← Chapters

ဒါ စီးပွားရေး.. ကုသိုလ် လုပ်နေတာ မဟုတ်ဘူး

Vol. 73 Ch. 1092

ဒါ စီးပွားရေး.. ကုသိုလ် လုပ်နေတာ မဟုတ်ဘူး

Vol. 73 Ch. 1092

" မလိုပါဘူး.. ခင်များ အရေးကြီးတာ ဘာတစ်ခုမှ မလွတ်သွားသေးဘူး... "လင်းရီ ဖန့်ချိန်ကျယ်နှင့် ရှောင်ကျားလျန်ကို ကြည့်လိုက်ပြီး " ကျုပ်လူ ရောက်လာခဲ့ပြီ... ပြော.. ခင်များတို့ ဘာပြောကြမှာ.... "

ဖန့်ချိန်ကျယ် ခြေတင်ချိတ်ပြီး ထိုင်နေလျက် ရှိသည်။ သူ ရှောင်ကျားလျန်ကို ထူးမခြားနားစွာ ကြည့်လိုက်ပြီး " သူ့လူ ရောက်လာပြီတဲ့.. ကျုပ် ကျန်တာ ခင်များဆီ လွှဲထားလိုက်တော့မယ်... "

" ဒါက.... "

ရှောင်ကျားလျန် ခေတ္တမျှ ကြာအောင် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။

ဖန့်ချိန်ကျယ် တစ်ခုခုမှားယွင်းနေသည်ကို တပ်အပ်ပြောနိုင်သည်။ ရှောင်ကျားလျန်၏ အမူအရာက အနည်းငယ် မူမမှန် ဖြစ်နေခဲ့၏။

" ဘာလို့လဲ... နေလို့ထိုင်လို့ မကောင်းဘူးလား... "

" မဟုတ် - မဟုတ်ဘူး.. "ရှောင်ကျားလျန် တုန်လှုပ်စွာ ပြောလိုက်ပြီး " ဒါ - ဒါ ကျုပ် တက္ကသိုလ် တက်တုန်းက ကျုပ်ရဲ့ ဆရာ... "

" ခင်များရဲ့ ဆရာ.. ဟုတ်လား... "

" သူ - သူက ကျုပ်တို့ ဘွဲ့ရကျောင်းသားတွေရဲ့ ဂုရုပဲ... "

ဖန့်ချိန်ကျယ် ကြက်သေသေသွားခဲ့ပြီး သူ၏ အမူအရာသည် အကျည်းတန်သွားခဲ့တော့သည်။

သူ ယခုလေးတင် ရုံးခန်းထဲ ရှိနေစဉ်ကပဲ ရှောင်ကျားလျန်၏ ဆရာဖြစ်သူ အကြောင်း ကြားသိခဲ့ရသည်။ သူ၏ နာမည်က မာဟွိုက်ရန် ဖြစ်ပြီး ဥပဒေ အသိုင်းအဝိုင်းထဲ တော်တော်လေး အထင်ကရ ရှိသည့် ပုဂ္ဂိုလ် တစ်ပါး ဖြစ်‌ပုံပင်။

" တော်တော်လေး တိုက်ဆိုင်ချက်ပဲ... ငါ မှတ်မိတာ ငါတို့ နောက်ဆုံးတစ်ခေါက် တွေ့တုန်းက အရေးကြီးတဲ့ ပွဲတစ်ခုမှာ ထင်တယ်... တို့တတွေ သုံးလေးခွက်တောင် အတူသောက်လိုက်ကြသေးတယ်... တစ်နှစ်ကြာပြီးနောက်တော့ ငါတို့ရဲ့ ဆရာတပည့် ဆက်ဆံရေးက တရားရုံးရှေ့ ခေါ်ဆောင်လာလိမ့်မယ်တောင် ထင်မထားခဲ့ဘူး.. ဒါက မင်းရဲ့ အရည်အချင်းတွေ ဘယ်လောက်ထိ တိုးတက်လာပြီလဲဆိုတာ ပြသဖို့ အခွင့်အရေးကောင်းပဲ.. ဒီနေ့ မင်း ဘယ်လောက်ထိ တိုးတက်လာပြီလဲဆိုတာ ကြည့်ကြတာပေါ့... "မာဟွိုက်ရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

" ဆ-ဆရာ... ဆရာ့ရဲ့ အဆင့်အတန်းနဲ့ ဘာလို့ လယ်သမား တစ်ယောက်ကို ရှေ့နေ လိုက်ပေးနေရတာတုန်း ဆရာရယ်... ဒါကြီးက မသင့်တော်ပါဘူး.. ဟုတ်တယ်မလား... "ရှောင်ကျားလျန် မယုံကြည်နိုင်စွာ ပြောလိုက်၏။

" လယ်သမား .. " မာဟွိုက်ရန် ကြက်သေသေသွားခဲ့ပြီး " ငါ ဥက္ကဌလင်းဆိုပြီး ခေါ်လိုက်တာ ခုနတုန်းက မင်း မကြားလိုက်ဘူးလား... "

" ဟင်... ဥက္ကဌလင်း.. ဟုတ်လား... "

" မင်း ကြည့်ရတာ ဥက္ကဌလင်း အကြောင်း ဘာမှလည်း သိတဲ့ပုံ မပေါ်ဘူး... ဒီတော့ ငါ မိတ်ဆက်ပေးမယ်... "

လည်ချောင်းကို အဟမ်း အဟမ်း လုပ်လိုက်ရင်း မာဟွိုက်ရန် ပရော်ဖက်ရှင်နယ် ကျသည့် လေသံဖြင့် " ဒီခု မင်းရှေ့မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်က လင်းယွင် အုပ်စုရဲ့ ဥက္ငဌ မစ္စတာလင်းပဲ... ငါက အခု လင်းယွင် အုပ်စုရဲ့ ဥပဒေရေးရာ ဌာနမှာ ဒါရိုက်တာ ရာထူးနဲ့ တာ၀န်ထမ်းဆောင်နေတာ... ဥက္ကဌလင်း အတွက်ပဲ ဖြစ်ဖြစ် ၊ လင်းယွင် အုပ်စုအတွက်ပဲ ဖြစ်ဖြစ် ဥပဒေနဲ့ သက်ဆိုင်လာတဲ့ ကိစ္စတွေဆိုရင် ငါ့မှာ တာ၀န် အပြည့်ရှိတယ်..."

" လင်းယွင် အုပ်စု .. ဟုတ်လား... "

သူ အံ့အားသင့်သွားခဲ့သည်။

သူတို့ အံ့အားသင့်သွားခဲ့ကြလေသည်။

လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် နှစ်ယောက်လုံး၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး ပါးစပ်များလည်း ဟောင်းလောင်း ဖြစ်သွားခဲ့ကြ၏။ အချိန်အတော်ကြာသည်အထိ အသိပြန်မ၀င်နိုင်ခဲ့သေးချေ။

သူတို့ တစ်ခါမျှ အလုပ်တွဲ မလုပ်ဖူးသော်လည်းပဲ ကျိုးဟိုင်အတွင်း လင်းယွင်အုပ်စု၏ နာမည်ဂုဏ်သတင်းသည် ကလေးအစ ခွေးအဆုံး မသိသူ မရှိချေ။

Didi နှင့် လုံရှင်း နှစ်ခုလုံးက သိပ္ပံဆိုင်ရာ အင်နိုဗေးရှင်းဘုတ်၌ ဦးဆောင်သူများ ဖြစ်ကြ၏။

ဤသို့ဆိုလျှင် သူတို့က လင်းယွင် အုပ်စု၏ တကယ့်လူကြီးကိုမှ သွား၍ အပြစ်ပြုမိလိုက်ပြီ မဟုတ်ပါလော။

' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီက ၎င်းတို့ကိုယ်ပိုင် အသိုင်းအဝိုင်းတွင် ဦးဆောင်သူ တစ်ယောက်ဖြစ်သော်လည်းပဲ စိုက်ပျိုးရေး နယ်ပယ်သည် အင်တာနက်နှင့် semiconductor နယ်ပယ်အောက် အရေးပါမှု အတိုင်းအတာမှာ လွန်စွာ နိမ့်ပါးလှသည်။

ယင်းအကြောင်းကြောင့် သူ၏ အဆက်အသွယ်သည်လည်း လင်းရီအောက် များစွာ နိမ့်ကျနေမည်မှာ သေချာပေသည်။

ထိုကဲ့သို့ ဒိတ်ဒိတ်ကျဲကြီးကို အပြစ်ပြုရန် အလို့ငှာ သူမည်သို့မျှ မစွမ်းသာချည်။

ဖန့်ချိန်ကျယ်၏ ဦးနှောက်သည် အဆက်မပြတ် လည်ပတ်နေပြီး ‌ဖြေရှင်းနိုင်မည့် နည်းလမ်းကို စဉ်ဆက်မပြတ် တွေးတော နေခဲ့၏။

သို့သော်လည်းပဲ သူ မည်မျှပင် တွေးတောစေကာမူ နည်းလမ်းကို စဉ်းစားလို့ ရှာမတွေ့ချေ။

ဤတစ်ကြိမ်တွင်တော့ သူသည် တကယ့်ကျားကိုမှ ကြောင်အမှတ်နှင့် ခေါင်းသွားပုတ်မိခဲ့သည်။

" မင်းတို့က တစ်ဖက်သူကို ရှေ့နေပေးစာ မပို့ခင် တစ်ဖက်သူ ဘယ်သူလဲဆိုတာတောင် မစစ်ဆေးကြတော့ဘူးလား... ပရော်ဖက်ရှင်နယ် တရားဥပဒေတွေမှာ ဒီလိုမျိုး မလုပ်ဖို့ အကြီးကြီး တားမြစ်ထားတယ်... "မာဟွိုက်ရန် ပြောလိုက်ပြီး " မင်းငါ့ကို လာပြီး အစီရင်ခံခဲ့တုန်းက ငါ ဒီကိစ္စကို ထပ်ခါတလဲလဲ သတိပေးခဲ့တယ်... ကြည့်ရတာ မင်းက နားမ၀င်ခဲ့တဲ့ပုံပဲ.. ဆရာတစ်ယောက်အနေနဲ့ ဒါကိုငါ တာ၀န်ယူပေးရမယ်... "

လင်းယွင်အုပ်စု ဥပဒေရေးရာ ဌာန၏ ဒါရိုက်တာ တစ်ယောက်အနေနှင့် မာဟွိုက်ရန်၏ အရည်အချင်းနှင့် စကားစွမ်းရည်တို့သည် အပြောသပ်သပ် မဟုတ်သည့်ပုံပင်။

စကား သုံးလေးခွန်းမျှနှင့် ညှိနှိုင်းဆွေးနွေးမှုတွင် အထက်စီးမှ ဦးဆောင်သွားခဲ့သည်။ မှန်ပေသည်။ ဆရာတစ်ယောက် ဟူသည့် အဆင့်အတန်းသည်လည်း ပို၍ လွယ်ကူစေရန် တစ်ဖက်သူ၏ အရှိန်အဝါကို လုံး၀ ဖိနှိပ်သွားခဲ့၏။

ကျန်သည်ကိုတော့ ပြောနေစရာပင် မလိုအပ်တော့ချေ။

အကယ်၍ ပြောလျှင်ပင် လင်းယွင်အုပ်စုကို မည်သို့ လျော်ကြေးပေးရမလဲဆိုသည့် ကိစ္စသာ ဖြစ်သင့်ပေသည်။

" ဒါရိုက်တာမာ... အရေးကြီးတာ အရင်လုပ်ကြတာပေါ့... "လင်းရီ စီးကရက် မီးညှိရင်း ပြောလိုက်၏။

" ကောင်းပါပြီ.. ဥက္ကဌလင်း... "

မာဟွိုက်ရန် ဖြောင့်မတ်စွာ ထိုင်လျက် ရှိပြီး " ရှေ့နေရှောင်... မင်းက ငါ့ရဲ့ အမှုသည်ကို မင်းတို့ရဲ့ နည်းပညာ ခိုးယူပါတယ်ဆိုပြီး စွပ်စွဲထားတယ် ဟုတ်လား.. ဒီအတွက် မင်းတို့ရဲ့ သက်ဆိုင်ရာ ဓာတ်ခွဲခန်း ဆန်းစစ်ချက်တွေကို အရင်ဆုံး ပြကြည့်ဖို့ လိုမယ်... "

" ဒီမှာ.. ဒီဥစ္စာပဲ.. "ရှောင်ကျားလျန် တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။

သူ၏ ဆရာဖြစ်သူနှင့် ရင်ဆိုင်နေရသည် ဆိုသော်လည်းပဲ သူသည်က ယခု 'ကြီးမြတ်သော ' လယ်ယာ တိုးတက်ရေး ကုမ္ပဏီ၏ ဥပဒေ ဒါရိုက်တာ တစ်ယောက် ဖြစ်နေခဲ့သည်။ သူ၏ တာ၀န်ကို မေ့ဖျောက်လိုက်၍ မဖြစ်ချည်။

ရှောင်ကျားလျန်ဆီမှ မှတ်တမ်းမှတ်ရာများကို လက်ခံပြီးနောက် မာဟွိုက်ရန် ၎င်းကို ကြည့်ပင် မကြည်ပဲ စားပွဲပေါ် တင်ထားလိုက်သည်။

သူ လေ့လာထားသည်က ဥပဒေပညာရပ် ဖြစ်၏။ ကြည့်လို့လည်း မည်သည်ကို နားလည်ရမည်နည်း။ ပြန်ယူသွားပြီး သက်ဆိုင်ရာ ကျွမ်းကျင်သူများထံ အပ်နှံဖို့ရာ ‌သူတောင်းဆိုလိုက်ခြင်းပင်။

" နောက်ပိုင်းကျရင် ကျုပ်တို့ရဲ့ ကိုယ်ပိုင် နမူနာရဲ့ ပိုပြီး ပြည့်စုံတဲ့ မြေဆီ ဆန်းစစ်လွှာကို ထုတ်ပြီး နှစ်ခု ယှဉ်ကြည့်ပါဦးမယ်... "မာဟွိုက်ရန် ပြောလိုက်ပြီး " အခု ခင်များတို့က ဥက္ကဌလင်းကို ခင်များတို့ရဲ့ ပစ္စည်း ခိုးယူမှုနဲ့ တရားစွဲထားတယ်.. ဒါပေမယ့် ကျုပ်တို့ရဲ့ ဥက္ကဌလင်းက ခင်များတို့နဲ့ တစ်ခါမှလည်း ထိတွေ့ဆက်ဆံဖူးတာ မဟုတ်ဘူး... အဲ့တာကို သူက ဘယ်လိုလုပ်ပြီး ခိုးယူရမှာ... မြေဆီ စစ်ဆေးမှု မှတ်တမ်းနဲ့ လူတိုင်းကို တရားစွဲချင်တိုင်း စွဲလို့ရပြီများ ထင်နေတာလား... ဒါက တရားနည်းလမ်းမကျ၊ မအပ်စပ်မဆီလျော်ဘူး... နောက်တစ်နည်း ပြောရင် ဒါ ကျုပ်တို့ကို အသရေဖျက်လိုက်တာပဲ.. နောက်ပိုင်းကျရင် ခင်များတို့ကို တရားပြန်စွဲမယ်... "

စည်းစနစ်ကျသည့် မာဟွိုက်ရန်၏ နည်းလမ်းက ရှောင်ကျားလျန်ကို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားစေခဲ့၏။

အရှိန်အဝါချင်းယှဉ်လျှင်ပင် တစ်ပိုင်း ရှုံးနင့်နေပြီး ဖြစ်သောကြောင့် ကောင်းစွာ မစွမ်းဆောင်နိုင်တော့ချေ။

" ဒါပေမယ့် ကျုပ်တို့မှာ ပြီးပြည့်စုံတဲ့ သုတေသန မှတ်တမ်း ရှိထားတယ်... ဒါက ကျုပ်တို့ ' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီရဲ့ ရလဒ်ဆိုတာ သက်သေပြဖို့ မလုံလောက်သေးဘူးလား... "

မာဟွိုက်ရန် ရှောင်ကျားလျန်ကို စူးစိုက်ကြည့်လိုက်ပြီး " ဓာတ်ခွဲခန်း နည်းပညာရှင်တွေ အကုန်လုံး ပူးပေါင်း ပါ၀င်ထားတယ်ပေါ့...

" သေချာပေါက်ပဲပေါ့.. ဒါက ကျုပ်တို့ အားလုံးရဲ့ သုတေသန ရလဒ်ကိုပဲ ဒီလိုမျိုး ဖြစ်အောင်လည်း အားလုံးက အတူ အလုပ်လုပ်ခဲ့ကြတာပဲလေ... "

" ကောင်းပြီ.. ဒါဆို ခင်များတို့ ပြောတာ အမှန်ဆိုတာ သေချာအောင် ခဏနေကျရင် ကျုပ်တို့ ရဲခေါ်ပြီး ' ကြီးမြတ်သော' လယ်ယာတိုးတက်မှု ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်း ပညာရှင်တွေကို တစ်ယောက်ချင်းစီ အင်တာဗျူးမယ်... "

" အဲ့ဒါက... "

ဖန့်ချိန်ကျယ်၏ အမူအရာသည် အလွန်အမင်း အကျည်းတန်သွားခဲ့တော့၏။

ဓာတ်ခွဲခန်း ခေါင်းဆောင် စွန်းချိန်သာလျှင် ယခု ကိစ္စအကြောင်း သိရှိထားလေသည်။ အကယ်၍ ဓာတ်ခွဲခန်းမှ လူတိုင်းကို ခေါ်ပြီး စစ်ဆေးမေးမြန်းမည် ဆိုပါက သူ သေချာပေါက် အလိမ်ပေါ်သွားတော့မည် ဖြစ်၏။

" ဒါရိုက်တာဖန့်.. ကျေးဇူးပြုပြီး ခင်များရဲ့ ဖုန်းကို မထိပါနဲ့.. ဒါက ကျုပ်တို့ အတွက် သိပ်အရေးကြီးတဲ့ သက်သေတစ်ခုပါ... "မာဟွိုက်ရန် ပြောလိုက်ပြီး " ကျုပ် အကြံပေးတာကို နားမထောင်ဘူးဆိုရင်တော့ အချက်အလက်တွေကို ဖျောက်ဖျက်ပြီး မုသားသက်သေခံမှုနဲ့ ခင်များကို သံသယ ရှိရလိမ့်မယ်... ကျုပ် သက်ဆိုင်ရာ ဌာနတွေရဲ့ တရား၀င် စာရွက်စာတမ်းတွေနဲ့အတူ ရုံးတက်ရလိမ့်မယ်..."

" ခင်များ ရဲတွေ ခေါ်ပြီး စုံစမ်း စစ်ဆေးဖို့ လိုတယ် ဟုတ်တယ်မလား..."လင်းရီ စီးကရက် ဖွာရင်း ပြောလိုက်ပြီး " ကျုပ် ဖုန်းဆက်ပြီး တစ်ခြားတစ်ယောက်ကို စုံစမ်းစစ်ဆေးခိုင်းလိုက်မယ်... "

ပြောပြီးနောက် လင်းရီ ချိန်ပင်းချန်ထံ ဖုန်းခေါ်လိုက်သည်။

" ခေါင်းဆောင်ချိန်.. တစ်စုံတစ်ယောက်က ကျုပ်ကို တရားစွဲဖို့ ကြိုးစားနေလို့ ခင်များလူတွေကို ဒီလွှတ်ပြီး စုံစမ်းစစ်ဆေးခိုင်းဖို့ လိုမယ်... "

" တစ်စုံတစ်ယောက်က မင်းကို တရားစွဲဖို့ ကြိုးစားနေတယ်.. ဟုတ်လား... "ချိန်ပင်းချန် အံ့အားသင့်သွားခဲ့ပြီး " မင်းကို ကျိုးဟိုင်မှာ ဘယ်သူကများ တရားစွဲရဲတာပါလိမ့်... "

" ' ကြီးမြတ်သော ' လယ်ယာတိုးတက်ရေး ဆိုတဲ့ ကုမ္ပဏီလေ.. ဒီကောင်တွေ တော်တော်လေး သတ္တိကောင်းနေကြတာ.. လူတစ်ချို့ လွှတ်ပြီး သူတို့ ဓာတ်ခွဲခန်းက လူတွေကို ဖမ်းခေါ်သွားလိုက်... ခဏနေကျရင် ကျုပ်ရဲ့ ရှေ့နေကို ခင်များဆီ ဆက်သွယ်ခိုင်းပြီး အသေးစိတ် ရှင်းပြခိုင်းလိုက်မယ်.... "

" ကောင်းပြီ.. ငါအခုပဲ လူလွှတ်လိုက်တော့မယ်... "

ဖုန်းချပြီးနောက် လင်းရီ ဆေးလိပ် နောက်တစ်လိပ်ကို ထုတ်လိုက်ရင်း " ဆက်ပြောကြလေ.. ကျုပ်မှာ အချိန်ရှိပါတယ်.. "

ရှောင်ကျားလျန်နှင့် ဖန့်ချိန်ကျယ်တို့ ငူငူငိုင်ငိုင်ကြီး ဖြစ်နေခဲ့ကြ၏။ သူတို့၏ အမူအရာက အင်မတန်မှကို အကျည်းတန်နေတော့သည်။

ယခုလို အခြေအနေမျိုးထိ ရောက်ပြီးမှတော့ ဆက်ပြောနေလို့လည်း ဘာမှ ထူးခြားလာတော့မည် မဟုတ်ချေ။

ရဲများရောက်ရှိလာပြီး သူတို့ လူများကို ခေါ်ဆောင်သွားသည်နှင့် တစ်ပြိုက်နက် သူတို့ရှုံးနိမ့်မည်မှာ သေချာသလောက် ရှိသည်။

" ဥက္ကဌလင်း.. ကျုပ်တို့ စကားအေးဆေး ပြောကြရအောင်... "ဖန့်ချိန်ကျယ် ဆက်ပြီး အေးဆေး မထိုင်နိုင်တော့ချေ။ သူ မတ်တပ်ရပ်လိုက်ပြီး " ဒါက နားလည်မှုလွဲသွားတာပါ.. ကျုပ် အနူးအညွှတ်တောင်းပန်ပါတယ်.. ကျုပ်တို့ ဒီကိစ္စကို သီးသန့်ဖြေရှင်းလို့ မရဘူးလား... "

" ခင်များက ဒါကို ကလေးတွေ ရန်ဖြစ်နေတယ်လို့များ ထင်နေတာလား... တောင်းပန်ပါတယ် တစ်ခွန်းပြောပြီး အဆုံးသတ်လို့ရမယ် ထင်နေတာလား... "လင်းရီ ဆေးလိပ်ငွေ့များ မှုတ်ထုတ်ရင်း ဖန့်ချိန်ကျယ်ကို စိုက်ကြည့်လိုက်ပြီး " ဒါက စီးပွားရေး .. ကုသိုလ် လုပ်နေတာ မဟုတ်ဘူး... ကျုပ်ကလည်း ဘုရားလောင်း မဟုတ်တော့.. ခင်များဒုက္ခရောက်မှာကို သိပ်ကြည့်ချင်နေတယ်... "

All Chapters