လုံး၀ ခြားနားသည့် ရှုထောင့်မှနေ၍ အပြတ်သတ် ချေမှုန်းရိုက်ခတ်ခြင်း
Vol. 73 Ch. 1091
ထိုညနေခင်းတွင် သူတို့ ညနေစာကို အိမ်မှာ မစားကြချေ။ စီချွမ် စားသောက်ဆိုင် တစ်ဆိုင်တွင် ၀င်စားလိုက်ကြပြီး စားပြီးသည့်နောက်တွင်တော့ ရုပ်ရှင်သွားကြည့်ကြ၏။ ထို့နောက် အိမ်သို့ ဖြည်းညင်းစွာ မောင်း၍ ပြန်လာခဲ့ကြလေသည်။
သူတို့ ထမင်းစားသည့် နေရာက ကြုံကြိုက်သလို ရွေးချယ်ထားခြင်း ဖြစ်ပြီး အစားအသောက်က အရမ်း ကောင်းမွန်နေသည်မျိုးတော့ မဟုတ်ချေ။ သို့ပေမယ့်လည်း အချစ်က ချိုမြိန်စေသည် ဆိုသည့်အတိုင်း စားရသည်မှာ ပုံမှန်ထက်ပင် အရသာရှိနေတော့၏။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ ကျီချင်းရန်ကို ချောင်ရန် အုပ်စုသို့ လိုက်ပို့ပေးနောက် ' ကြီးမြတ်သော ' လယ်ယာ တိုးတက်မှု ကုမ္ပဏီသို့ ဦးတည်လိုက်သည်။
ဤနေရာက သူတို့ တွေ့ဆုံရန် စီစဉ်ထားသည့် နေရာပင်။
လင်းရီ ယခင်က ဤကုမ္ပဏီကို တစ်ခါမျှ မကြားဖူးခဲ့ပေ။ သို့ပေမယ့် ကုမ္ပဏီ၏ အရွယ်အစားက သူထင်ထားသည်ထက်ကို ကြီးမားနေသည်။ အနည်းဆုံးတော့ ချောင်ရန် အုပ်စု၏ အဆောက်အဦးက ၎င်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
ကားပါကင် ထိုးပြီးသည့်နောက် လင်းရီ ဖုန်းထုတ်၍ လင်းယွင် အုပ်စု ဥပဒေရေးရာ ဌာန၏ ဒါရိုက်တာ၊ မာဟွိုက်ရန်ကို ဖုန်းဆက်လိုက်သည်။
" ဥက္ကဌလင်း... ကျုပ် တကယ်ကို တောင်းပန်ပါတယ်... လမ်းမှာ ကားအက်စီးဒင့် တစ်ခုနဲ့ ကြုံတော့ လမ်းတွေ အကုန်လုံး ပိတ်နေလို့ပါ... ကျုပ် ခဏနေကျရင် အမြန်မောင်းပြီး အဲ့ဒီကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် လာခဲ့ပါ့မယ်... "
" ထွေထူးကိစ္စကြီး မဟုတ်ပါဘူးဗျာ... ခင်များရဲ့ လုံခြုံရေးကသာ ဦးစားပေးပဲ.. သိပ်အမြန်ကြီးလည်း မောင်းမနေနဲ့ဦး... "
လွှဲသာ ရှောင်သာ၍ မရသည့် ကိစ္စများနှင့် ပတ်သက်လာလျှင် လင်းရီသည် သူ၏ လက်အောက် ငယ်သားများအပေါ် နားလည်မှု ပေးတတ်လွန်းပေသည်။ ထို့ကြောင့် သူ စိတ်ထဲ ထားမနေတော့ချေ။
" ခင်များ ' ကြီးမြတ်သော' လယ်ယာ တိုးတက်မှု အကြောင်း သိထားပြီးပြီလို့ ကျုပ်ထင်တယ်... "
" မနေ့တုန်းက ကျုပ် အချက်အလက်တွေ စစ်ဆေးကြည့်လိုက်တော့ သူတို့ရဲ့ ဥပဒေရေးရာ ဒါရိုက်တာက ကျုပ် ကျောင်းသားတွေထဲက တစ်ယောက် ဖြစ်နေတာပဲ... ကျုပ် သူ့ကို ဒီနေရာထိ ရောက်အောင် သင်ပေးလာခဲ့တာလေ... သူ့ကို ကိုင်တွယ်ဖို့က အသာလေးပဲ... "
" အဲ့လို ကိစ္စမျိုးလည်း ရှိသေးတာပဲလား... "
" ကျုပ် အရင်က ရန်ကျင်း ဥပဒေကျောင်းမှာ ကြီးကြပ်ရေးမှူး တစ်ယောက် ဖြစ်ခဲ့ဖူးတယ်.. အဲ့ကနေမှတစ်ဆင့် လင်းယွင် အုပ်စုဆီ ပြောင်းလာခဲ့တာ.. ဒါကြောင့်မို့ နယ်ပယ်ထဲမှာ ကျုပ် တပည့် တချို့တော့ ရှိတယ်... "
" ဒါတော်တော်လေး ရှက်စရာပဲ... ကျုပ်တို့က ခုမှ စမှာကို ခင်များက ဒီလိုတွေ လုပ်နေတယ်ဆိုတော့ နည်းနည်းလေး လွန်တယ် မထင်ဘူးလား... "
" အဲ့တာက ဥပဒေပဲ.. ကိုယ့်ဘက်က အခွင့်အရေးရတာနဲ့ တစ်ကွက်တည်းနဲ့ အမှောက်သိပ်ဖို့ လိုတယ်... အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး... မဟုတ်ရင် ပြန်ကိုက်ခံရတတ်တယ်... "
" ခင်များ ပြောတဲ့စကားကို ကျုပ် သိပ်ကြိုက်သွားပြီ.. ဒီတစ်ကြိမ် ခင်များ စွမ်းဆောင်ရမယ့် ကလှည့်ပဲ.. "
" မပူနဲ့ ဥက္ကဌလင်း... ကျိန်းသေပေါက် အဆင်ပြေစေရမယ်... "
" ကောင်းပြီ... လမ်းမှာလည်း ဂရုစိုက်ဦး... ခင်များ တစ်ခုခု ဖြစ်ရင် ကျုပ်တို့ လင်းယွင်အုပ်စုရဲ့ ဆုံးရှုံးမှုကြီးပဲ..."
" နားလည်ပေးလို့ ကျေးဇူးပါ ဥက္ကဌလင်း... "
ဖုန်းချပြီးသည့်နောက် လင်းရီ ကားထဲတွင် ထိုင်စောင့်နေမည့် စိတ်ကူး မရှိဘဲ ' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီထဲသို့ လျှောက်၀င်သွားခဲ့လိုက်သည်။
" မင်္ဂလာပါဆရာ.. ကြိုတင် ချိန်းဆိုထားတာများ ရှိလားရှင့်.. "
လင်းရီ ၀င်လာသည်ကို မြင်တော့ ဧည့်ကြို ကောင်တာရှိ ကောင်မလေးမှ အပြုံးလေးဖြင့် မေးမြန်းလိုက်၏။
" ကျုပ် နာမည် လင်းရီ.. မင်းတို့ရဲ့ အထွေထွေ မန်နေဂျာ ဖန့်ချိန်ကျယ်က ဒီကို ဆွေးနွေးဖို့ ဖိတ်ခေါ်လိုက်တာပဲ... "
လင်းရီ၏ နာမည်ကို ကြားသိပြီးနောက် အမျိုးသမီး ဧည့်ကြို၀န်ထမ်းမှ ချက်ချင်း တုံပြန်လာသည်။
ဥက္ကဌဖန့်မှ ဤကိစ္စကို ယခု မနက်ခင်းတွင်ပဲ အထူးတလှယ် ထုတ်ပြောလာခဲ့ပြီး တရားပြိုင်က အင်မတန် ချောမောနေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။
" ဟယ်လို မစ္စတာလင်း .. ကျွန်မတို့ရဲ့ ဒါရိုက်တာဖန့်က ရှင်ရောက်လာတာနဲ့ ဒုတိယ အလွှာက အစည်းအဝေးခန်းထဲမှာ စောင့်နေပေးပါလို့ ပြောထားပါတယ်... ကျွန်မ လိုက်ပို့ပေးပါ့မယ်... "
" အခန်း နံပါတ်ပဲပြော... ကျုပ် ကိုယ့်ဘာကိုယ် သွားလိုက်မယ်... "
" ၂၀၀၁... "
" ကောင်းပြီ... "
လင်းရီ လှေကားကို အသုံးပြု၍ ဒုတိယ အလွှာသို့ တက်သွားလိုက်သည်။
" ရှောင်ပင်း... အဲ့ အစ်ကိုလေးက ငါတို့ ကုမ္ပဏီရဲ့ နည်းပညာကို ခိုးသွားတဲ့ တစ်ယောက်လား... "
အခြား ဧည့်ကြို၀န်ထမ်း အမျိုးသမီးမှ ပြောလိုက်သည်။
" သေချာပေါက်ပဲပေါ့... မဟုတ်ရင် သူက ဒီကို ဘာလို့ ရောက်လာမှာလဲတဲ့... "
" ဒါ- ဒါပေမယ့် သူက သိပ် ချောလွန်းနေတယ်လေ... သူ အဲ့လို ဖြစ်မှာကို ငါ တကယ် မကြည့်ရက်ဘူး... "
" ငါတို့ တတ်နိုင်တာလည်း ဘာမှမှ မရှိပဲကို.. သူက ငါတို့ ကုမ္ပဏီရဲ့ တကယ့် အရေးကြီးတဲ့ နည်းပညာကိုမှ ခိုးယူသွားခဲ့တာလေ... ဒါရိုက်တာဖန့်က သေချာပေါက် အလွှတ်ပေးမှာ မဟုတ်ဘူး... "
" ဟင်း.... သနားဖို့ ကောင်းလိုက်တာ... "
" လောလောဆယ် ဒီအကြောင်း မပြောကြစို့... ငါ ဒါရိုက်တာဖန့်ဆီ ဖုန်းဆက်ပြီး သူရောက်လာကြောင်း သတင်းပို့ရမယ်... "
အထွေထွေ မန်နေဂျာ ရုံးခန်းထဲတွင်တော့ ဖန့်ချိန်ကျယ်နှင့် ရှောင်ကျားလျန်တို့သည် လင်းရီအကြောင်း စကားပြောဆိုနေကြသည်။
" ဒါရိုက်တာရှောင် ... ဒီကိစ္စမှာ ကျုပ်တို့က မှားနေတယ် ...ဒါပေမယ့် တစ်ဖက်သူက အားနည်းတဲ့ ဥပဒေ အုတ်မြစ်နဲ့ လယ်သမား တစ်ယောက်ပဲ .. ဒီကိစ္စ ကျုပ် ခင်များကို စိတ်ချမယ်နော်... "
ရှောင်ကျားလျန် ရယ်မောလိုက်ပြီး " ကျုပ်တို့က မမှန်ဘူးဆိုပေမယ့် သက်သေသက်ကာရက ရှိထားတယ်လေ... သူ့လို လယ်သမားက စကားချင်းယှဉ်တဲ့ နေရာမှာ ကျုပ်ပြိုင်ဘက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး... ကျုပ်ကို ငါးမိနစ်ပဲ အချိန်ပေး.. ကျုပ် သူ့ကို သေအောင် ခြောက်လှန့်ပစ်လိုက်မယ်... "
" ဟားဟား... ကျုပ် လိုချင်တာ အဲ့တာမျိုး အတိအကျပဲ.. "
ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " သူ့ဘက်က
နည်းပညာ ကမ်းလှမ်းလာအောင် ကျုပ်တို့က အကျပ်လည်းကိုင် လာဘ်လည်းပေးရမယ်... မဟုတ်ရင် သူ့ကို ဒီတိုင်း ထောင်ချထားဖို့လောက် တတ်နိုင်မှာပဲ... "
" ဒီအပိုင်းနဲ့ ပတ်သက်ပြီးကတော့ ပြဿနာ မရှိပါဘူး... ကျုပ်တို့ဘက်က မက်လုံး နည်းနည်းလောက် မက်လုံးပေးလိုက်တာနဲ့ တရားရုံးက ကျုပ်တို့ဘက်မှာ ရပ်တည်ပေးမှာပဲ.. သူ နာနာခံခံနဲ့ကို နည်းပညာ လက်လွှဲပေးစေရမယ်... "
" ဒါပေမယ့် ကျုပ်တို့ အာရုံစိုက်သင့်တာ နောက်တစ်ခု ရှိသေးတယ်... "ဖန့်ချိန်ကျယ် ပြောလိုက်ပြီး " သူက လယ်သမား ဆိုရင်တောင် သူက ဉာဏ်ကောင်းတယ်... သူ ရှေ့နေ တစ်ယောက် ငှားရင် ငှားလာနိုင်တယ်... ခင်များ အဲ့တစ်ချက်တော့ သတိထားဦး... "
" အဲ့ကိစ္စ စိတ်ပူစရာ မလိုပါဘူး... "
ရှောင်ကျားလျန် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး " ဒါရိုက်တာဖန့် သိမှာတော့ မဟုတ်ဘူး.. ကျုပ်တို့ ရန်ကျင်း တက္ကသိုလ် ဥပဒေကျောင်းက ရှေးရိုးစဉ်လာ သမိုင်းကြီးတဲ့ တက္ကသိုလ် ငါးခုနဲ့ ဌာနလေးခုထဲက တစ်ခုပဲ.. ပြီးတော့ နိုင်ငံတစ်၀န်းမှာလည်း သိသာထင်ရှားတဲ့ လွှမ်းမိုးမှုတွေ ရှိတယ်... အဲ့ဒါအပြင်ကို ကျုပ်က၊ နာမည်ကြီး ဥပဒေ ပညာရှင် ဒေါက်တာ မာဟွိုက်ရန်ရဲ့ တပည့်ပဲ... ဥပဒေပိုင်းနဲ့ ယှဉ်လာရင် ဘယ် ရှေ့နေ့ကမှ ကျုပ်ကို ယှဉ်နိုင်မယ် မထင်ဘူး... ပြီးတော့ ကျုပ်တို့ နယ်ပယ်က နောက်ခံ နဲ့ ဂုဏ်သတင်း အစဉ်အလာကို သိပ် အလေးထားတာ.. ပြောလို့ မရဘူး.. အဲ့လယ်သမား ခေါ်လာတဲ့ ရှေ့နေက ကျုပ်ကို မြင်တာနဲ့ အရိုအသေပေးချင် ပေးနေမှာ... "
" ဟားဟား... အဲ့လို ကြားရတာကိုပဲ စိတ်သက်သာရာ ရပါပြီ... ဘာမှ စိတ်မပူပဲ ရဲရဲဝံ့ဝံ့သာလုပ်.. ကျုပ်ကို စိတ်မပျက်စေနဲ့... "
" မပူနဲ့ ဥက္ကဌဖန့်.. ကျိန်းသေပေါက်ကို အဆင်ပြေစေရမယ်.. "
ကလင် ကလင် ကလင်....
သူတို့ ပြောဆိုနေကြစဉ်မှာပဲ စားပွဲခုံပေါ်ရှိ ကြိုးဖုန်းမှ အသံမြည်လာသည်။
" ဥက္ကဌဖန့်.. ကျွန်မ အရှေ့ ကောင်တာကပါ.. လင်းရီလို့ခေါ်တဲ့ လူက ဒီရောက်နေပါပြီ... ကျွန်မ သူ့ကို အစည်းအဝေးခန်းထဲ စောင့်ခိုင်းထားပါတယ်ရှင့်... "
ဖန့်ချိန်ကျယ် ခေါင်းညိမ့်လိုက်သည်။ " သူ လူ ဘယ်နှယောက်နဲ့ လာခဲ့တာလဲ... "
" သူက တစ်ယောက်တည်းပါ.. ဘယ်သူမှ သူနဲ့ ပါမလာပါဘူး... "
" ကောင်းပြီ.. ငါ နားလည်ပြီ.. "
ဖုန်းချပြီးနောက် ဖန့်ချိန်ကျယ် မတ်တပ်ရပ်ပြီး သူ၏ ၀တ်စုံကို သန့်ပြန့်အောင် ပြုလုပ်လိုက်သည်။
" ကျုပ်တို့ စိုးရိမ်နေကြတာ အလကား သပ်သပ်နဲ့တူတယ်.. သူက တစ်ယောက်တည်းပဲ လာခဲ့တာ... ရှေ့နေတောင် ခေါ်မလာခဲ့ဘူး..."
"လယ်သမားကတော့ လယ်သမားပါပဲ... ရှေ့နေ ခေါ်ရမယ်ဆိုတဲ့ အခြေခံ အသိတရားလေးတောင် မရှိဘူး... ကျုပ်တို့ အထင်ကြီးမိသွားတယ်နဲ့ တူတယ်... "ရှောင်ကျားလျန် အထင်သေးမှု အပြည့်ဖြင့် ပြောလိုက်သည်။
" အမှန်ပဲ.. သွားကြစို့... "
နှစ်ယောက်သား ရယ်ရင်း မောရင်းဖြင့် ရုံးခန်းထဲမှ ထွက်လာခဲ့ကြ၏။ ထို့နောက် ဒုတိယ အလွှာရှိ အစည်းအဝေးခန်းထဲ ဦးတည်လိုက်ကြသည်။
" မစ္စတာလင်း.. ဒါက ငါတို့ ကုမ္ပဏီ ဥပဒေဌာနရဲ့ ဒါရိုက်တာ ရှောင်ကျားလျန်... သူက ဒီနေ့ ညှိနှိုင်းဆွေးနွေးဖို့ တာ၀န်ရှိတဲ့သူပဲ.. "
လင်းရီ မတ်တပ်ရပ်လိုက်ခြင်းမျိုး မရှိဘဲ ထိုင်ခုံတွင်သာ ထိုင်နေလျက်သား ရှိသည်။ သူ ရှောင်ကျားလျန်ကို တစ်ချက် ရှိူးလိုက်ပြီး ပြုံးပြလိုက်၏။
" ဒီလူက မလုံလောက်သေးဘူး.. ခင်များ ကျုပ်နဲ့ တိုက်ခိုက်ဖို့အတွက် တခြားတစ်ယောက် ရှာဖို့ အကြံပြုလိုက်မယ်..."
" မစ္စတာလင်း.. ခင်များ ပြောတာ ဘာစကားတုန်း... ခင်များက ကျုပ်ရဲ့ အရည်အချင်းတွေကို မေးခွန်းထုတ်နေတာလား... "
ရှောင်ကျားလျန် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။
မင်းလို လယ်သမားကများ ငါ့လို ရန်ကျင်း တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသားရဲ့ အရည်အချင်းကို မေးခွန်းထုတ်နေတယ်ပေါ့ ဟုတ်လား..
မင်းကို ဘယ်သူက ဒီလို သတ္တိတွေ ပေးလိုက်တာလဲ...
" အဲ့သလိုမျိုးပဲ.. ခင်များက တကယ်ကြီး လုံလောက်အောင် မကောင်းမွန်သေးဘူး... "
" မစ္စတာလင်း... ခင်များ အရမ်း မောက်မာလွန်းနေပြီ... ကျုပ် ဘယ်လောက်ပဲ မကောင်းဘူး ဖြစ်ဖြစ် ကျုပ်က ရန်ကျင်း တက္ကသိုလ်ရဲ့ ထိပ်တန်းကျောင်းသား တစ်ယောက် ဖြစ်နေတုန်းပဲ... ခင်များဆီမှာ ကျုပ်ကို ဝေဖန်ဖို့ ဘာ အခွင့်အရေးရှိလဲ.. "
လင်းရီ ပခုံးတွန့်လိုက်ပြီး " သဘောလေ.. ကျုပ်က အကြံပေးရုံ သပ်သပ်ပဲ .. လက်ခံတာ မခံတာ ခင်များ အပိုင်း... "
" ကျုပ်တို့ ဒီနေ့ လာခဲ့တာ လေးနက်တဲ့ ကိစ္စတွေ အကြောင်း ဆွေးနွေးဖို့ပဲ.. ဒီလို အရေးမပါတဲ့ ကြောင်းတွေ ပြောဖို့ မလိုဘူး ထင်တယ်... "ရှောင်ကျားလျန် ပြောလိုက်ပြီး " ဒါပေါ့.. မစ္စတာလင်းကသာ ကိုယ့်အမှားကိုယ် သိရင် ကျုပ်တို့ အေးဆေး ပြီးလိုက်လို့ရတယ်... "
" ခင်များ ကျုပ်ကို ဒီစကားတွေ လာပြောစရာ မလိုဘူး... ကျုပ်မှာ ခင်များတို့လိုကောင်တွေကို ကိုင်တွယ်ဖို့ အချိန်မရှိဘူး... ခဏနေကျရင် ကျုပ် ရှေ့နေ ရောက်လာတော့မှာ.. ခင်များတို့ချင်း စကားပြောလိုက်..."
" မင်းက ရှေ့နေ ခေါ်လာတယ်ပေါ့..."ဖန့်ချိန်ကျယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
" ဒါပေါ့... ဒီလို အချိန်ဖြုန်းလွန်းတဲ့ ကိစ္စတွေကို တခြားသူတွေနဲ့ လွှဲထားတာ အကောင်းဆုံးပဲလေ... "
ဖန့်ချိန်ကျယ်နှင့် ရှောင်ကျားလျန်တို့ အချင်းချင်း ကြည့်ပြီး ပြုံးလိုက်ကြသည်။ သူတို့ ယခုလို ဖြစ်လာမည်ကို မျှော်လင့်ထားပြီး ဖြစ်သောကြောင့် စိုးရိမ် မနေခဲ့ချေ။
" ကောင်းပြီလေ.. မင်းလည်း ရှေ့နေခေါ်ထားတယ်ဆိုတော့ မင်းရဲ့ ရှေ့နေ ရောက်လာတော့မှပဲ စကားပြောကြတာပေါ့... "
နှစ်ယောက်သား ထိုင်ချလိုက်ကြ၏။ ရှောင်ကျားလျန် လုံး၀ အလျင်လိုနေခြင်း မရှိချေ။
မင်းလို လယ်စိုက်တဲ့ကောင် ငှားတဲ့ ရှေ့နေက ဘယ်လောက်များ ကောင်းနိုင်မှာမို့လို့...
ငါ့ကို မြင်တာနဲ့တောင် အရိုအသေ ပေးရင် ပေးနေလိုက်ဦးမယ်...
အသိဉာဏ် ဆင်းရဲတာက တော်တော်လေး ကြောက်စရာ ကောင်းချက်ပဲ..
ဒေါက် ဒေါက် ဒေါက်...
ရှောင်ကျားလျန် သူ့အတွေးနဲ့သူ ဘ၀င်လေဟပ်နေ တခိုက် ...
အစည်းအဝေး ခန်းမ၏ တံခါး၀သို့ တံခါးခေါက်သံ တစ်သံ ထွက်ပေါ်လာသည်။
" ၀င်လာခဲ့ပါ.. "
ဖန့်ချိန်ကျယ် တုံ့ပြန်လိုက်ပြီး အစည်းအဝေးခန်း တံခါး ပွင့်ဟ လာခဲ့သည်။ မာဟွိုက်ရန်သည် အပြင်ဘက်မှ လျှောက်၀င်လာခဲ့၏။
" ဥက္ကလင်း.. တောင်းပန်ပါတယ်... ကျုပ် နောက်ကျသွားတယ်... "