သူရဲကောင်းတို့ မိစ္ဆာနဂါးများ ဖြစ်လာကြသည့်အခါဝယ်
Vol. 84 Ch. 1090
ချင်မူက မီးအိမ်ကို ကိုင်၍ ကောင်းကင်နတ်မြစ်အတိုင်း ဆန်တက်လာသည်။ နဂါးတစ်ကောင်ကို မြင်ယောင်ဖန်ဆင်းထားသည့်အတွက် ၎င်းက သူ့ကို သယ်ဆောင်ကာ ရေပေါ်တွင် ကဆုန်ပေါက်ပြေးလွှားလျက် ရှိချေသည်။ လေအဝှေ့ကြောင့် သူ၏အဝတ်စများမှာ လေထဲတွင် တဖျတ်ဖျတ် လွင့်နေတော့သည်။
သူ ဝတ်ထားသည်မှာ ဝေစွေ့ဖုန်း၏ ၀တ်ရုံများကို ဖြစ်လေသည်။ ဝေစွေ့ဖုန်းသည် အဆုံးမဲ့တိမ်တိုက်ဧကရာဇ်ဖြစ်သည့်အလျောက် ဝတ်ရုံသည် ရတနာတစ်ခုဖြစ်၏။ ၎င်းက လေထဲတွင် လွင့်ခတ်ရင်း သူ့အား ပေါ့ပါးလန်းဆန်းနေစေသည်။
သို့သော် ချင်မူ့စိတ်ထဲတွင် အတွေးပေါင်းများစွာ ပြည့်နှက်နေသည်။
ယခုတွင် နဂါးဟန်ခေတ်၏ နှစ်လေးသိန်းအချိန်သို့ ရောက်နေချေပြီ။ ခေတ်မကုန်ဆုံးမီ နှစ်တစ်သိန်း ကျန်သေးသည်။ ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ယွင် သေဆုံးပြီး ကောင်းကင်နတ်အရှင်ယွဲ့မှာလည်း တိတ်တဆိတ် တံခါးပိတ် ကျင့်ကြံ၍ ကောင်းကင်နတ်အရှင်လင်တစ်ဦးတည်းကိုသာ တာဝန်များပုံပေးခဲ့လိမ့်မည်။
ကောင်းကင်နတ်အရှင်ဆယ်ပါးက အင်အားကြီးမားလာကာ ချိမင်ခေတ်နှင့် ချုံဧကရာဇ်ခေတ်အထိ သမိုင်းကြောင်းသည် ဆက်လက်ရက်စက်နေလိမ့်မည်။ နောက်ဆုံး ကောင်းကင်နတ်အရှင်လင်မှာ ကောင်းကင်နတ်မြစ်တွင် အသတ်ခံရသည်အထိ ဖြစ်လာမည်။
ချင်မူ ပြောင်းလဲချင်သော အရာများစွာ ရှိသည်။
သို့သော် ဤအချိန်ကူးပြောင်းခြင်းပြီးလျှင် သူ့တွင် အခွင့်အရေးနှစ်ကြိမ်သာ ကျန်ရစ်တော့သည်။
ဤခေတ်တွင် နောင်တရစရာ အဖြစ်အပျက်များစွာ ဖြစ်ပွားနေသေးသလို၊ သူ ရှာဖွေရန် လျို့ဝှက်ချက်များသည်လည်း မကုန်သေးပေ။
သို့သော် ကျန်ရှိသည့် အခွင့်အရေးနှစ်ခုလုံးအား နဂါးဟန်ခေတ်တွင်သာ သုံးစွဲလိုက်ရန် မဖြစ်နိုင်ချေ။
ဝေစွေ့ဖုန်း ပြောသကဲ့သို့ အဓိပ္ပာယ်ရှိသည့် အရာများ လုပ်နိုင်အောင် အခွင့်အရေးနှစ်ခု ချန်ထားရပေမည်။
ဤသည်က သူ နဂါးဟန်ခေတ်သို့ ပြန်လာသည့် နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။
တစ္ဆေသင်္ဘောဆီသို့ မပြန်မီ ကောင်းကင်နတ်အရှင်ယွင်နှင့် တွေ့ဆုံချင်မိ၏။ သူနှင့် ကြာာရှည်စွာ စကားပြောရင်း တာအိုရောင်ရင်းအဖြစ် အသိအမှတ်ပြုကာ ရည်မှန်းချက်တို့အကြောင်း ဆွေးနွေးချင်သေးသည်။
စိတ်ရှိသည့်အတိုင်း အတူတူ ဝိုင်သောက်လျက် ပေါ့ပါးပျော်ရွှင်စွာ စကားပြောချင်သေးသည်။
ကောင်းကင်နတ်အရှင်ယွင်၏ အနာဂတ်အပေါ် အမြင်နှင့် အတိတ်မှ ယူဆချက်များကိုလည်း နားထောင်ချင်မိသည်။
ဘ၀တွင် မိတ်ဆွေရင်းချာတစ်ဦး ရရှိရန် ခက်ခဲလှပေသည်။ သူ၏ မိတ်ဆွေရင်းက အတိတ်တွင် နေထိုင်ပြီး သူကတော့ အနာဂတ်တွင် နေထိုင်နေရ၏။
‘အနာဂတ်မှာ ကောင်းကင်နတ်အရှင်ဟောင်၊ လန်ရွှမ်၊ မဟာဧကရာဇ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ယွမ်မု၊ ကောင်းကင်နတ်ဧကရာဇ်တို့အပြင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် လူ၀င်စားကတောင် တဖြည်းဖြည်း အင်အားကြီးမားလာပြီး ကောင်းကင်နတ်အရှင်ယွင်ကို ဝိုင်းအကောက်ကြံကြလိမ့်မယ်.... သူ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ သေဆုံးရလိမ့်မယ်’
ချင်မူ စိတ်ထဲမှ တွေးနေမိသည်။ ‘သူ့သွေးဆက်တစ်ခုလုံးလည်း မဟာဧကရာဇ်ရဲ့ ကျိန်စာ မိပြီး နတ်ဘုရားအဆင့်အထိ အသက်ရှင်နိုင်ကြမှာ မဟုတ်ဘူး.... သူ့ဝိညာဉ်ကလည်း မဟာဧကရာဇ်ရဲ့ ချိပ်ပိတ်တာ ခံရပြီးတော့ မဟာခြုံလွှမ်းအသိစိတ်အလျဉ်ကောင်းကင်ဘုံရဲ့ အန္တိမဟင်းလင်းပြင်မှာ ထာ၀ရပိတ်မိနေလိမ့်မယ်’
‘မဟာဧကရာဇ်က သူ့ရုပ်ခန္ဓာကို အောင်မြင်မှုရဲ့ ပြယုဂ်လို ချိတ်ပိတ်ပြီး အန္တိမဟင်းလင်းပြင်ဆီ ပို့မှာ’
‘တာအိုရောင်ရင်းရေ၊ ခင်ဗျားကို စောင့်ကြိုနေတဲ့ နာကျင်မှုနဲ့ ဆင်းရဲဒုက္ခတွေက များလွန်းတယ်ဗျာ’
‘ကျန်တဲ့ လူသားမျိုးနွယ်အတွက်လည်း အလားတူပဲ’
‘ခင်ဗျားက ဒီ၀န်ထုပ်၀န်ပိုးကြီးကို ဟိုးရှေးဟောင်းခေတ်မှာ ထမ်းပိုးပေးခဲ့တယ်... အနာဂတ်မှာ ကျုပ် လွှဲပြောင်းယူပါ့မယ်’
ချင်မူက အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ ကောင်းကင်နတ်ဘုံမှာ ဝေးကွာနေသေးသဖြင့် နောက်ထပ် ဆယ်ရက်တိတိ လမ်းလျှောက်ရပေဦးမည်။
ချင်မူ လက်ထဲရှိ မီးအိမ်ကို လွှတ်လိုက်ချလိုက်ရာ ၎င်းသည် သူ့ချီစွမ်းအင်၏ ထိန်းချုပ်မှုအတိုင်း သူ့ဘေး၌ မျောလွင့်လျက် လိုက်ပါလာ၏။
သူက ထိုက်ရှီ၏ဥကို ထုတ်လိုက်သည်။ ဥသည် ခပ်ဩဩ တာအိုညည်းသံကို ထုတ်လွှတ်နေရာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ခပ်တိုးတိုး စကားပြောနေသည့်အလား ထင်ရသည်။ ချင်မူက ၎င်း၏ ဆန်းကြယ်နက်နဲသော သဘောတရားများကို သိရန် ကြိုးစားရင်း အသံကို နားထောင်နေသည်။
ထိုက်ရှီ၏ တာအိုအတွက် ယင်နှင့်ယန်မှာ မကွဲသေးသလို၊ မည်သည့်ဒြပ်ထုမှလည်း မရှိချေ။ ကောင်းကင်နတ်အရှင်လင်ကို ကယ်တင်နိုင်ရန် ထိုက်ရှီတာအိုကို နားလည်ဖို့ လိုအပ်သည်။
ထိုက်ရှီ၏ ဥသည် မမွေးဖွားသေးသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး စကားပြောနေသံက့သို့အသံများကို ဆက်လက်ထုတ်လွှတ်နေချေသည်။ သို့သော် ချင်မူမှာ ထူးဆန်းသည့် စကားလုံးများအား နားမလည်နိုင်ဖြစ်နေ၏။
‘ထိုက်ရှီရဲ့ တာအိုကို ဖြေရှင်းတာက မပြောင်းလဲနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို စလုံးရေ စကနေ ဖန်တီးတာလောက် ခက်မယ်မထင်ဘူး.... ကောင်းကင်နတ်အရှင်လင်က ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်တဲ့ ကောင်းကင်နတ်သိုင်းကို ဖန်တီးနိုင်ရင် ငါကလည်း ထိုက်ရှီတာအိုရဲ့ လျှို့ဝှက်ချက်တွေ၊ အံ့ဖွယ် သဘောတရားတွေကို ဖြေရှင်းနိုင်တယ်’
သူက မြင်ယောင်ဖန်ဆင်းထားသည့် နဂါး၏ ဦးခေါင်းထက်တွင် ရပ်လျက် မျက်လုံးများ မှိတ်လိုက်သည်။ ထို့နောက် သူ၏အိပ်မက်အတွင်းသို့ ၀င်ရောက်သွားလေသည်။
သူ့အိပ်မက်ထဲတွင် ချင်မူသေးသေးလေးများသည် ထိုက်ရှီ၏ဥကို ဝန်းရံထားကြပြီး တာအိုအသံကို နားထောင်ကာ လျှို့ဝှက်ချက်များနှင့် အံ့ဖွယ်သဘောတရားများအား တာအိုသင်္ကေတများ သုံး၍ ရေးမှတ်ရန် ကြိုးစားနေကြ၏။
“ဟားဟား...” ချင်မူသေးသေးလေးတစ်ယောက်က စုတ်တံကို ယှက်လိုက်သည်။ သူ့မျက်နှာမှာ မင်ရည်တို့ဖြင့် ပေကျံနေလေသည်။
“ကျိကု” တစ်ဖက်ရှိ ချင်မူသေးသေးလေး တစ်ယောက်ကလည်း စိတ်လှုပ်တရှားဖြင့် စုတ်တံကို ကိုင်ကာ သူ နားလည်လိုက်သည့် တာအိုသင်္ကေတပုံစံများအား အလျင်အမြန် ရေးဆွဲနေသည်။
ဆယ်ရက်တာမှာ ကုန်မှန်းမသိ ကုန်လွန်သွားသည်။ ချင်မူသည် အိပ်မက်မှ နိုးထလာကာ သူ့အရှေ့တွင် ကောင်းကင်နတ်ဘုံကို မြင်နေရသဖြင့် ထိုက်ရှီ၏ဥကို သိမ်းဆည်းလိုက်၏။ ထိုက်ရှီ၏ဥက အရေးပါသော အရာ ဖြစ်သဖြင့် ဤရှေးဟောင်းနတ်ဘုရားဥ သူ့လက်ထဲတွင် ရှိနေေကြာင်း မည်သူ့မှ အသိမခံနိုင်ပေ။
လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ့အနေဖြင့် အိပ်မက်လမ်းစဉ်ကို သုံးကာ ထိုက်ရှီ၏ သင်္ကေတငါးခုကို ထုတ်ဖော်နိုင်ခဲ့သည်။ သို့သော် ထိုက်ရှီ၏တာအိုမှာ လျှို့ဝှက်သည့်အပြင် မရှင်းလင်း၍ သင်္ကေတငါးခုမှာ မှားသည်လော၊ မှန်သည်လော မသိရချေ။
‘အစ်ကိုကြီးဖွက်ထားတဲ့ ကောင်းကင်နတ်အရှင်လင်ရဲ့ မှတ်စုတွေကို ရှာပြီး သူ့ကောင်းကင်နတ်သိုင်းတွေကို နားလည်အောင်လုပ်ဖို့ လိုတယ်.... ပြီးရင် အဲ့ဒါတွေကို ငါနားလည်ထားတဲ့ သင်္ကေတငါးခုနဲ့ တိုက်ကြည့်ပြီး မှန်၊မမှန် စစ်ဆေးကြည့်ရမယ်’
ချင်မူ အင်မတန် ခေါင်းကိုက်နေသည်။ ‘အစ်ကိုကြီးက ရှဉ့်လဲမဟုတ်ဘဲနဲ့ ဘာလို့ပစ္စည်းတွေ ဖွက်ရတာကို အဲ့လောက်ကြိုက်တာတုန်း’
ထိုက်ရှီ၏ သင်္ကေတငါးခုကို စစ်ဆေးခြင်းက အင်မတန် အရေးကြီးပေသည်။ ၎င်းတို့ထဲမှ တစ်ခုသာ မှန်ပါက နောက်ထပ်သင်္ကေတများကို ဖြည်းဖြည်းချင်း အဖြေထုတ်နိုင်မည်ဖြစ်သည်။
ပထမဆုံးခြေလှမ်းက အမြဲတမ်း အခက်ခဲဆုံးပင် မဟုတ်ပါလော။
ဗလာနတ္ထိမှ “တစ်” ကို တည်ဆောက်ရန်မှာ အဖြေ၏ အရေးအကြီးဆုံးအပိုင်းဖြစ်သည်။
တစ်ရှိသည်နှင့် နှစ်၊ သုံး၊ လေး၊ ငါး အစရှိသဖြင့် လိုက်ပါလာလိမ့်မည်။
ကောင်းကင်နတ်ဘုံသို့ ရောက်ရှိတော့မည် ဖြစ်သည်နှင့် ချင်မူက နတ်ဘုရားတစ်ပိုင်းအသွင် ပြောင်းကာ ကောင်းကင်နတ်ဘုံသို့ ၀င်ရောက်သွားသည်။ ယခုတွင် ကောင်းကင်နတ်ဘုံသည် နဂါးဟန်ခေတ်အစောပိုင်းကဲ့သို့ စည်းကားသိုက်မြိုက်မနေတော့ပေ။ ကောင်းကင်နန်းဆောင် ၃၆ ခုက ကောင်းကင်နတ်ဘုံမှ ထွက်ခွာ၍ စကြ၀ဠာ၏ အရပ်ရပ်သို့ ပျံသန်းနေကြသည်။ ပလ္လင်ခန်းမ ၇၂ ခုမှ အများစုလည်း ထွက်ခွာသွားကြပြီဖြစ်၏။
ကောင်းကင်နန်းဆောင် ၃၆ ခုနှင့် ပလ္လင်ခန်းမ ၇၂ ခုက ကောင်းကင်နတ်ဘုံကို ဖွဲ့တည်ထားခြင်းဖြစ်သည်။ ကျောက်စိမ်းမြို့တော်၊ ကောင်းကင်နတ်လမ်းကြားနှင့် ကောင်းကင်ဈေးတို့နှင့်အတူ ကောင်းကင်နတ်ဘုံ၏ အဓိကကိုယ်ထည်ကို ဖော်ဆောင်ပေးထားခဲ့၏။ ယနေ့တွင် ကောင်းကင်နန်းဆောင်များနှင့် ပလ္လင်ခန်းမ အများအပြား မရှိတော့ခြင်းက ကောင်းကင်နတ်ဘုံကို ခြောက်သွေ့ရှင်းလင်းနေစေတော့သည်။
ထို့အပြင် ထိုကောင်းကင်နန်းဆောင်များနှင့် ပလ္လင်ခန်းမများ၏ ထွက်ခွာသွားမှုက ကောင်းကင်နတ်ဘုံစစ်တပ်ကြီး၏ အင်အားကိုလည်း အတော်များများ လျော့ကျသွားစေသည်။ သူတို့ကို တားဆီးရန် ကောင်းကင်နတ်ဘုံမှ တပ်ဖွဲ့များ စေလွှတ်လိုက်သည့်အခါ နတ်ဘုရားမိစ္ဆာ မဟာစစ်ပွဲကြီးများ ဖြစ်ပေါ်လာသဖြင့် ကောင်းကင်နတ်ဘုံတစ်ဘုံစလုံးအား ၀ရုန်းသုန်းကား ဖြစ်စေခဲ့၏။
ချင်မူ ကျောက်စိမ်းနန်းတော်မှ ဖြတ်သွားစဉ် ကျောက်စိမ်းနန်းတော်၏ မျှော်စင်ထက်တွင် ငိုင်ကျနေသော ငှက်သဖွယ် ဆောင့်ကြောင့်ထိုင်နေသည့် မဟာနေဧကရာဇ်ကို တွေ့လိုက်ရသည်။ သူ့ပုံစံမှာ တောင့်တင်းနေပြီး စိတ်ဓာတ်ကျနေပုံပင်။ အချိန်အတော်ကြာပြီးနောက် သူက တောင်ပံများကို တဖျတ်ဖျတ် ခတ်လိုက်သော်လည်း မည်သည့်နေရာသို့ သွားရမည်လဲမသိဟန်တူသည်။
‘မဟာနေဧကရာဇ် ကျောကို မြှားနဲ့ ပစ်ခံရမယ့်နေ့က သိပ်မဝေးတော့ဘူးထင်တယ်’ ချင်မူ တွေးလိုက်မိသည်။
သူ့မှာ ကောင်းကင်နတ်ဘုံ၏ နေရာတိုင်းတွင် ရှာဖွေသော်လည်း နဂါးချီလင်နှင့် ယန်အာကို မတွေ့ပေ။ သူတို့နှစ်ယောက်နှင့် ကောင်းကင်နဂါးခြောက်ကောင်သည် ဖန်သားကောင်းကင်စေတီအား ခိုးယူပြီးနောက် မည်သည့်နေရာတွင် ပုန်းနေပါသနည်း။
“မီးအိမ် ငြှိမ်းပြီး တစ္ဆေသင်္ဘောဆီ ပြန်သွားတာ ဖြစ်ဖို့များတယ်”
ချင်မူက တောင်ကောင်းကင်မုခ်၀မှ ထွက်လာသည်။ မုခ်၀သည် ကျိုးပဲ့နေသဖြင့် တိုက်ပွဲတစ်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့မည့်ပုံရသည်။ ကောင်းကင်အလုပ်သမားများက ၎င်းကို ပြန်လည်တည်ဆောက်နေကြကဲ ဖြစ်လေသည်။
သူက ကောင်းကင်နတ်မြစ်အတိုင်း ဆင်းလာရင်း နောက်သို့လှည့်ကြည့်လိုက်သည်။ ကောင်းကင်နတ်ဘုံမှာ ကမ္ဘာဦးဘုံ၏ ကောင်းကင်မြင့်ထက်သို့ ရောက်ရှိနေချေပြီ။ အနှေးနှင့်အမြန် ထွက်ခွာပေတော့မည်။
ထိုအချိန်တွင် ကမ္ဘာဦးဘုံသည် ပြင်းပြင်းထန်ထန် လှုပ်ခါသွား၏။ ချင်မူလည်း တုန်ခါနေသော လှိုင်းကြောအတိုင်း လျှောက်လာရာ ဧရာမကောင်းကင်နန်းဆောင်ကြီးတစ်ခုအား မ,လျက် ကောင်းကင်နတ်ဘုံဆီ ပျံသန်းနေသော နတ်ဘုရားတစ်ပိုင်းများစွာအား တွေ့လိုက်ရည်။
ထိုနတ်ဘုရားတစ်ပိုင်းများမှာ ပျော်ရွှင်စိတ်လှုပ်ရှားနေကြပုံရသည်။
ကောင်းကင်နန်းဆောင်မှာ နတ်ဧကရာဇ်လန်ရွှမ်၏ ကောင်းကင်နန်းဆောင်ဖြစ်ပြီး ထိုနတ်ဘုရားတစ်ပိုင်းများမှာ သူ၏လက်အောက်ငယ်သားများဖြစ်သည်။ သူတို့က ပျော်ရွှင်တက်ကြွစွာဖြင့် လန်ရွှမ်နတ်နန်းတော်အား ကောင်းကင်နတ်ဘုံဆီ ရွှေ့နေကြသည်။
ရှေးဟောင်းနတ်ဘုရားများစွာ ထွက်ခွာသွားသည့်အတွက် ရာထူးအာဏာများ လစ်လပ်သွားရာ ယခုအချိန်သည် နေရာဝင်ယူရန် အကောင်းဆုံးအချိန်ဖြစ်၏။
‘မဟာနေဧကရာဇ် စိတ်ဓာတ်ကျနေတာ အံ့ဩစရာမရှိဘူး.... ရှေးဟောင်းနတ်ဘုရားခေတ်က အဆုံးသတ်သွားပြီး နတ်ဘုရားတစ်ပိုင်းခေတ် ရောက်လာခဲ့ပြီပဲ’
ချင်မူမှာ ထိုကောင်းကင်နန်းဆောင် မြင့်သထက် မြင့်တက်သွားသည်ကို ကြည့်နေမိသည်။ ထို့နောက် ချာခနဲ လှည့်၍ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံဆီသို့ ဆက်လက်ဦးတည်သွားသည်။ သူက တွေးနေမိသည်။ ‘ဒီလောကမှာ ရှေးဟောင်နတ်ဘုရားတွေနဲ့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေကြားက ပဋိပက္ခတွေက အဓိကမဟုတ်တော့ဘူး.... အဲ့ဒီအစား နတ်ဘုရားတစ်ပိုင်းနဲ့ ကမ္ဘာခေတ်နှောင်းသတ္တဝါတွေကြား ပဋိပက္ခက အစားထိုးသွားပြီ... ဒါက ချိမင်ခေတ် ထွက်ပေါ်လာခြင်းရဲ့ အကြောင်းပြချက်ပဲ’
သူ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသို့ သွားနေစဉ် ပျော်ရွှင်စိတ်လှုပ်ရှားနေသည့် နတ်ဘုရားတစ်ပိုင်းများက ကောင်းကင်နန်းဆောင်များကို မလျက် ကောင်းကင်နတ်ဘုံဆီ ပျံတက်နေကြကြောင်း မြင်တွေ့နေရသဖြင့် ခေါင်းသာ ယမ်းမိလေသည်။
ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် သေဆုံးသွားသဖြင့် ရှေးဟောင်းနတ်ဘုရားခေတ်သည် အဆုံးသတ်သွားပြီဖြစ်သော်လည်း နတ်ဘုရားတစ်ပိုင်းများက ရှေးဟောင်းနတ်ဘုရားများအသစ်များ ဖြစ်လာခဲ့သည်။
အရင်က နတ်ဘုရားတစ်ပိုင်းများသည်လည်း နဂါးဟန်တော်လှန်ရေးတွင် ပါ၀င်ခဲ့ပြီး လူသားမျိုးနွယ် ကောင်းကင်နတ်အရှင်များထက် တော်လှန်လိုစိတ် ပြင်းပြခဲ့ကြ၏။ ယခုတွင် ရှေးဟောင်းနတ်ဘုရားများ၏ နေရာကို အစားထိုးကာ အုပ်ချုပ်သူအသစ်များ ဖြစ်လာခဲ့လေပြီ။
ချင်မူက ကောင်းကင်နတ်မြစ်၏ တည်ငြိမ်နေသော ရေမျက်နှာပြင်ကို ငုံ့ကြည့်လိုက်ရာ သူ့ပုံရိပ်သူ မြင်လိုက်ရသည်။
သူသည် ကောင်းကင်နတ်မြစ်ထဲရှိ ပုံရိပ်ကို ငေးကြည့်နေပြီး ပုံရိပ်ကလည်း သူ့ကို ပြန်လည်ငေးမောနေ၏။
နတ်ဘုရားတစ်ပိုင်းများ၏ ပျော်ပျော်ရွှင်ရွှင် ရယ်မောသံများက ပျံ့လွင့်လာသည်။ မိစ္ဆာနဂါးများကို ချေမှုန်းခဲ့သည့် သူရဲကောင်းများသည် သွားစွယ်များ၊ လက်သည်းစွယ်များ ပေါက်၍ သူတို့ကိုယ်တိုင် မိစ္ဆာနဂါးများ ဖြစ်လာခဲ့ကြချေပြီ။