ကောင်းကင်ကိုးလွှာ၌
Vol. 010 Ch. 927
ရီဖူရှင်းက ဖန်းရှောင်အား ကြည့်သည်။
ကိုးလွှာမှ ထွက်သွားရမည်လား။ သူက ပြည်နယ်ကိုးခုမှ လာပြီး ကောင်းကင် လှေကားမှ တစ်ဆင့် ကျူးထန်နန်းတော်သို့ ရောက်လာကာ ဝူချန်း၏ သက်စောင့်ဝိညာဉ်အား ထုတ်ယူသွားသော သူအား လာရှာခြင်း ဖြစ်သည်။
ဖန်းရှောင်က သူ့အား ကောင်းကင်ကိုးလွှာမှ ထွက်သွားခိုင်းသည်။
သို့သော် ဖန်းရှောင်၏ မျက်နှာက တည်ငြိမ်ကာ လှုပ်ရှားခြင်း ကင်းနေ၏။ သူမက မရဏဓား နတ်မယ်၏ နာမည်ကို ထုတ်ဖော်ကာ သူ့အား ထွက်သွား ခိုင်းစေခြင်းကပင် သူမ၏ သနားငဲ့ညှာမှုဟူ ယူဆနေပေသည်။
သို့သော်လည်း သူမက ထိုနေရာတွင် ထိုင်နေခွင့် ရသည် ဆိုပါက ဖန်းရှောင်မှာ အထက်ဘုံ၌ အဆင့်အတန်း ရှိသူတစ်ယောက် ဖြစ်ရပေမည်။ အောက်ဘုံမှ လာသော သူတစ်ယောက်နှင့် ရင်ဆိုင်ရရာတွင် သူမက ပုံမှန်အားဖြင့် အထက်စီး ဆန်သော သဘောထားများ ရှိပေမည်။ သူက ကိုးလွှာသို့ တက်ရောက် လာသည် ဆိုသော်လည်း သူမက ရီဖူရှင်းအား အလေးအနက်ထား ဆက်ဆံရန် ထိုမျှက မလုံလောက်ပေ။
“မင်းက ပေ့ချိန်ရန်ကို သက်စောင့် ဝိညာဉ်ကို ပြန်ပေးခိုင်းပြီး သူရဲ့ သက်စောင့် ဝိညာဉ်ကို လျော်ကြေးအနေနဲ့ ပေးရင် ဘယ်လိုလဲ”
ရီဖူရှင်းက ဖန်းရှောင်အား ကြည့်ကာ ပြောသည်။
ဖန်းရှောင် မျက်မှောင် ကြုတ်လိုက်သည်။ အဆင့်မြင့်တန်း၌ ထိုင်နေသူများ အားလုံးက သူတို့အား စိတ်ဝင်တစား ကြည့်ကြသည်။ ရီဖူရှင်းကား အမှန်ပင် မာန ကြီးပေသည်။
“ပေ့ချိန်ရန်က လီဟန်ဓားနန်းတော်ရဲ့ တပည့်ပဲသူ့ရဲ့ သက်စောင့် ဝိညာဉ်ကို လျော်ကြေး အနေနဲ့ ပေးခိုင်းရအောင် ရှင်က ဘယ်သူမို့လို့လဲ”
ရီဖူရှင်းက မည်မျှ ယဥ်ကျေးမှု ကင်းမဲ့သည်ကို မြင်လျှင် ဖန်းရှောင်၏ လေသံက ပိုမို၍ အေးစက်လာသည်။ သူမက မရဏဓား နတ်မယ်အား လေးစားရာ ရီဖူရှင်းက မရဏဓား နတ်မယ်နှင့် အဆက်အစပ် ရှိမည်ဟု တွေးမိပြီး စေတနာဖြင့် သည်နေရာမှ ထွက်သွားခိုင်းခြင်းလည်း ဖြစ်သည်။
ရီဖူရှင်းက ကျူးထန်နန်းတော်တွင် ပေ့ချိန်ရန်အား စိန်ခေါ် တိုက်ခိုက်ပေမည်။ သို့သော် အကယ်၍ သူက ရှုံးနိမ့်ခဲ့လျှင် အရှုံး၏ တန်ဖိုးကတော့ သေးမည် မဟုတ်ပေ။ ပေ့ချိန်ရန်က သူ့အား လွှတ်ပေးမည် မဟုတ်ပေ။
ရီဖူရှင်းက ရှေ့သို့ တက်လာခဲ့သည်။ ယူချင်းနှင့် ဂူတုံးလျိုတို့ကလည်း သူ့နောက်မှ လိုက်ပါလာကြ၏။ ရီဖူရှင်း၏ မျက်လုံးများက စူးရှသွားကာ ဖန်းရှောင်အား ကြည့်လျက်ပြောသည်။
”ကျုပ်က ပြည်နယ်ကိုးခုသို့ ကောင်းကင် လှေကားက တစ်ဆင့် လာခဲ့တယ် မင်းက ငါ့ကို ထွက်သွား ခိုင်းရအောင် မင်းကိုယ်မင်း ဘာထင်လဲ”
ဖန်းရှောင်၏ မျက်နှာက ပိုမို၍ အေးစက် လာခဲ့သည်။ သို့သော် ရီဖူရှင်း၏ အကြည့်က တစ်ဖက်ကို လွှဲသွားပြီ ဖြစ်သည်။
ရီဖူရှင်းက ပေ့ချိန်ရန်အား ကြည့်ကာ ဆက်ပြောသည်။
”မြေရိုင်းပြည်နယ်က လူတွေ မင်းသမီးနဲ့အတူ အထက်ဘုံမှာ လာရောက် လေ့ကျင့်ကြတယ် အပျက်အစီး နယ်မြေတွေကို သွားတဲ့ အချိန်မှာ ရီဝူချင်းက ဓားအသိ တစ်ခုကို သန့်စင်ခဲ့တယ် မင်းက ဒါကို အခွင့်ကောင်းယူပြီး သူ့သက်စောင့် ဝိညာဉ်ကို ထုတ်နှုတ် သွားခဲ့တယ်”
သူက ပေ့ချိန်ရန်ထံသို့ တစ်လှမ်းချင်း လှမ်းသွားသည်။
ပေ့ချိန်ရန်က ရီဖူရှင်းအား ပြန်ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားအသိတစ်ခု လက်သွားသည်။
”တန်ခိုးရှင်တွေက မဟာလမ်းစဉ်က ပေးတဲ့ အခွင့်အရေးတွေကို ယူရတယ် တစ်စုံတစ်ယောက်က ဒါကို ယူနိုင်စွမ်း မရှိခဲ့ရင် နောက်တစ်ယောက်က ဘာလို့ ဝင်မယူရမှာလဲ...”
“မင်းက ငါတို့ကို ထောင်ချောက်ဆင်ပြီး ပိတ်ဆို့ခဲ့တယ် လူတွေ လွှတ်ပြီးတော့ ကျုပ်တို့ဆီက သတ်ဖြတ် လုယက်ခဲ့တယ် မင်းက ဒါကို မဟာလမ်းစဉ်ဆီက အခွင့်အရေးကို ယူငင်တယ်လို့ ဆိုလိုချင်တာလား...”
ဂူတုံးလျိုက အေးစက်စွာ ပြောလျက် ရှေ့သို့ တက်လာခဲ့သည်။
“မင်းက ဘယ်လောက် အရေးမပါလဲ … ဘယ်လောက် သေးငယ်လဲ သိလား ... ရီဝူချင်းက ဓားအသိကို သူ့သက်စောင့် ဝိညာဉ်နဲ့ အတင်း ပေါင်းစပ်ခဲ့တယ် ဒါပေမဲ့ သူက ထိန်းသိမ်းနိုင်မယ်လို့ တကယ် ထင်တာလား...”
ပေ့ချိန်ရန်ဘေးမှ တစ်စုံတစ်ယောက်က အေးစက်စွာ ပြောသည်။
”မင်းသမီးကြောင့်သာ မဟုတ်ရင် မင်းတို့က ဒီအထိ အသက် ရှင်လာနိုင်မယ် ထင်လား အခု မင်းက အောက်ဘုံက အကူနှစ်ယောက် ခေါ်လာပြီးတော့ သက်စောင့် ဝိညာဉ်ကို ပြန်ယူချင်တယ် မင်းတို့က တကယ်ကော အဲဒီလို အရည်အချင်း ရှိတယ် ထင်လား”
ပြောလိုက်သူကား ပေ့ချိန်ရန်၏ မိတ်ဆွေ တစ်ယောက်ဖြစ်သူ ကျူးထန်အဆင့်မှ ရှင်းစန်း ဖြစ်သည်။ ဂူတုံးလျိုက သူ့အား စူးရှစွာ ကြည့်ကာ ပြောသည်။
”ပေ့ချိန်ရန်က ဝူချင်းရဲ့ သက်စောင့်ဝိညာဉ်ကို လာလုတုန်းက အဲဒီ အကောင်လည်း ပါတယ်”
“သူက ကိုးလွှာသို့ တက်လာပြီးတော့ အထက်ဘုံကို အထင်တသေး ပြုမူတယ် ဘယ်လောက်တောင် ယုံကြည်မှု ရှိလိုက်သလဲ...”
ချင်ချီကလည်း လှောင်ပြုံးပြုံးသည်။
စင်မြင့်ထက်တွင် အားလုံးက ဖြစ်ပျက်နေသည် များအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။ ကြည့်ရသည်မှာ ကျူးထန်အဆင့်မှ လူများမှာ ရီဖူရှင်း၏ မောက်မာမှုနှင့် ပတ်သက်၍ အလွန် သဘောမကျ ဖြစ်နေဟန် ရသည်။
မှန်သည် သူတို့ထဲမှ အများအပြားက ထိုနေရာတွင်ပင် ထိုင်နေကြကာ ဇတ်ရှိန် မြင့်တက် လာသည်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ သူတို့က ယနေ့တွင် တိုက်ပွဲကို လာရောက် ကြည့်ရှုကြရာ နှစ်ဘက်ရန်မီး ပိုပြင်းထန်လေ ပိုကြည့်ကောင်းလေ ဖြစ်သည်။
ရီဖူရှင်းက သူ့အား စကား ပြောလိုက်သူကို တစ်ချက်ကြည့်ကာ ရှေ့မှ စင်မြင့်ထံသို့ လှမ်းသွားလိုက်သည်။ တိုက်ခိုက်ရေး စင်မြင့်ကား သူ့ရှေ့၌ ဖြစ်သည်။
လေပြင်းတစ်ချက် ရိုက်ခတ်သွားကာ သူ့အဝတ်စများ လှုပ်ခတ်သွားသည်။ သူက ထိုနေရာတွင် ထိုင်နေသော လူများအား ကြည့်သည်။ သူတို့အားလုံးမှာ ကျူးထန်အဆင့်မှ သူများ ဖြစ်ကြသည်။ သူတို့ အားလုံးမှာ အထက်ဘုံမှ သူရဲကောင်းများ ဖြစ်ကြသည်။ အောက်ဘုံမှ တစ်စုံတစ်ယောက်အား မည်သူက ဂရုစိုက်မည်နည်း။
ဆန့်ကျင်သော ၊ ဝေဖန်သော စကားလုံးများက သူတို့အား မည်သို့ သက်ရောက် စေမည်နည်း။
“မင်း မှန်တယ်”
ရီဖူရှင်းက အဆင့်မြင့်တန်းမှ ထိုင်နေသူများအား ကြည့်ကာ ပြောသည်။
”ကိုးလွှာကိုထား ဆယ်လွှာရှိရင်လည်း ပေ့ချိန်ရန်က ဆယ်လွှာမှာ စောင့်နေရင် ကျုပ်က အဲဒီ နေရာသို့ အရောက်လာမှာပဲ”
မမြင်နိုင်သော ဖိအားတစ်ခု ကိုးလွှာသို့ လွှမ်းခြုံလာခဲ့သည်။ တိတ်ဆိတ်ခြင်းကား ကြောက်မက်ဖွယ်ပင် ကောင်းနေသည်။ ပွဲကြည့်စင်မှ ပုဂ္ဂိုလ်များပင် တိုက်ခိုက်ရေး စင်မြင့်ထက်မှ ဝင့်ကြွားစွာ ရပ်နေသော လူအား ကြည့်ပြီး တိတ်ဆိတ် နေကြသည်။
အားလုံးမှာ ရီဖူရှင်းအား ကြည့်နေကြသည်။ ကျူးထန်နန်းတော် သခင်လေးကုမူ၊ လီဟန် ဓားနန်းတော်မှ မိုလီနှင့် ဖန်းရှောင်၊ ပေ့ချိန်ရန်၊ ချင်ချီ၊ ရှင်းစန်းနှင့် တခြား လူများကလည်း ရီဖူရှင်းကို ကြည့်ကြသည်။ သူက ကျူးထန်အဆင့်ကို စိတ်မဝင်စားကြောင်း ပြောခဲ့သည်။ သူက ဆယ်လွှာ ရှိလျှင်ပင် ဆယ်လွှာသို့ တက်မည်။
ကျူးထန်အဆင့်မှ ပုဂ္ဂိုလ်များမှာ အင်ပါယာ ရှားနယ်မြေမှ ထိပ်သီးပါရမီရှင်များ ဖြစ်ကြပေသည်။ ရီဖူရှင်း၏ စကားက အမှန်ပင် လွန်ကဲ လွန်းပေသည်။
မင်းသမီး ရှားရှင်းယွန်ကား မာနကြီးသော်လည်း သူမ၏ မာနက ထိုက်သင့်သော မာနဖြစ်၏။
“မင်းတို့က ငါ့ကို မစမ်းကြည့်ချင်ဘူးလား”
ရီဖူရှင်းက ချင်ချီနှင့် ရှင်းစန်းတို့အား ကြည့်ကာ ပြောသည်။ နောက်တဖန် တိတ်ဆိတ် သွားပြန်သည်။ ယခု တစ်စုံတစ်ယောက်က ကျူးထန်အဆင့်အား ကျော်ဖြတ် စိန်ခေါ်လိုနေသည်။
ထိုအခိုက်တွက် ကောင်းကင်ထက်မှ အသံတစ်သံကို ကြားကြရသည်။ ကျူးထန်နန်းတော်မှ လူတိုင်းက အပေါ်ကို မော့ကြည့်ကြလျှင် အလွန်လှပသော နတ်ငှက်တစ်ကောင် ပျံသန်းလာသည်ကို မြင်ကြရ၏။ ကျူးထန်နန်းတော်ကား တားမြစ်နယ်မြေ တစ်ခု ဖြစ်သည်။ အင်ပါယာ ရှားနယ်မြေ အတွင်း၌ ဤသို့ ပျံသန်းရဲသူမှာ အလွန် ရှားပါးပေသည်။ သို့သော်လည်း အားလုံးက ထိုသားရဲကို မြင်ကြရသည်တွင် ထူးဆန်းသည်ဟု မမြင် ကြတော့ပေ။
မင်းသမီး ရှားရှင်းယွန် ရောက်လာလေပြီ။
အင်ပါယာ ရှားနယ်မြေအတွင်းမှ နာမည်ကျော် မင်းသမီးလေးက ယခု တိုက်ပွဲကို လာရောက် ကြည့်ရှုသည်။
သူမ စီးနင်းလာသည်ကား ရှန့်ထို သားရဲတစ်ကောင် ဖြစ်သည်။
ကိုးလွှာတွင် ရှိသော လူများ အားလုံးက သူမအား လေးနက်စွာ ကြည့်နေကြသည်။
ရှားရှင်းယွန်က ရှန့်ထို သားရဲအပေါ်မှ ဆင်းသက်လာခဲ့သည်။ အားလုံး၏ မြင်ကွင်းထဲသို့ ယောကျာ်းကဲ့သို့ ဝတ်ဆင်ထားသော မိန်းကလေး တစ်ဦးအား မြင်ကြရသည်။ အားလုံးက သူမအတွက် လမ်းဖယ်ပေးကြကာ အမြင့်ဆုံးသော ထိုင်ခုံနေရာအား ပေးကြ၏။ မည်သူကမှ သူမ၏ ဘေးနားတွင် မထိုင်ရဲကြပေ။
“ကြိုဆိုပါတယ် မင်းသမီးလေး”
ကုမူ၊ မိုလီ၊ ဖန်းရှောင်နှင့် တခြား လူများကလည်း ထရပ်ကာ မင်းသမီးအား ဦးညွတ်ကြသည်။ ပွဲကြည့် စင်မြင့်ထက်မှ လူများ အားလုံးကလည်း ထရပ်ကြ၏။
ရီဖူရှင်းက သူမအား ကြည့်သည်။ သူမက ယောကျ်ား တစ်ယောက်ကဲ့သို့ ဝတ်စား ထားသော်လည်း တခြား မိန်းမများထက် လှပပေသည်။
အောက်ဘုံ၌ သူမအား ပြည်နယ်ကိုးခု တမန်တော် ဖြစ်သည်။ အထက်ဘုံတွင် သူမကား အင်ပါယာရှား၏ သမီးတော်ဖြစ်၏။ သူမထံတွင် ရှန့်ထိုများပင် ဦးညွတ်ရပေသည်။
ရှားရှင်းယွန်ကလည်း ရီဖူရှင်းအား ကြည့်သည်။ သူမက ရီဖူရှင်းအား အမှန်ပင် အထင်ကြီးမိပေသည်။
သူက သူမနှင့်အတူ အထက်ဘုံ၌ လာရောက် လေ့ကျင့်ရန် ငြင်းဆန်ခဲ့သော်လည်း ယခု ကောင်းကင် လှေကားမှ တက်ရောက်လာခဲ့ကာ မိမိစွမ်းရည်ဖြင့် ကျူးထန် အဆင့်သို့ တက်ရောက် လာခဲ့သည်။ သူ၏ပါရမီကား အောက်ဘုံ၌သာ ပြိုင်ဘက်ကင်းသည်မဟုတ်ပေ။
“တော်ဝင် ကျဲနန်းတော်က ရီဖူရှင်း မင်းသမီးကို နှုတ်ဆက်ပါတယ်”
ရီဖူရှင်းက ပြောသည်။ သို့သော် သူက ဦးမညွတ်ပေ။ ပြည်နယ် ကိုးခုကား အင်ပါယာရှား၏ အုပ်ချုပ်ရေး ယန္တရားအောက်၌ ရှိကာ သူကား တော်ဝင်မြေ တစ်ခု၏ ခေါင်းဆောင်ဖြစ်၏။ ထို့ကြောင့် သူက မင်းသမီးအား ပုံမှန်အားဖြင့် ဦးညွတ်ရန် မလိုပေ။
ရှားရှင်းယွန်က ရီဖူရှင်းအား စိုက်ကြည့်နေဆဲ ဖြစ်သည်။ သူမက ရီဖူရှင်း၏ မျက်လုံးများထဲမှ ဖုံးကွယ်မရသော မာနများနှင့် အေးစက်မှုအား မြင်ရသည်။ သူမက ဘာကြောင့် ထိုသို့ ဖြစ်သည်ကို နားလည်ပေသည်။ ရီဖူရှင်းက ရီဝူချင်း ကိစ္စတွင် သူမကိုလည်း သိပ်ကျေနပ်ခြင်း မရှိပေ။
“လုပ်စရာရှိတာတွေ ဆက်လုပ်ပါ”
ရှားရှင်းယွန်က ပြောသည်။ သူမက ပြင်ပမှ လူတစ်ယောက်အလား တိတ်ဆိတ်စွာ ထိုင်သည်။
“ဒီလို ဆိုရင်လည်း စရအောင်”
ကုမူက ရှေ့သို့ တက်လာကာ ကြည်လင် ပြတ်သားသော အသံဖြင့် ပြောသည်။
”စင်မြင့်ကို အသက်သွင်းပါ.. ” သူက ထိုသို့ ပြောလိုက်သည်နှင့် များစွာသော တန်ခိုးရှင်များက ရှေ့သို့ တက်လာကာ အစီအရင်အား အသက်သွင်းကြသည်။
လျပ်တစ်ပြက်တွင် စင်မြင့်က အလင်းရောင်များ တလက်လက် ထလာခဲ့သည်။ ထို့နောက် စင်မြင့်တစ်ခုလုံးအား အစီအရင်က ရစ်ပတ်သွားပြီး မျက်နှာပြင်တွင် စင်မြင့်ထံမှ မြင်ကွင်းအား ကျူးထန်နန်းတော် တစ်ခုလုံး ကြည့်နိုင်အောင် ပေါ်လာခဲ့သည်။
တိုက်ခိုက်ရေးစင်မြင့်က အဆင်သင့် ဖြစ်လေပြီ။
ရီဖူရှင်း၊ ယူချင်း၊ ဂူတုံးလျိုတို့က ရှေ့သို့ တက်လာကာ စင်မြင့်ထက်သို့ တက်ကြသည်။ သူတို့သုံးယောက် စင်မြင့်ထက်သို့ တက်သည်တွင် ကျူးထန်နန်းတော် တစ်ခုလုံး အုတ်အော် သောင်းတင်း ဖြစ်သွားသည်။
သုံးယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်လား။
ပေ့ချိန်ရန်က သူတို့သုံးယောက်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်မည်လား။
ပေ့ချိန်ရန်က ယနေ့တွင် ရီဖူရှင်းတို့အား လေးစားမှုကို သိနားလည်အောင် သင်ပေးမည်ဟု ပြောခဲ့သည်။ သူလုပ်နိုင်ပါ့မလား။
အဆင့်မြင့်တန်းမှ ပေ့ချိန်ရန်က ထရပ်လိုက်သည်။ ဓားစွမ်းအားများ သူ့ကို ရစ်ပတ်လာလျှင် အလွန် လင်းလက်၏။ အားလုံးက ကြည့်နေကြစဉ်မှာပင် ချင်ချီနှင့် ရှင်းစန်းတို့ကလည်း ထရပ် လိုက်ကြသည်။
အားလုံး၏ စိတ်နှလုံးများ အခုန် မြန်လာခဲ့ကြသည်။ ပေ့ချိန်ရန်၊ ချင်ချီနှင့် ရှင်းစန်းတို့ အားလုံးမှာ ကျူးထန်အဆင့်မှ ဖြစ်ကြသည်။
ယနေ့ ကိုးလွှာ၌ ပြည်နယ်ကိုးခုမှ လာသော ရီဖူရှင်း၊ ယူချင်းနှင့် ဂူတုံးလျိုတို့က ကျူးထန် အဆင့်မှ သုံးယောက်နှင့် ယှဉ်ပြိုင် တိုက်ခိုက် ကြတော့မည်လား။
အားလုံးက အသက် အောင့်ထားကြမိကာ ထိတ်လန့်ဖွယ် မြင်ကွင်းအား ကြည့်ကြသည်။ ကျူးထန်နန်းတော်၏ သမိုင်း၌ တစ်ခါမှ ဤသို့ မဖြစ်ဖူးပေ။
***