← Chapters

သတင်းအချက်အလက် ဖလှယ်ခြင်း

Vol. 4 Ch. 35

သတင်းအချက်အလက် ဖလှယ်ခြင်း

Vol. 4 Ch. 35

‘ရစ်ဆဲလ်ဂူစတာရဲ့ လျှို့ဝှက်ဒိုင်ယာရီ... ဧကရာဇ်ရစ်ဆဲလ်လား... ဟုတ်တယ်... မစ္စတာအရူးလိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်က ဒီလိုကိစ္စမျိုးကိုပဲ စဉ်းစားမှာ...’ အော်ဒရီဟာ ကြားကြားချင်းတော့ အံ့အားသင့်သွားပါတယ်။ ဒါပေမဲ့ ချက်ချင်းပဲ ဘာမှမထူးဆန်းဘူးလို့ ခံစားလိုက်ရပါတယ်။

ကောလဟာလတွေအရ ဧကရာဇ်ရစ်ဆဲလ်ဟာ ဘုရားသခင်စော်ကား ကျောက်ပြားကို မြင်ဖူးတယ်လို့ အဆိုရှိပါတယ်။ ဧကရာဇ်ရစ်ဆဲလ်က သူဖန်တီးခဲ့တဲ့ လျှို့ဝှက်ကဒ်တွေမှာ ဘုရားသခင်လမ်းကြောင်း ၂၂ သွယ်ကို ဝှက်ထားခဲ့တယ်လို့လည်း ပြောကြပါတယ်။ ဒါက အဆင့်မြင့် သာလွန်သူတိုင်း သေချာပေါက် ဂရုစိုက်မဲ့အရာပါ။

“ဒိုင်ယာရီ... အဲဒါက ဒိုင်ယာရီလား...” အယ်ဂျာဟာ မျက်မှောင် နည်းနည်းကြုတ်သွားပြီး ဒိုင်ယာရီဆိုတဲ့ စကားလုံးကို သတိထားမိလိုက်ပါတယ်။ ဧကရာဇ်ရစ်ဆဲလ် ချန်ထားခဲ့တဲ့ပစ္စည်းကို မစ္စတာအရူးက ဒိုင်ယာရီလို့ ပြောလိုက်တယ် မဟုတ်ပါလား။

‘သူ ဘယ်လိုလုပ်ပြီး သိတာလဲ’

‘အဲဒါကို ဒိုင်ယာရီလို့ သူ ဘယ်လို သတ်မှတ်တာလဲ’

‘ရစ်ဆဲလ်ရဲ့ လျှို့ဝှက်ကုဒ်ကို သူဖော်နိုင်တာလား’

ကလိုင်းဟာ လူဇောက်ထိုးရဲ့ မေးခွန်းကို ကြားလိုက်ရတဲ့အခါ သူလိုချင်တဲ့ သက်ရောက်မှု ရသွားပြီဆိုတာကို သိလိုက်ပါတယ်။ ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး လေသံအေးနဲ့ ပြောလိုက်ပါတယ်။

“လောလောဆယ် ဒိုင်ယာရီလို့ပဲ ခေါ်ကြတာပေါ့”

ကလိုင်းဟာ ငြင်းလည်း မငြင်းသလို ဝန်လည်း ဝန်မခံပါဘူး။

အော်ဒရီဟာ တခြားအထက်တန်းလွှာ ကလေးတွေ ဒီအကြောင်း ပြောတာကို ကြားဖူးပါတယ်။ ဒါပေမဲ့ ဒီလောက်အများကြီးတော့ တစ်ခါမှ မကြားဖူးပါဘူး။ အော်ဒရီဟာ သိချင်စိတ်ကို မထိန်းနိုင်တာကြောင့်

“ဧကရာဇ်ရစ်ဆဲလ်ရဲ့... အင်း... ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီက ဝှက်စာနဲ့ ရေးထားတယ်လို့ ပြောတယ်... အဲဒီသင်္ကေတတွေကို သူ့ဘာသာ တီထွင်ခဲ့တာလို့လည်း ပြောကြတယ်”

“ဟုတ်တယ်” အယ်ဂျာက ရိုးရိုးရှင်းရှင်း အဖြေပေးပါတယ် “တချို့ဆိုရင် အဲဒီသင်္ကေတတွေက ဂမ္ဘီရနယ်ပယ်မှာသုံးတဲ့ တစ်မူထူးခြားတဲ့ သင်္ကေတတစ်မျိုးလို့တောင် ယုံကြည်ကြတယ်... တချို့ကတော့ အရုပ်စာလို့ ယုံကြည်ကြတယ်... ဒါပေမဲ့ ဒီနေ့ထိ အဲဒီဝှက်စာကို ဘယ်သူမှ မဖော်နိုင်သေးဘူး... အနည်းဆုံး ငါ သိသလောက်ပေါ့”

စကားဆုံးတဲ့အခါမှာ အယ်ဂျာဟာ အတည်ပြုချက် နည်းနည်းရဖို့နဲ့ သူ သံသယရှိတယ်ဆိုတာကို ပြဖို့အတွက် ကလိုင်းကို လှည့်ကြည့်လိုက်ပါတယ်။

ဒီစာတွေက မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းလာတာ ဖြစ်တဲ့အတွက် မူလအခြေအနေမှာ ရှိမနေတော့ပါဘူး။ မူလအခြေအနေမှာမရှိတဲ့ ဝှက်စာကို ဘယ်လိုလုပ်ပြီး ဖော်လို့ရမှာလဲ။

ကလိုင်းဟာ အမူအရာမပျက်ပေမဲ့ စိတ်ထဲမှာတော့ လှောင်ပြုံး ပြုံးမိလိုက်ပါတယ်။ ချက်ချင်းဆိုသလို ကလိုင်းရဲ့ ခေါင်းထဲကို ရယ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခု ဝင်လာပါတယ်။

အနက်ရောင် ထိပ်ချွန်ဦးထုပ်နဲ့ ဝတ်ရုံရှည်ကြီး ဝတ်ထားတဲ့ နတ်ဆိုးမှော်ဆရာက အင်္ကျီလက်စကို ဆွဲလှန်ပြီး သူ့လက်မောင်းမှာ ထိုးထားတဲ့ တက်တူးတွေကို ပြပါတယ်။ ဒီတက်တူးတွေက ဧကရာဇ်ရစ်ဆဲလ် ချန်ထားခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်စွမ်းအားရှိတဲ့ သင်္ကေတတွေလို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီတက်တူးတွေက ခေတ်သစ်တရုတ်စာ ဖြစ်နေပါတယ်။

ကလိုင်းဟာ နှုတ်ခမ်းတွန့်လိုက်ပြီး စိတ်ကောင်းဝင်သွားပါတယ်။

လူဇောက်ထိုးရဲ့ စကားကို ကြားလိုက်ရတဲ့ အော်ဒရီဟာ သစ်ငုတ်တိုမျက်နှာနဲ့ “ကျွန်မတို့တွေ အဲဒီသင်္ကေတတွေ စာလုံးတွေကို နားမလည်နိုင်ဘူးဆိုရင် အဲဒီသတင်းအချက်အလက်တွေကို မစ္စတာအရူးဆီ ဘယ်လိုပေးမှာလဲ... တစ်နေရာရာကို စာပို့ရမှာလား”

‘ဒါက အရေးကြီးတဲ့ မေးခွန်းပဲ... ငါ့မှာ ပစ္စည်းတွေကို တိတ်တဆိတ် လက်ခံနိုင်တဲ့ နည်းလမ်း မရှိသေးဘူး’

ကလိုင်းဟာ အော်ဒရီရဲ့ မေးခွန်းကို ပြန်ဖြေဖို့ အလျင်မလိုပါဘူး။ ကလိုင်းဟာ လက်မနှစ်ချောင်းကို ကစားရင်း မကြာခင်မှာပဲ ဒီပြဿနာရဲ့ အဖြေကို စဉ်းစားမိလိုက်ပါတယ်။

‘ငါ ဒီနေရာမှာ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နန်းတော်နဲ့ စားပွဲဝိုင်းကို ငါ့ဆန္ဒအတိုင်း ဖန်တီးနိုင်မှတော့ ဒီနေရာမှာရှိတဲ့ တခြားလူတွေရဲ့ စိတ်ထဲက အကြောင်းအရာတွေကိုလည်း ပြသနိုင်လောက်လား... ငါ စမ်းကြည့်သင့်တယ်...’

ဒီအချိန်မှာ အော်ဒရီနဲ့ အယ်ဂျာဟာ မစ္စတာအရူးက ထူထဲသိပ်သည်းတဲ့ မီးခိုးရောင် မြူခိုးကြားမှာ ဖြည်းဖြည်းချင်း မတ်မတ်ထိုင်လိုက်တာကို တွေ့လိုက်ရပါတယ်။

“မစ္စတရားမျှတမှု... စမ်းသပ်မှုတစ်ခု လုပ်ရအောင်... စာပိုဒ်တစ်ပိုဒ်ကိုတွေးပြီး ချရေးချင်စိတ် ပေါ်လာအောင်လုပ်... ပြီးရင် ဘေးနားက ဖော့ပင်ကိုင်ပြီး စာရွက်ပေါ်မှာ ရေးလိုက်”

ကလိုင်းရဲ့ စကားမဆုံးခင်မှာပဲ အော်ဒရီဟာ ဝါကျင့်ကျင့် ဆိတ်သားရေ စာရွက်တစ်ရွက်နဲ့ နီရဲတဲ့ဖော့ပင်တစ်ချောင်း သူ့‌ရှေ့မှာ ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

အော်ဒရီဟာ စူးစမ်ချင်စိတ်သာမက သံသယစိတ်နဲ့ပါ ဖော့ပင်ကို ကောက်ယူပြီး ကလိုင်းရဲ့ ညွှန်ကြားချက်အတိုင်း ဧကရာဇ်ရစ်ဆဲရဲ့ ကဗျာတစ်ပုဒ်ကို ကောက်တွေးလိုက်ပါတယ်။

‘ဆောင်းရာသီလာရင် နွေဦးက ဝေးတော့မှာလား’

စာကြောင်းကို သေသေချာချာ တွေးပြီးနောက် အော်ဒရီဟာ ဖော့ပင်ကို ကောက်ယူကာ ချရေးချင်စိတ် ပေါင်းထည့်လိုက်ပါတယ်။

ကလိုင်းဟာ အော်ဒရီရဲ့ ခံစားချက်ကို အာရုံခံမိတာကြောင့် ဖော့ပင်ကို ကြားခံအနေနဲ့ အသုံးချပြီး အော်ဒရီကို လမ်းညွှန်ပေးပါတယ်။

အော်ဒရီဟာ သူ့လက်ထဲက ဖော့ပင် ဆိတ်သားရေ စာရွက်နဲ့ ထိမိတယ်ဆိုရင်ပဲ စာရွက်ပေါ်မှာ စာတစ်ကြောင်း ပေါ်လာတာကို တွေ့လိုက်ရပါတယ်။

“ဆောင်းရာသီလာရင် နွေဦးက ဝေးတော့မှာလား”

“အို... နတ်ဘုရားမ... ဘယ်လောက်တောင် ဆန်းကြယ်လိုက်လဲ” အော်ဒရီဟာ အံ့ဩတကြီး ဖြစ်သွားပါတယ်။ အဲဒီနောက် အော်ဒရီဟာ ကလိုင်းကို ကြောက်ကြောက်ရွံ့ရွံ့ ကြည့်လိုက်ပါတယ်။

“မစ္စတာအရူး... ကျွန်မရဲ့ အတွေးကို လူကြီးမင်း ဖတ်နိုင်တာလား”

“မဖတ်နိုင်ပါဘူး... ငါက မင်းအတွေးကို လမ်းညွှန်ပေးရုံပဲ... စာရေးတဲ့ဖြစ်စဉ်ကို မင်းအတွက် ရိုးရှင်းအောင် လုပ်ပေးပြီး ရိုက်နှိပ်လိုက်တာ... မင်းမှာ ဖော်ပြချင်စိတ်မရှိရင် ဘာမှ ပေါ်လာမှာ မဟုတ်ဘူး” ကလိုင်းဟာ လေသံအေးနဲ့ အော်ဒရီကို နှစ်သိမ့်ပေးလိုက်ပါတယ်။

“အဲဒီလိုလား... အဲဒါဆို ကျွန်မတို့တွေ အဲဒီသင်္ကေတတွေကို အလွတ်မှတ်ရမှာပေါ့... အဲဒီလိုဆိုရင် ကျွန်မတို့ဆန္ဒရှိတဲ့အတိုင်း ဖော်ပြလို့ရပြီလား” အော်ဒရီဟာ သက်ပြင်းရှည်ကြီးချပြီး နားလည်သဘောပေါက်ဟန်နဲ့ မေးလိုက်ပါတယ်။

“ဟုတ်တယ်” ကလိုင်းဟာ ပြန်ဖြေလိုက်ပါတယ်။

“ဒီနည်းလမ်း မဆိုးဘူး... မစ္စတရားမျှတမှု... မင်းရဲ့ မှတ်ဉာဏ်ကို သံသယဝင်စရာ မလိုဘူး... ပွဲကြည့်သမား ဖြစ်လာပြီးရင် မင်းရဲ့ မှတ်ဉာဏ်က အများကြီး တိုးတက်လာလိမ့်မယ်” ဘေးကနေ ကြည့်နေတဲ့ အယ်ဂျာဟာ မစ္စတာအရူးက သူ ထင်ထားတာထက် စွမ်းအားပိုကြီးပြီး လျှို့ဝှက်ဆန်းကြယ်တယ် ဆိုတာကို သဘောပေါက်လိုက်ပါတယ်။

အယ်ဂျာဟာ သူ့မှတ်ဉာဏ်အတွက်တော့ မစိုးရိမ်ပါဘူး။ နောက်တစ်ခါ တိုးတက်မှုကျရင် လုံလုံလောက်လောက် တိုးတက်မယ်လို့ ယုံကြည်ထားပါတယ်။

အယ်ဂျာရဲ့ စကားကြောင့် အော်ဒရီဟာ ဝမ်းပန်းတသာ ခေါင်းညိတ်လိုက်ပါတယ် “ရှင့်စကားကြောင့် ကျွန်မ ဝမ်းသာသွားပြီ... မစ္စတာ လူဇောက်ထိုး... ရှင့်ဆီမှာ ပွဲကြည့်သမားနဲ့ ပတ်သက်ပြီး လမ်းညွှန်စရာ ရှိသေးလား”

ပြီးတဲ့အခါမှာတော့ အော်ဒရီဟာ ထိပ်ဆုံးထိုင်ခုံကို လှမ်းကြည့်လိုက်ပါတယ်။

“မစ္စတာအရူး... ကျွန်မ လူကြီးမင်းရဲ့ တာဝန်ကို ကြိုးစားထမ်းဆောင်ပါ့မယ်... ကျွန်မ အကောင်းဆုံး ကြိုးစားပြီး ဧကရာဇ်ရစ်ဆဲလ်ရဲ့ လျှို့ဝှက်ဒိုင်ယာရီကို စုဆောင်းပါ့မယ်”

“ငါ အရင်က ပြောခဲ့သလိုပဲ... ငါက ညီတူမျှတူ လဲလှယ်တာကို ကြိုက်တယ်... ငါ မင်းတို့ကိုပေးတဲ့ ကြိုတင်ပေးချေမှုက တစ်ယောက်ကို ဒိုင်ယာရီနှစ်ရွက်စာပဲ... ဒီထက်ပိုရင် ငါ မင်းတို့ကို ထပ်ပေးမယ်” ကလိုင်းဟာ ကလေးတွေကို အသားမယူတဲ့ လူကြီးတစ်ယောက်လိုမျိုး ခပ်တည်တည် ပြောပါတယ်။

ထပ်ပေးချေမှု ဘယ်ကလာမလဲဆိုတော့ အသစ်ရလာမဲ့ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီစာရွက်တွေဆီကပါ။ ဒီအတိုင်းဆက်သွားရင် ကွင်းဆက်တစ်ခု ဖြစ်သွားမှာပါ။

“လူကြီးမင်းက တကယ်ကို သဘောထားကောင်းတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ” အယ်ဂျာဟာ သုံးလေးစက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ ရင်ဘက်ပေါ် လက်တင်ကာ အသာဦးညွှတ်လိုက်ပါတယ်။

အဲဒီနောက် အယ်ဂျာဟာ တရားမျှတမှုကို လှည့်ကြည့်လိုက်ပါတယ် “နောက်တစ်ခါ ထပ်ပြီးတော့ ပြောမယ်... ပွဲကြည့်သမားက အမြဲတမ်း ပွဲကြည့်သမားပဲ”

“ပွဲကြည့်သမား တော်တော်များများက သူတို့ကိုယ်သူတို့ ဇာတ်လိုက်နေရာနဲ့ တခြားဇာတ်ကောင်တွေ နေရာမှာ ဝင်ခံစားတတ်ကြတယ်... ခံစားချက်တွေ မြှုပ်နှံလွန်းလို့ ဇာတ်လမ်းကြောင့် ငိုရတာ ရယ်ရတာ ဒေါသထွက်ရတာ ဝမ်းနည်းပူးဆွေးရတာတွေ ဖြစ်တတ်တယ်... ဒါပေမဲ့ ဒါက ပွဲကြည့်သမား လုပ်သင့်တဲ့အရာ မဟုတ်ဘူး”

“လူမှုအသိုင်းအဝိုင်းရဲ့ ဇာတ်လမ်းအမျိုးမျိုးကြားမှာ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဇာတ်ကောင် တစ်ကောင်ကောင်ရဲ့ တစ်နေရာရာကနေ ပါဝင်သရုပ်ဆောင်ရရင်တောင် လုံးဝ ဘေးကနေ ကြည့်နေတဲ့ စိတ်နေသဘောထားမျိုး ရှိဖို့ လိုတယ်... အဲဒီတော့မှပဲ မင်း သူတို့ကို တည်တည်ငြိမ်ငြိမ်နဲ့ လေ့လာဆန်းစစ်နိုင်လိမ့်မယ်... သူတို့ရဲ့ အကျင့်တွေ မျက်နှာအမူအရာတွေ သူတို့ရဲ့ စိုးရိမ်ထိတ်လန့်မှုအနံ့ကို ရှာတွေ့လိမ့်မယ်... အဲဒီသဲလွန်စ သေးသေးလေးတွေကနေ သူတို့ ဘာတွေးနေလဲဆိုတာကို ဖမ်းဆုပ်နိုင်လိမ့်မယ်”

“ငါပြောတာကိုယုံ... လူတွေ မတူကွဲပြားတာက သူတို့ရဲ့ ခံစားချက်ကြောင့်ပဲ... သူတို့တွေက မတူကွဲပြားတဲ့အရာတွေနဲ့ အနံ့တွေကို ဖုံးကွယ်ထားတယ်... ဒါပေမဲ့ ပွဲကြည့်သမားကောင်း တစ်ယောက်က အဲဒါတွေကို အနံ့ခံနိုင်တယ်”

“ဒါပေမဲ့ မင်း ခံစားချက်တွေ ရင်းနှီးမြှုပ်နှံလွန်းရင် အဲဒီခံစားချက်တွေက မင်းရဲ့ အကဲခတ်နိုင်စွမ်းကို လွှမ်းမိုးလိမ့်မယ်... အဲဒီလိုဆိုရင် မင်း တခြားလူတွေရဲ့ ခံစားချက်တွေကို ခံစားနိုင်စွမ်း လျော့ကျသွားလိမ့်မယ်”

အော်ဒရီဟာ စိတ်ဝင်တစား နားထောင်ရင်း မျက်လုံးတွေ တဖြည်းဖြည်းနဲ့ အရောင် တောက်လာပါတယ်။

“နားထောင်ရတာ အရမ်း အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်”

ကလိုင်းဟာ ဒီစကားကို ကြားလိုက်ရတဲ့အခါ ရင်ထဲမှာ လှိုင်းထသွားပါတယ် ‘ပွဲကြည့်သမား ဆေးရည်ရဲ့ လိုအပ်ချက်ကို အကျဉ်းချုပ်လိုက်ရင် လုံးဝ ဘေးကနေ ကြည့်နေတဲ့ ပရိသတ်ဖြစ်ဖို့ပဲ... ပြောရရင် ဒါ သရုပ်ဆောင်တာနဲ့ အတူတူပဲ...’

‘သရုပ်ဆောင်တာ... ဒါက ဧကရာဇ်ရစ်ဆဲလ်ပြောတဲ့ သရုပ်ဆောင်တာလား... ဒါဆို ငါ အမြင်ဆရာလိုမျိုး သရုပ်ဆောင်ရင် ဆေးရည်ကို ချေဖျက်ရာရောက်မှာလား...’

ကလိုင်း အတွေးများနေတုန်းမှာပဲ အယ်ဂျာဟာ သူသိထားတဲ့ ပွဲကြည့်သမားရဲ့ လိုအပ်ချက်တွေကို ရှင်းပြလို့ ပြီးသွားတာကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပါတယ်။

“ဟင်း... ကြည့်ရတာ ဘာမှ မရှိတော့ဘူးနဲ့ တူတယ်... ကျွန်တော်တို့တွေ ဒီအတိုင်း စကားပြောကြမလား... ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်တာတွေကို ပြောကြမယ်လေ... ကိုယ့်အတွက်က သာမန်ဆိုပေမဲ့ တခြားလူတွေအတွက်တော့ အရေးကြီးတဲ့ သဲလွန်စ ဖြစ်နေနိုင်တယ်”

“ကောင်းတယ်” ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး သဘောတူပေးလိုက်ပါတယ်။

ကလိုင်းဟာ အမြင်ဆရာလိုမျိုး ကြိုးစား သရုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် အမြင်ဆရာလို သရုပ်ဆောင်လို့ ဘာဆိုးကျိုးမှ မရှိပါဘူး။

“ဒါဆိုရင် ကျွန်မတို့တွေ စကြမယ်လေ... မစ္စတာလူဇောက်ထိုး... ရှင်ပဲ စပြောပါ” အော်ဒရီဟာ စိတ်လှုပ်တရှား သဘောတူပါတယ်။

အယ်ဂျာဟာ တစ်ခဏတွေးပြီးနောက် “သတင်းဆိုးနဲ့ ကျော်ကြားတဲ့ သူ့ကိုယ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဒူဝီဗိုလို့ခေါ်တဲ့ ပင်လယ်ဓားပြက ဆိုနီယာပင်လယ်ရဲ့ အရှေ့ပိုင်းစွန်းကို စူးစမ်းရှာဖွေဖို့ ခရီးထပ်ထွက်သွားတယ်”

“အို... ခတ္တာနက်ပိုင်ရှင်လား” အော်ဒရီဟာ တဒင်္ဂတွေးပြီးနောက် မေးလိုက်ပါတယ်။

“ဟုတ်တယ်” အယ်ဂျာဟာ ခေါင်းညိတ်ပြီး ပြန်ဖြေပါတယ်။

‘သူ ဘယ်သူလဲဆိုတာတော့ ငါ မသိသေးပါ့လား...’ ကလိုင်းဟာ တိတ်တဆိတ် နားထောင်ရင်း ဘယ်သတင်းကို ဝေမျှရမလဲဆိုတာ စဉ်းစားလိုက်ပါတယ်။ ဒီဝေမျှမဲ့သတင်းက သူ ဘယ်သူလဲဆိုတာ ပေါ်သွားမဲ့ သတင်း မဖြစ်ရမဲ့အပြင် သာမန်သတင်းလည်း ဖြစ်လို့ မဖြစ်ပါဘူး။

မကြာခင်မှာပဲ ကလိုင်းဟာ သူဝေမျှမဲ့သတင်းကို ဆုံးဖြတ်လိုက်ပါတယ်။ ကလိုင်းဟာ မစ္စတာအရူးရဲ့ နက်နဲတဲ့ပုံရိပ်ကို ထိန်းသိမ်းရင်း ကြေးစားပွဲရဲ့အနားကို လက်ချောင်းတွေနဲ့ တယုတယ ပွတ်သပ်လိုက်ပါတယ်။

“ငါ သိထားတာ ပြောရရင် လျှို့ဝှက်ဂိုဏ်းမှာ အန်တီဂိုနပ် မိသားစုရဲ့ မှတ်စုစာအုပ် ပျောက်သွားတယ်”

ဒီသတင်းက ထင်းဂန်မြို့မှာရှိတဲ့ ညသိမ်းငှက်တွေပဲ သိတာ မဟုတ်ပါဘူး။ လျှို့ဝှက်ဂိုဏ်းရော သူတို့နဲ့ ရင်းနှီးတဲ့ သာလွန်သူတွေရော သိထားကြပါတယ်။

“အန်တီဂိုနပ် မိသားစုရဲ့ မှတ်စုစာအုပ်” အယ်ဂျာဟာ ပြုံးပြီး ခေါင်းခါလိုက်ပါတယ် “ထာဝရည နတ်ဘုရားမ ဘုရားကျောင်းသာ ဒီအကြောင်း သိသွားရင် ဘယ်လိုနေမလဲ မသိဘူး”

‘ထာဝရည နတ်ဘုရားမ ဘုရားကျောင်းကို ဘာလို့ ထည့်ပြောရတာလဲ’ ကလိုင်းဟာ ပြဿနာကို အာရုံခံမိပေမဲ့ မေးဖို့ မသင့်လျော်တဲ့အတွက် မမေးပါဘူး။ မေးလိုက်ရင် သူ ကြိုးစား တည်ဆောက်ထားတဲ့ လျှို့ဝှက်ဆန်းကြယ် နက်နဲတဲ့ မစ္စတာအရူးရဲ့ ပုံရိပ် ပြိုလဲသွားမယ် မဟုတ်ပါလား။

ဒီအချိန်မှာ အော်ဒရီက စပ်စုလိုက်ပါတယ် “ဘာဆိုင်လို့လဲ... အဲဒီစာအုပ်နဲ့ နတ်ဘုရားမ ဘုရားကျောင်းက တစ်ခုခု ပတ်သတ်နေလို့လား...”

အယ်ဂျာဟာ ပြုံးလိုက်ပါတယ် “အန်တီဂိုနပ် မိသားစုကို ထာဝရည နတ်ဘုရားမ ဘုရားကျောင်းက ဖျက်ဆီးခဲ့တာ... စတုတ္ထယုဂ်နှောင်းပိုင်းနဲ့ လက်ရှိယုဂ်ရဲ့ ကနဦးပိုင်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ငါလည်း သေချာမသိဘူး”

‘ဒါ...’ ကလိုင်းဟာ မျက်ဆံကျဉ်းသွားပြီး ကျောရိုးထဲ စိမ့်တက်သွားပါတယ်။

‘ဒီအတိုင်းဆိုရင် ညသိမ်းငှက်တွေ ဒီအန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်‌ပေါ်ထားတဲ့ တန်ဖိုးက ငါ ထင်ထားတာထက် အများကြီ ပိုများနေတာပဲ’

‘သူတို့တွေ ငါ့ကို သာလွန်သူဖြစ်ခွင့် ပေးတာကလည်း ငါ့ရဲ့ အကျိုးဆောင်မှုတချို့နဲ့ ငါ ဘေးအန္တရာယ် ဖြစ်မှာကို ကာကွယ်ဖို့ မဟုတ်လောက်ဘူး... သူတို့တွေက ငါရဲ့ စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးပြီး ဒီမှတ်စုစာအုပ်ကို ရှာချင်တာပဲ ဖြစ်ရမယ်’

တကယ်တော့ ဒန်းစမစ်ဟာ ကလိုင်းကို ဒီအကြောင်း ထည့်ပြောခဲ့ပါတယ်။ ကလိုင်းကသာ သိပ်ပြီးတော့ အာရုံမစိုက်ခဲ့တာပါ။

လူဇောက်ထိုးရဲ့ စကားကို ကြားပြီးနောက် အော်ဒရီဟာ စိတ်ဝင်တစား ပြောလိုက်ပါတယ် “ဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားမိဘူး”

“အင်း... ကျွန်မ အလှည့်ရောက်ပြီ... ကျွန်မ ဘာပြောရမလဲဆိုတာ စဉ်းစားဦးမယ်” အော်ဒရီဟာ ခေါင်းငဲ့ စဉ်းစားပြီးနောက် တစ်ချက်ရယ်လိုက်ပါတယ်။

“မနေ့က ကျွန်မရဲ့ ယဉ်ကျေးမှုဆရာက ဘယ်လို သတိ‌မေ့ရမလဲဆိုတာ သင်ပေးတယ်... ရုပ်ပျက်ဆင်းပျက် မဟုတ်ဘဲ လှလှပပ သတိမေ့နည်း သင်ပေးတာ... ဒီနည်းလမ်းက လူမှုရေးပွဲတွေမှာ ကသိကအောက် အခြေအနေတွေကို ရှောင်ကြဉ်ဖို့နဲ့ အဲဒီနောက်ကနေ တကောက်ကောက် လိုက်တတ်တဲ့ အမျိုးသားတွေကို ရှောင်ရှားဖို့ လက်တွေ့အသုံးဝင်တယ်...”

“ခစ်ခစ်... ကျွန်မက နောက်တာပါ... ကျွန်မ ကတယ်ပြောချင်တာက ဘာလမ် အရှေ့ကမ်းခြေ တိုက်ပွဲ ပြီးကတည်းက ဘုရင်၊ ဝန်းကြီးချုပ်နဲ့ ဝန်ကြီးတွေ ဖိအားတော်တော်လေး များနေတယ်... သူတို့တွေက ဒီအခြေအနေကို ခပ်မြန်မြန် ပြောင်းလဲချင်နေကြတယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters