← Chapters

တာအိုမိတ်ဆွေများအကြား ဂရုစိုက်စကား ပြောခြင်း

Vol. 84 Ch. 1092

တာအိုမိတ်ဆွေများအကြား ဂရုစိုက်စကား ပြောခြင်း

Vol. 84 Ch. 1092

မိသားစုများနှင့်အတူ ထွက်ပြေးကြသူက ထွက်ပြေးကြပြီး မပြေးနိုင်သူများအား လူသားကောင်းကင်နတ်သိုင်းကျင့်ကြံသူများက ကောင်းကင်နတ်သိုင်းများကို သုံးကာ နေရာရွှေ့ပေးကြသည်။

‌ကောင်းကင်နတ်မြစ်က ဆက်တိုက်ကျဆင်းလာနေသဖြင့် လူသားနတ်ဘုရားများမှာခန္ဓာကိုယ်များဖြင့် အသားကုန်ထမ်းပေးထားကြသည်။ တချို့မှာ မထမ်းနိုင်တော့၍ ပြားကပ်ကုန်သဖြင့် နတ်ဘုရားအသစ်များက အပြေးအလွှား ရောက်လာကြပြီး အောက်ရှိလူများ လွတ်မြောက်နိုင်ရန် ပခုံးများဖြင့် တွန်းတင်ထားကြသည်။

ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများလည်း ထွက်လာကြကာ ကောင်းကင်နတ်မြစ်ထံ ပျံတက်သွားကြသည်။ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကောင်းကင်နတ်အရှင်လင်က ရေများ ဒလဟော ဖုံးလွှမ်းမသွားအောင် နတ်ဘုရားများကို ဦးဆောင်၍ ကောင်းကင်နတ်မြစ်အား ပင့်တင်ရင်း တတ်နိုင်သမျှ တားဆီးနေကြသည်။

သူတို့၏သိုင်းအဆင့်များသည် မြင့်မားကြသောာ်လည်း ကျဆင်းခြင်းကိုသာ တားဆီးနိုင်ပြီး ကောင်းကင်ထက်သို့ ပြန်လည် ပင့်မတင်နိုင်ချေ။

နတ်ဘုရားများ သေသည်အထိ ဖိချခံနေရသည်။ ကောင်းကင်နတ်အရှင်များပင်လျှင် ကောင်းကင်နတ်မြစ်၏ ပြင်းထန်လှသော ဖိအားကို ခံနိုင်ရည်မရှိချေ။ ကောင်းကင်နတ်အရှင်ယွင်နှင့် အခြားသူများက လူသားများ ထွက်ပြေးနိုင်အောင် အချိန်ဆွဲပေးနေကြသည်။

“တစ်ယောက်‌ယောက် တူးမြောင်း တူးဖို့ လိုတယ်”

ကောင်းကင်နတ်အရှင်ယွင်က အော်သည်။ “ယွဲ့၊ မင်းက နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းမှာ ကျွမ်းကျင်တယ်.... တူးမြောင်းတူးလိုက်.... မင်း တူးမြောင်းတူးပြီး ကောင်းကင်နတ်မြစ်ကို တစ်ပိုင်းစီ ချနိုင်သရွေ့ ရေကြီးမှာကို စိတ်ပူစရာမလိုဘူး”

ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နတ်မြစ်ကို လွှတ်ချလိုက်သည်။ ထိုအခါ ဖိအားကြောင့် လူတိုင်း၏ပခုံးများမှာ ပိကျသွားလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က သူမ၏ ကောင်းကင်နတ်သိုင်းဖြင့် ကမ္ဘာမြေကြီးအား ကွဲအက်စေ၍ ‌အ‌ရှေ့ဘက်သို့ မိုင်ပေါင်းများစွာ ဆန့်တန်းသွားသော တူးမြောင်းတစ်ခု တူးလိုက်သည်။

နတ်ဘုရားများက ကောင်းကင်နတ်မြစ်အား တူးမြောင်းထဲသို့ နှိမ့်ချလိုက်သည်။ ရေလှိုင်းက ချက်ချင်း တည်ငြိမ်လာပြီး အ‌ရှေ့ပင်လယ်ဆီသို့ တူးမြောင်းအတိုင်း စီးဆင်းသွား၏။

ကောင်းကင်နတ်မြစ်ကို လွှတ်ချပြီးသော နတ်ဘုရားများက အခြားနတ်ဘုရားများကို ကူညီရန် မြောက်ဘက်သို့ ပျံသန်းသွားကြသည်။

ကောင်းကင်နတ်အရှင်ယွဲ့သည် ‌ကောင်းကင်နတ်မြစ်ကို ကာဆီးနေသည့် တောင်တန်းများကို ကြိုးစား၍ ခွဲခြမ်းလိုက်သည်။ မြစ်တစ်စင်းက မြေပြင်မှ ထွက်ပေါ်လာရာ တူးမြောင်းမှာ ရှည်သွားသည်။ သို့သော် သူမမှာ ဧကရာဇ်ပလ္လင်အဆင့် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်သော်လည်း သူမပင်လျှင် ပင်ပန်းလာသဖြင့် အနားယူရသည်။

သူမ၏တပည့်များက သူမအစား တာ၀န်ယူပေးကြပြီး တချို့မှာ ပင်ပန်းမှုကြောင့် မေ့လဲကုန်ကြသည်။

ရက်အတော်ကြာပြီးနောက် တစ်၀က်သာ ပြီးဆုံးခဲ့၏။ ကောင်းကင်နတ်မြစ်၏ မြစ်အပိုင်းများသည် တူးမြောင်းထဲ လွှတ်ချခံရပြီး စီးဆင်းသွားကြသည်။

“မြစ်အထက်ပိုင်းကရော”

ကောင်းကင်နတ်အရှင်ယွဲ့က အနားယူနေစဉ် မေး၏။ “ဘယ်ကောင်းကင်နတ်အရှင်က မြစ်အထက်ပိုင်းကို မ,ပေးထားတာလဲ”

ကောင်းကင်နတ်အရှင်ယွင်သည် ကောင်းကင်နတ်အရှင်လင်ကို ကြည့်ရင်း ကြောင်အသွားသည်။ ကောင်းကင်နတ်အရှင်လင်သည်လည်း ကောင်းကင်နတ်မြစ်ကို ပင့်တင်ထားသည့်တိုင် သူမသည် မြစ်အထက်ပိုင်းကို တာ၀န်ယူထားသူ မဟုတ်ချေ။

“ငါ မြစ်အထက်ပိုင်းကို သွားကြည့်လိုက်မယ်” သူက ပြော၏။

သူလည်း ပင်ပန်းနေသဖြင့် ဖြည်းဖြည်းချင်း လျှောက်သွားသည်။ သို့သော် လမ်းတွင် ခန္ဓာကိုယ်များ ပြားကပ်လုနီးပါး ဖိချခံထားရသော လူသားနတ်ဘုရားများစွာကို တွေ့နေရ၏။ သို့သော် သူတို့သည် ရေများ မဖုံးလွှမ်းသွားအောင် ကောင်းကင်နတ်မြစ်ကို အမြင့်သို့ ပင့်တင်ပေးထားကြသေးသည်။

အချို့နတ်ဘုရားများမှာ ပင်ပန်းမှုကြောင့် သေဆုံးကုန်ကြသော်လည်း ထိုနေရာတွင် ရပ်နေကြသေး၏။ သေဆုံးသွားသည့်တိုင် သူတို့၏ မဆုတ်မနစ်သော ဇွဲကြောင့် ခန္ဓာကိုယ်များမှာ မားမားမတ်မတ် ရပ်‌တည်နေကြသေးသည်။

“မြစ်အထက်ပိုင်းမှာ ဘယ်သူရှိလဲ” ကောင်းကင်နတ်အရှင်ယွင်က ထွက်ပြေးလာသူများကို မေးသည်။

“မသိပါဘူး.... ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နဲ့ နတ်ဘုရားတစ်ပါးပဲ.... နာမည်တော့ မသိဘူး” လူများက ဖြေကြားကြသည်။

ကောင်းကင်နတ်အရှင်ယွင်က မြစ်အထက်ပိုင်းသို့ ဆက်လက်ဦးတည်သွား၏။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်မြစ်အား လက်ခြောက်ဖက်ဖြင့် ပင့်တင်ထားသော ကြောက်မက်ဖွယ် ပုံရိပ်တစ်ခုကို ‌တွေ့လိုက်ရသည်။ သူက ခန္ဓာကိုယ်ကို ကိုင်းထားပြီး သူ၏ခေါင်းများမှာ စောင်းနေချေသည်။ သူ့အရေပြားမှာ ‌ပေါက်ကွဲလုနီးပါး‌ဖြစ်နေပြီး သွေးများက မြစ်တစ်စင်းအလား တသွင်သွင် စီးကျ၏။ မည်သို့ဆိုစေ သူက ဆက်လက်တောင့်ခံထားသေးသည်။

ကောင်းကင်နတ်အရှင်ယွင်မှာ သူတို့အနား ရောက်သွားသည့်အခါ ရင်ထဲတွင် လှုပ်ခတ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်မြစ်အထက်၌ မြူခိုးများဝေလာသည်။ ရေမျက်နှာပြင်အောက်၌ ဧရာမသင်္ဘောကြီးတစ်စင်းက ရွက်လွှင့်နေပြီး အရပ်မြင့်မြင့် အနက်ရောင်လူရိပ်တစ်ခုသည် ကောင်းကင်နတ်မြစ်ကို ထမ်းထားသော လူရိပ်ထံသို့ သွားနေ၏။

၎င်းက တစ္ဆေသင်္ဘောတစ်စီးပင်။

ကောင်းကင်နတ်အရှင်ယွင်မှာ ကြောင်အသွားသည်။

ချင်မူမှာ သတိရတစ်ချက်၊ မရတစ်ချက် ဖြစ်နေသည့်တိုင် သူလည်း မြင်နေရသည်။ ဝေစွေ့ဖုန်းသည် သူ့ဘေးကင်းမှုကို စိုးရိမ်သည့်အတွက် ရောက်လာခြင်းဖြစ်ပေလိမ့်မည်။

နဂါးချီလင်နှင့် ယန်အာက ဖန်သားကောင်းကင်စေတီကို ရရှိပြီးနောက် သူ့ထက်အလျင် တစ္ဆေသင်္ဘောဆီသို့ ပြန်သွားသဖြင့် ဝေစွေ့ဖုန်းမှာ စိုးရိမ်ပူပန်နေခြင်းဖြစ်လိမ့်မည်။

သူတို့မှာ ညီအစ်ကိုများဖြစ်သည့်အတွက် စိုးရိမ်မည်မှာ မထူးဆန်းပေ။ ဝေစွေ့ဖုန်းသည် သူ အတိတ်၌ သေဆုံးသွားမည်ကို စိုးရိမ်၏။

တစ္ဆေသင်္ဘောက မြင့်တက်လာပြီး ရေမျက်နှာပြင်ကို ဖောက်ထွက်လာသည်။

“သွား.... အစ်ကိုကြီး... မလာနဲ့”

ချင်မူ၏ ခေါင်းသုံးလုံးက အော်သည်။ “ကျွန်တော့်ကို ပြန်မ‌ခေါ်နဲ့.. ကျွန်တော် ဒီမြစ်ကို သယ်ထားမှဖြစ်မယ်”

ရေမျက်နှာပြင်‌အောက်တွင် ဝိုးတိုးဝါးတားအသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းက ဝေစွေ့ဖုန်း၏စကားသံ ဖြစ်ပေလိမ့်မည်။ သို့သော် သင်္ဘောမှာ မတူညီသော အချိန်နှင့်နေရာတွင် ရှိနေသောကြောင့် အသံမှာ ကူးပြောင်းမရောက်ရှိလာနိုင်ပေ။

မြူခိုးများက ထူထပ်လာပြီး ချင်မူ့အနား ချဉ်းကပ်လာသည်။ ချင်မူမှာ သတိလစ်တော့မည့်ဆဲဆဲဖြစ်နေပြီး ပြောနေ၏။ “အစ်ကိုကြီး... အချိန်နည်းနည်းပဲ ပေးပါ... ကျွန်တော့်ဘာသာ ကျွန်တော်ပြန်လာပါ့မယ်”

ဝိုးတဝါးအသံမှာ ပို၍ ကျယ်လောင်လာသည်။ မတူညီ‌သော အချိန်နှင့်နေရာမှ အသံက ထူးဆန်းသော်လည်း သင်္ဘောသည် မြင့်တက်၍ မြူခိုးများလည်း ပိုမိုထူထပ်လာသည်။

သင်္ဘောကား အချိန်နှင့်နေရာကို ဖြတ်၍ ဤခေတ်သို့ ကူးပြောင်းလာနေချေပြီ။

“ကျွန်တော် ထွက်မသွားနိုင်သေးဘူး”

ချင်မူ့မျက်လုံးများမှာ ပိုမိုဝေဝါးနေပြီး ခေါင်းသည်လည်း မူးနောက်လာကာ ရေရွတ်နေသည်။ “ကျွန်တော် ထွက်သွားလို့မဖြစ်ဘူး... ထွက်သွားရင် ရေတွေ ဖုံးလွှမ်းသွားပြီး လူတွေအများကြီး သေကုန်လိမ့်မယ်”

ထိုအခိုက်အတန့်တွင် သူ့ကို ကူ၍ ‌ကောင်းကင်နတ်မြစ်ကို ထမ်းပေးနေသော လူရိပ်တစ်ခုကို ခပ်ရေးရေး မြင်လိုက်ရသည်။ ထူးဆန်းသော်လည်း ရင်းနှီးသည့် အသံတစ်သံက သူ့နားထဲတွင် ပဲ့တင်ထပ်သွား၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ သယ်လိုက်ပါ့မယ်.... မင်း အခု သွားလို့ရပါပြီ”

ချင်မူ မော့ကြည့်လိုက်ရာ ကောင်းကင်နတ်မြစ်ကို ထမ်းပေးထားသော ကောင်းကင်နတ်အရှင်ယွင်ကို တွေ့လိုက်ရသည်။

ထို့နောက် သူ့ခန္ဓာကိုယ်မှာ နောက်သို့ လန်ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် သင်္ဘောသည် ဝုန်းခနဲ အသံကြီးနှင့်အတူ ရေထဲမှ ဖောက်ထွက်လာပြီး မြူခိုးများက ပြုတ်ကျလာသော ချင်မူ့ကို ဖုံးလွှမ်းသွားသည်။

ချင်မူ့ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီးနောက် တစ္ဆေသင်္ဘောထက်တွင် ပြန်လည်ပေါ်လာ၏။

ယန်အာက ပြုတ်ကျလာသည့် ချင်မူ့အား သင်္ဘောပေါ်တွင် လှဲစေလိုက်သည်။

နဂါးချီလင်လည်း အပြေးအလွှား ရောက်လာကာ သူ့ကို ပြုစုပေးသည်။

ကောင်းကင်နတ်အရှင်ယွင်မှာ မြူခိုးထဲရှိ သင်္ဘောကို ကြည့်ရင်း စိတ်မလှုပ်ရှားမိဘဲ မနေချေ။

“ကောင်းကင်နတ်အရှင်မူ” သူက သင်္ဘောဆီသို့ လှမ်းအော်သည်။

သူ့အသံ သင်္ဘောဆီသို့ ရောက်လာသည့်အချိန်တွင် တဝီဝီဖြင့်သာ ပဲ့တင်ထပ်နေသည်။ ချင်မူလည်း ကုန်းရုန်း ထလိုက်ပြီး ယန်အာ၏ အကူအညီဖြင့် သင်္ဘောအရှေ့အပိုင်းသို့ သွားလိုက်သည်။ နှစ်ယောက်သား မြူခိုးများကို ဖြတ်ကာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

“ကောင်းကင်နတ်အရှင်ယွင်”

ချင်မူက အကူအညီမလိုကြောင်း ယန်အာ့ကို လက်ဟန်ပြပြီးနောက် အဝတ်အစားများကို သေသေသပ်သပ် လုပ်ကာ ကောင်းကင်နတ်မြစ်အား ထမ်းထားသည့် လူအား လှမ်းနှုတ်ဆက်သည်။ “တာအိုမိတ်ဆွေ”

ကောင်းကင်နတ်အရှင်ယွင်မှာ သဲသဲကွဲကွဲ မကြားရသော်လည်း သူ့နှုတ်ခမ်းများ လှုပ်သွားပုံကို ကြည့်ရင်း နှုတ်ဆက်ကြောင်း သိလိုက်သည်။ သူက ပြန်ဖြေသည်။ “ပြန်မနှုတ်ဆက်နိုင်လို့ ခွင့်လွှတ်ပေးပါ ... ငါတို့ နောင်တစ်ချိန်မှာ ပြန်တွေ့ဦးမှာလား တာအိုမိတ်ဆွေ”

ချင်မူလည်း သူ့နှုတ်ခမ်းလှုပ်သွားပုံကို ကြည့်ပြီးနောက် တွန့်ဆုတ်သွားကာ ခေါင်းယမ်းပြလိုက်သည်။

“နှမြောစရာပေါ့ဗျာ”

ကောင်းကင်နတ်အရှင်ယွင်မှာ စိတ်မကောင်းဖြစ်သွားသည်။ “ငါ မင်းကို တကယ် တွေ့ချင်မိတယ်... မင်းနဲ့ စကားသေချာ ပြောချင်တာ”

“ကျွန်တော်ရောပါပဲ”

ချင်မူက လက်သီးတင်းတင်းဆုပ်သည်။ သူက လက်မဖြင့် သူ့နှလုံးသားဆီ ညွန်ပြကာ အော်လိုက်သည်။ “ကျွန်တော်လည်း ခင်ဗျားနဲ့ တကယ် စကားပြောချင်တယ်”

“ငါတို့ တွေ့ရမှာမဟုတ်ဘူးလို့ မင်းပြောတယ်နော်... ငါ သေသွားမှာကြောင့်လား” ကောင်းကင်နတ်အရှင်ယွင်က မေးသည်။

ချင်မူမှာ ပါးစပ်ဟလိုက်သော်လည်း မဖြေမိပေ။

ကောင်းကင်နတ်အရှင်ယွင်က နားလည်သည်။ သူသည် ကောင်းကင်ထက်သို့ မော့၍ ဝါးတားတားသင်္ဘောကို ကြည့်လိုက်၏။ ထို့နောက် ရယ်လေသည်။ “ကောင်းတယ် တာအိုရောင်ရင်းမူ... ငါက အတိတ်ကို အုပ်စိုးပြီး မင်းက အနာဂတ်ကို စိုးမိုးလိမ့်မယ်”

ချင်မူမှာ သူ့စကားကို နားလည်၍ မျက်ရည်ကျလာသည်။ သူက အော်လိုက်သည်။ “အရက်ရှိလား အစ်ကိုကြီး”

ဝေစွေ့ဖုန်းက မကျေမနပ် ဆူသည်။ “ဒဏ်ရာရထားတာကို ဘာလို့အရက်သောက်မှာလဲ”

ထိုသို့ပြောသော်လည်း သင်္ဘောပေါ်တွင် ဖွက်ထားသည့် အရက်အကောင်းစားကို ယူလာပေး၏။

သူက ချင်မူ့ကို ပေး၍ ပြော၏။ “သောက်လိုက်... ဒါက ငါ့ကို ကောင်းကင်နတ်ဧကရာဇ် ပေးခဲ့တဲ့ အရက်အကောင်းစားပဲ... ငါ မသောက်ရဲခဲ့ပေမယ့် အရက်ကလည်း မပြောင်းလဲတဲ့ ဒြပ်ထုဖြစ်သွားပြီ... မင်း သောက်လို့ ကုန်သွားရင် ပြန်ပေါ်လာလိမ့်မယ်”

ချင်မူ ပုလင်းကို ဖွင့်လိုက်ရာ အနံ့က ပျံ့လွင့်လာသည်။

သူက ပုလင်းကို မြှောက်၍ သူရဲကောင်းစိတ်အပြည့်ဖြင့် ပြောသည်။ “ခင်ဗျားအတွက် ဂုဏ်ပြုပြီး သောက်မယ် တာအိုရောင်ရင်းယွင်” ထိုသို့ပြောပြီးနောက် အကုန်သောက်ချလိုက်၏။

“ဟုတ်ပါပြီဗျာ”

ကောင်းကင်နတ်အရှင်ယွင်က ရယ်သည်။ “ငါ့မှာ အရက်မရှိတော့ ကောင်းကင်နတ်မြစ်ကိုပဲ သောက်ရတာပေါ့”

သူက ပါးစပ်ဟ၍ ကောင်းကင်နတ်မြစ်ရေကို သောက်လိုက်သည်။

ချင်မူက သောက်ပြီးနောက် ပုလင်းကို ခွဲလိုက်၏။ သူ ရီဝေဝေဖြစ်နေလေသည်။

ကောင်းကင်နတ်အရှင်ယွင်လည်း မူးနေပုံရသည်။ သူက တဟားဟား ရယ်လျက် ပြောလေသည်။ “တာအိုရောင်ရင်းမူ၊ ပြန်လိုက်ပါတော့... ငါ ဒီမှာ ရှိတာပဲ”

ချင်မူ ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ် တာအိုရောင်ရင်း... ဂရုစိုက်ပါ”

“ဂရုစိုက်ပါ”

ကောင်းကင်နတ်အရှင်ယွင်ကလည်း ‌ခေါင်းကို ခက်ခက်ခဲခဲ ငုံ့ကာ အရိုအသေပြန်ပေးသည်။ “အနာဂတ်ကို မင်းလက်ထဲ အပ်လိုက်ပါ့မယ် တာအိုရောင်ရင်း”

သူက ခါးပြန်မတ်လိုက်ပြီး မြူခိုးများ ပျောက်ကွယ်သွားသည်။ တစ္ဆေသင်္ဘောကား ထွက်ခွာသွားချေပြီ။

All Chapters