အခမ်းအနားစတင်ခြင်း
Vol. 20 Ch. 267
ကလန်ခေါင်းဆောင် ချင်းယန်၏ နှုတ်မှထွက်လာသော စကားလုံးများကြောင့် အပြင်ဘက်တောင်၏ တပည့်များအားလုံး၏ အကြည့်များတွင် တိုက်ပွဲဆာလောင် စိတ်များ တောက်လောင်လျက် ပိရစ်မစ် သဏ္ဌာန်ဖြစ်နေသည့် စင်မြင့် (၉၉၉၉)ခုကို လှမ်းကြည့် လိုက်ကြသည်။
ထိုစင်မြင့်များက အတွင်းတောင်တပည့် ဖြစ်လာနိုင်မည့် အရေအတွက်မှာ လူအယောက် (၉၉၉၉) ယောက်သာ ရှိမည်ကို ဆိုလိုပေသည်။
သောင်းနှင့်ချီကာ ရှိနေသော အပြင်ဘက်တောင် တပည့်များနှင့် နှိုင်းယှဉ် ကြည့်လိုက်သော် … နောက်ဆုံးတွင် တစ်ယောက်နှင့် တစ်ယောက် အဆုံးအစွန် ဖယ်ထုတ်ရမည့် တိုက်ပွဲဖြစ်သည်။ ထိုအရာက အသေအချာကို အပြင်းအထန် ရုန်းကန်ရမည့် တိုက်ပွဲများ ဖြစ်သည်။
စင်မြင့်တစ်ခုကို သိမ်းပိုက်ပြီး နေရာယူလိုပါက သင့်အနေဖြင့် ခက်ခဲသော တိုက်ပွဲများ တစ်ပွဲပြီးတစ်ပွဲ ဆင်နွှဲရန် လိုအပ်ပေသည်။ အခြားသော ပြိုင်ဘက်များက သင့်ကို ခြိမ်းခြောက်ကာ စိန်ခေါ်ကြမည်သာ ဖြစ်သည်။
တပည့်များ၏ အကြည့်များ တွေ့ဆုံ မိသွားကြပြီး မီးပွားများပင် လွင့်စဉ်လာခဲ့သည်။
ဝုန်း…
မူလချီများ ရုတ်တရက် ပေါက်ကွဲ ထွက်လာခဲ့သည်။ ထိုအရာက စင်မြင့်များရှိ အလင်းတန်းများ ပေါင်းစပ် သွားခြင်းဖြစ်ပြီး များစွာသော တပည့်များက ရပ်တန့်နေကာ သူတို့၏ အရှေ့ဆီသို့ စက္ကန့် အတော်ကြာ ငေးကြည့် နေခဲ့ကြသည်။ ထို့နောက် များစွာသော ကျောက်တုံး စင်မြင့်များက ကျိုင်းကောင်များ အလား ကောင်းကင်ဆီသို့ ပျံဝဲတက်လာခဲ့သည်။
ထိုအရာက တကယ့်ကို ခမ်းနားကြီးကျယ်သော မြင်ကွင်းပင် ဖြစ်သည်။
“သွားစို့။ ဒီနေ့က ငါတို့လုပ်နိုင်စွမ်းကို ပြရမယ့် အချိန်ပဲ”
လုဖန်းက အေးစက်စက် ရယ်မောကာ ဇူယွမ်အား အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လာသည်။ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်တာနဲ့ သန်မာသော မူလချီများက ပေါက်ကွဲထွက်လာခဲ့ပြီး ကောင်းကင်ထက်သို့ အရှိန်ဖြင့် ထိုးတက်သွားခဲ့သည်။
သူ၏ အနောက်ရှိ ယန်ရှိုး၊ ချင်းကျိန်း နှင့် အခြား စွမ်းအားပြည့်ဝသော ရှန်ဇူတပည့်များကလည်း အရှေ့သို့ တိုးထွက်လိုက်ကြပြီး အနောက်မှ နီးကပ်စွာ လိုက်ပါသွားခဲ့သည်။ သူတို့၏ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကြောင့် မည်သူမှ သူတို့အား တားဆီးပိတ်ဆို့ရဲခြင်း မရှိကြပေ။
“အားလုံး ငါတို့လည်း တက်မယ်”
ဇူယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်းကင်အပြည့် ပျံတက်နေသည့် ပုံရိပ်များကို ကြည့်ကာ သူ၏ မျက်ဝန်းအတွင်းတွင် တိုက်ပွဲ ဆာလောင်စိတ်များ တောက်ပလာခဲ့သည်။
ကျောင်းခွန်၊ စုန့်ဝမ်ရှီနှင့် ချောင်းရှိုးတို့ လူစုကလည်း စိတ်လှုပ်ရှားနေသော မျက်ဝန်းများဖြင့် အလေးအနက် ခေါင်းညိတ်လိုက်ကြသည်။
သုံးလတာ ခါးသီးသော လေ့ကျင့်မှု အပြီးတွင် သူတို့၏ တန်ဖိုးများကို ပြသရမည့်အချိန်သို့ ရောက်လာခဲ့ပေပြီ။
ဝရုန်း …
မူလ ချီလှိုင်းလုံးများ တလိမ့်လိမ့် တက်လာခဲ့ပြီး သူတို့၏ ပုံရိပ်များကလည်း အရှေ့သို့ ထိုးတက်သွားကြကာ ဒါဇင်ချီသော ပုံရိပ်များ အတူတကွ စုဝေးလျက် အရှေ့သို့ တက်သွားခြင်းက လူတိုင်း၏ အကြည့်ကို ဖမ်းစားသွားခဲ့သည်။
အသက်ရှိုက်စာ ဒါဇင်ခန့် ကြာပြီးနောက်တွင် များစွာသော ပုံရိပ်များက အနိမ့်ပိုင်း စင်မြင့်များပေါ်သို့ တက်ရောက်သွားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လူတစ်ဆုပ်စာ လူပမာဏသာ အနိမ့်ပိုင်း စင်မြင့်များတွင် ကျန်နေခဲ့ပြီး လူအမျးက အနိမ့်ပိုင်း စင်မြင့်များကို ခြေကုပ်ယူပြီး ပိုမိုမြင့်များသော စင်မြင့်များပေါ်သို့ ရောက်ရှိရန် ကြိုးစားနေကြသည်။
မြင့်မားသော စင်မြင့်များပေါ်သို့ တက်နိုင်လေ မိမိ၏ စွမ်းရည်ကို ပြသနိုင်လေ ဖြစ်ကြောင်းကို လူတိုင်းသိကြပေသည်။ အဆင့်များ ကွဲပြားခြားနားနေမှုက အနာဂတ်တွင် လူတစ်ဦးအား ကောင်းမွန်သော ပိုမိုကောင်းမွန်သော အမြင်များ ရှိစေမည်ဖြစ်သည်။
ထိုကြောင့် လူတိုင်းက သူတို့ရောက်ရှိနေသော ပရိမစ်၏ အောက်ခြေပိုင်းဆီမှ အမြင့်သို့ တက်လိုကြပေသည်။
တကယ်တော့ လူတိုင်းက သတ္တိရှိနေကြသည်တော့ မဟုတ်ပေ။ အတွင်းတောင် တပည့်ဖြစ်ရုံနှင့်သာ ကျေနပ်သည့် တပည့်များမှာ အနောက်တွင်သာ ချန်နေခဲ့ကြပြီး စင်မြင့်များ၏ အလယ်တွင်သာ ရပ်လျက်ရှိကြကာ သူတို့အားယှဉ်ပြိုင်ရန် လာမည့်သူများ အတွက် အသင့်ရှိနေကြသည်။
တူညီသော စင်မြင့်တစ်ခုတည်းကို စိတ်ဝင်တစားနှင့် တက်မိသော သူများကတော့ တစ်ယောက်နှင့် တစ်ယောက် အဆုံးအစွန်ထိ တိုက်ခိုက်ရန် ပြင်လျက်ရှိကြသည်။
ထို့ကြောင့် မိနစ်အချို့အကြာတွင် သတ်ပုတ်ပွဲများမှ ထွက်ပေါ်လာသော ရုန့်ရင်းသည့် မူလချီများက ကျောက်တုံးစင်မြင့်များ ပေါ်မှ ထွက်ပေါ်လာခဲ့ပေသည်။
ကမ္ဘာတစ်ခုလုံး မူလချီများ ရင်ဆိုင် တိုက်ခိုက်သည့် အသံများဖြင့် ပြည့်နှက်သွားသည်။
မူလ ချီတိမ်တိုက်များပေါ်မှ သူများသည်လည်း ကျောက်တုံး စင်မြင့်ပေါ်မှ မူလ ချီတိုက်ပွဲများကို ကြည့်နေကြသည်။
ကလန်ခေါင်းဆောင် ချင်းယန်က သူ၏ နံဘေးရှိ ပုဂ္ဂိုလ်ငါးဦးအား ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “အဆုံးမှာ ဘယ်သူ ချန်ပီယံဖြစ်မလဲဆိုတာ ငါတကယ် သိချင်မိတယ်”
သူ၏ တစ်ဖက်တွင် ရှိသော ဓားကပ်ဘေး တောင်ထွတ်မှ ဆရာသခင် လင်ကျွမ်း၏ ငယ်ရွယ်သော မျက်နှာမှာ ဝင်းပသွားပြီး ညင်သာစွာ ရယ်မောကာ ပြောလိုက်သည် “ကျွန်တော် ကြားထားတာတော့ လုကလန်က လုဖန်းကို ကြီးမြတ်သော အပြင်ဘက်တောင် တပည့်ဆယ်ယောက်ရဲ့ ထိပ်ဆုံးအဖြစ် အသိအမှတ် ပြုထားကြတယ်တဲ့။ မမျှော်လင့်ထားတာတွေ ဖြစ်မလာဘူး ဆိုရင် ပထမနေရာက သူ့အတွက်ပဲ”
ကလန်ခေါင်းဆောင်၏ အခြားတစ်ဖက်တွင် ရှိနေသည့် နှင်းပဒုမ္မာ တောင်ထွတ်မှ ကလန်ဆရာသခင်မ လျို့လျန်းယီ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည် “ကျွန်မကြားခဲ့တာတော့ လုဖန်းက တောင်ထွတ် ဆရာသခင် လင်ကျွမ်းရဲ့ အာရုံစိုက်မှုကို အများကြီး ရထားတာတဲ့။ သူက ဓားကပ်ဘေး တောင်ထွတ်ကိုပဲ ရွေးမယ်လို့ ကျွန်မယုံကြည်တယ်။ ဟုတ်တယ်မလား။ ဓားကပ်ဘေး တောင်ထွတ်ကတော့ ဒီနှစ်တွေ အတွင်းမှာ လက်ရွေးစင် ပါရမီရှင်တွေကို ရရှိအောင် စီစဉ်နိုင်တာပဲ”
ဆရာသခင် လင်ကျွမ်းက ပြုံးလိုက်ပြီး “ငါ့ရဲ့ ဓားကပ်ဘေး တောင်ထွတ်က အားလုံးထဲမှာ အခြေခံအုတ်မြစ်က အားအနည်းဆုံးပဲလေ ဒါကြောင့် ငါ့မှာ တပည့်တွေ စုဆောင်းရုံကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။ ဒါတောင် ငါ့ရဲ့ တောင်ထွတ်က ကန်ရွှမ်းတောင်ထွတ်ကို ယှဉ်နိုင်ဖို့ အဝေးကြီး လိုပါသေးတယ်”
ကလန်ခေါင်းဆောင် ချင်းယန်က ပြုံးကာ ပြောလိုက်သည် “ဓားကပ်ဘေး တောင်ထွတ်က ယခုလက်ရှိမှာ တောင်ထွတ်ဆရာသခင် လင်ကျွမ်းရဲ့ ကြိုးပမ်း အားထုတ်မှုကြောင့် အောင်မြင်လာခဲ့ပြီပဲ”
“ကန်ရွှမ်းကလန်ဆိုတာ့ ဆရာ့ရဲ့ အသက်သွေးပါပဲ။ အဲဒါကြောင့် ကျွန်တော့်ရဲ့ လုပ်ရမဲ့အပိုင်းကို ကျွန်တော် လုပ်ရုံပါ” တောင်ထွတ်ဆရာသခင် လင်ကျွမ်းက ပြုံလျက် ပြန်ပြေသည်။
ထိုစကားကို ကြားချိန်တွင် ကလန်ခေါင်းဆောင် ချင်းယန်က အသာအယာသာ ပြုံးနေခဲ့ပြီး နှင်းပဒုမ္မာ တောင်ထွတ် ဆရာသခင်မ၏ မျက်ဝန်းများက ကျဉ်းမြောင်း သွားသော်လည်း ကျန်သူများက ဂရုပြုခြင်း မရှိကြပေ။
ထိုအချိန်မှာပဲ ကလန်ခေါင်းဆောင်၏ အနောက်ဘက်မှ တစ်ယောက်က အရှေ့သို့ ထွက်လာခဲ့ပြီး လေးစားစွာ ပြောလိုက်သည် “ကလန်ခေါင်းဆောင်၊ လုရွှမ်းရဲ့ အခွင့်အရေးက တကယ်ကို များတာမှန်ပေမဲ့ သူနဲ့ ယှဉ်ပြိုင်နိုင်တဲ့ တစ်ယောက် ရှိပါသေးတယ်”
ထိုစကားကို ပြောလိုက်သူမှာ ဇူယွမ်အား ကန်ရွှမ်းကလန်သို့ ခေါ်ဆောင်လာသည့် မူဝူကျိပင် ဖြစ်သည်။
“အို … ဟုတ်လား” ထိုစကားကို ကြားလိုက်ရချိန်တွင် ကလန်ခေါင်းဆောင် ချင်းယန်က ရယ်မောလိုက်ပြီး “အဲဒီတစ်ယောက်က ဟုန်ယာတောင်ထွတ် ဆရာသခင်ရဲ့ ကလန်ကမလား”
ကလန်ခေါင်းဆောင် ချင်းယန်၏ စကားကို ကြားလိုက်ရချိန်တွင် ဟုန်ယာတောင်ထွတ်၏ ဆရာသခင် ထျန်းဟုန်က အားရပါးရ ရယ်မောလိုက်ပြီး အသံအောကြီးဖြင့် ပြောလိုက်သည် “သည်ကလေးမလေးက အနည်းငယ် ပါရမီရှိတယ်။ ဒါပေမဲ့ သူက လုဖန်းနဲ့ နှိုင်းယှဉ်နိုင်ဖို့က လိုပါသေးတယ်။ သူတို့သာ တိုက်ခိုက်ကြရင် သူမမှာ နိုင်နိုင်ချေ သိပ်မရှိဘူး”
မူဝူကျိက ရယ်မောကာ ပြန်ပြောခဲ့သည် “ဂူဟွမ်ဂျီက တကယ်ပဲ အံအားသင့်ဖွယ် ကောင်းတဲ့ ပါရမီရှိတယ်။ သူမသာ အချိန်ပိုရခဲ့မယ်ဆိုရင် တောင်ထွတ်ရွေးချယ်မှု အခမ်းအနားမှာ ဘယ်သူမှ သူမနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့လဲ ကျွန်တော်ပြောတာ သူမမဟုတ်ဘူး… သည်ကောင်လေး နာမည်က ဇူယွမ်လို့ ခေါ်တယ်။”
သူက တစ်နေရာသို့ ညွှန်ပြလိုက်သည်နှင့် ခေါင်းဆောင်ခြောက်ဦးတို့ ကလည်း ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ သူတို့အားလုံးက တပည့်တစ်စုကို ဦးဆောင်ကာ အမြင့်တွင်ရှိသော စင်မြင့်များပေါ်သို့ တက်နေသော ဇူယွမ်ကို မြင်လိုက်ရသည်။
သူတို့နှင့် သိပ်မဝေးကွာသော နေရာတွင် လုဖန်းတို့ လူစုရှိနေခဲ့သည်။
သူတို့အားလုံးကို ကြည့်လိုက်လျှင် ထိုအုပ်စု နှစ်ခုတွင် ပါဝင်နေသော တပည့်များမှာ အပြင်ဘက်တောင်၏ လက်ရွေးစင် တပည့်များ ဖြစ်ကြောင်း သိနိုင်ပေသည်။
“သည်ကောင်လေးက မူလစဦးပထမအဆင့်ပဲ ရောက်သေးတာကို နောက်လိုက်တွေ အများကြီး ရအောင် ဘယ်လိုများ လုပ်ခဲ့တာလဲ” နှင်းပဒုမ္မာတောင်ထွတ် ဆရာသခင်မ လျိုးလျန့်ယီက စိတ်ဝင်စားစွာ ပြောလိုက်သည်။
“သူ့ရဲ့ စိတ်ဝိညာဉ်က အားမနည်းဘူးပဲ ဒြပ်ထည်အဆင့်တောင် ရောက်နေခဲ့ပြီ။ အံ့သြစရာ မဟုတ်ဘူးပဲ”
သို့သော်လည်း သူမက မကြာမီပင် ဇူယွမ်၏ စိတ်ဝိညာဉ် သန်မာမှုအား မြင်တွေ့သွားခဲ့သည်။
မျက်ခုံးဖြူ အကြီးအကဲကလည်း အောက်သို့ ငုံ့ကြည့်လိုက်သည်နှင့် စိတ်ပျက်လက်ပျက် ဖြစ်နေသော သူ၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ဝင်စားဟန် ပေါ်လာခဲ့ပြီး “သူ့ရဲ့ စိတ်ဝိညာဉ်ပါရမီက မဆိုးဘူး။ သူက မူလမှော်စာလုံး လေ့လာဖို့ အတော်လေး သင့်လျော်တယ်”
မူဝူကျိက ပြောလိုက်သည် “ဇူယွမ်က ကန်မင်တိုက်ကြီးက လာတာလေ သူက အဲဒီမှာရှိနေတဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ထင်ရှားကျော်ကြား ခဲ့ပြီးတော့ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သူတော်စင်သွေး ကောင်းချီးးကို ရရှိခဲ့တယ်”
ထိုစကားက ခေါင်းဆောင် ခြောက်ယောက်၏ မျက်ဝန်းများကို ကျယ်သွားစေခဲ့သည်။
ခဏအကြာအထိ သူတို့အားလုံး တိတ်ဆိတ်နေခဲ့ကြသည်။
ကလန်ခေါင်းဆောင် ချင်းယန်က ဖြည်းညင်းစွာ ပြောလာသည် “ဆရာ့ရဲ့ ခန္ဓာကိုယ်က သူသေတော့ ကန်ရွှမ်း ကောင်းကင်ဒေသရဲ့ နေရာအနှံကို ပျံ့နှံ့သွားပြီးတော့ များစွာသော သူတော်စင် အကြွင်းအကျန် နယ်မြေတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ သူတော်စင် သွေးကောင်းချီးးကို ရရှိခဲ့တဲ့သူက လက်တစ်ဖက်စာ ပဲရှိတယ်။ ကြည့်ရတာ သည်ဇူယွမ်ဆိုတဲ့ ကောင်လေးမှာ စွမ်းရည်အချို့ ရှိတဲ့ပုံပဲ”
ဟုန်ယာတောင်ထွတ် ဆရာသခင် ဂူဟုန်ထျန်းက လက်သီးကျစ်ကျစ် ပါအောင် ဆုပ်လိုက်သည့်အတွက် သူ့လက်အနီးရှိ လေထုမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့သည်။ သူ၏ အမူအရာက မုန်တိုင်းထန်နေခဲ့ပြီး အေးစက်စွာ ပြောလိုက်သည် “အဲဒီ မြင့်မြတ်သော နန်းတော်က မျိုးမစစ်တွေ”
သူတို့အားလုံးက မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးမှု၏ နောက်ကွယ်တွင် မြင့်မြတ်သော နန်းတော်ကလန်က ပါဝင် ပတ်သက်နေကြောင်း သိပေသည်။
သို့သော်လည်း မြင့်မြတ်သော နန်းတော်၏ စွမ်းအားမှာ တဖြည်းဖြည်းပို၍ မြင့်တက်လာသည့် အပြင် သူတို့၏ နောက်ကွယ်၌ ကြောက်မက်ဖွယ် ကောင်းသော တော်ဝင်မျိုးနွယ်လည်း ရှိနေပေသေးသည်။ ထိုကြောင့် ကန်ရွှမ်းကလန်ပင်လျှင် သူတို့၏ အမုန်းများကို ရင်ထဲ၌ သိမ်းထားရပေသည်။
လျို့လျန်းယီနှင့် မျက်ခုံးဖြူ အကြီးအကဲတို့၏ ပတ်ဝန်းကျင်ရှိ လေထုမှာ အေးစက်လာခဲ့သည်။
အဆုံးတွင်တော့ ကလန်ခေါင်းဆောင် ချင်းယန်က သူ၏လက်ကို ဝှေ့ယမ်းကာ တိုးညင်းသော အသံဖြင့် ပြောလိုက်သည် “အခုလက်ရှိမှာ ပိုပြီး အရေးကြီးတာကိုပဲ တွေးတောကြပါ”
“ဟမ့်”
လျို့လျန်းယီ၏ မျက်ဝန်းတွင် ဒေါသများ တောက်လောက်နေပြီး အေးစက်စက် နှခေါင်းရှုံ့ကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း အဆုံးတွင် ပြန်လည် မျိုသိပ်လိုက်သည်။ သို့သော်လည်း သူမ၏ လှပသော မျက်နှာလေးမှာ အေးစက်နေပေသည်။
မျက်ခုံးဖြူနှင့် အကြီးအကဲမှာလည်း မျက်လွှာချလိုက်ပြီး တိတ်ဆိတ်စွာပင် ရှိနေသည်။
ဓားကပ်ဘေး တောင်ထွတ်မှ ဆရာသခင် လင်ကျွမ်းက အသာအယာ သက်ပြင်းချလိုက်သည်။
မိုးကြိုးအကျဉ်းထောင် တောင်ထွတ် ဆရာသခင်ကတော့ အမူအရာ ကင်းမဲ့စွာပင် ရှိနေသည်။
ကလန်ခေါင်းဆောင် ချင်းယန်က ရယ်မောကာဖြင့် အားလုံးကို နှစ်သိမ့်လိုက်ပြီး သူ၏ အကြည့်က အောက်တွင်ရှိသော စင်မြင့်များဆီသို့ ပြန်ရောက်သွားခဲ့သည်။ များစွာသော ပုံရိပ်များကြားထဲတွင် ဇူယွမ်နှင့် ဒါဇင်ချီသော လူစုက သူ၏ ဦးဆောင်မှုဖြင့် ပရိမစ်ပေါ်သို့ တက်နေဆဲဖြစ်သည်။
ကလန်ခေါင်းဆောင် ချင်းယန်က ငယ်ရွယ်သော ပုံရိပ်လေးကို အာရုံစိုက်ကာ ကြည့်လိုက်ပြီး ညင်သာသော အသံဖြင့် ပြောလိုက်သည် “သည်ကောင်လေးက ငါတို့ကို အံ့အားသင့်စရာတွေများ ပေးနိုင်မလား သိချင်မိတယ်”