← Chapters

စိတ်ဝိညာဉ်အာရုံ ခလုတ်

Vol. 4 Ch. 33

စိတ်ဝိညာဉ်အာရုံ ခလုတ်

Vol. 4 Ch. 33

လူအိုကြီးနီးလ်ရဲ့ စကားဆုံးတယ်ဆိုရင်ပဲ လူအိုကြီးနီးလ်နောက်က အမှောင်ထုထဲမှာ ချောင်းမြောင်းနေတဲ့ ဝေဝါးတဲ့ မျက်လုံးတစ်စုံဟာ ပျောက်ကွယ်သွားပါတယ်။ စိတ်ဝိညာဉ်အာရုံနဲ့တောင် ကလိုင်းဟာ အဲဒီတည်ရှိမှုက ဘာလဲဆိုတာကို မသိပါဘူး။

“ဒါက အစီအရင်မှော်ရဲ့ လက္ခဏာတစ်ခုပဲ” လူအိုကြီးနီးလ်ဟာ အပြုံးနဲ့ ရှင်းပြပါတယ်။

‘အံ့ဖွယ်ပဲ... ဒီစိတ်ဝိညာဉ်အာရုံက ယင်ယန်မျက်လုံးကို အဆင့်မြှင့်ထားသလိုပဲ’ ကလိုင်းဟာ ကစားစရာအသစ် ရသွားတဲ့ ကလေးတစ်ယောက်လိုပါပဲ။ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အခန်းထောင့်တိုင်းကို လိုက်ကြည့်ပါတယ်။

ကလိုင်းဟာ အဂ္ဂိရတ်ခန်းကို သာမန်မျက်စိနဲ့ ကြည့်တာနဲ့ စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်တာနဲ့ ဘာကွာလဲဆိုတာကို သိချင်နေပါတယ်။

အမှောင်ထုထဲက စားပွဲ၊ စမ်းသပ်ပြွန်၊ အချိန်အတွယ်၊ ခွက်နဲ့ ဗီရိုတွေရဲ့ ကောက်ကြောင်းတွေက သာမန်မျက်စိနဲ့ ကြည့်တာနဲ့ ဘာမှသိပ်မကွာပါဘူး။ ဒီအရာဝတ္ထုတွေက ဘာအလင်း‌ရောင်မှ မထုတ်လွှတ်သလို ဘာအရောင်မှလည်း မရှိပါဘူး။

‘အသက်မရှိတဲ့ အရာဝတ္ထုတွေက စိတ်ဝိညာဉ်မရှိဘူးပဲ’ ကလိုင်းဟာ စိတ်ထဲမှာ ရေရွတ်ရင်း ငွေသေတ္တာကို လှမ်းကြည့်မိလိုက်ပါတယ်။

ရုတ်တရက်ဆိုသလို ကလိုင်းဟာ စိုစိုလင်လင်ရှိတဲ့ အရောင်တွေကို တွေ့လိုက်ရပါတယ်။ အရောင်တွေက ကောင်းကင်ပြင်လို ပြာပြီး ကြယ်တွေလို တောက်ပကာ မီးလျှံလို နီရဲနေပါတယ်။

“ထူးခြားသက်ရှိတွေရဲ့ ပစ္စည်းတွေက အသက်ဓာတ်တချို့ ရှိနေတယ်... အင်း... ပြီးတော့ အခုထိ လှုပ်ရှားနေတုန်းပဲ... ရင်းမြစ်က သေသွားတာတောင်လေ” ကလိုင်းဟာ လူအိုကြီးနီးလ် ရှင်းပြတာကို ကြားချင်တဲ့အတွက် လူအိုကြီးနီးလ်ကြားအောင် အသံမြှင့် ပြောလိုက်ပါတယ်။

“တိတိကျကျ ပြောရရင် စိတ်ဝိညာဉ် လက်ကျန် ရှိနေတာ... အဲဒါကြောင့်လည်း ဆေးရည်ဖော်စပ်လို့ အောင်မြင်တာ... ဒီအကြောင်းကြောင့်ပဲ သာလွန်သူတွေ စိတ်လွတ်တာ... ဒန်းက ဒီအကြောင်း မင်းကို ပြောပြီးပြီမလား”

လူအိုကြီးနီးလ်ဟာ တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိလိုက်တာကြောင့် ရယ်သွားပါတယ်။

“ဟီးဟီး... ငါ မှတ်မိသလောက်ဆိုရင် အလောင်းစုသမား ဆေးရည် ဖော်မြူလာက အခြောက်ခံထားတဲ့ အနက်ရောင် အစက်အပြောက်ဖား လိုတယ်... အဲဒီဆေးရည်ကို သောက်ဖို့က တော်ရုံတန်ရုံ သတ္တိနဲ့ မရဘူး”

ကလိုင်းဟာ စိတ်ထဲမှာ တွေးကြည့်ပြီး အော်ဂလီဆန်သွားပါတယ်။ ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ စကားကို ဘာမှတ်ချက်မှ မပေးဘဲ မှောင်မိုက်တဲ့နေရာကို လှမ်းကြည့်လိုက်ပါတယ်။ ဒါပေမဲ့ ကလိုင်း မြင်ချင်တဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်နဲ့ သရဲတွေ ရှိမနေပါဘူး။

“စိတ်ဝိညာဉ်လောကက နေရာတိုင်းမှာ ရှိနေတာ မဟုတ်လား” ကလိုင်းဟာ သိချင်စိတ်နဲ့ စပ်စုလိုက်ပါတယ်။

လူအိုကြီးနီးလ်ဟာ ရယ်လိုက်ပါတယ် “ဟားဟား... ကောင်စုတ်လေး... မင်းက တကယ်ကို ရယ်ရတာပဲ... ဒီနေရာက ညသိမ်းငှက်အဖွဲ့ရဲ့ ဌာနချုပ်... ထာဝရည နတ်ဘုရားမ ဘုရားကျောင်းရဲ့ မြေအောက်မှာရှိတာ... သာလွန်သူတွေလည်း အများကြီးရှိတယ်... ငါတို့တွေက စိတ်ဝိညာဉ်တွေ ဝိညာဉ်တွေကို ဒီနေရာမှာ လျှောက်သွားခွင့်ပေးစရာလား... နောက်ပြီး စိတ်ဝိညာဉ်နဲ့ စိတ်ဝိညာဉ်လောကက မတူညီတဲ့ အရာနှစ်ခုပဲ”

ကလိုင်းဟာ နည်းနည်း မျက်နှာပူသွားပြီး အခန်းတံခါးဝက ဓာတ်ငွေ့မီးအိမ်ကို ကြည့်ချင်ယောင် ဆောင်လိုက်ပါတယ်။

“ကျွန်တော် သိပြီ”

ဒီအချိန်မှာပဲ ကလိုင်းရဲ့ မျက်ခုံးကြားတစ်ဝိုက်ဟာ စပ်ဖျဉ်းစပ်ဖျဉ်း ဖြစ်လာပါတယ်။

‘ဘာဖြစ်တာလဲဟ...’ ကလိုင်းဟာ လှည့်မေးဖို့ ပြင်လိုက်စဉ်မှာပဲ တံခါးနားမှာ ရပ်နေတဲ့ ရုပ်သွင်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရပါတယ်။ ဒီရုပ်သွင်က လူသားပုံစံရှိပြီး သူ့ရောင်ဝါက အမှောင်ထုနဲ့ လိုက်ဖက်ညီစွာ ပေါင်းစပ်နေတဲ့အတွက် ထင်ထင်ပေါ်ပေါ် မရှိပါဘူး။

“ဟစ်စ်...”

ကလိုင်းဟာ သူ့နဖူးအလယ်က နာကျင်လာတာကို ခံစားမိလိုက်ပါတယ်။ သူ့အမြင်အာရုံကလည်း ဖရိုဖရဲ ဖြစ်လာပါတယ်။ ကလိုင်း ပြန်ပြီးတော့ အာရုံစိုက်လိုက်တဲ့အခါမှာတော့ ခုနကရုပ်သွင်က မရှိတော့ပါဘူး။

‘ထူးဆန်းတယ်...’ ကလိုင်းဟာ လှည့်ပြီး မေးလိုက်ပါတယ်။

“မစ္စတာနီးလ်... ကျွန်တော့် မျက်ခုံးကြားတစ်ဝိုက်က စပ်ဖျဉ်းစပ်ဖျဉ်းနဲ့ နည်းနည်း နာနေတယ်”

“ဟားဟား... ဒါက သာမန်ပါပဲ... မင်းက သာလွန်သူအသစ်လေ... စိတ်ဝိညာဉ်အာရုံက မင်းရဲ့ စိတ်ဝိညာဉ် ခန္ဓာကိုယ်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လွန်းတယ်... နောက်ပြီး စိတ်ဝိညာဉ်အာရုံက မင်းစွမ်းအားကို ဆက်တိုက် ကုန်ခမ်းစေတယ်... ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်အနေနဲ့ မျက်ခုံးကြားတစ်ဝိုက် နာကျင်တာ၊ ခေါင်းကိုက်တာ၊ ဆတ်ဆတ်ထိမခံနိုင်ဖြစ်တာ၊ အထင်အမြင်မှားတွေ ဖြစ်နိုင်တယ်... စိတ်ဝိညာဉ်အာရုံနဲ့ ကြည့်တဲ့အခါမှာ‌ နေသားကျတဲ့ ပတ်ဝန်းကျင်မဟုတ်လို့ နေမထိထိုင်မသာဖြစ်ဖို့ လွယ်တယ်”

“တခြားအကြောင်းအရာတွေကလည်း မင်းရဲ့ စိတ်ခံစားချက်ကို အလွယ်လေး သက်ရောက်နိုင်တယ်... ဒါက မင်း ဂရုစိုက်သင့်တဲ့အရာတွေပဲ... လေ့ကျင့်ပါများရင်တော့ အဆင်ပြေသွားမှာပါ... ဂရုတစိုက်သုံးပြီး အချိန်မှန် အဆုံးသတ်ဖို့ မမေ့နဲ့” လူအိုကြီးနီးလ်က အပြုံးနဲ့ ဖြေပါတယ်။

‘ခင်ဗျားက ကျွန်တော် ဒီလိုဖြစ်တာကို ဝမ်းသာနေတဲ့ပုံပဲ’ ကလိုင်းဟာ စိတ်ထဲမှာ စောဒကတက်ပြီး ချက်ချင်း အကြံဉာဏ်တောင်းလိုက်ပါတယ် “အဲဒါဆို ကျွန်တော် စိတ်ဝိညာဉ်အာရုံကနေ ဘယ်လို ထွက်ရမှာလဲ”

ကလိုင်းဟာ သူ ခုနက မြင်ခဲ့ရတဲ့ ရုပ်သွင်အကြောင်း ပြောချင်ပေမဲ့ ထင်ယောင်ထင်မှား ဖြစ်နိုင်တယ်လို့ ကြားလိုက်ရတဲ့အတွက် သူ့အကြံကို ချက်ချင်း မောင်းထုတ်လိုက်ပါတယ်။

“အရင်လိုပဲ... အာရုံလွှဲဖို့ ပစ္စည်းတစ်ခုခုကိုတွေး... တွေးခေါ်မှု အခြေအနေကနေ ထွက်သွားလိမ့်မယ်... မျက်လုံးမှိတ်ပြီး မင်းရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်... ပြီးပြီလို့ ထပ်ခါထပ်ခါ ပြော... မင်း မျက်လုံး ပြန်ဖွင့်လိုက်ရင် စိတ်ဝိညာဉ်အာရုံ ပျောက်ကွယ်သွားတာကို တွေ့ရလိမ့်မယ်”

လူအိုကြီးနီးလ်ဟာ အေးအေးလူလူ ပြောဆိုပြီးနောက် စကားအဆုံးမှာ ထပ်ပြောလိုက်ပါတယ် “အင်း... တကယ်တော့ ဒါက ပုံပန်းမကျဆုံး နည်းလမ်းလို့ ပြောရတယ်... ငါတို့တွေ ထပ်ခါထပ်ခါ လေ့ကျင့်ပြီး ရုပ်ပိုင်းဆိုင်ရာ အပြုအမူက စိတ်ဝိညာဉ်ကို သက်ရောက်အောင် လုပ်လို့ရတယ်... အဲဒီလိုဆိုရင် မင်းမှာ ခလုတ်တစ်ခု ရှိသွားလိမ့်မယ်... အဲဒီခလုတ်ကို ဖွင့်လိုက်တာနဲ့ စိတ်ဝိညာဉ်အာရုံကို အလွယ်လေး ဖွင့်နိုင်လိမ့်မယ်... ဥပမာပေးရရင်ကွာ မင်းရဲ့ နဖူးကို လက်နဲ့ အသာလေး နှစ်ချက် တောက်လိုက်ရုံနဲ့ စိတ်ဝိညာဉ်အာရုံ ပွင့်သွားမယ်... နောက်ထပ် နှစ်ချက် ထပ်တောက်လိုက်ရင် စိတ်ဝိညာဉ်အာရုံ ပိတ်သွားလိမ့်မယ်... ဘယ်လို ခလုတ်ကို ထားချင်လဲဆိုတာကတော့ မင်းသဘောပဲ”

“ကျွန်တော် သိပြီ” ကလိုင်းဟာ တစ်ခဏတွေးတောပြီးနောက် လူအိုကြီးနီးလ် ပြောတဲ့အတိုင်း စိတ်ဝိညာဉ်အာရုံ ခလုတ်အတွက် နဖူးလယ်ကို နှစ်ချက်တောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

တစ်ချက်တောက်တာက အလိုလို တောက်မိနိုင်တဲ့အတွက် အမှားအယွင်းဖြစ်ဖို့ လွယ်ပါတယ်။ သုံးချက်တောက်တာကြတော့ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ တန်ဖိုးရှိတဲ့အချိန်ကို ဖြုန်းတီးရာ ရောက်ပါတယ်။ လက်ဖျစ်တောက်တာကျတော့ အာရုံစိုက်ခံရဖို့ လွယ်ကူလွန်းပါတယ်။

ကလိုင်းဟာ အာရုံစိုက်တာကို ဖြေလျှော့ပြီးနောက် အလင်းလုံးတွေ ထပ်ထားတာကို တစ်ဖန်ပြန်ပြီးတော့ ပုံဖော်စိတ်ကူးလိုက်ပါတယ်။ ဒီလိုနဲ့ ကလိုင်းဟာ တွေးခေါ်မှု အခြေအနေကို နောက်တစ်ခါ ဝင်ရောက်သွားပါတယ်။

လူအိုကြီးနီးလ်ရဲ့ လမ်းညွှန်မှုအောက်မှာ ထပ်ခါထပ်ခါ လေ့ကျင့်မှုကြောင့် ကလိုင်းဟာ နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်အာရုံ ခလုတ်ကို အောင်မြင်စွာ ဖန်တီးနိုင်သွားပါတယ်။

ကလိုင်းဟာ လက်သီးအသာဆုပ်ပြီး လက်ညှိုးအဆစ်ရိုးနဲ့ နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။ ချက်ချင်းဆိုသလို ကလိုင်းရဲ့ မျက်လုံးရှေ့မှာ မတူကွဲပြားပြီး ထူထပ်မှုမတူတဲ့ တောက်ပတဲ့ ရောင်ဝါတွေ ပေါ်လာပါတယ်။

နောက်ထပ် နှစ်ချက် ထပ်တောက်လိုက်တဲ့အခါမှာတော့ အကုန်လုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

‘နောက်ဆုံးတော့ ငါ ရသွားပြီ’ ကလိုင်းဟာ ဝမ်းမြောက်ဝမ်းသာ သက်ပြင်းချလိုက်ပါတယ်။

ဒီအချိန်ကျမှ ကလိုင်းဟာ သူ ဘယ်လောက် ပင်ပန်းနေတယ် ဆိုတာကို သဘောပေါက်သွားပါတယ်။ ကလိုင်းဟာ အချိန်မရွေး အိပ်ပျော်သွားနိုင်တယ်လို့ ခံစားနေရပါတယ်။ သုံးရက်လုံးလုံး မအိပ်ဘဲ နေခဲ့တဲ့အတိုင်းပါပဲ။

လူအိုကြီးနီးလ်ဟာ တစ်ချက်ရယ်လိုက်ပါတယ် “ဟီးဟီး... ငါတို့က အအိပ်မဲ့တွေ မဟုတ်ဘူး... စိတ်ဝိညာဉ်အာရုံကို လေ့ကျင့်တိုင်း လွန်လွန်ကဲကဲ အသုံးပြုတိုင်း အိပ်ဖို့ လိုတယ်... မင်း အခုအိမ်ပြန်ပြီး ကောင်းကောင်း အနားယူတော့... နေ့လယ်ကျရင် ဝဲလ်နေတဲ့ သံကြက်ခြေခတ်လမ်းဆီသွားပြီး ဟိုလျှောက်ဒီလျှောက်လုပ်... အန်တီဂိုနပ် မိသားစု မှတ်စုစာအုပ်ရဲ့ သာလွန်စကို တတ်နိုင်သလောက် မြန်မြန် ရှာတွေ့အောင် ကြိုးစား... မနက်ဖြန်ကျရင် ငါ မင်းကို ဂမ္ဘီရအသိပညာတွေ ဆက်သင်ပေးမယ်... အင်း... သမိုင်းမှတ်တမ်းတွေလည်း ဖတ်ဖို့ မမေ့နဲ့ဦး”

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ လူအိုကြီးနီးလ်ရဲ့ စီစဉ်မှုကို လုံးဝ သဘောတူပါတယ်။

ကလိုင်းဟာ လက်ကိုင်တုတ်ကို ကောက်ကိုင်ပြီး အဂ္ဂိရတ်ခန်းထဲက ထွက်သွားပါတယ်။ ကလိုင်းဟာ လူအိုကြီးနီးလ် တံခါးပိတ်ပြီး လက်နက်တိုက်ဆီ ပြန်သွားတာကို ရပ်ကြည့်ပါတယ်။ ကလိုင်းဟာ သူ့နဖူးအလယ်နဲ့ နားထင်ကို နှိပ်နယ်ပြီးနောက် လှေကားကနေ အပေါ်ထပ်ကို အေးအေးလူလူ တက်သွားပါတယ်။

ဒီအချိန်မှာ ဒန်းစမစ်ဟာ ကလိုင်း နောက်ကနေ ပေါ်လာပါတယ်။ ဒန်းစမစ်ဟာ ကလိုင်းကို နက်ရှိုင်းတဲ့အကြည့်နဲ့ ကြည့်ပြီး “လူအိုကြီးနီးလ်က မင်းကို သူ့နေရာဝင်ယူဖို့ တော်တော်လေး သင့်တော်တယ်လို့ ပြောတယ်... မင်းက တွေးခေါ်မှု အခြေအနေထဲ မဝင်ဘဲ စိတ်ဝိညာဉ်အာရုံကို အသုံးပြုနိုင်တယ်ဆို”

“ဒါက အမြင်ဆရာရဲ့ ထူးခြားတဲ့ လက္ခဏာ ဖြစ်နိုင်တာပဲ” ကလိုင်းဟာ နှိမ့်ချပြီး ပြန်ဖြေလိုက်ပါတယ်။

ကလိုင်းဟာ ဒန်းစမစ်က လူအိုကြီးနီးလ်အတွက် လက်နက်တိုက် စောင့်ကြည့်ပေးနေတာလို့ ခန့်မှန်းလိုက်ပါတယ်။

ဒန်းစမစ်ဟာ ကလိုင်းရှေ့ရောက်အောင် လျှောက်ပြီးနောက် ခြေလှမ်း နှေးလိုက်ပါတယ်။ လေးငါးစက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် ဒန်းစမစ်ဟာ နောက်လှည့်ပြီး ပြောလိုက်ပါတယ်။

“ကြောင်ကို သတ်တာက အစူးအစမ်းလွန်တာပဲ... အစူးအစမ်းလွန်တာက သာလွန်သူတွေကိုလည်း သတ်နိုင်တယ်... အဲဒီ ရေရွတ်ညည်းညူသံတွေကို နားထောင်ဖို့ မမြင်နိုင်တဲ့ တည်ရှိမှုတွေကို တွေ့မြင်ဖို့ မကြိုးစားနဲ့”

“ဟုတ်ကဲ့ပါ” ကလိုင်းဟာ ဒါက သာလွန်သူတွေ စိတ်လွတ်ရတဲ့ နောက်ထပ် အကြောင်းအရင်း တစ်ခုလို မှတ်ယူလိုက်ပါတယ်။

ဆူးနက်လုံခြုံရေး ကုမ္ပဏီထဲ ရောက်တဲ့အခါ ကလိုင်းဟာ သူ သာလွန်သူ ဖြစ်သွားတာကို မသိသေးတဲ့ ရိုဇန်းကို နှုတ်ဆက်လိုက်ပါတယ်။ ကလိုင်းဟာ တံခါးကနေ ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်ပြီး လမ်းပေါ် ရောက်တဲ့အခါ သံလမ်းမဲ့ မြင်းလှည်းနဲ့ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ အပြန်လမ်းမှာ ကလိုင်းဟာ အိပ်ပျော်လုနီးနီးပါပဲ။

အချိန်က မနက်ခင်းပဲ ရှိသေးပြီး အပူချိန်ကလည်း ၂၆ ဒီဂရီ ဆဲလ်စီးယပ်စ်လောက်ပဲ ရှိပါတယ်။ ကလိုင်းဟာ ခါးစည်းထဲက ကြေးသော့တစ်ချောင်း ထုတ်ပြီး အိမ်တံခါး ဖွင့်လိုက်ပါတယ်။

အိမ်မှာ လိုအပ်တဲ့အရာတွေ အများကြီး ရှိနေပါသေးတယ်။ ဧည့်ခန်းနဲ့ ထမင်းစားခန်းမှာ ခုထိ ဘာမှမရှိသေးပါဘူး။ ဘန်ဆင်နဲ့ မလီဆာက အလုပ်နဲ့ကျောင်း ရှိတာကြောင့် မနက်စောစောကတည်းက ထွက်သွားပါတယ်။

ကလိုင်းဟာ လောလောဆယ်မှာ တခြားကိစ္စတွေကို အာရုံစိုက်နိုင်စွမ်း မရှိပါဘူး။ အဲဒါကြောင့် ကလိုင်းဟာ တံခါးပြန်ပိတ်ပြီး ဒုတိယထပ်တက်ကာ စာအုပ်စင်ပါတဲ့ အိပ်ခန်းဆီ ဝင်လိုက်ပါတယ်။ ဒီအခန်းက ကလိုင်းရဲ့ အိပ်ခန်းပါ။

ထက်စီဒိုကို ချွတ်ကာ အဝတ်ချိတ်တိုင်မှာ ချိတ်ပြီးနောက် ကလိုင်းဟာ အိပ်ရာထဲ ပစ်လှဲလိုက်ပါတယ်။ ခေါင်းနဲ့ ခေါင်းအုံး ထိတယ်ဆိုရင်ပဲ ကလိုင်းဟာ အိပ်မောကျသွားပါတယ်။

ကလိုင်း နိုးလာတဲ့ တောက်ပတဲ့ နေရောင်ခြည်က ဆီးကြိုနေပါတယ်။ ကလိုင်းဟာ မျက်စိကျိန်းသွားတာကြောင့် တစ်ဖက်လှည့်ပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တဲ့အခါ အပြင်ဘက်မှာ နေသာနေတာကို တွေ့လိုက်ရပါတယ်။

‘ဘယ်နှစ်နာရီ ရှိသွားပြီလဲ... ငါ နေ့လယ်ခင်း တဲရော့ကလပ်ကို လွဲသွားပြီလား မသိဘူး’ ကလိုင်းဟာ ကြိုးစားထပြီး အဝတ်ချိတ်တိုင်ဆီ လျှောက်သွားကာ သူ့အင်္ကျီ အိတ်ကပ်ထဲက အိတ်ဆောင်နာရီကို ထုတ်ကြည့်လိုက်ပါတယ်။

ကလိုင်းဟာ တဲရော့ကလပ်ကိုပဲ မေ့သွားတာ မဟုတ်ပါဘူး။ သူ့အိပ်ခန်းတံခါးကို ပိတ်ဖို့နဲ့ ပြတင်းပေါက် လိုက်ကာကို ဆွဲဖို့တောင် သတိမရခဲ့ပါဘူး။

“ကလစ်...”

ကလိုင်းဟာ အိတ်ဆောင်နာရီကို ဖွင့်ကြည့်ပြီး ချက်ချင်းပဲ စိတ်သက်သာရာ ရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မွန်းလွဲရုံပဲ ရှိသေးတဲ့အတွက် သုံးနာရီထိုးဖို့က တော်တော် လိုသေးတာကြောင့်ပါ။

ဒီနေ့က တနင်္လာနေ့ပါ။ လူဇောက်ထိုးနဲ့ တရားမျှတမှုကို တွေ့မဲ့နေဆိုရင်လည်း မမှားပါဘူး။

ကလိုင်းဟာ တွေးတောရင်းနဲ့ နဖူးလယ်ကို နှစ်ချက် တောက်လိုက်ပါတယ်။ ဒီအခါ ကလိုင်းရှေ့က မြင်ကွင်းဟာ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်က ပြန်ပြီးတော့ တောက်ပသွားတာကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ နှစ်ချက် ထပ်တောက်ပြီး စိတ်ဝိညာဉ်အာရုံကို ပိတ်လိုက်ပါတယ်။ စိတ်ပြေလက်ပျောက် ဖြစ်သွားတဲ့ ကလိုင်းဟာ ပထမထပ်ဆင်းပြီး ရေနွေးတစ်အိုး ကျိုပါတယ်။ ကလိုင်းဟာ ရေနွေးထဲ အဆင့်နိမ့် လက်ဖက်ခြောက်တချို့ ခတ်ပြီး ဂျုံပေါင်မုန့်ကို ထောပတ်နည်းနည်း သုတ်စားပါတယ်။

ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ အခန်းထဲပြန်ပြီး အရင်ကလိုင်းရဲ့ သမိုင်းမှတ်တမ်းတွေကို လှန်လှောကြည့်ကာ သူ့ရဲ့ အသိပညာကို ဖြည့်တင်းပါတယ်။

.....

၂ နာရီ ၅၇ မိနစ် အရောက်မှာတော့ ကလိုင်းဟာ စာအုပ်ပိတ်ပြီး ဘောပင်သိမ်းကာ လိုက်ကာ ဆွဲပိတ်လိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ အိပ်ခန်းတံခါးကိုပါ လော့ချပြီး တစ်ခန်းလုံး မှောင်သွားအောင် လုပ်ပါတယ်။

ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ နဖူးလယ်ကို နှစ်ချက်တောက်ပြီး စိတ်ဝိညာဉ်အာရုံဖွင့်ကာ ဘေးဘီပတ်ဝန်းကျင်ကို စစ်ဆေးပါတယ်။ မမြင်နိုင်တဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေ သူ့အခန်းထဲမှာ မရှိတာ သေချာတော့မှ ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံကို ပိတ်ပြီး အိတ်ဆောင်နာရီထုတ်ကာ အချိန်ကြည့်ပါတယ်။

“ချက်... ချက်...”

သုံးနာရီ မထိုးခင် တစ်မိနစ်အလိုမှာ ကလိုင်းဟာ အရင်အတိုင်း စတုရန်းပုံ နာရီလက်တံပြောင်းပြန် လျှောက်ကာ တရုတ်ဘာသာစကားနဲ့ မန္တန်ရွတ်လိုက်ပါတယ်။

အကုန်လုံးက အရင်အတိုင်းပါပဲ။ ဒါပေမဲ့ ကလိုင်းဟာ ဒီတစ်ခါတော့ ဘာစားစရာမှ မပြင်ဆင်ထားပါဘူး။

ကလိုင်း မျက်စိမှိတ်လိုက်တဲ့အခါ သူ့လက်ဖမိုးက ယားလာတာကို ခံစားလိုက်ရပါတယ်။ စတုရန်းပုံ အစက်လေးစက်က တစ်စုံတစ်ရာကို အပြင်ဘက် ထုတ်လွှတ်လိုက်သလိုပါပဲ။

ကယောင်ချောက်ချား အော်ဟစ်သံတွေ ညည်းညူသံတွေ စတင်ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ကလိုင်းဟာ ပထမအကြိမ်တုန်းကလောက် ခေါင်းမကိုက်တာကိုတော့ ခံစားမိပါတယ်။ တကယ်တော့ အဲဒီအသံတွေက ကလိုင်းကို မသက်ရောက်တာ မဟုတ်ပါဘူး။ ကလိုင်းက အဲဒီအသံတွေကို နားမထောင်မိအောင် အကောင်းဆုံး ကြိုးစားလို့ပါ။

သာလွန်သူတစ်ယောက်အနေနဲ့ ကလိုင်းဟာ ဒီလိုပတ်ဝန်းကျင်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးတော့ ထိန်းချုပ်နိုင်စွမ်း ရှိရပါမယ်။

မကြာခင်မှာပဲ ကလိုင်းရဲ့ ခန္ဓာကိုယ်ဟာ ပေါ့ပါးပြီး ပေါလောမျောသွားပါတယ်။ အဲဒီနောက် ကလိုင်းဟာ ဝေဝါးနေတဲ့ ဖြူမှိုင်းမှိုင်း မြူခိုးတွေနဲ့ နီရဲနက်မှောင်တဲ့ ကြယ်တွေကို တွေ့လိုက်ရပါတယ်။ အဲဒီကြယ်တွေထဲက ကြယ်နှစ်စင်းဟာ ကလိုင်းနဲ့ ထူးထူးခြားခြား ဆက်သွယ်မှုရှိနေပြီး ရင်းနှီးတယ်လို့ ခံစားချက် ပေးနေပါတယ်။

ကလိုင်းဟာ ဝေဝါးလှတဲ့ သူ့အသွင်ကို ကြည့်ပြီး ဝေခွဲမရ ရေရွတ်လိုက်ပါတယ် “ဒါက လူအိုကြီးနီးလ်ပြောတဲ့ လိပ်ပြာလွှင့်တာလား...”

ကလိုင်းဟာ လေးငါးစက္ကန့်လောက် ငြိမ်နေပြီးမှ ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်‌ဆောင်၊ လိပ်ခုံးအမုံးအောက်က ကြေးစားပွဲရှည် မတူညီတဲ့ နက္ခတာရာတွေကို ကိုယ်စားပြုတဲ့ ကုလားထိုင် ၂၂ လုံးကို ဖန်တီးလိုက်ပါတယ်။

ကလိုင်းဟာ ထိပ်ဆုံးထိုင်ခုံကို ခပ်တည်တည်ပဲ လျှောက်သွားပြီး သူ့ခန္ဓာကိုယ်နဲ့ မျက်နှာကို ထူထပ်တဲ့ မီးခိုးရောင်မြူခိုးတွေကြားထဲ နှစ်ထားလိုက်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ ညာလက် ဆန့်ထုတ်ပြီး ရင်းနှီးတယ်လို့ ခံစားရတဲ့ ထူးထူးခြားခြား ဆက်သွယ်မှုရှိနေတဲ့ ကြယ်နီနှစ်စင်းကို တောက်လိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters