ငါးလုံးမြောက် နတ်မီး
Vol. 121 Ch. 4.1327
ဟောက်ထျန်း အံ့အားသင့်သွားသော်လည်း ဆရာတူအစ်ကို ချောင်ယန်ပြောတာက မှန်ကြောင်းတော့ ခေါင်းညိတ် ထောက်ခံလိုက်သေးသည်။
ယခုဒီလို အစွမ်းရှိတဲ့လူကို တွေ့ပြီးပြီဆိုလျှင် တစ်ဖက်တွင် ဘယ်လို ဝိညာဥ်သားရဲ၊ သူတော်စင် သားရဲ သို့မဟုတ် နတ်သားရဲများပင် တွေ့နိုင်မလား မပြောတတ်ချေ။
ဟောက်ထျန်းလည်း မကျေမနပ် ဖြစ်နေတဲ့ အတွေးများကို စွန့်လွှတ်လိုက်ပြီး ဂရုတစိုက်နှင့် ပြင်းပြင်းထန်ထန် တွေးတောကြည့်လာသည်။ ကမ္ဘာကြီးကို ဇောက်ထိုး ပြောင်းသွားစေသည့် ဤမှော်အစွမ်းကို သူဆိုရင်ရော ဘယ်လို ကိုင်တွယ်သင့်သလဲ။
လုရွှမ် နာကျင်မှုကို မခံစားရသော်လည်း ဒဏ်ရာဒဏ်ချက်များကြောင့် သူ့နှလုံးသားထဲက တစ်ခုခုကို ခံစားနေရသည်။
ထိုအခိုက် သူ့တစ်ကိုယ်လုံး ရုတ်တရက် တောက်ပလာခဲ့သည်။ အပြင်လူများ၏ မျက်လုံးများအောက်၌ လုရွှမ်က ထိုပြင်းထန်သော ထိုးနှက်ချက်များကို ဖျက်ကနဲ ရှောင်ရှားသွားခဲ့သည်။ ချင်စုန်းပင် မျက်လုံးများ ပြူးကျယ်သွားပြီး လုရွှမ် သူ့ဓားကို ရှောင်နိုင်သွားတာကို သူ မယုံနိုင်ပေ။
ဂိုဏ်းချုပ်များ အားလုံး မျက်လုံးတွေ ပြူးကျယ်သွားသည်။ အထူးသဖြင့် နတ်ခြေလှမ်းနယ်ပယ်က သခင်များပင်။ သူတို့လည်းပဲ လုရွှမ်က အာရုံခြောက်ပါး ပိတ်ထားတာတောင် ဓားကို မြန်မြန်ဆန်ဆန် ရှောင်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မယုံကြည်နိုင်ခဲ့ကြပေ။
အာရုံခြောက်ပါး၌ အမြင်အာရုံ၊ အကြားအာရုံ၊ အနံ့၊ အရသာ၊ ခံစားမှု၊ အသိတို့ ပါသည်။ အမြင် ၊ အကြား ၊ အနံ့ ၊ အရသာက အရိုးရှင်းဆုံး ခံစားချက်များ ဖြစ်သော်လည်း ခံစားမှု သည် ရုပ်ခန္ဓာဖြစ်ပြီး အသိက ဝိညာဉ် ဖြစ်သည်။
အာရုံခြောက်ပါးမှ အပြင် နောက်ထပ် အရာတစ်ခု ရှိသေးသည်။ ရုပ်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်ကို အားမကိုးဘဲ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကျော်လွန်သော ခံယူချက်တစ်ခု ဖြစ်သည်။ အဲဒီလို ခံယူချက်မျိုးက အမှန်တကယ် ထက်မြက်သူများသာ ခံစားနိုင်မှာ ဖြစ်သည်။
တကယ်တော့ ဒီလိုခံယူချက်မျိုးက လူတွေကြားမှာ အမြဲရှိနေပေမယ့် အခြေခံအားဖြင့်တော့ ပုန်းကွယ်နေတတ်သည်။ သေရေးရှင်ရေး အရေးကြီးသော အခိုက်အတန့်တွင်သာ သို့မဟုတ် စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းအားဖြင့်သာ ၎င်းကို တဖြည်းဖြည်း ခံစားနိုင်မှာ ဖြစ်ပေသည်။
နတ်ခြေလှမ်းနယ်ပယ်ထဲ လှမ်းဝင်သွားတဲ့အခါ အဲဒီခံစားချက်က သဘာဝအတိုင်း တဖြည်းဖြည်း ပွင့်လာပါလိမ့်မယ်။
တချို့လူများက ၎င်းအား ကောင်းကင်လျှို့ဝှက်ချက်များ သို့မဟုတ် ကမ္ဘာတစ်ခုလုံး၏ ခံယူချက်ဟု ခေါ်ကြသည်။ ဒါပေမဲ့ ဟုတ်သလား မဟုတ်သလား ဘယ်တုန်းကမှ ဘယ်သူမှ သက်သေမပြခဲ့ဖူးပါဘူး။
အာရုံခြောက်ပါး အပြင် နောက်ထပ် ခံယူချက်ကတော့ ရှေးတုန်းကလူတွေ ချန်ထားခဲ့တဲ့ ဒဏ္ဍာရီတွေချည်းပါပဲ။
ယခုမူ လူတိုင်းသည် အကျပ်အတည်းထဲက လုရွှမ်ရဲ့ တုံ့ပြန်မှုကို မြင်သောအခါ အားလုံး ပါးစပ်ဟောင်းလောင်း ဖြစ်သွားကြသည်။ ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အထွတ်အထိပ် သခင်ငါးပါးလည်း ဤတော့မှ သက်ပြင်းချနိုင်ကြ၏။ အနည်းဆုံးတော့ လုရွှမ် အန္တရာယ် သိပ်မရှိတော့ပေ။
ဒါပေမဲ့ ရှုံးနိမ့်မှုကို အောင်ပွဲအဖြစ် ပြောင်းလဲချင်တယ် ဆိုရင်တော့ ခွန်အားနဲ့ အခွင့်အလမ်းတွေက ပိုလိုအပ်ပါသေးသည်။ ပြီးတော့ ဒီမှော်စွမ်းအားရှိတဲ့ ခံယူချက်ဆိုတဲ့ အရာကြီးကို လူတိုင်းရဲ့စိတ်ထဲမှာ အပြည့်အ၀ မှတ်တမ်းတင်ထားပါပြီ။
ချင်စုန်းရဲ့ စွမ်းအားက ပြင်းပြင်းထန်ထန် နှိမ်နင်းနိုင်ခဲ့တာ အသိသာပင်။ လုရွှမ်က တကယ်ကို ကြောက်စရာ ကောင်းလောက်အောင် သူ့ကိုယ်သူ ကယ်တင်သွားခဲ့သည်။ လုရွှမ် နေရာမှာသာ တခြားသူဖြစ်ခဲ့ရင် အသတ်ခံရတာကြာပြီ။
လုရွှမ်၏ မသိစိတ်သည် ယခင်က ပေါ်လာသည့် ခံစားချက်ကို လိုက်၍ တက်ကြွစွာ လှုပ်ရှားနေ၏။ ထိုမသိစိတ်က အမှောင်ထုထဲ လင်းထိန်နေသော အလင်းတန်းတစ်ခုလိုပင်။
လုရွှမ်ခန္ဓာကိုယ်သည် တဖန်ပြန်၍ တောက်ပလာပြီး မသိစိတ်ထဲမှာတော့ အလင်းထဲ၌ အလွန်မှုန်ဝါးနေသော ရုပ်ပုံတစ်ခုကို မြင်လိုက်ရသည်။ ထိုအရာဟာ အရင်က သူမြင်ဖူးတဲ့ နဂါးတံတိုင်းအတွင်းက မီးခိုးလုံးလိုပါပဲ။
အခုတော့ သူ့ခန္ဓာကိုယ်က သိုလှောင်လက်စွပ်ကို လုံးဝ မခံစားနိုင်တော့တာ သနားစရာပါပဲ။ မဟုတ်ရင် ကျောက်တုံးကို ဖယ်ထုတ်လိုက်တာနဲ့ အများကြီး အကျိုးရှိသွားလိမ့်မည်။
လုရွှမ်ခန္ဓာကိုယ်က လူတိုင်းရဲ့ မျက်လုံးထဲက လေထဲတွင် လွင့်မျောနေ၏။ ချင်စုန်း သူ၏ခွန်အားကို အကုန်အစင် အသုံးပြုခဲ့သော်လည်း လုရွှမ်သည် ကမ္ဘာနှင့် သဘာဝအတိုင်း ပေါင်းစပ်သွားသလို လေပေါ်တွင် စီးမျောနေလေသည်။
ချင်စုန်းဘက်က ခြိမ်းခြောက်မှု မရောက်ခင်မှာပင် ဆိတ်ငြိမ်စွာ လွင့်ပျံသွားခဲ့သော သူ၏ အမူအရာနှင့် အမြန်နှုန်းကို ပရိတ်သတ်တွေပါ တိတ်တဆိတ် ကြည်ညိုစွာ ကြည့်နေခဲ့ကြသည်။ အာရုံခြောက်ပါးကို ပိတ်ပြီး လုပ်လိုက်တာက အကြိမ်ပေါင်း မရေတွက်နိုင်အောင် လေ့ကျင့်ထားသလိုပါပဲ။
လုရွှမ် ဆက်၍ လှုပ်ရှားနေသည်။ တဖြည်းဖြည်း အမှောင်ထဲရှိ အလင်းရောင်က ပိုတောက်ပပြီးရင်း တောက်ပလာသည်။ လုရွှမ် ရုတ်တရက် သူ့ကိုယ်သူ အလင်းထဲသို့ အရှိန်ပြင်းပြင်း ဝင်လာရသလို ခံစားလိုက်ရသည်။
လုရွှမ် မသိသည့်အချက်မှာ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ရုတ်တရက် မီးတောက်များ ထတောက်သွားပြီး အားလုံးကို ထိတ်လန့်တုန်လှုပ် သွားစေခဲ့တယ် ဆိုတာပါပဲ။ လုရွှမ် ခန္ဓာကိုယ်မှ ထိုသို့သော လှုပ်ရှားမှုမျိုး ဖြစ်ပျက်သွားတာကို ကြည့်ရင်း အထပ်ထပ်အခါခါ အံ့သြနေရလေသည်။
ယခုအချိန်တွင် လုရွှမ်သည် သူ၏အာရုံခြောက်ပါးကို ဖွင့်လိုက်လျှင် ဖြစ်ပျက်နေသည့် အရာများကို အပြည့်အ၀ ရိပ်မိနိုင်လိမ့်မည်။
ဒါပေမဲ့ သူ ဘာမှ မခံစားရသေးဘူးလေ။
"ခန္ဓာက သခင်ကို အလိုအလျောက် ကာကွယ်နေတာလား"
"ဟုတ်ပုံလည်း မပေါ်ဘူး!"
"ဟေး ... အဲဒါ!"
စကားပြောသူ၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူဘာမှ ဆက်မပြောနိုင်တော့ပေ။
"အဲဒါက ဘာလဲ?"
တချို့လူတွေက အရမ်းစိတ်တိုနေကြပြီ။
"အဲဒါက နတ်မီးလုံး မဖြစ်နိုင်ဘူးလား"
"နတ်မီးလုံး?"
လုံယွင်ဖုန်း၏ မျက်လုံးများ တောက်ပလာခဲ့သည်။ တစ်ချိန်က ဒဏ္ဍာရီပုံပြင် တစ်ပုဒ်ကို သတိရသွားမိ၏။ အကြီးအကဲတစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ပြီး သူ့ခွန်အားတွေ အကြီးအကျယ် အလွန်ပျက်စီးသွားကာ အာရုံခြောက်ပါးလည်း ကွဲအက်သွားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဤလူသည် နတ်မီးလုံးကို အမှန်တကယ် မွေးမြူခဲ့ပြီး ထိုလူအား ကောင်းကင်အနွယ်ဟု အမည်တွင်ခဲ့သည်။ ၎င်းသည် ခန္ဓာကိုယ် သို့မဟုတ် ဝိညာဉ်၌ တည်ရှိခြင်း မရှိသော်လည်း ခန္ဓာကိုယ်နှင့် ဝိညာဉ်ကြားတွင် လုံးလုံးလျားလျား ကိုက်ညီနေသည်။
"လုရွှမ်... ကောင်းကင်အနွယ်နတ်မီးလုံးကို မတော်တဆ ဖွင့်လိုက်တာ ဖြစ်နိုင်ပါ့မလား?"
နတ်မီးလုံးက မိုင်ထောင်ပေါင်းများစွာ တောက်ပနေ၏။ နတ်မီးလုံးရဲ့ တိုက်ခိုက်မှု စွမ်းအားသည် အမှန်တကယ်ပင် ချင်စုန်းအား အဆက်မပြတ် ဆုတ်ခွာသွားစေရန် တွန်းအားပေးခဲ့သည်။
တစ်ဆက်တည်း လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ နတ်မီးလုံး လေးလုံးက မီးတောက် မှုတ်သွင်းထားသကဲ့သို့ တစ်ပြိုင်တည်း ထွက်ပေါ်လာ၏။
ဦးခေါင်းထိပ်၊ မျက်ခုံးအလယ်ဗဟို၊ ဘယ်ညာပုခုံးပေါ်၌ ပေါ်ထွက်လာကြစဥ် လုရွှမ်ကိုယ်တိုင်က နတ်မီးလုံးတွေရဲ့ မီးဖိုအဖြစ်သို့ ပြောင်းလဲသွားတော့မလို ဖြစ်လာသည်။
နတ်မီးနယ်ပယ်က ကျင့်ကြံသူတစ်ယောက် နတ်မီး လေးလုံး ပိုင်ဆိုင်ထားတာဟာ အံ့သြစရာ မဟုတ်သော်လည်း နတ်မီးလေးလုံးစလုံး သလင်းကျောက်အဖြစ် ပြောင်းလဲသွားတာကတော့ အလွန်အံ့သြစရာ ကောင်းပေ၏။
နတ်ခြေလှမ်းနယ်ပယ် တက်သွားသော သခင်များ၌ပင် အနည်းဆုံး နတ်မီးတစ်လုံးသာ သလင်းကျောက် အသွင် ပြောင်းတတ်သည်။
ဒီလုရွှမ်က ဘယ်လို ကျင့်စဥ်မျိုးတွေကို ကျင့်ထားလို့လဲ။
လုရွှမ်ခန္ဓာကိုယ်ပေါ်က နတ်မီးလုံးရဲ့ အလင်းမှုန်တွေဟာ လုရွှမ်ကို ရစ်ပတ်ထားကာ ဆက်လက်တောက်ပနေပြီး တဖြည်းဖြည်း ကြည်လင်လာသည်။
"သောက်ကျိုးနည်း! ဒီနတ်မီးကလည်း သလင်းကျောက် ဖြစ်တော့မှာများလား?"
လူတစ်ယောက်က အလန့်တကြား ဟစ်အော်လိုက်သည်။ ဘယ်သူမှ ပြန်မဖြေပေမယ့် လူတိုင်းရဲ့ မျက်လုံးတွေက သူတို့ရဲ့ သံသယတွေ၊ သူတို့ ထင်မြင်ယူဆချက်က မှန်နိုင်တယ် ဆိုတာကို သိနေပါပြီ။
လုရွှမ် သူ့ခံစားချက်တွေကို လိုက်လျှောက်ရင်း သူ့ခန္ဓာကိုယ်က ပြောင်းလဲသွားတာကို သတိမထားမိပေမယ့် အပြောင်းအလဲက ကောင်းနေသလိုတေယ့ ခံစားရပါသည်။
တုန်တုန်ယင်ယင် အသံတစ်ခု ထွက်ပေါ်လာပြီး လုရွှမ်ဆီက အလင်းရောင်တွေ အမှန်တကယ် ကြည်လင်သွားကာ တောင်ချွန် သို့မဟုတ် ဥပုံသဏ္ဌာန် စိမ်းပြာရောင် သလင်းကျောက်က သူ့အား ထုပ်ပိုးသွားသည်။
မျက်ခုံးသည် နီရဲသည်။ ဦးခေါင်းထိပ်က လိမ္မော်ရောင်၊ ဘယ်ဘက်ပုခုံးက အဝါရောင်တောက်နေပြီး ညာဘက်ပုခုံးမှာ စိမ်းမြသော အပြာရောင်သလင်းကျောက်က တောက်ပနေသည်။
ထိုအခိုက် ချွင်းကနဲ အသံနှင့်အတူ ချင်စုန်းက ရှေ့သို့ ခုန်တက်ကာ ဓားနှင့် ထိုးချလိုက်သည်။
မဟာဒြပ်ငါးပါး မဟာဂိုဏ်းက လူငါးယောက်သည် လုံးလုံး ဒေါသထွက်ကာ ဝုန်းကနဲ ထရပ်လိုက်ကြ၏။ ဤကောင်လေးသည် အခွင့်ကောင်းယူကာ လုရွှမ်ကို အနိုင်ယူရန် ကြံစည်နေပြီ။ ယခုအချိန်မှာ လုရွှမ်က နတ်မီးကို ထွန်းညှိလိမ့်မယ်လို့ သူတို့ မမျှော်လင့်ခဲ့ကြပေမယ့် တန်ခိုးကြီးတဲ့ ဒီကောင်လေးက ဖျက်ဆီးဝံ့လိမ့်မယ်လို့တော့ မထင်ချေ။
"မင်းတို့ငါးယောက်... ဒေါသတကြီး မလုပ်ပါနဲ့ ဒါက ပြိုင်ဆိုင်မှုတစ်ခုပဲ"
လုံယွင်ဖုန်းက ဝင်ပြောသည်။ ဤအခိုက်အတန့်တွင် သူသည်လည်း လုရွှမ်ရဲ့ပြောင်းလဲမှုကို အလွန်မျှော်လင့်နေပြီ။ သူဟာ ချင်စုန်းဟုခေါ်သော ဤကောင်လေးကို ရွံရှာနေသော်လည်း ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ အသက်ကြီးသူငါးဦးကိုသာ ရပ်တန့်ခိုင်းနိုင်ခဲ့သည်။
လက်ရှိ အချိန်မှာတော့ ပြိုင်ဆိုင်မှုက ပြင်းထန်နေပါပြီ။
ဟွမ့်သွမ့်မဟာဂိုဏ်းမှ အကြီးအကဲ အများအပြားသည် နောက်ပြန် ထိုင်နေကြသည်။
"ကိစ္စမရှိပါဘူး သလင်းကျောက်ကို ကြည့်လိုက်...အဲဒီကလေး ဖြတ်နိုင်မှာတဲ့လား"
ဒြပ်စင်ငါးပါး မဟာဂိုဏ်းမှ အထွတ်အထိပ် သခင်ငါးယောက်သည်လည်း လုရွှမ်ကို အမြန် ပြန်ကြည့်ပြီး ချက်ချင်းပင် ပျော်ရွှင်သွားကြသည်။ ချင်စုန်း နေ့တစ်ဝက်လောက် ခုတ်နေရင်တောင် သလင်းကျောက်က ပဲ့မည်မဟုတ်ပေ။