရှာလိုက်ပါ့မယ်…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ခင်များတို့က ဒီအပိုင်းမှာ ကျွမ်းကျင်သူတွေပဲ.. ဆီလျော်သလို ကြည့်လုပ်ကြပေါ့.. ကျုပ်က ပိုက်ဆံ ရှင်းပေးဖို့ပဲ တာဝန်ယူထားတာ… ကျန်တာ ခင်များတို့ချင်း ဆွေးနွေးလိုက်ကြ…”

ဤဖြစ်ရပ်က လင်းရီ၏ စိတ်အခြေအနေအပေါ် သက်ရောက်မှု မရှိသည်ကို မြင်တော့မှ ရှောင်လီတုံနှင့် ဖုန်းယွီတို့လည်း စိတ်သက်သာရာရစွာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်ကြသည်။

ဤရှိုးက အရေးကြီးသည်တော့ မဟုတ်ချေ။

ဤပရိုဂရမ်မှတဆင့် ကျိုးဟိုင်ရှိ အရင်းရှင် တိုင်ကွန်းကြီးနှင့် ရင်းနှီးပတ်သက်မှု တစ်ခု တည်ဆောက်ဖို့ကသာ အရေးပါသည်။ ယင်းက စင်ကျူရီ မီဒီယာ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုတို့၌ အတိုင်းအဆမဲ့သော အကျိုးကျေးဇူးတို့ကို ဖြစ်ပေါ်လာစေလိမ့်မည်။

ကျောက်ရင်ညန်နှင့် ပတ်သက်၍ကတော့ သူ ခဏကျတော့မှ ပြန်သွားပြီး ကိုင်တွယ်ဖြေရှင်းလိုက်၍ ရလေသည်။

လူလေးယောက် အုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျောက်ရင်ညန်နှင့် ကျန်းကျင်းဟွာတို့ သစ်ငုတ်တွယ်ထားသကဲ့သို့ နေရာတွင် ငူငူငိုင်ငိုင်ကြီး ရပ်တန့်နေခဲ့ကြသည်။ သူမတို့သည် ကျောက်ဆစ်ရုပ်ကြွင်း ဖြစ်သွားခဲ့သည်နှယ် အချိန် အတော်ကြာသည်အထိ စကားတစ်ခွန်း မပြောထွက်နိုင် ဖြစ်နေကြလေသည်။

“ အစ်မဟွာ.. ကျွန်မတို့ အခု ဘာလုပ်ကြမလဲဟင်… ကျွန်မတို့ သူ့ကို အပြစ်ပြုမိသွားပြီ…”

လင်းရီက ဘီလီယမ်နာ တစ်ယောက် ဖြစ်နေသည်ကို ကြားသိလိုက်ရတော့ ကျန်းကျင်းဟွာ သူမ၏ လုပ်ရပ်အတွက် နောင်တအကြီးအကျယ် ရနေခဲ့မိသည်။

သူက ဒီလောက်ချမ်းသာနေတာ ကျောက်ဟိုင်ဟုန်ထက် အဆပေါင်းများစွာ ဩဇာလွှမ်းမိုးမှု ရှိနေမှာ အမှန်ပဲလေ… တကယ်လို့များ သူမသာ သူနဲ့ တစ်ဖက်တည်း ရပ်တည်ခဲ့မိမယ်ဆိုရင် ခုလောက်ဆို အရင်းအမြစ်တွေ အများကြီး ရပြီးနေလောက်ပြီ… ။

ခုတော့… အကုန်လုံး သွားချေပြီ။

ကုမ္ပဏီက ကျိန်းသေပေါက် သူမကို အလွှတ်ပေးလိမ့်မည် မဟုတ်ချေ။

“ ဒါ… ငါလည်း မဖြေရှင်းတတ်တော့ဘူး…” ကျန်းကျင်းဟွာ အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်ပြီး “ ဒါတွေ အကုန်လုံးက နင့်ကြောင့်ပဲ… ငါနင့်ကို မကူညီပေးနိုင်ဘူး…”

“ ကျွန်မ- ကျွန်မကြောင့်.. ဟုတ်လား….”

“ သူ့ကို မသိဘူးလို့ ပြောတာ နင်မဟုတ်ဘူးလား… ငါနင့်ကို အဲ့လိုပြောဖို့ တောင်းဆိုခဲ့လား..” ကျန်းကျင်းဟွာ ပြောလိုက်ပြီး “ ပြီးတော့… နင်တို့ နှစ်ယောက်က အရင်တုန်းကလည်း ရင်းနှီးခဲ့ကြတယ်… ဒါတောင် သူဘယ်သူမှန်း နင်မသိတာ နင့်အမှား ဖြစ်သွားပြီ…”

“ ကျွန်မ… “

ကျောက်ရင်ညန် ငိုချင်ပါသော်လည်း မျက်ရည်များက ကျမလာ။ သူမ တစ်ကိုယ်လုံး အားအင်ချိနဲ့သွားသလို ခံစားနေရ၏။

သူမအဖို့ A အဆင့် အနုပညာရှင် စာရင်းထဲ ရောက်ရှိရန်အတွက် လျှောက်လှမ်းခဲ့ရသည့် လမ်းခရီးသည် နည်းနည်းလေးမျှ လွယ်ကူခြင်း မရှိခဲ့ချေ။ ယခု အရာအားလုံး ရေစုန်မျှောတော့မည်လော။

စင်ကျူရီ မီဒီယာမှ ထွက်လာခဲ့ပြီးနောက် ရှောင်လီတုံ လင်းရီနှင့် ရန်စီကို မီချယ်လင်း ကြယ်သုံးပွင့် စားသောက်ဆိုင် တစ်ဆိုင်ထံ ခေါ်ဆောင်သွားခဲ့သည်။

စားသောက်နေစဉ် ရန်စီမှ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်မည့် အကြောင်းကို အဓိက ထားပြောပြီး အသေးစိတ် အရာ များစွာကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ အရာအားလုံးက အဆင်ပြေချောမွေ့စွာဖြင့် အဆုံးသတ်သွားခဲ့လေသည်။

ရန်စီသည်လည်း အကယ်၍ လင်းရီသည်သာ သူမ ဘေးနား ထိုင်နေခြင်း မရှိပါက တစ်ဖက်သူသည် သူမ၏ ဧရာမ တောင်းဆိုချက်ကြီးများကို ယခုလို တည်ငြိမ်သည့် လေသံဖြင့် လိုက်လျောပေးမည် မဟုတ်ကြောင်းကို သေချာလေသည်။

အရင်းရှင်များအား ပိုပြီး အားကောင်းသည့် အရင်းရှင်ကသာလျှင် အုပ်စိုးလေ့ရှိ၏။

စားသောက်ပြီးနောက် လေးယောက်သား ကိုယ်စီ လမ်းခွဲလိုက်ကြပြီး လင်းရီမှ “ မင်း ရှိုးရိုက်မယ့် နေရာကို ရွေးပြီးသွားပြီလား..” လင်းရီ မေးမြန်းလိုက်သည်။

“ ငါ လျာထားတဲ့ နေရာ သုံးလေးခုလောက်တော့ ရှိတယ်… ဒါပေမယ့် သေချာစဉ်းစားကြည့်လိုက်တော့ သူတို့က ပြီးပြည့်စုံတယ်လို့ မထင်ဘူး…” ရန်စီ ပြောလိုက်ပြီး “ ကျန်းနန်မှာရှိတဲ့ ‘ငါးနဲ့ဆန်’ ရွာမှာ လှပတဲ့ ရှုခင်းတွေ အများကြီးတော့ ရှိတယ်… ဒါပေမယ့် စည်ပင်ထွန်းကားတယ်ဆိုတဲ့ ခံစားချက်မျိုးတော့ မပေးဘူး… ဒါပေမယ့် တကယ့်စစ်မှန်တဲ့ ကျေးလက်ရွာလေး ဖြစ်ပြီး အခြေအနေတွေကလည်း သိပ်ရိုးရှင်းနေမယ်ဆိုရင် ကြည့်ရှုသူတွေရဲ့ အမြင်အပေါ် နိမ့်ကျသွားစေနိုင်တယ်လေ… ဒါကြောင့်မို့ ငါ ဒီ ရှိုးကို ပြီးပြည့်စုံအောင် နောက်ထပ် သုံးလေးနေရာလောက် လိုက်ရှာဖွေကြည့်ဦးမလားလို့….”

“ မင်း ငါနေတဲ့ ဟွမ်ရှီး ကျေးရွာကို တစ်ချက်လိုက်ကြည့်ချင်သေးလား..”

“ ကောင်းတာပေါ့…” ရန်စီ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ နင်အားရင် ငါ့ကို တစ်ချက် ခေါ်သွားပြလေ…”

“ မနက်ဖြန် ၊ အသီးတွေက အကုန်လုံး ရောင်းထွက်သွားပြီဆိုတော့ ငါ ပြန်ပြီး တောက်တိုမယ်ရလေး နည်းနည်းလောက် ပြန်လုပ်ဦးမလို့.. အဲ့တာမင်း တစ်ခါတည်း လိုက်ခဲ့လိုက်..”

“ ဒါဆို သေချာသွားပြီနော်… နင် မနက်ဖြန် အဆင်သင့်ဖြစ်ရင် ငါ့ကိုခေါ်လိုက်.. ငါတို့ အတူတူသွားကြမယ်..”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး အိုကေ လက်ဟန် ပြုလုပ်လိုက်သည်။ ထို့နောက် သူ့ကားထဲ ဝင်သွားခဲ့၏။

ရန်စီကတော့ နေရာတွင်သာ ရပ်နေလျက်ရှိပြီး လင်းရီ ထွက်ခွာသွားသည်အား စောင့်ကြည့်နေလျက် ရှိသည်။ သူမ မျက်နှာပေါ်ရှိ အပြုံးက ပိုမို၍ ညင်သာလာသည်။

…………..

‘ ကြီးမြတ်သော’ လယ်ယာ တိုးတက်မှု ကုမ္ပဏီ လီမီတက်၊ အထွေထွေ မန်နေဂျာ ရုံးခန်း။

ဖန့်ချိန်ကျယ် ဘော့စ် ထိုင်ခုံတွင် ထိုင်နေပြီး သူ့ခြေထောက်တစ်စုံကိုတော့ စားပွဲပေါ် တင်ထားသည်။ လက်နှစ်ဖက်ကို ခေါင်းအုံးထားပြီး စဉ်းစားနေသည့်ဟန်ဖြင့် မျက်လုံးများကို မှိတ်ထား၏။

ထိုအခိုက်အတန့်တွင် သူ၏ ဒရိုင်ဘာ ၊ ရောင်ခွန်ဖန့် ရုံးခန်းထဲ ဝင်ရောက်လာသည်။

“ ဒါရိုက်တာဖန့်.. ကျုပ် ရှာတွေ့ခဲ့ပြီ… သူတို့က ဟွမ်ရှီး ကျေးရွာက… “

“ ဟွမ်ရှီး ကျေးရွာ.. ဟုတ်လား.. ငါ တစ်ခါမှ မကြားဖူးပါဘူး…”

“ ကျုပ် စုံစမ်းပြီးသွားပြီ… အဲ့နေရာက ကျေးရွာအသေးစားလေးပဲ.. ဆင်းလည်း ဆင်းရဲတယ်… ဟွမ်ရှီးကျေးရွာမှာ သူ့ရဲ့ ဖန်လုံအိမ် တစ်လုံး ရှိတယ်.. သူ့အသီးတွေကို အဲ့မှာ စိုက်ပျိုးထားတာ…”

ဖန့်ချိန်ကျယ် စက္ကန့်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီးနောက် “ ခုချက်ချင်း လူတစ်ချို့ စေလွှတ်ပြီး မြေဆီလွှာ နမူနာ သွားယူခိုင်းလိုက်… နောက်ပြီး တခြား အသီးတွေပါ ယူလာခဲ့ခိုင်းလိုက်…”

“ ဟုတ်ကဲ့… နားလည်ပါပြီ…”

တုံ့ပြန်ပြီးနောက် ရောင်ခွန်ဖန့် တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားခဲ့ပြီး သူ့လူများနှင့်အတူ ဟွမ်ရှီးကျေးရွာသို့ သွားရန် ဟန်ပြင်လေသည်။

သို့သော် သူ တံခါးဝသို့သာ ရောက်သေးသည့် အချိန်မှာပဲ ဖန့်ချိန်ကျယ် သူ့အား ရပ်တန့်လာခဲ့သည်။

“ သူ့ ဖန်လုံအိမ်ကို သေချာ အနီးကပ် စောင့်ကြည့်ထား… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် အသီးကိုင်း တစ်ချို့ပါ ဖြတ်ယူခဲ့လိုက်.. အဲ့တာမှ အသီးတွေကို ကိုင်းကူးစက်လို့ရမှာ…”

“ နားလည်ပါပြီ..”

…….

“ ရီရေ… ဆင်းပြီး လာစားလို့ရပြီနော်…”

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ သူ့ကိုယ်သူ ဆေးကြောနေတခိုက် ကျီချင်းရန်၏ လှမ်းခေါ်သံကို ကြားလိုက်ရသည်။

“ အိုကေ ခဏလေးနေဦး…”

သူတို့၏ ဘဝကတော့ ပုံမှန်အတိုင်းပင်။ ကပြောင်းကပြန် ဖြစ်ပျက်ခြင်းမျိုး မရှိသလိုအလွန်လည်း သာယာချမ်းမြေ့လျက်ရှိ၏။

“ အသီးတွေ အကုန် ရောင်းထွက်သွားပြီဆိုတော့ နင် ဒီနေ့ ဘာလုပ်ဖို့ စီစဉ်ထားလဲ…”

“ ငါ ဟွမ်ရှီးကျေးရွာဆီ ပြန်သွားပြီး အခြေအနေ တစ်ချက် သွားကြည့်မလို့ လုပ်နေတာ… အပင်တွေကို ရေလောင်းပြီး ပေါင်းသတ်ရမယ့် အချိန်ပဲလေ… အပင်တွေကို ဒီတိုင်း အကြာကြီး ပစ်ထားလို့ ဘယ်ဖြစ်ပါ့မလဲ…”

“ အမှန်ပဲ… အပင်တွေကို အချိန်အကြာကြီး ဂရုမစိုက်ဘဲ ပစ်ထားရင် ပျက်ဆီးသွားနိုင်တယ်…”

“ နင်ည ပြန်လာဦးမှာလား… နင် မလာဘူးဆို ငါ အမေတို့အိမ် သွားနေမလို့…”

“ အိမ်မှာ ဇနီးချောလေး ရှိနေတာကို သေချာပေါက် ပြန်လာရမှာပေါ့ကွ..”

“ ကျစ်… ကြားကောင်းအောင် ပြောနေပြန်ပြီ…” ကျီချင်းရန် ရှက်ရွံ့စွာ ငြင်းဆန်လိုက်၏။

စားပြီး သောက်ပြီး ပန်းကန်များ ဆေးရန် အလှည့်ကျလာသူကတော့ လင်းရီပင်။

ကျီချင်းရန်ကတော့ သူမ အခန်းထဲသွား၊ မိတ်ကပ်လိမ်းပြီး အနက်ရောင် ပွဖောင်းဖောင်း ဘောင်းဘီ တစ်ထည်နှင့် အမျိုးသမီး လက်ပြတ် ခါးတို အင်္ကျီ အဝါရောင် ဖျော့ဖျော့ကို ဝတ်ဆင်လိုက်သည်။ မိုးပြာရောင် ဂျက်ကတ်လေးကိုပါ အပေါ်က လွှမ်းပြီး ထပ်လိုက်တော့ လန်းဆန်းတက်ကြွသည့် အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

အရာအားလုံး စီစဉ်ပြီးနောက် နှစ်ယောက်သား ကိုယ်စီ လမ်းခွဲပြီး မောင်းနှင်သွားကြ၏။ လင်းရီ ရန်စီထံ ဖုန်းဆက်၍ သူမအိမ်ထံ မောင်းနှင်သွားလိုက်လေသည်။

ကျီချင်းရန်၏ ဝတ်စုံနှင့် ယှဉ်ပါက ရန်စီ၏ ဝတ်စုံသည် ပို၍ သာမန်ဆန်သည်။

မီးခိုးဖျော့ရောင် ဘောင်းဘီ၊ ပန်းရောင်နှင့် အဖြူ နှစ်ရောင်စပ် AJ13 စနိကာ၊ V neck သဏ္ဌာန် ရှိသည့် လီနင် Top ကို ဝတ်ဆင်ထားသည်။ ဤဝတ်စုံက လုံးဝ မတူကွဲပြားသည့် အရသာ တစ်မျိုးကို ပေးစွမ်းနေသည်။

“ ဒီဝတ်စုံကို ဘယ်လိုထင်လဲ… ငါပိုပြီး ငယ်ရွယ်သွားတယ်လို့ နင်မထင်ဘူးလား…” ရန်စီ ပြုံးလိုက်၏။

“ ကြည့်လို့ကောင်းတယ်.. ဒါပေမယ့် မင်းရဲ့ မိန်းမသားဆန်မှုကိုတော့ ဖုံးကွယ်လိုက်သလိုပဲ..”

“ ငါလည်း အစက ဂါဝန် ဝတ်တော့မလို့ပါပဲ.. ဒါပေမယ့် ရွာမှာ ခြင်တွေ အများကြီး ရှိနေမှာ ကြောက်တာနဲ့ ထွက်မလာခင် ဒီ ဝတ်စုံ ပြန်ချိန်းလိုက်တာ…”

“ အဓိပ္ပာယ် ရှိတယ်..”

ရန်စီ ပြုံးလိုက်ပြီး လင်းရီ၏ ခရီးသည် ထိုင်ခုံထံ ဝင်ထိုင်လိုက်သည်။ ထို့နောက် ဟွမ်ရှီးကျေးရွာသို့ ထွက်လာခဲ့ကြတော့၏။

မိနစ်လေးဆယ်ခန့် မောင်းနှင်ပြီးနောက် နှစ်ယောက်သည် စစ်ဖန်းမြို့သို့ ရောက်ရှိလာသည်။

ရန်စီ ပြတင်းပေါက် အပြင်ဘက်သို့ ရှုငေးရင်း “ ဒီ နေရာက စည်ပင်ထွန်းကားတဲ့ ပုံလည်း မပေါ်ဘူးနော်..”

“ အင်းလေ.. ရွာ အစစ်အမှန်တွေ အကုန်လုံးက ဒီလိုချည်းပါပဲ…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ မင်း ပိုပြီး လက်တွေ့ကျသင့်တယ်.. တခြားနေရာတွေနဲ့ ယှဉ်ကြည့်လိုက်ရင် ဟွမ်ရှီးကျေးရွာရဲ့ စီးပွားရေး အခြေအနေက မဆိုးဘူး… အနည်းဆုံးတော့ ကြွေးမြီကင်းကြတယ်… တခြား ဆင်းရဲတဲ့ ကောင်တီတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ အသာကြီး…”

“ အင်း… “ ရန်စီ ခေါင်းညိမ့်လိုက်သည်။

“ ဒီနေရာက စစ်မှန်တယ် ဆိုပေမယ့် ပတ်ဝန်းကျင်က ကောင်းနေတာမျိုးကြီးမှ မဟုတ်တာ… ဒါက တကယ့် အရေးကြီးတဲ့ ပြဿနာပဲ… ငါတို့ ရိုက်ကူးပြီးလို့ အစိုးရ ရေဒီယို၊ဖလင်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး စီမံခန့်ခွဲမှုဌာနကနေ ခွင့်ပြုချက်တောင်းရင် ခွင့်ပြုပေးမှာ မဟုတ်ဘူး…”

“ ငါ နားလည်တယ်… အထက်လူကြီးတွေက ဘယ်လိုမျိုး စည်ပင်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်အောင် ဖန်တီးမယ်လို့သာ ပြောနေကြတာ ကျေးလက်တောရွာလေးတွေရဲ့ လက်တွေ့အခြေအနေက ဒီလိုတွေချည်းပဲ.. အာဏာပိုင်တွေက ကျိန်းသေပေါက် ခွင့်ပြုမှာ မဟုတ်ဘူး… သူတို့က လူတွေကို လှတာလောက်ပဲ မြင်စေချင်ကြတာ.. ငါတို့ ဒီအခြေအနေမျိုးမှာ အဆင်ပြေအောင် တစ်ခုခုတော့ ကြံသင့်တယ်…”

All Chapters