ဤသည်က လူ့ဘဝ
Vol. 73 Ch. 1095
“ မင်းလိုမျိုး ကိုယ့်ကိုယ်ကို အရည်အချင်း ရှိလှပြီလို့ ထင်နေတဲ့ လူတွေကို ငါက အပြစ်ပေးရတာ သိပ်ကြိုက်တာ… မင်းထင်နေတာ ငါ ဒီ ပြိုင်ပွဲကွင်းကို အလှကြည့်ဖို့ သပ်သပ် ဝယ်ထားတယ်များ ထင်နေတာလား..”
ပြောပြီးနောက် လင်းရီ သူ့ထိုင်ခုံမှ ထိုင်လိုက်ပြီး ချိုးယွီလော့ ဘေးနား ရပ်ထားသည့် ကြုံရာ ကားထဲ ဝင်ထိုင်လိုက်သည်။
ရွေးနေစရာလည်း မလိုပေ။ အကုန်လုံးကို အကောင်းဆုံး မွမ်းမံထားပြီးဖြစ်၏။
နင်ချဲ့ ကားနှစ်စီး၏ အလယ်ကြားသို့ ရောက်လာခဲ့ပြီး မေးမြန်းလိုက်၏။
“ နှစ်ဖက်လုံး ရယ်ဒီပဲလား..”
နှစ်ယောက်လုံး အိုကေ လက်ဟန် ပြုလုပ်ပြလိုက်ကြပြီး သူတို့ဘက်၌ မည်သည့် ပြဿနာမျှ ရှိမနေကြောင်း ဖော်ပြလိုက်သည်။
နင်ချဲ့ သူမ လက်တစ်ဖက်ကို မြောက်လိုက်ပြီး ကျယ်လောင်သည့် အသံဖြင့် အမှတ်စဉ် ရေတွက်လိုက်တော့သည်။
“ သုံး..”
“ နှစ်..”
“ တစ်… သွားတော့..”
သူမ အသံဆုံးသည်နှင့် အင်ဂျင်မှ သားရိုင်းကောင်ကြီးကဲ့သို့ မြည်ဟီးလိုက်သည်။
တာယာများက မြေပြင်နှင့် ပွတ်တိုက်နေပြီး အဖြူရောင်မီးခိုးငွေ့များအား လွှတ်ထုတ်နေသည်။
လင်းရီ၏ တုံ့ပြန်မှုက မဆိုစလောက်လေး ပိုကောင်းသွားပြီး ပထမဆုံး ပြေးထွက်သွားကာ အနည်းငယ် အသာစီး ရယူသွားနိုင်ခဲ့၏။
ချိုးယွီလော့၏ စတင်ထွက်ခွာသည့် အမြန်နှုန်းသည်လည်း အထင်သေးလို့ မရချေ။ သူမသည်လည်း တစ်ချိန်တည်းနီးပါး ပြေးထွက်လာလေသည်။
ဤမြင်ကွင်းက ထောက်ချိန်နှင့် ကျန်သူများကို အံ့အားသင့်သွားစေခဲ့တော့၏။
“ အသင်းခေါင်းဆောင်ချိုးက တာထွက်ပြီးချင်းမှာပဲ ရှုံးနေပါရောလား .. ဒါ တော်တော်လေး စိတ်ဝင်စားစရာပဲ…”
“ အသင်းခေါင်းဆောင်ချိုးက တကယ်ပဲ တော်တာလားဟင်…” ကျန်းချင် သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းလိုက်သည်။
“ အင်း … သူ တော်တော်များများနဲ့ ပြိုင်ဖူးတယ်.. အကုန်လုံးကိုလည်း စလာကတည်းကရင် နောက်မှာ ချန်ထားခဲ့လျက်ချည်းပဲ … ဒီလိုမျိုး ချက်ချင်း အသာစီး မရတာ ပထမဆုံး အကြိမ်လို့ ပြောလို့ရတယ်… လင်းရီက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ…”
“ သူလည်း သိပ် အံ့အားသင့်ဖို့ ကောင်းတယ်.. သတ္တိရှိပြီး ချမ်းသာရုံတင် မကသေးဘူး.. ကားမောင်းတာလည်း အများကြီး ကျွမ်းတယ်နော်…”
“ ပါရမီရှင်ဆိုတာ ဒါမျိုးကို ခေါ်တာပေါ့… ငါတို့လို သာမန်လူတွေက သူနဲ့ သွားနှိုင်းယှဉ်လို့ မရဘူး…” ထောက်ချိန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါ အသင်းခေါင်းဆောင်ချိုးကို ယုံကြည်နေတုန်းပဲ… ဒုတိယ အကျော့ရဲ့ တစ်၀က်လောက်ကျ ကျော်တက်ရင်လည်း ကျော်တက်သွားနိုင်မှာပေါ့…”
“ အွန်း… ညီမလည်း အဲ့လိုထင်တယ်… မဟုတ်ရင် ပြိုင်မောင်းဖို့ ဘယ်လိုလုပ်ပြီး ယုံကြည်ချက် ရှိမှာလဲ ဟုတ်တယ်မလား..”
“ အသေအချာပဲ… အသင်းခေါင်းဆောင်ချိုးက ကြိုတင် မပြင်ဆင်ထားတဲ့ တိုက်ပွဲကို ဘယ်တော့မှ မတိုက်ဘူး.. ဖြည်းဖြည်းချင်း မှီလာနိုင်မှာပါ..”
နှစ်ယောက်သား ဘာညာကွိကွ ပြောနေစဉ်မှာပဲ အင်ဂျင်များ၏ ကျယ်လောင်သည့် အသံတို့က နားပင်းလုနီးနီးပင်။ နှစ်ယောက်သား အလွန်လျှင်မြန်စွာဖြင့် ပထမ အကွေ့သို့ ရောက်ရှိလာခဲ့ကြ၏။ သို့သော် လင်းရီသည် ဆက်လက် ဦးဆောင်နေနိုင်ဆဲပင်။ နောက်မှ ကပ်လျက် လိုက်နေရသည့် ချိုးယွီလော့ကတော့ စတင် မျက်မှောင်ကြုတ်မိနေချေပြီ။
ပထမ အကွေ့ ကွေ့တော့မည့် အချိန်တွင်ပဲ ကားနှစ်စင်း၏ အကွာအဝေးသည် ပို၍ပင် တိုးလာခဲ့တော့သည်။ ဤသည်က ကောင်းသည့် လက္ခဏာတော့ မဟုတ်ချေ။
သို့ပေမယ့် ချိုးယွီလော့ မတုန်လှုပ်သေး။ သူမတို့ ပြိုင်နေသည်မှာ ပထမ အကျော့ပင် မပြီးသေးချေ။ ဒုတိယ အကျော့၌ သူမ၏ စကေးများကို ကျွမ်းကျင်စွာ အသုံးချပြီး စားပွဲလှန်မည်ဟု စိတ်ထဲ မောင်းတင်ထားလိုက်၏။
ထိုသို့ စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ချိုးယွီလော့ သူမ၏ ကိုယ်နေဟန်ထားကို သေချာ ပြန်ပြုပြင်လိုက်ပြီး ကား၏ အရှိန်နှင့် ရှုထောင့်ကို ထိန်းညှိကာ ပထမ အကွေ့ ကွေ့ရန် ပြင်ဆင်ထားလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူမနှင့် လင်းရီကြား အကွာအဝေးက ပို၍ပင် ကြီးမားလာနေကြောင်းကို ချိုးယွီလော့ သတိပြုမိလိုက်လေသည်။
“ သပလိုပဲ.. သောက်ကောင်က ဒီ အရှိန်ကြီးနဲ့ ကွေ့ပြီး မသာပေါ်မှာ မကြောက်ဘူးလား မသိဘူး..” နင်ချဲ့ မတ်တပ်ရပ်ရင်း စိတ်ပူပန်စွာ ဆဲဆိုလိုက်မိသည်။
“ ငါတော့ F1 ဒရိုင်ဘာတွေတောင် ဒီလိုမျိုး ကွေ့နိုင်မယ် မထင်ဘူး.. “ ထောက်ချိန် ပြောလိုက်ပြီး “ ဒါက သောက်ရမ်း အန္တရာယ်များလွန်းတယ်..”
နင်ချဲ့ မျှော်လင့်ထားသည့် အတိုင်း လင်းရီ အရှိန်အနည်းငယ်တော့ လျှော့လိုက်သည်။ သို့သော် ချိုးယွီလော့ လောက်တော့ မများချေ။ ထို့နောက် ပထမ အကွေ့ကို တစ်နာရီ ၁၆၀ မိုင်နှုန်းဖြင့် ချိုးကွေ့ဝင်ရောက်လိုက်၏။
ထိုအချိန်တွင်တော့ ချိုးယွီလော့၏ အမြန်နှုန်းသည် ၁၂၀ သို့ လျော့ကျသွားခဲ့ချေပြီ။ နှစ်ဖက်ကြား အကွာအဝေးသည်လည်း ရုတ်ချည်းဆိုသလို ဧရာမကြီး ကျယ်ဝန်းသွားခဲ့တော့၏။
ချိုးယွီလော့ လင်းရီ၏ လုပ်ရပ်ကို အံ့အားသင့်လွန်းနေပြီး ကွေ့ပြီးနောက် အရှိန်တင်ဖို့ရာပင် မေ့လျော့နေခဲ့လေသည်။
သူမ သိနားလည်သလောက်ဆိုလျှင် ယခုလို အမြန်နှုန်းဖြင့် ဆိုပါက ကျိန်းသေပေါက် ကျရှုံးရမည် ဖြစ်၏။ သို့ပေမယ့် လင်းရီသည်က အဆင်ပြေနေသည်။ သူ မည်သို့ ပြုလုပ်သွားခဲ့သနည်း။
ဤသည်က အခြားသူများလည်း သိချင်နေကြသည့် မေးခွန်းပင်။
လင်းရီ ယခုလို ပြုလုပ်လိုက်သည်ကို မြင်တော့မှပဲ ကားကို ယခုလို မောင်း၍ ရသေးကြောင်း လူတိုင်း သတိထားမိသွားခဲ့ကြတော့၏။ သူတို့၏ အမြင်နှင့် နားလည်နိုင်စွမ်းတို့ကို ကျွမ်းထိုးမှောက်ခုံ ပြောင်းပြန်လိုက်သလိုပင်။
ပထမ အကွေ့ ပြီးဆုံးသည်နှင့် နှစ်ဖက်ကြား အကွာအဝေးသည်လည်း ကျယ်ပြန့်လာခဲ့သည်။
ချိုးယွီလော့ သူ့နောက်မှ ကပ်လျက် လိုက်နေဆဲ ဆိုသော်လည်းပဲ နောက်ကောက် ကျန်နေသည်ဟူသည့် ကံကြမ္မာကိုတော့ လွန်ဆန်နိုင်ခြင်း မရှိသေးချေ။
တတိယ အကျော့၏ အဆုံးသတ်ကိုလည်း ရောက်တော့ ချိုးယွီလော့မှာ လင်းရီ၏နောက် ကွင်းတစ်ဝက်ခန့်တွင် ပြတ်ကျန်နေခဲ့လေသည်။ ယခုလို အခြေအနေမျိုးဖြင့် လင်းရီကို ကျော်တက်နိုင်ဖို့ရာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်တော့ချေ။
ထိုအခိုက်အတန့်တွင်ပဲ လင်းရီ ၁၈၀ ဒီဂရီ ဒရစ်ဖြင့် ကား၏ ဦးတည်ရာကို လုံးဝ လှည့်ပစ်လိုက်ပြီး ချိုးယွီလော့ထံ အရှိန်ဖြင့် ဦးတည်လိုက်တော့၏။
အခြေအနေ မဟန်တော့သည်ကို မြင်တော့ ချိုးယွီလော့ ဘရိတ်ကို အလျင်အမြန် နင်းလိုက်သည်။ အကယ်၍ နှစ်ဖက် အရှိန်ဖြင့် တိုက်မိမည် ဆိုပါက နှစ်ဖက်လုံး ပွဲချင်းပြီး မသေလျှင်ပင် အကျိုးအကန်းတော့ ဖြစ်သွားကြချေဦးမည်။
ကားတာယာနှင့် မြေပြင် ပွတ်ဆွဲစူးရှသည့် အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မီးခိုးများပင် ထွက်လာခဲ့တော့၏။ အချိန်မရွေး မီးလောင်ပေါက်ကွဲတော့မည့် ပုံစံ ဖြစ်ပေါ်နေသည်။မြင်ကွင်းကို အဝေးမှ ကြည့်နေရသည့် သူတို့ အဖို့ သည်းထိတ်ရင်ဖိုစရာကြီးပင်။
သို့ပေမယ့် အားလုံး မျှော်လင့်ထားသည့် အတိုင်းတော့ ဖြစ်မလာခဲ့ချေ။ ကားနှစ်စင်းလုံးက မီတာဝက်လောက် အလိုတွင် ရပ်တန့်သွားခဲ့လေသည်။
လင်းရီကတော့ ပြုံးလို့နေပြီး သို့ပေမယ့် ချိုးယွီလော့ကတော့ စတီယာရင်ကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ကိုင်ထားကာ တစ်ကိုယ်လုံးလည်း ချွေးတစ်ပြိုက်ပြိုက် စီးကျလျက်ရှိသည်။ စိတ်တည်ငြိမ်စေရန်အတွက် တော်တော်လေးကို အချိန်ယူလိုက်ရတော့၏။
“ သောက်ကျိုးနည်း… လင်းရီရဲ့ ကားမောင်းတဲ့ စကေးတွေက တကယ့်ကို နတ်ဘုရားဆန်နေတာပဲ… ဒီလိုမျိုး လှည့်ကွက်မျိုးတောင် ကစားနိုင်နေတယ်…”
နင်ချဲ့၊ ထောင်ချိန်နှင့် ကျန်သူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ ဤမြင်ကွင်းက ဇာတ်ကား ကြည့်ရသည်ထက်ပင် ပို၍ ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းနေလေသည်။
လင်းရီ ကားထဲမှ ထွက်လာပြီး ချိုးယွီလော့၏ မှန်ပြတင်းပေါက် နားသွား၍ တံခါးသွားခေါက်လိုက်သည်။
“ အသင်းခေါင်းဆောင်ချိုး… ခုချိန်က လောင်းကြေးကို ပေးချေရမယ့် အချိန်ပဲနော်… ကျုပ်လက်ထဲ ရောက်တဲ့အချိန်ကျ နွေးနေဦးမယ်လို့တော့ မျှော်လင့်ပါတယ်…”
“ ချီးပဲ… ထွက်သွားစမ်း…”
ချိုးယွီလော့ စိတ်ဆိုးမာန်ဆိုးဖြင့် ကျိန်ဆဲလိုက်ပြီး ကားထဲမှ ဒေါသတကြီးနှင့် ထွက်ခွာသွားခဲ့၏။
“ အသင်းခေါင်းဆောင်ချိုး… မသွားနဲ့လေ… လောင်းတော့ လောင်းရဲပြီး အရှုံးကျ ဝန်မခံရဲဘူးဆိုတာကတော့ မဟုတ်သေးဘူးနော်… ဒီလိုပုံစံနဲ့ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ ဘယ်လိုလုပ်ပြီး ဆက်နေတော့မှာလဲ…”
“ ထွက်သွားစမ်း..”
ချိုးယွီလော့ နောက်တစ်ကြိမ် ဆဲဆိုပြီး ပြေးလမ်းထဲမှ အေးစက်သည့် အမူအရာဖြင့် ထွက်ခွာသွားခဲ့တော့သည်။
လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။ သူတို့ အကုန်လုံး ယခုလို အပြုအမူနှင့် နေသားကျနေကြသည့် ပုံစံပင်။
ဤသည်က အဘယ်ကြောင့်ဆိုသော် ယခုလို ကိစ္စမျိုးက ကျုံးဝေ့တပ်ဖွဲ့ထဲတွင် အလွန့်အလွန်ကို သာမန်ဆန်နေပြီး လူတိုင်းကလည်း ချမ်းသာပြီး အမြင်ကျယ်ကြသည်။ စိတ်သဘောထား ပွင့်လင်းမြင်သာ ရှိသောကြောင့် ယခု ဖြစ်ရပ်က ၎င်းတို့ အပေါ် မည်သည့် အကျိုးသက်ရောက်မှုတို့မျှ မရှိချေ။
နှစ်ယောက် ပြိုင်မောင်းပြီးနောက် ကျန်သူများသည်လည်း စင်ပေါ်မှ ဆင်းလာခဲ့ကြ၏။
နင်ချဲ့ကတော့ လင်းရီ၏ La Voiture Norie နှင့် လွိုင်ကန်ကို ငှားပြီး ခဏမျှ မောင်းကြည့်လိုက်သေးသည်။ သူမကိုယ်သူမ ကားနှင့် ရင်းနှီးအောင် ပြုလုပ်နေပုံပင်။
လူတိုင်းက ငါးနာရီထိတိုင် လုပ်ချင်ရာ လျှောက်လုပ်နေကြပြီး နောက်တော့မှ လင်းရီ လူတိုင်းကို ညနေစာ စားရန် ပြန်လည် ခေါ်ထုတ်လာခဲ့၏။
မစ်ရှင်သည်က ညသန်းခေါင်ယံ အချိန်မှ စတင်မည် ဖြစ်သောကြောင့် ဖြုန်းရန် အချိန်အများအပြား ကျန်နေသေးသည်။
ညစာစားပြီးနာက် လင်းရီ အချိန်ဖြုန်းရန်အလို့ငှာ ဘားသို့ ခေါ်ဆောင်လာခဲ့လိုက်၏။
………………..
ကျိုးဟိုင် ကမ်းခြေ။ ဟွမ်ကျန်း ကုန်သည်အသင်း။
ဟွမ်ကျန်း ကုန်သည် အသင်း၊ တစ်နည်းအားဖြင့် ဟွမ်ကျန်း အိမ်တော်သည်က မန်ဘာအဆင့်ကို အခြေခံသည့် လက်ဖက်ရည်အိမ်တော် တစ်ခု ဖြစ်သည်။
ဤနေရာကို ဘယ်တုန်းကမျှ လူတိုင်း အတွက် မဖွင့်ပေးခဲ့ဖူးချေ။ သင့်တွင် မန်ဘာကတ်ရှိသည်နှင့် တစ်ပြိုင်နက် ဤနေရာရှိ ကုန်ကျစရိတ်များအားလုံးက အလကား ဖြစ်လေသည်။
အိမ်တော်၏ ရည်ရွယ်ချက်က ပရဟိတပြုရန် ရည်ရွယ် ဖွင့်လှစ်ထားခြင်း မဟုတ်သလို အကယ်၍ လူတစ်ဦးက ဤနေရာတွင် အဖွဲ့ဝင် တစ်ဦး ဖြစ်လာချင်သည် ဆိုပါက တစ်နှစ်လျှင် ယွမ် ရှစ်သိန်းရှစ်သောင်းကို ပေးဆောင်ရလေသည်။
သိုးမွေးရိတ်သည့် စီးပွားရေးလုပ်ငန်းနှင့်ပင် ဆင်တူနေသေးသည်။
အပေါ်ယံတွင်တော့ ဟွမ်ကျန်း အိမ်တော်သည်က လက်ဖက်ရည်သောက်ခြင်းနှင့် အခြား အပန်းဖြေစရာ ကိစ္စရပ်များအပေါ် အဓိက အာရုံစိုက်သည့် နေရာတစ်ခု ဖြစ်သော်လည်းပဲ လက်တွေ့တွင်တော့ ဤနေရာသည်က သူဌေးသူကြွယ်ကြီးများ စုစည်းသည့် နေရပ်ဌာနေ တစ်ခု ဖြစ်တော့သည်။
ဟွာရှ၏ ငွေကြေး ကြွယ်ဝသည့် အသိုင်းအတိုင်း၌ ယခုလို အိမ်တော်မျိုး စုစုပေါင်း လေးခု ရှိနေပြီး ဟွမ်ကျန်း အိမ်တော်သည်က ထိုအထဲ တစ်ခုအပါအ၀င် ဖြစ်သည်။ ၎င်းက ကမ်းရိုးတန်း ဒေသ တစ်လျှောက်ရှိ ကြွယ်ဝချမ်းသာသူတို့ဖြင့် အဓိကထား ဖွဲ့စည်းထားပေသည်။
ဤနေရာတွင် အပြန်အလှန် အကူအညီပေးမှုဟူသည့် စနစ် တစ်ခု ရှိ၏။ အကယ်၍ တစ်စုံတစ်ယောက် ဒုက္ခနှင့် ကြုံတွေ့လာပြီဆိုပါက လူတိုင်းက ထိုသူ့ကို ကပ်ဘေးမှ ကယ်တင်ပေးရန် ဝိုင်း၀န်း ကြိုးစားပေးကြလိမ့်မည်။
ထိုနည်းတူစွာ အကယ်၍ ပရောဂျက် အသစ်တစ်ခု တွေ့ထားပြီ ဆိုပါကလည်း လူတိုင်းက အပြေးလာပြီး ဤနေရာတွင် စုစည်း၍ မည်သို့ ကိုင်တွယ်ကြမည်ကို တိုင်ပင် ဆွေးနွေးကြလေသည်။ ထို သတင်းကို လုံးဝ ပေါက်ကြားစေလိမ့်မည် မဟုတ်ချေ။
ချမ်းသာသူများက ဆင်းရဲသူများကို ကူညီပေးမည် ဆိုသည့် သဘောတရားက သူတို့လို လူကုံထံများ၏ အသိုင်းအဝိုင်းတွင် ဆိုရိုး ထုံးစံ မရှိ။ အဖွဲ့ဝင် အကုန်လုံးက ' ကြွယ်၀မှု အနောက်လိုက်ခြင်း ' ဟူသည့် နိယာမ စည်းမျဉ်းတစ်ခုတည်းကိုသာလျှင် သက်ဝင် ယုံကြည်ကြသည်။
ချမ်းသာလာပြီးသည့်နောက် သူတို့က ပို၍ ချမ်းသာမှုကို ဆာလောင်လာကြသည်။ အခြားတစ်ဖက်တွင်လည်း အခြားသူများကို ပို၍ ဆင်းရဲအောင် သူတို့က ပြုလုပ်ကြသည်။ ဤနည်းလမ်းမှ တစ်ဆင့် သူတို့၏ နေရာအဆင့်အတန်းကို လာရောက် စိန်ခေါ်နိုင်သည့်လူ ရှိလိမ့်မည် မဟုတ်တော့ချေ။
အကယ်၍ တစ်စုံတစ်ယောက်သည် တောင်ထိပ်ပေါ် တက်လာချင်သည်ဆိုပါက၊ အားတော့နာသည်။ သူတို့ တက်သည့် နှုန်းက ပိုမြန်လေလေ.. ပြုတ်ကျသည့် အခါ ပိုမို ဆိုးရွားလေလေ ဖြစ်သည်။အောက်သို့ ရောက်သည်နှင့် အရိုးအသားပင် မြင်ရတော့လိမ့်မည် မဟုတ်ချေ။
လူ့ဘ၀သည်က... ဤသို့ပေတည်း။
စာစဉ် (၇၃)ပြီး၏။