ငါ့ကိုသတ်နိုင်မယ်လို့ထင်ပေမယ့် သူပဲသေသွားတယ်
Vol. 14 Ch. 186
အခန်း (၁၈၆) ငါ့ကိုသတ်နိုင်မယ်လို့ထင်ပေမယ့် သူပဲသေသွားတယ်
ထိုသူကိုတွေ့တော့ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ထိုသူက အသက် (၃၀)ကျော် (၄၀) အရွယ်ရှိပြီး ထူးဆန်းဖွယ်ရာ ဦးခေါင်းတစ်ခုလုံးတွင် ဆံပင်အနီရောင်များ ရှားရှားပါးပါး ရှိနေသည်။ သူ့လက်နှစ်ဖက်ကိုတော့ လက်ဝှေ့ထိုးလက်အိတ်နှင့်ဆင်တူသည့်အရာ (၂)ခုဖြင့် ဖုံးအုပ်ထားသည်။
သူ့မျက်လုံးများက အဝါရောင်ဖြစ်နေပြီး မျက်လုံးထဲတွင် အနီရောင်သွေးကြောလေးများက နီရဲစွာ ယှက်သန်းနေသည်။ သူသည်လည်း နတ်ဆိုးလက်ကျရောက်သွားသည့် ကျင့်ကြံသူတစ်ယောက်ပင်။
ရန်ကျောက်ကဲသတိပြုမိသည်က သူ့နောက်ကျောမှ သွေးစီးကြောင်းများ ထွက်ပေါ်နေပြီး ထိုသွေးစီးကြောင်းများက အနက်ရောင်မြူခိုးများမှတစ်ဆင့် မိစ္ဆာချီနယ်မြေနှင့် ချိတ်ဆက်သွားခြင်း ဖြစ်၏။
ရန်ကျောက်ကဲ၏ရောင်ဝါကို အာရုံခံမိသည့်အတွက် ထို ဆံပင်နီကျင့်ကြံသူက စုံစမ်းရန် ချဉ်းကပ်လာခြင်း ဖြစ်သည်။
ရန်ကျောက်ကဲကိုတွေ့သည်နှင့် ဆံပင်နီသိုင်းသမားက ရွှင်လန်းဝမ်းမြောက်သွားဟန်ရှိပြီး သူ့မျက်ဝန်းထဲမှ သွေးဆာနေသည့်တောက်ပမှုများကို မဖုံးကွယ်နိုင်ခဲ့ပေ။
“ဟား... ရန်တိရဲ့သား ရန်ကျောက်ကဲ မဟုတ်လား”
ထိုသူက သွားများပေါ်လာသည်အထိ ရယ်မောလိုက်သည်။
“မင်း ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကိုလာတယ်ဆိုတာ သတင်းကြားပေမယ့် ခုလိုတွေ့ရလိမ့်မယ် ထင်မထားဘူး ၊ အရမ်းကံကောင်းတာပဲ”
ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်လိုက်ရင်း...
“ငါတို့အရင်က မတွေ့ဖူးပါဘူး”
“ငါ့နာမည်က ရွှယ်ဝူယာ ပါ”
ဆံပင်နီသိုင်းသမားက လက်ဝှေ့လက်အိတ်ဝတ်ထားသည့် သူ့လက်များကိုဝှေ့ယမ်းရင်း သူ့ကိုယ်သူ မိတ်ဆက်စကားဆိုသည်။
“ဟုတ်တယ် ၊ ငါတို့ တစ်ခါမှ မဆုံဖူးကြဘူး ၊ မင်းက ငါ့ကို မသိပေမယ့် ငါက မင်းကို မှတ်မိနေခဲ့ပါတယ်”
ထို့နောက် သူက ဆက်ပြောသည်။
“မင်း ငါ့ကိုမသိပေမယ့် ဒါကိုတော့သိမယ်ထင်တယ်”
ပြောပြီးသည်နှင့် ရွှယ်ဝူယာက လက်သီးကို လေထဲသို့ ထိုးခွင်းလိုက်ပြီး ကြယ်တာရာချီစွမ်းအား အသုံးပြုကာ ပုံရိပ်ယောင်မိုးမြေတစ်ခု ဖန်ဆင်းလိုက်သည်။
ထိုပုံရိပ်ယောင်မိုးမြေထဲတွင် လှိုင်းလုံးများ အဆက်မပြတ် မြင့်တက်လာပြီး မိုးမြေတစ်ခုလုံး ဖုံးလွှမ်းသွားသည်။
၎င်းပုံရိပ်ယောင်မိုးမြေက ထူးဆန်းသည့် ခံစားချက်တစ်ခု ပေးစွမ်းပြီး ထိတ်လန့်ဖွယ်ရာ ပတ်ဝန်းကျင်တစ်ခုလုံး နက်မှောင်သွားကာ မှောင်မိုက်အုံ့ဆိုင်းသည့် ခံစားချက်ဖြင့် လေထုတစ်ခုလုံး အေးစိမ့်သွားစေသည်။
ရန်ကျောက်ကဲ သဘောပေါက်သွား၏။
“ဒီသိုင်းပညာက ဝိညာဉ်အလံငါးပါးက အနက်ရောင်ဝိညာဉ်အလံသိုင်းပညာပဲ ၊ မင်းက ဝိညာဉ်အလံငါးပါးဂိုဏ်းက ကျန်ရှိနေတဲ့လူတစ်ယောက်ပေါ့”
တစ်ချိန်တုန်းက ဝိညာဉ်အလံငါးပါးဂိုဏ်းဆိုသည်က အလွန်စွမ်းအားမြင့်မားပြီး ကောင်းကင်နယ်မြေနှင့် လေနယ်မြေ နယ်စပ်တွင် လှုပ်ရှားနေသည့် သိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။ သူတို့၏သိုင်းပညာက ထူးဆန်းပြီး လူများစွာကို သတ်ဖြတ်ခဲ့သည်။
ကောင်းကင်နယ်မြေ ၊ အနောက်ကောင်းကင်ဒေသရှိ မြို့ရွာများမှ လူများစွာကို သတ်ဖြတ်ခဲ့ကြသည်။ သူတို့အပြစ်က ကြီးမားလွန်းသဖြင့် ဝါဒတောင် လက်အောက်ခံ သိုင်းကျင့်ကြံသူတစ်စုက လာရောက်တိုက်ခိုက်ခဲ့သည်။ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြပြီး ထိခိုက်ကျဆုံးမှုများလည်း ရှိခဲ့သည်။
ကံကောင်းစွာပင် ရန်ကျောက်ကဲ၏ဖခင် ရန်တိ ဖြတ်သွားသည်နှင့်ကြုံဆုံခဲ့ပြီး ဝိညာဉ်အလံငါးပါးဂိုဏ်းသားများနှင့် ဝိညာဉ်အလံငါးပါးဂိုဏ်းချုပ်ကို ရန်တိက နေရာတွင်ပင် သတ်ဖြတ်ပစ်ခဲ့သည်။
အခြားနေရာများတွင် ကျန်ရှိခဲ့ကြသည့် ဝိညာဉ်အလံငါးပါး ဂိုဏ်းသားများသည် အန္တရယ်ရှိမည်ကို ကြောက်ရွံ့သဖြင့် အဝေးနေရာများသို့ ထွက်ပြေးရှောင်တိမ်းခဲ့ကြသည်။ ထိုအချိန်မှစပြီး သူတို့က ရန်တိကို အရိုးထဲထိ မုန်းတီးခဲ့ကြသော်လည်း မည်သို့မှ လက်စားချေနိုင်ခြင်း မရှိခဲ့ပေ။
ယခင်က အရှေ့ကောင်းကင်ဒေသ ၊ အရှေ့ထန်နိုင်ငံ ၊ နဂါးချုပ်လှောင်ချောက်နက်တွင် ဝိညာဉ်အလံငါးပါးဂိုဏ်းချုပ်အဖြစ် နေရာယူထားသည့် သွေးနိရောင်အလံသခင်က ရန်ကျောက်ကဲကို လက်စားချေရန် ပစ်မှတ်ထားခဲ့လေသည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ရွှယ်ဝူယာက အေးစက်စွာပြုံးလိုက်သည်။
“ကံကောင်းလိုက်တာ ၊ ငါတော့ အရမ်းကံကောင်းတာပဲ”
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းတစ်ချက်ခါယမ်းသည်။
“မဟုတ်ဘူး ၊ ကံကောင်းတာက ငါပါ...”
သူက ရွှယ်ဝူယာ၏ ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် သွေးစီးကြောင်းများကို ကြည့်လိုက်ရင်း...
“ရေကန်အောက်ခြေမှာ ပြုလုပ်ထားတဲ့အစီအရင်မှာ မင်း ပါဝင်ပတ်သက်နေတယ် မဟုတ်လား ၊ မင်းရဲ့ သွေးစွမ်းအားအနှစ်သာရတွေကိုတောင် အသုံးပြုပြီး အစီအရင် အမြန်ဆုံးဖြစ်တည်လာအောင် ကြိုးစားထားတာပဲ ၊ ဆိုတော့ မင်းရဲ့ သွေးစွမ်းအားအနှစ်သာရ ၊ ချီစွမ်းအားနဲ့ စိတ်အာရုံတွေက အစီအရင်နဲ့ တစ်သားတည်းကျနေတယ် ၊ မင်းက အစီအရင် ဗဟိုချက်နဲ့ ဝေးဝေးမှာ နေလို့ မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“မင်းကို ဒီနေရာမှာတွေ့ရတာ ငါတော့ အစီအရင်ဗဟိုချက်နဲ့ သိပ်မဝေးတော့ဘူးထင်တယ် ၊ မင်းနောက်က သွေးစီးကြောင်းတွေအတိုင်းလိုက်သွားရင် ငါ အဲဒီနေရာကို မြန်မြန်ရှာတွေ့နိုင်မှာပဲ”
ရွှယ်ဝူယာက ရယ်မောလိုက်ရင်း...
“ဟား... အဲဒီနေရာကိုတွေ့တော့ရော မင်းဘာလုပ်နိုင်မှာတဲ့လဲ”
“ကောလဟလတွေအရတော့ မင်းက မကြသေးခင်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုကို ရထားတယ်လို့ကြားတယ် ၊ ဒါပေမဲ့ မင်းလို သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်က အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုဦးတော့ အဲဒီပစ္စည်းရဲ့စွမ်းအားကို မင်းဘယ်လောက်ထုတ်ဖော်နိုင်မှာလဲ”
“ပြီးတော့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဆိုတာက ထူးကဲယင်သရဖူ တစ်ခုပဲ ရှိတာလေ”
ရန်ကျောက်ကဲအားစိုက်ကြည့်နေသည့် ရွှယ်ဝူယာ၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုများကို တွေ့မြင်ရသည်။
“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစတစ်ခုရဲ့ တန်ခိုးစွမ်းအားကို ထိန်းချုပ်နိုင်မယ်ဆိုရင်တောင်မှ မင်းက ဘယ်နှစ်ကြိမ် အသုံးပြုနိုင်မှာတဲ့လဲ ၊ အခု ငါ့ကိုတိုက်ခိုက်ဖို့ အဲဒါကို အသုံးပြုမယ်ဆိုရင် အစီအရင်ဗဟိုချက်ကို တိုက်ခိုက်ဖို့ မင်းမှာ ဘာမှသုံးစရာကျန်တော့မှာ မဟုတ်ဘူး”
“အဲဒီအချိန်က အစီအရင်က သူ့အလုပ်သူ အပြည့်အဝဆက်လုပ်နေပြီး မဟာငရဲကိုးထပ်တံခါးလည်း အပြည့်အဝပွင့်သွားလိမ့်မယ် ၊ မင်းလည်း သေရမှာပဲ”
ရွှယ်ဝူယာက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်ရင်း...
“ခွေးကောင်ရန်တိရဲ့ သွေးသားမျိုးဆက်ကို သတ်ဖြတ်ပစ်ဖို့ ငါ့အသက်နဲ့လဲရလည်း တန်တယ်ကွ...”
ရန်ကျောက်ကဲက ထိုသူကိုကြည့်ကာ ခပ်ဟဟ ရယ်မောသည်။
“နတ်ဆိုးလက်ထဲကျသွားပြီးတော့ ဂေါက်သွားပြီထင်တယ် ၊ မင်းကိုသတ်ဖို့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို သုံးမယ်လို့ ဘယ်သူကပြောနေလို့လဲ”
ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည့် ရွှယ်ဝူယာ၏မျက်ဝန်းများက ရူးသွပ်သွေးဆာမှုများဖြင့် တောက်ပနေသည်။
“ဂေါက်နေတာက ငါ မဟုတ်ဘူး ၊ မင်းကွ...”
“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ မင်းက အဆုံးမဲ့တောင်တန်းက လျိုရှန်းဖုန်းနဲ့ ကောင်းကင်မိုးကြိုးခန်းမက ရှဲ့ကျစ်ယီကို ဆက်တိုက်အနိုင်ယူခဲ့တယ်လို့ ငါ သတင်းကြားတယ်”
သူက ဆက်ပြောသည်။
“ငါလည်း ရှန်ထျန်း နှောင်းပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ပါပဲ ၊ ပြီးတော့ ငါက ရှဲ့ကျစ်ယီလောက်လည်း မတော်ဘူးဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ အဲဒါက ငရဲကိုးထပ်ကို ငါ့ဘဝကို မပေးအပ်ခင်တုန်းကပါ ၊ အခုတော့ ငါက သူ့ထက်အဆင့်မနိမ့်ပါဘူး”
ရွှယ်ဝူယာက သူ့လက်ကောက်ဝတ်များကို လှုပ်ရှားရင်း ရန်ကျောက်ကဲထံသို့ လျှောက်လာသည်။
“ပြီးတော့ အခုက မိစ္ဆာချီနယ်မြေမှာဆိုတော့ ငါ့စွမ်းအားတွေက အပြင်လောကမှာထက် ပိုပြီးအားကောင်းနေတယ် ၊ မင်းကတော့ မိစ္ဆာချီတွေကို တွန်းလှန်ဖို့ အာရုံစိုက်နေရလိမ့်မယ် ၊ ဒီတော့ ငါက စွမ်းအားမြင့်နေတဲ့အချိန်မှာ မင်းကတော့ အကန့်အသတ်တွေကြားမှာ ရှိနေမှာလေ ၊ မင်းအတွက် အခြေအနေသိပ်ကောင်းမယ်လို့ ထင်နေသလား”
သူ လမ်းလျှောက်လာရင်း ကြယ်တာရာချီစွမ်းအားများက အထက်သို့ မြင့်တက်လာပြီး သူ၏ဦးခေါင်းထက်တွင် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ လက်သီးသိုင်းဝိညာဉ်နှင့် ကြယ်တာရာချီစွမ်းအားက ပုံရိပ်ယောင်မိုးမြေနှင့် ရောယှက်ပေါင်းစပ်သွားသည်။
ပုံရိပ်ယောင်မိုးမြေထဲမှ အနက်ရောင်ပင်လယ်ကြီးက သွေးနီရောင်ပင်လယ်အဖြစ် ပြောင်းလဲသွားပြီး ပြင်းထန်လှသောစွမ်းအားများက ရေလှိုင်းများပမာ ကောင်းကင်ထက်သို့ တဟုန်ထိုးမြင့်တက်သွားသည်။
သွေးနီရောင်ပင်လယ်ရေလှိုင်းများသည် မိုးမြေတစ်ခွင်ကို ဖုံးလွှမ်းကာ တကယ့်ငရဲအစစ်အလား သွေးညှီနံ့များထွက်ပေါ်လျှက် ရှိသည်။
ရန်ကျောက်ကဲမျက်နှာက ပြုံးနေသည့်တိုင် သိမ်မွေ့ခြင်းမရှိတော့ပေ။
“ရှဲ့ကျစ်ယီအကြောင်း မင်း မသိတာတွေ ရှိသေးတယ် ၊ သူလည်း မင်းလိုဘဲ အမှောင်ဘက်ခြမ်းကို ကျသွားတယ်လေ”
ရွှယ်ဝူယာ ခဏမျှ မှင်တက်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းတို့ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ဂိုဏ်းက မိုးကောင်းကင်မျက်နှာသာပေးခံရတဲ့ လူငယ်တွေတောင် ဒီလိုဖြစ်နေကြတာလား”
ရန်ကျောက်ကဲက...
“ပြီးတော့... သူလည်း မင်းလိုပဲ တွေးခဲ့တယ် ၊ အမှောင်ဘက်ခြမ်းရောက်သွားရင် ငါ့ကိုအနိုင်ယူနိုင်မယ်ဆိုပြီးတော့ပေါ့”
ခဏနားပြီးမှ ရန်ကျောက်ကဲက အေးဆေးစွာဆိုသည်။
“ပြီးတော့... သူသေသွားတယ်”
ရွှယ်ဝူယာ၏ အဝါရောင်မျက်လုံးများ အနယ်းငယ် ပြူးကျယ်သွားသည်။
သူ့ကိုကြည့်ပြီး ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ငါ သတ်ပစ်လိုက်တာ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲပုံရိပ်က ရိပ်ခနဲ လှုပ်ရှားသွားပြီး ရွှယ်ဝူယာရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
တစ်ခုခုမှားနေပြီဖြစ်ကြောင်း ရွှယ်ဝူယာ နားလည်လိုက်သည်။ သို့သော် ရန်ကျောက်ကဲက စတင်လှုပ်ရှားပြီဖြစ်ရာ သူ နောက်မဆုတ်ရဲတော့ပေ။ သူက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း တိုက်ပွဲကို ရင်ဆိုင်လိုက်ပြီး လက်သီးချက်ကို ရန်ကျောက်ကဲရှိရာသို့ ပစ်လွှတ်ထိုးနှက်လိုက်သည်။
သို့သော် ရန်ကျောက်ကဲ၏ ပုံရိပ်ယောင်မိုးမြေအတွင်းမှ အနီရင့်ရောင်မီးပြင်းဖိုအဖုံးပွင့်လာပြီး မျောက်ဝံကြီးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုမျောက်ဝံကြီးက လက်သီးဖြင့်ထိုးနှက်လိုက်ရာ မိုးမြေတစ်ခုလုံး ပြောင်းပြန်လှန်ပစ်တော့မည့်အလား ထင်မှတ်ရပြီး အဆုံးမရှိသွေးပင်လယ်ကြီး ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ပြဲသွားသည်။
ထို့နောက် ရွှယ်ဝူယာ၏မျက်ဝန်းများထဲတွင် ကြယ်စင်အလင်းရောင်များကို တွေ့မြင်လိုက်ရသည်။ ညကောင်းကင်ယံတွင် ခုနစ်စဉ်ကြယ်ထွက်ပေါ်လာသောကြောင့်ပင်။
မြောက်ပိုင်းကိုးကွယ် ခုနစ်စဉ်ကြယ်။
ရွှယ်ဝူယာက ကျယ်လောင်သည့် ကြုံးဝါးသံတစ်ချက် ပြုလိုက်ရင်း ကွဲအက်နေသည့် သွေးပင်လယ်ကြီးကို သွေးမိုးများအဖြစ် ပြောင်းလဲလိုက်သည်။ ကောင်းကင်တစ်ခွင်လုံး သွေးမိုးများ ရွာသွန်းလာပြီး မရေမတွက်နိုင်သော လက်သီးချက်များ ရန်ကျောက်ကဲထံ အဆက်မပြတ် ဝင်ရောက်လာသည်။
သူ့လက်တွင်ဝတ်ဆင်ထားသည့် လက်ဝှေ့လက်အိတ်သည် ထူးဆန်းသည့် ဝိညာဉ်စွမ်းအားအလင်းရောင်ဖြင့် တဖျတ်ဖျတ်လက်နေသည်။
ရန်ကျောက်ကဲလက်ထဲရှိ ကျောက်စိမ်းနဂါးဓားမှ ဓားဟိန်းသံတစ်ချက် ထွက်ပေါ်လာပြီး များပြားလှစွာသော ကြယ်စင်များလှည့်တ်သွားကာ ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော ကြယ်စင်များ ထွက်ပေါ်လာသည်။
စိမ်းပြာရောင်ကြယ်စင်မြစ်တစ်စင်းကောင်းကင်ထက်မှ ဆင်းသက်လာပြီး သွေးမိုးများပမာ အဆက်မပြတ်ဝင်ရောက်လာသည့် လက်သီးချက်များကို ဖြတ်ကျော်ကာ ရွှယ်ဝူယာ၏ရင်ဘတ်မှ အောက်ဘက်သို့ ပိုင်းဖြတ်ချလိုက်သည်။
ရွှယ်ဝူယာသည် ပြူးကျယ်သည့်မျက်လုံးများဖြင့် ရန်ကျောက်ကဲကို စိုက်ကြည့်နေရင်း အသက်ပျောက်သွားသည်။
လျိုရှန်းဖုန်းနှင့် ရှဲ့ကျစ်ယီတို့ ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့သည့်သတင်းကို သူက ကြားခဲ့ရုံမျှသာဖြစ်သည်။ ကိုယ်တိုင်ကိုယ်ကျ မသိမြင်ခဲ့သည့်အတွက် အတိအကျလည်း မသိရှိခဲ့ပေ။ အမှန်တော့ ရန်ကျောက်ကဲ ထိုမျှအစွမ်းထက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ရန်ကျောက်ကဲက ရွှယ်ဝူယာကို အရေးမစိုက်ပေ။
ရွှယ်ဝူယာသေဆုံးသွားသည်နှင့် သူ့အလောင်းက အနက်ရောင်မီးခိုးများပမာ ပေါက်ကွဲထွက်ပြီး ပျောက်ကွယ်သွားသည်။
သူ၏နောက်ကျောနှင့် ဆက်စပ်နေသည့် သွေးစီးကြောင်းများသည်လည်း အနက်ရောင်မြူခိုးများကြား ဝင်ရောက်ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
ရန်ကျောက်ကဲက ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။
အနက်ရောင်မြူခိုးများအတွင်း ဝင်ရောက်ပျောက်ကွယ်သွားတော့မည့် သွေးစီးကြောင်းများကို ဓားဝိညာဉ် (၇)စင်းက ထိန်းချုပ်သော့ခတ်ထားလိုက်လေတော့၏။