အသိအမှတ်ပြုမှုလေးခု
Vol. 84 Ch. 1089
ကောင်းကင်နတ်အရှင်ယွင်သည် ထိုင်ချလိုက်ပြီး သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်သည်။ ကလေးမျက်နှာဖြင့် လူငယ်တစ်ဦးက လက်ဖက်ရည် လာငှဲ့ပေးသည်။ “ဆရာ၊ ကောင်းကင်နတ်ဧကရာဇ် သေသွားပြီလား”
ကောင်းကင်နတ်အရှင်ယွင်က လက်ဖက်ရည်တစ်ငုံ သောက်၍ နောက်ထပ် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြန်သည်။ သူက လက်ဖက်ရည်ခွက်ကို ချကာ ပြော၏။ “အေးကွာ နောက်ဆုံးတော့ သေသွားပြီ.... ဝေ့စု၊ ကောက်းကင်နတ်ဧကရာဇ်ကို သတ်တဲ့ကိစ္စက အင်မတန် အရေးပါတဲ့ကိစ္စပဲ.... သတင်းတွေ စောစောပေါက်ကြားမှာစိုးလို့ ငါ မင်းကို မပြောပြခဲ့တာ”
လူငယ်က ပြုံးသည်။ “ကျွန်တော် သိပါတယ်ဗျာ....ဒီလိုကိစ္စတွေက သိတဲ့လူနည်းလေ ပိုကောင်းလေပဲလေ...လူတစ်ယောက်ဆိုတာ အောင်မြင်ချင်ရင် နှုတ်လုံတတ်ဖို့ လိုတယ်....ဆရာ၊ ဒီတစ်ကြိမ် ကောင်းကင်နတ်ဘုံဆီ သွားတဲ့ ခရီးမှာ ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာက ဘယ်သူ့လက်ထဲ ရောက်သွားလဲ”
“ဘယ်သူမှ သူ့ရဲ့ရုပ်ခန္ဓာကို အပြည့်အ၀ မထိန်းချုပ်နိုင်ဘူးကွာ ... ငါတို့တစ်ယောက်နဲ့တစ်ယောက် ဖိနှိပ်ပြီး ရန်ဖြစ်နေကြရတာပဲ အဖတ်တင်တယ်”
ကေင်းကင်နတ်အရှင်ယွင်သည် နောက်ထပ် လက်ဖက်ရည်တစ်ငုံ သောက်ပြီးနောက် ပြော၏။ “ဒါကြောင့် ငါတို့တစ်ယောက်ချင်းစီရဲ့ အသက်အဆီအနှစ်တစ်မျှင်စီကို ကောင်းကင်နတ်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာထဲမှာ ထားခဲ့တယ်.... ဒါကပဲ အကောင်းဆုံး ထင်တာပဲ.... ငါတို့နဲ့ နတ်ဘုရားတစ်ပိုင်းတွေက ရန်ကြွေးတွေရှိပေမယ့် ရှေးဟောင်းနတ်ဘုရားတွေကနေ စတင်ခဲ့တာမဟုတ်လား.... ရှေးဟောင်းနတ်ဘုရားတွေက ကပ်ဘေးတွေအားလုံးရဲ့ အရင်းအမြစ် ဖြစ်ပြီးတော့ ကောင်းကင်နတ်ဧကရာဇ်က ဒါတွေအားလုံးရဲ့ နောက်ကွယ်ကပဲ... အခု သူသေသွားပြီဆိုတော့ ငါ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ဆွေးနွေးခဲ့တယ်... ရှေးဟောင်းနတ်ဘုရားတွေ အောက်ဘုံတွေဆီ အလွယ်တကူ ဆင်းမလာနိုင်အောင် ကမ္ဘာဦးဘုံကနေ ကောင်းကင်နတ်ဘုံ ထွက်ခွာပေးဖို့ သဘောတူခဲ့တယ်.... ဒီနည်းနဲ့ဆို ကမ္ဘာဦဘုံးသားတွေအပေါ် ရှေးဟောင်းနတ်ဘုရားတွေ နှောင့်ယှက်လို့မရတော့ဘူး”
“မြေအောက်ဘုံအရှင်သခင်ကရော”
လူငယ်က မျက်ခုံးပင့်ကာ ပြောသည်။ “အမိကမ္ဘာမြေကရော....ပြီးတော့ ကောင်းကင်နယ်စားမင်း... အဲ့ဒီရှေးဟောင်းနတ်ဘုရားတွေလည်း သေသင့်တယ်လေ.... ဆရာ၊ အခု ကောင်းကင်နတ်ဧကရာဇ်ကို သတ်ပြီးသွားတာနဲ့ ဆရာ့ရဲ့စိတ်အရှိန်က လျော့ကျသွားပြီ... ဒီအောင်မြင်မှုကို အမှီလိုက်နိုင်ဖို့ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ပူးပေါင်းရင်း ကောင်းကင်နတ်ဧကရာဇ်ကို ထိန်းချုပ်ပြီးတော့ အမိကမ္ဘာမြေ၊ မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နယ်စားမင်းကိုလည်း သတ်ပစ်ရမယ်”
ကောင်းကင်နတ်အရှင်ယွင်က မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။ “ကမ္ဘာဦးဘုံကို ကပ်ဘေးကျစေခဲ့တာ မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်နယ်စားမင်းတို့ မဟုတ်ဘူးလေ... ကောင်းကင်နတ်ဧကရာဇ်အောက်က နတ်ဘုရားတွေ လုပ်ခဲ့ကြတာ.... ကောင်းကင်နယ်စားမင်းက ရွှမ်တု၊ နေ၊ လ၊ ကြယ်တာရာနဲ့ ကြယ်တာရာတွေကို ထိန်းချုပ်တယ်....သူ ဘာအမှားမှ မလုပ်ခဲ့ဘူး..... မြေအောက်ဘုံအရှင်သခင်က ယိုတုနဲ့ သေခြင်းတရားကို ထိန်းချုပ်တာ... ဘာအမှားမှ မလုပ်ခဲ့ဘူး. . အမိကမ္ဘာမြေက မာနကြီးပေမယ့် ကမ္ဘာဦးဘုံထဲက သတ္တဝါတွေကို နှစ်တွေအများကြီး စောင့်ရှောက်ပေးခဲ့တယ်.... သူလည်း ဘာအမှားမှ လုပ်ခဲ့တာမဟုတ်ဘူး.... ဘာလို့ သူတို့ကို သတ်ရမှာလဲ”
လူငယ်မှာ ထပ်ပြောချင်နေသော်လည်း ကောင်းကင်နတ်အရှင်ယွင်က ပြုံးလျက် ဆက်ပြောသည်။ “ပြီးတော့ သူတို့သုံးဦးကြောင့် ကောင်းကင်နတ်ဧကရာဇ်ကို အနိုင်ယူနိုင်ခဲ့တာ.... မဟုတ်ရင် ကောင်းကင်နတ်ဧကရာဇ် သေသွားတာကြောင့်နဲ့ အဖြစ်အပျက်တွေက ဒီလိုတည်ငြိမ်အေးချမ်းနေမှာ မဟုတ်ဘူး”
လူငယ်မှာ မျက်နှာကြီး နီရဲလာပြီး အသံမြှင့်ကာ ပြောလေသည်။ “ဆရာ၊ ကောင်းကင်နတ်ဧကရာဇ်က သေသွားပြီ.... ကျွန်တော်တို့ တစ်လောကလုံးက လူတွေကို လှည့်စားလို့ရပေမယ့် မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နယ်စားမင်းနဲ့ အမိကမ္ဘာမြေဆီကနေ ဖုံးကွယ်ထားလို့မရဘူး.... အဲ့ဒီစွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်သုံးယောက်က ကောင်းကင်နတ်ဧကရာဇ်ရဲ့ စွမ်းအားနဲ့ အာဏာကို လိုချင်တပ်မက်ပြီး ပုန်ကန်လာမှာပဲ... သူတို့ကို အခုမသတ်ရင် နောင်ကျ နောင်တရလိမ့်မယ်... ဆရာက စကြ၀ဠာကို စည်းလုံးညီညွှတ်စေပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ အရှင်သခင် ဖြစ်လာချင်တာဆို...”
“ရှောင်ဝေ့စု၊ မင်း စည်းကျော်နေပြီ”
ကောင်းကင်နတ်အရှင်ယွင်က ခုံကို ရိုက်၍ အော်ငေါက်သည်။ “တော်သင့်ပြီ.... ငါ့ရည်ရွယ်ချက်က လူသားမျိုးနွယ် ရှင်သန်ဖို့ပဲ... ငါ့ကိုယ်ပိုင်အာဏာအတွက် မဟုတ်ဘူး.... ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နဲ့ အမိကမ္ဘာမြေတို့မှာလည်း သူတို့ကိုယ်ပိုင်တာ၀န်တွေ ရှိကြတယ်.... သူတို့က ဘာအမှားမှ မလုပ်တဲ့အပြင် ပူးပေါင်းကူညီပေးခဲ့တာကို... ငါတို့က ဘယ်လိုလုပ် အပြစ်မဲ့တဲ့သူတွေကို သတ်ရမှာလဲ... မင်းဘာသာမင်းလည်း ပြန်တွေးကြည့်လိုက်ဦး”
လူငယ်ရှောင်ဝေ့စုသည် မာန်ချလိုက်သည့်အနေဖြင့် ခေါင်းငုံ့သွားသည်။ ထို့နောက် သူက ထရပ်ကာ ချာခနဲ လှည့်ထွက်သွားသည်။
ကောင်းကင်နတ်အရှင်လင်က သူတို့ရှိရာသို့ လျှောက်လာသဖြင့် ရှောင်ဝေ့စုသည် အလောတကြီး ဦးညွှတ်အရိုအသေပေးလိုက်၏။ “ဒေါ်လေးလင်”
ကောင်းကင်နတ်အရှင်လင် လက်ဝှေ့ရမ်းပြလိုက်ရာ ရှောင်ဝေ့စုလည်း ထွက်သွားသည်။
ကောင်းကင်နတ်အရှင်လင်က သူ ထွက်ခွာသွားသည်ကို ကြည့်နေသည်။ ထို့နောက် ခန်းမအတွင်း ၀င်ရောက်လာသည်။ “ရှောင်နဲ့ ထပ်ပြီး ရန်ဖြစ်ပြန်ပြီလား”
“အဲ့ဒီကောင်လေးက စိတ်ဓာတ်ပြင်းလွန်းတယ်”
ကောင်းကင်နတ်အရှင်ယွင်မှာ ခေါင်းကိုက်လာသဖြင့် နားထင်ကို ပွတ်လိုက်၏။ “သူက မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်နယ်စားမင်းတို့ အပါအ၀င် ရှေးဟောင်းနတ်ဘုရားအားလုံးကို သတ်ပစ်ချင်တယ်တဲ့... သူတို့က မကောင်းတာများ လုပ်ခဲ့လို့လား... မကောင်းတာ မလုပ်ခဲ့တဲ့အပြင် ကောင်းကင်ဘုံနဲ့ လောကများစွာကို ထိန်းသိမ်းပေးနေကြတယ်လေ... သူတို့သေသွားရင် ဂြိုဟ်၊ ကြယ်တွေရဲ့ ရွေ့လျားမှုတွေ ကမောက်ကမဖြစ်လာပြီး မိစ္ဆာဝိညာဉ်တွေ၊ တစ္ဆေတွေက သောင်းကျန်းကုန်ကြလိမ့်မယ်.. ကောင်းကင်ဘုံတွေကလည်း လူတွေ သေကြေပျက်စီးပြီး တိရစ္ဆာန်တွေ မျိုးသုဉ်းအောင် လုပ်လိမ့်မယ်... ဧရာကပ်ဘေးကြီး ဖြစ်သွားမှာဟ...”
“ငါ ရှောင်ဝေ့စုကို သဘောမကျဘူး”
ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “သူက မောက်မာလွန်းတဲ့အပြင် ယုံကြည်လို့မရတဲ့ ခံစားချက်မျိုး ပေးတယ်”
ကောင်းကင်နတ်အရှင်ယွင်က ရယ်သည်။ “ဒါပေမဲ့ ပါရမီအရဆိုရင် သူက နှစ်ထောင်သောင်းများစွာမှာတောင် တွေ့ရခဲတဲ့ လူသားမျိုးနွယ်ရဲ့ ဉာဏ်ကြီးရှင်တစ်ယောက်ပဲ... ပြောရရင်ကွာ လူသားတွေမှာ မိစ္ဆာသွေးဆက်ရော၊ နတ်ဘုရားသွေးဆက်တွေရော မရှိတဲ့အတွက် သန်မာတဲ့ လူငယ်သိုင်းသမားတွေ လိုအပ်တယ်မလား.... ရှောင်ဝေ့စုက သူတို့ရဲ့ခေါင်းဆောင်ပဲ... အနာဂတ်မှာ သူ့အောင်မြင်မှုတွေက ငါတို့ထက် နိမ့်ကျလိမ့်မှာ မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်လင်သည် အတော်ကြာ တွေးနေပြီးနောက် ပြန်ပြော၏။ “နင်က ဧကရာဇ်ဆိုတော့ ဒါက နင်ခေါင်းစားရမယ့် ကိစ္စပဲ... ငါ လာတာ တခြားကိစ္စကြောင့်... အခု ကောင်းကင်နတ်ဧကရာဇ်ကိစ္စက ဖြေရှင်းပြီးပြီဆိုတေည့ နတ်မင်းလေးပါးက ဝင်ရိုးစွန်းကောင်းကင်ဘုံလေးဘုံဆီ ပြန်သွားကြပြီ... မြေအောက်ဘုံအရှင်သခင်၊ အမိကမ္ဘာမြေနဲ့ ကောင်းကင်နယ်စားမင်းတို့ကလွဲရင် ကျန်တဲ့ရှေးဟောင်းနတ်ဘုရားတွေကို စိတ်ပူစရာမလိုတော့ဘူး.... ငါတို့ရဲ့ မဟာရန်သူတော်က ရှေးဟောင်းနတ်ဘုရားတွေ မဟုတ်တော့ဘဲ နတ်ဘုရားတစ်ပိုင်းတွေ ဖြစ်လာပြီ”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ငါ နားလည်ပါတယ်”
ကောင်းကင်နတ်အရှင်လင်က ဆက်ပြော၏။ “နတ်ဘုရားတစ်ပိုင်းတွေရဲ့ အင်အားက လူသားတွေထက် သာလွန်တယ်... ကောင်းကင်ယင်သားတော်နဲ့ ကောင်းကင်နတ်အရှင်ဟွေ့တို့လို ထူးချွန်တဲ့ လူသားပါရမီရှင်တွေကတောင် နတ်ဘုရားတစ်ပိုင်းတွေကို ကူညီနေကြတယ်... သူတို့သာ ငါတို့ကို ကူညီပေးလိုက်ရင် ကောင်းကင်နတ်အရှင်ရုံနဲ့အတူ ငါတို့ အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းတွေကို လိုက်မှီနိုင်လိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “ငါ အဲ့ဒါကို နားလည်ပေမယ့် ကောင်းကင်နတ်အရှင်ဟောင်က နားမလည်ဘူး”
သူက သက်ပြင်းချလိုက်ပြန်သည်။ “ကောင်းကင်နတ်အရှင်ဟွေ့ကလည်း သူ့ခံယူချက်နဲ့သူ... သူ့ရင်ထဲမှာ ငါတို့ဒီတစ်ခါ အနိုင်ရခဲ့တာက ငါတို့ကိုယ်ပိုင်အင်အားကြောင့်မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ အင်အားကြောင့်လို့ ထင်နေတာ”
သူ့မျက်နှာထက်တွင် လွင့်ပျယ်မသွားနိုင်သည့် အထီးကျန်နေသော အရိပ်အယောင်များက နေရာယူထားသည်။ “ငါတို့က ကောင်းကင်နတ်ဧကရာဇ်ကို ဖယ်ရှားဖို့ ဧကရီညီအစ်မနှစ်ဖော်ရဲ့ ခွန်အားကို အားကိုးခဲ့တယ်လို့ ကောင်းကင်နတ်အရှင်ဟွေ့က ထင်နေတယ်... ဒါ့အပြင် ဧကရီညီမနှစ်ဖော်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က ရင်းနှီးတယ်.... နတ်ဘုရားတစ်ပိုင်းတွေထဲမှာ လူသားတွေထက် သန်မာအားကောင်းတာတွေ ပိုများတယ်... ဥပမာ မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးတော် နတ်ဘုရားဘုရင်ရှု၊ ကောင်းကင်နယ်စားမင်းရဲ့ သားတော်ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ နတ်ဧကရာဇ်လန်ရွှမ်တို့ပေါ့... သတိရှိတဲ့ ငှက်ကတော့ နားဖို့သစ်ပင်ကို သေချာရွေးချယ်မှာပဲလေ... သူ့ဆုံးဖြတ်ချက်ကို ငါ အပြစ်မတင်ပါဘူး”
ကောင်းကင်နတ်အရှင်လင် မျက်မှောင်ကြုတ်သွားသည်။ “ကောင်းကင်နတ်အရှင်ရုံကရော... သူ့ကို စည်းရုံးကြည့်လို့ မရဘူးလား”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းခါသည်။ “သူ့ကို စည်းရုံးနိုင်တဲ့သူ တစ်ယောက်ပဲ ရှိတယ်.... အဲ့ဒီလူကလည်း သေသွားပြီ”
ကောင်းကင်နတ်အရှင်လင် ငြိမ်ကျသွားသည်။
ဤလောကတွင် ကောင်းကင်နတ်ရှင်ရုံ လေးစားသည့် တစ်ဦးတည်းသောသူမှာ ကောင်းကင်နတ်အရှင်ယွီပင်။ သို့သော် ကောင်းကင်နတ်အရှင်ယွီ သေဆုံးခဲ့သည်မှာ နှစ်လေးသိန်း ကြာခဲ့လေပြီ။
“ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကျန်တဲ့သူတွေက ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ၀င်ရောက်ပြီးနေပြီ”
ကောင်းကင်နတ်အရှင်လင်က ပြောသည်။ “အပြင်လောကကို သိပ်ဂရုမစိုက်တဲ့ ငါတောင် ကောင်းကင်မဟာမိတ်အဖွဲ့မှာ ကိန်းအောင်းနေတဲ့ မကောင်းတဲ့အကြံအစည်တွေကို ခံစားနေရတယ်... ငါတို့ ကောင်းကင်မဟာမိတ်အဖွဲ့ကို ထူထောင်တုန်းက အဖွဲ့ကို တခြားသူ ဖြည်းဖြည်းချင်း ဝါးမြိုသွားတာ ကြည့်နေရလိမ့်မယ် ထင်မထားခဲ့ဘူး”
“ငါရောပါပဲ”
ကောင်းကင်နတ်အရှင်ယွင်သည် ပြုံး၍ သူမကို နှစ်သိမ့်၏။ “စိတ်မပူပါနဲ့... ရှေ့ဆက်ရမယ့် ခရီးက ကြမ်းတမ်းတယ်ဆိုတာ ငါ နားလည်ပါတယ်... ဒါပေမဲ့ ငါ ရှိနေသေးတယ်လေ”
ကောင်းကင်တတ်အရှင်လင်မှာ သူ့စကားကြောင့် စိတ်အေးသွားသည်။ “ငါက လေ့လာစူးစမ်းနေတာတွေကိုပဲ အာရုံစိုက်ခဲ့ပြီး အပြင်လောကအပေါ် အာရုံမရှိခဲ့ဘူး.... နင် အခက်အခဲတွေ ရှိရင် ဖွင့်ပြောဖို့ ၀န်မလေးပါနဲ့... မမယွဲ့နဲ့ငါ တတ်နိုင်သလောက် နင့်ကို အားပေးပါ့မယ်”
ကောင်းကင်နတ်အရှင်ယွင်က ရယ်နေသည်။ “မင့်ကောင်းကင်နတ်သိုင်းလေ့လာတာကိုပဲ အာရုံစိုက်ပါဟာ.... အဲ့ဒီလို ရှုပ်ထွေးနေတဲ့ကိစ္စတွေကို ဂရုမစိုက်နေနဲ့.... မင်းရဲ့ မပြောင်းလဲတဲ့ ကောင်းကင်နတ်သိုင်းကို ငါ မျှော်လင့်နေတယ်”
သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “မင်းရဲ့ ကောင်းကင်နတ်သိုင်း ပြည့်စုံသွားရင် ငါက အဲ့သိုင်းကွက်ထဲ ပထမဆုံးဝင်မယ့်သူ ဖြစ်ရမှာနော်... ခေတ်တွေဆီ ခရီးသွားပြီး ခေတ်တစ်ခေတ်စီတိုင်းရဲ့ သူရဲကောင်းတွေနဲ့ တွေ့ရမှာပေါ့”
သူက သူရဲကောင်းစိတ်များ တဖွားဖွား ပေါ်ထွက်လာပြီး ပြောနေ၏။ “ငါ နဂါးဟန်ခေတ်ရဲ့ ပထမနှစ်ဆီ သွားပြီး ကောင်းကင်နတ်အရှင်ယွီကို သွားတွေ့ချင်တယ်....သူ အသက်ရှင်နေခဲ့တုန်းက သူနဲ့အတူ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေ၊ ကောင်းကင်နတ်သိုင်းတွေ လေ့လာစမ်းသပ်ဖို့ အခွင့်အရေး မရခဲ့ဘူး... ဒီအခွင့်အရေးကို သေချာပေါက် အသုံးချရမယ်”
“အနာဂတ်ကို သွားပြီးတော့လည်း ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူကို တွေ့ချင်မိတယ်... သူတို့နှစ်ယောက်က အနာဂတ်ကလာတာ ဖြစ်ကိုဖြစ်မယ်... သူတို့ ဘယ်လိုတွေဖြစ်နေကြလဲ သိရဖို့ သွားလည်ရမယ်”
“အနာဂတ်ရဲ့ ကောင်းကင်နတ်သိုင်းတွေကိုလည်း သိချင်တယ်... အတိတ်က ငါ့နောင်တတွေကို ပြင်ဆင်ချင်မိတယ်”
သူက စိတ်လှုပ်တရှား လမ်းလျှောက်နေရင်း လက်ခုပ်တီးလိုက်သည်။ “ငါ့မှာ လုပ်ချင်တာတွေ အများကြီးရှိနေတာပဲဟ”
ကောင်းကင်နတ်အရှင်လင်က ရယ်သည်။ “စောပါသေးတယ်ဟယ်.... ငါ တစ္ဆေသင်္ဘောကိုတော့ အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ပါတယ်... အဲ့သင်္ဘော ဘယ်နေရာကို ကူးပြောင်းသွားလဲတော့ ငါတောင် မသိဘူး”
ကောင်းကင်နတ်အရှင်ယွင်သည် အားပေး၏။ “ပထမအကြိမ်ရှိရင် ဒုတိယအကြိမ်ဆိုတာလည်း ရှိလာမှာပဲ... မင်း လုံး၀ အောင်မြင်မှာ”
ကောင်းကင်နတ်အရှင်လင်မှာ အတော်လေး ပျော်နေသည်။ သူမ ပထမဆုံး အသိအမှတ်ပြုခံရသည့်အချိန်က ချင်မူနှင့် ချင်ယဲ့တို့ အနာဂတ်မှ လာရောက်ခဲ့စဉ်က ဖြစ်သည်။ လူတိုင်းက သူမအမြင်နှင့် သဘောမတူခဲ့သော်လည်း သူတို့နှစ်ဦးသည် သူမကို အားပေး၍ ဖန်ဆင်းခြင်းကောင်းကင်နတ်သိုင်းနှင့် မပြောင်းလဲသောဒြပ်ထုကိုပင် ကူညီလေ့လာပေးခဲ့ကြ၏။
ချင်မူ အတိတ်သို့ ပြန်လာ၍ မက်မွန်ဆံထိုးပေးခဲ့သည့်အချိန်တွင်တော့ ဒုတိအကြိမ် အသိအမှတ်ပြုခံခဲ့ရ၏။
တတိယအကြိမ်ကား ယွီလင်နန်းစောင့်တပ်ဖွဲ့၏ လျှို့ဝှက်ချက်များနှင့် တစ္ဆေသင်္ဘောအား သမိုင်းမှ ဖျောက်ပစ်နိုင်အောင် သခင်မယွမ်မုအား ကူညီရန် ကောင်းကင်နတ်အရှင်ယွင် ခွင့်ပြုပေးခဲ့စဉ်က ဖြစ်သည်။
ယခုကား လေးကြိမ်မြောက် ဖြစ်၏။
နဂါးဟန်ခေတ်၏ ပထမနှစ်မှ စတင်၍ ယခုအချိန်အထိ နှစ်လေးသိန်းအတွင်း လေးကြိမ်တိတိ အသိအမှတ်ပြုခဲ့ရချေပြီ။ ယင်းသည် သူမကို ဆုရသဖြင့် ပျော်နေသော အပြစ်ကင်းဖြူစင်သည့် ကလေးမလေးပမာ ပြုံးပျော်နေစေတော့သည်။