လမ်းစဉ်သို့ ဝင်ရောက်သွားသော ချိဧကရာဇ်
Vol. 84 Ch. 1093
လွန်ခဲ့သော နှစ်ခြောက်သိန်းတုန်းက ကောင်းကင်နတ်အရှင်ယွင်သည် ကောင်းကင်နတ်မြစ်ကို ထိန်းချုပ်၍ မြေပြင်တွင် စီးဆင်းစေခဲ့၏။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ သူရဲကောင်းများမှာလည်း တစတစ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြတော့သည်။
နဂါးဟန်ခေတ်တွင် နောက်ထပ် နှစ်တစ်သိန်း ကုန်ဆုံးသွားပြန်သည်။ နဂါးဟန်ကောင်းကင်နတ်ဘုံက ကောင်းကင်နဂါး ကောင်းကင်နတ်ဘုံအထဲသို့ ဝါးမြိုခံလိုက်ရရာ ကမ္ဘာဦးဘုံတွင် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသာ ကျန်ရစ်ခဲ့သည်။
ကောင်းကင်နတ်အရှင်ယွင်မှာ လူသားမျိုးနွယ်နှင့် နတ်ဘုရားတစ်ပိုင်းတို့၏ ခေါင်းဆောင်ဖြစ်လာနိုင်သည်အထိ ဉာဏ်ပညာအမျှော်အမြင် ကြီးမားပါသော်လည်း အဖြစ်အပျက်များက သူ့ကို စွမ်းအားမဲ့သလို ခံစားရစေသည်။
ကောင်းကင်မဟာမိတ်အဖွဲ့မှာလည်း အာဏာအမျိုးမျိုး ပေါ်လာသဖြင့် ဖြည်းဖြည်းချင်း ကွဲထွက်သွားသည်။
ယနေ့တွင် နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံအကြားရှိ မတူညီမှုများသည် ပဋိပက္ခအဖြစ် ပေါက်ကွဲထွက်လာခဲ့၏။
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးသည် ကမ္ဘာဦးဘုံသို့ ဦးတည်လာပြီး မဟာနေဧကရာဇ်ကား ကြယ်တာရာအရှင်သခင်များနှင့် စစ်သည်တော်များကို ဦးဆောင်လျက် ချီတက်လာခဲ့ချေပြီ။ ကောင်းကင်နတ်ဘုံ၏ အစောင့်တပ်ဖွဲ့ဆယ်ဖွဲ့ကလည်း လှုပ်ရှားကြပြီး ကောင်းကင်ဆရာသခင်တို့လည်း စုံလင်စွာ ပါဝင်ကြသည်။ ကောင်းကင်နတ်ဧကရာဇ်က ကောင်းကင်နတ်အရှင်များကို ကိုယ်ပိုင်စစ်တပ်များအား ဦးဆောင်၍ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို သိမ်းပိုက်ရမည်ဟု အမိန့်ထုတ်ပြန်ခဲ့သည်။
မဟာနေဧကရာဇ်မှာ မည်မည်ရရ မတိုက်ခိုက်လိုက်ရဘဲ မြားတစ်စင်းကြောင့် စစ်မြေပြင်တွင် ကျဆုံးသွားခဲ့သည်။ ရှေးဟောင်းနတ်ဘုရား နောက်တစ်ပါးကား ကြွေလွင့်သွားခဲ့ပြီး ဝိညာဉ်သည် ယိုတုသို့ ကျရောက်သွား၏။
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏စစ်တပ်ကြီးကို ဦးဆောင်လျက် တောင်ကောင်းကင်မုခ်၀မှ ထွက်လာသည်။ သူက နတ်လေးတော်မြတ်ကို သိမ်း၍ ခပ်ပြတ်ပြတ် ပြောလိုက်၏။ “ခင်ဗျား သိထားတာ များလွန်းတယ်”
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံတွင် ကောင်းကင်နတ်အရှင်ယွင်က သူ၏ဇနီးအား ကျောက်စိမ်းသေတ္တာနှစ်လုံး ပေးကာ မှာသည်။ “ဒါတွေကို ရှင်မနဲ့အတူ ယူသွားပြီး တာအိုဘိုးဘေးကြီးလက်ထဲ ထည့်ပေးပါ.... နောင်တစ်ချိန် ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူကို တွေ့ခဲ့ရင် သူတို့ကို တစ်ယောက်တစ်လုံးစီ ပေးခိုင်းလိုက်ပါ”
ယွင်မိသားစု၏ ဘွားဘွားက ယူလိုက်သည်။ သူမ၏မျက်ဝန်းအိမ်မှ မျက်ရည်တစ်စက် ကျဆင်းလာလေသည်။ “ရှင်ကရော”
ကောင်းကင်နတ်အရှင်ယွင်သည် ပြုံးလိုက်ပြီး ချီတက်လာနေသော စစ်တပ်ကြီးဆီ ကြည့်ကာ ပြောသည်။ “ကိုယ် ဒီမှာနေခဲ့မယ်... ဒီ နဂါးဟန်တော်လှန်ရေးက မပြည့်စုံဘူး ရှင်မရယ်... ရှေးဟောင်းနတ်ဘုရားတွေကို နှိမ်နင်းနိုင်ပြီ ထင်ခဲ့တာ... တကယ်တော့ အာဏာရှင်အသစ်တွေကို မွေးထုတ်ပေးလိုက်တာပဲ ဖြစ်နေခဲ့တယ်.... ပြုပြင်ပြောင်းလဲမှုတွေနဲ့ တော်လှန်ရေးတွေဆိုတာ သွေးမြေကျတာပဲလေ.... ကိုယ်တို့ ထိပ်ဆုံးကနေ စရမယ်”
ထို့နောက် သူက သူ၏ဇနီးဖြစ်သူအား အဝေးသို့ ထွက်သွားခိုင်းလိုက်သည်။
ကောင်းကင်နတ်အရှင်ယွင်က စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ချီတက်လာနေသော ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးထံသို့ ကြည့်နေ၏။ မြေကြီးကိုပင် တုန်ခါသွားစေသည့် ညာသံပေးသံများက တအုန်းအုန်း ထွက်ပေါ်လာသည်။ သူသည် သူ့ဘဝသူ ပြန်စဉ်းစားရင်း သူ လုပ်ဆောင်ခဲ့သော အရာများ၊ မလုပ်ဆောင်ခဲ့သော အရာများကို တွေးတောနေ၏။
သူ့တွင် နောင်တများစွာ ရှိနေသေးသော်လည်း သူ၏သွေးကို ပွက်ပွက်ဆူလာစေသည့် မျက်နှာများ အရာများကို သတိရလိုက်သည်။
“ငါ အဲဒါတွေအကုန်လုံး လုပ်နိုင်တဲ့အထိ မသန်မာသေးဘူး.... ငါ မင်းတို့နဲ့ ပူးပေါင်းခဲ့လို့ ရတာပဲ... ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံကို နဂါးဟန်ကောင်းကင်နတ်ဘုံဆီ ရွှေ့ပြီး နေရာဝင်ယူလိုက်ရင် ငါ အသက်ရှင်ကောင်း ရှင်လိမ့်မယ်.... ဒါပေမဲ့... “
သူက ရယ်နေသည်။ “ငါက မင်းတို့နဲ့ ဘယ်လိုလုပ် ပူးပေါင်းနိုင်မှာလဲ... ပူးပေါင်းလိုက်ရင် ခွေးဖြစ်မှာပေါ့.... ယဇ်ပလ္လင်တွေမှာလည်း ယဇ်ပူဇော်တာတွေ ပိုများလာလိမ့်မယ်... ငါက ရှေးဟောင်းနတ်ဘုရားတွေနဲ့ ဘာကွာတော့မှာလဲ.... အနာဂတ်က တာအိုရောင်ရင်းရေ..... ငါ မလုပ်နိုင်တာကို မင်းကိုပဲ လွှဲပေးရတော့မယ်”
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံ၏ စစ်ပွဲမှာ စကားလုံးများဖြင့်ပင် ဖော်ပြမရနိုင်သည်အထိ ပြင်းထန်လှချေသည်။
ကမ္ဘာဦးဘုံတွင် လူသားမျိုးနွယ်မှာ မျိုးသုဉ်းလုဆဲဆဲ သေဆုံးကုန်ကြသည်။ အပျက်အစီးအပိုင်းအစများသာ ကျန်ရစ်ခဲ့လေသည်။
စစ်ပွဲထဲတွင် ကောင်းကင်နတ်အရှင်ယွင်မှာ အဝိုင်းခံထားရ၏။ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ နတ်ဧကရာဇ်လန်ရွှမ်၊ ရှေးဟောင်းနတ်ဘုရားဘုရင်၊ နတ်ဘုရင်ရှု၊ တက်သစ်စ နတ်အရှင်မချန်း၊ ‘ကောင်းကင်နတ်ဧကရီ’နှင့် ထူးဆန်းသော သိုင်းပညာရှင် မင်ဖန်းယွီဆိုသူတို့က ကောင်းကင်နတ်အရှင်ယွင်အတွက် အသက်ရှင်နိုင်မည့် မျှော်လင့်ချက်မှန်သမျှအား ဖျက်စီးခဲ့သည်။
နောက်ဆုံးတော့ လူသားကောင်းကင်နတ်ဧကရာဇ်မှာ ကျဆုံးခဲ့ချေသည်။
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံမှာ နဂါးဟန် ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ၏ ဝင်ရောက်စီးနင်းခံလိုက်ရ၏။ ထိုနတ်ဘုရားများ နန်းတော်ထဲ ဝင်လာသည့်အခါ မည်သည့်ရတနာမှ မတွေ့ဘဲ ဆင်းရဲစုတ်ချာနေကြောင်း မြင်လိုက်ရသည်။
“ကောင်းကင်နတ်အရှင်ယွင်က နာမည်ကြီးဖို့ သက်သက် ကြံစည်ခဲ့တာပဲ”
သူတို့အားလုံး ရယ်လိုက်ကြသည်။ “သူက လူသားတွေရဲ့ ချစ်ခင်မှုရအောင် ဆင်းရဲချင်ယောင်ဆောင်ခဲ့တာ.... တစ်နေရာရာမှာ ရတနာတိုက်တော့ ရှိရမယ်.... ကျောက်ယွင်ခန်းမကို ဖောက်ထွင်းခဲ့တာ သူ မဟုတ်လား... သူ့ကိုယ်ပိုင်ရတနာတိုက်ထဲမှာ ရတနာတွေ ဝှက်ထားမှာပဲ”
သို့ထိတိုင် သူတို့သည် ကောင်းကင်ဟန်ကောင်းကင်နန်းတော်အား ပိုက်စိတ်တိုက် ရှာဖွေပါသော်လည်း မည်သည့်ရွှေတိုက်ကိုမှ မတွေ့ရချေ။
ကောင်းကင်နတ်အရှင်ယွဲ့က ကောင်းကင်နတ်အရှင်လင်နှင့် ကျန်ရှိသော လူသားပါရမီရှင်များကို အဝေးသို့ ခေါ်ဆောင်သွားခဲ့သည်။ သို့ရာတွင် ကောင်းကင်နတ်အရှင်ယွဲ့မှာ တဖြည်းဖြည်း စိတ်ဓာတ်အင်အား ကျဆင်းလာကာ မည်သည်ကိုမျှ စိတ်မဝင်စားတော့ဘဲ တစ်ယောက်တည်း သီးသန့်ကျင့်ကြံရန် ထွက်ခွာသွား၏။
ကောင်းကင်နတ်အရှင်လင်မှာမူ အသုံး၀င်သောကြောင့် ကောင်းကင်နတ်ကရီ၏ သက်ညှာခြင်းခံခဲ့ရသည်။
ကောင်းကင်နတ်အရှင်ယွင်၏ အလောင်းကို မင်ဖန်းယွီက သယ်ဆောင်သွားခဲ့သည်။ တစ်နှစ်ကြာသော် သူသည် မဟာလေဟာနယ်သို့ သွား၍ အလောင်းအား မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထည့်ထားခဲ့သည်။ သူက ပြုံးလိုက်၏။ “ငါ့ကို မှတ်မိလား ကောင်းကင်နတ်အရှင်ယွင်..... မင်းတို့သုံးယောက်က ငါ့ရဲ့ဆုတံဆိပ်တွေ ဖြစ်လာမယ်လို့ ငါ ပြောခဲ့တယ်မလား.... မင်းက ပထမဆုံးတစ်ယောက်ပဲ”
မဟာဧကရာဇ်၏ မျက်ခုံးနှစ်ဖက်ကြားတွင် မဟာကမ္ဘာဦးအစ မူလကျောက်တုံး လစ်လပ်နေသည့်အတွက် ကောင်းကင်နတ်အရှင်ယွင်၏ ရုပ်ခန္ဓာကို ဖိနှိပ်ထားရန် သင့်လျော်လှသည်။
အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ထဲတွင် မည်သူမှ မသွားရဲကြချေ။ အလွန်ဆုံး မဟာဧကရာဇ်၏ ‘ဆုတံဆိပ်’ များကိုသာ မြင်နိုင်ချေလိမ့်မည်။
“စိတ်အေးအေးထားပါ.... ကောင်းကင်နတ်အရှင်လင်နဲ့ ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ငါ့ရဲ့အနာဂတ် ဆုတံဆိပ်တွေပါပဲ...”
မင်ဖန်းယွီက ပြုံးနေသည်။ “ဘာလို့လဲဆိုတော့ ဒီလောကမှာ နောက်ထပ် ငါတစ်ယောက် ရှိသေးတယ်”
ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံသည် ဧရာမစစ်ပွဲဆုတံဆိပ်ကြီးတစ်ခုအလား ဆက်ဆံခံရပြီး နဂါးဟန်ကောင်းကင်နတ်ဘုံနှင့် ပေါင်းစည်းရန် ပို့ဆောင်ခံရသည်။ ကောင်းကင်နတ်အရှင်ယွင်က လောကကို အကျိုးပြုသည့် ကောင်းကင်တံတား ကောင်းကင်ရတနာကို ဖွင့်လှစ်ပေးခဲ့သောကြောင့် ကောင်းကင်နတ်ဧကရာဇ်သည် ထောက်ထားညှာတာသောအားဖြင့် ယွင်မိသားစုကို ကောင်းကင်နတ်ဘုံသို့ ပြောင်းရွှေ့၍ ယွင်စံအိမ်ကို ဖွင့်လှစ်ခဲ့စေသည်။
ကမ္ဘာဦးဘုံ၏ လူသားမျိုးနွယ်တွင် ကျန်ရှိခဲ့သည့်အရာဟူ၍ မြို့ပျက်များသာ ...
အမှောင်ခေတ်၏ နှစ်ထောင်ပေါင်းများစွာကာား မသိလိုက်ဖာသာဖြင့် ကုန်ဆုံးသွားခဲ့ချေပြီ။ လူသားများသည့် နေထိုင်နေရသည့် ခက်ခဲကြမ်းတမ်းလှသော အခြေအနေများကို ဖြတ်သန်းရင်း ထပ်မံ၍ တိုးတက်စပြုလာသည်။
တစ်နေ့တွင် လူသားမုဆိုးတချို့သည် လေးများဖြင့် အမဲလိုက်နေကြ၏။ သူတို့က သမင်တစ်ကောင်နောက် လိုက်ရင်း မြို့ပျက်များထဲသို့ ရောက်လာခဲ့သည်။ ထို့နောက် သမင်မှာ ပျောက်သွားလေသည်။ မြို့ပျက်ထဲတွင် အပျက်အစီးများက တစစီ ပျံ့ကျဲနေ၏။
ကမ္ဘာဦးမုဆိုးများက နဖူးမှ ရွှံ့များကို သုတ်၍ မျိုးနွယ်စုတစ်စု၏ အကြွင်းအကျန်များအား ကြောင်အလျက် ကြည့်နေကြသည်။
အဝေးတွင် ကျယ်ပြောရှည်လျားသော ကောင်းကင်နတ်မြစ်သည် ကျဆင်းလာခဲ့ပြီး မိုင်ပေါင်းများစွာ ကျယ်ပြန်သည့် မြစ်တစ်မြစ် ဖြစ်နေခဲ့၏။
ဤနေရာကား ကမ္ဘာဦးဘုံထဲသို့ ကောင်းကင်နတ်မြစ် ပြုတ်ကျခဲ့သော နေရာပင်။ ၎င်းကို ရေပါးစပ်ဟုခေါ်ပြီး ရေကြီးမှု၏ အရင်းအမြစ်ဖြစ်သည်။
ဤနေရာပတ်ပတ်လည်တွင် ခြေရာများအသွင်သဏ္ဍာန် ဖြစ်ပေါ်နေသော တောင်ကြားချိုင့်ဝှမ်းများ ရှိသည်။ ရှေးဒဏ္ဍာရီများအရ နတ်ဘုရားများသည် ကောင်းကင်ထက်မှ ပြုတ်ကျလာသည့် ကောင်းကင်နတ်မြစ်ကို ဤနေရာတွင် ထမ်းပိုး၍ ကယ်ဆယ်ခဲ့သည်ဟု ဆိုကြသည်။
သို့သော် တချို့တစ်၀က်သာ ယုံကြည်ကြသည့် ဒဏ္ဍာရီတစ်ပုဒ်သာ....
လူ့မျိုးနွယ်သည် ထိုစဉ်အခါက ရှေးကျပြီး တုံးအခဲ့ကြသည်။ ကျင့်စဉ်တချို့သာ လက်ဆင့်ကမ်းခဲ့ကြပြီး ၎င်းတို့မှာလည်း သာမန်သာဖြစ်၏။ လူသားနတ်ဘုရားများမှာ ရှားပါးလေသည်။
ထို့နောက် ဉာဏ်ကောင်းမည့်ပုံရသော ဆံပင်အနီရောင်ဖြင့် သန်သန်မာမာ လူတစ်ယောက်က ခေါင်းမော့လိုက်သည်။ သူသည် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် နတ်ဘုရားတစ်ပါး၏ ပုံရိပ်ကို မြင်လိုက်ရ၏။
ထိုနတ်ဘုရားက အမြောင်းမြောင်း ထနေသော ကြွက်သားများဖြင့် လက်ခြောက်ဖက်ကို မြှောက်ကာ ကောင်းကင်နတ်မြစ်အား ပင့်တင်ထားလေသည်။
ပုံရိပ်မှာ မသဲကွဲသော်လည်း ထိုဟန်ပန်က ဆံပင်အနီရောင်နှင့်လူကို အံ့ဩစေသည်အထိ မှင်သက်သွားစေခဲ့သည်။
ကောင်းကင်နတ်မြစ်ကို ထမ်းထားပြီး အခြားသူများကို ကယ်တင်ပေးနေသော ထိုစိတ်ဝိညာဉ်က ဆံပင်နီနှင့်လူအား မျက်ရည်ကျလာစေခဲ့သည်။ မသိလိုက်မသိဖာသာဖြင့် သူသည် ထိုပုံရိပ်၏အောက်၌ အတွေးယျာဉ်ကြောထဲ နစ်မြောသွား၏။ တစ်ကြိမ် နစ်မြောသွားတိုင်း ရက်ပေါင်းဆယ့်နှစ်ရက်ကျော်မျှ ကြာတတ်သည်။
ထို့နောက်တွင် သူသည် သူ့ကိုယ်ပိုင် ပြိုင်ဘက်ကင်းသိုင်းကွက်များ၊ ကောင်းကင်နတ်သိုင်းများကို နားလည်သဘောပေါက်ခဲ့၏။
“ခေါင်းဆောင်ချိ” (ချိ-အနီရောင်)
သူ့နောက်လိုက်များက ထိုနေရာကို ရှာတွေ့သွားပြီး အော်ဟစ်နေကြသည်။ “ကောင်းကင်နတ်မြစ်ရေ မြင့်တက်လာနေပြီ... ဒီနေရာကို ဖုံးလွှမ်းတဲ့အထိ ရေတွေကြီးလာတော့မယ်.... လူတွေ ထွက်ခွာဖို့ မြန်မြန် အမိန့်ပေးပါ”
ဆံပင်နီနှင့်လူသည် ထရပ်လိုက်ပြီး သူ၏ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ဖြင့် မူလဝိညာဉ်အား ပြသကာ သူ့နောက်လိုက်များကို ခေါ်၍ ကြာရှည်လှသော ပြောင်းရွှေ့မှုကြီးအား စတင်ချေသည်။
သူ လှည့်ကြည့်လိုက်သည့်အခါ မြို့ပျက်အကြားရှိ ထိုနတ်ဘုရားပုံရိပ်မှာ ရေဖုံးလွှမ်းသွား၏။
သူက ပြန်လှည့်၍ သူ့နောက်လိုက်များအား အရှေ့ဘက်သို့ ခေါ်သွားသည်။
နေတစ်စင်းသည် မိုးကုပ်စက်ဝန်းမှ နီရဲနေသော အလင်းရောင်က ကောင်းကင်ကို ဖုံးလွှမ်းသွား၏။ နေအလင်းရောင်က အနောက်ရှိ ရေများအပေါ် ဖြာကျသွားသည်။ ၎င်း၏ အရောင်ကား သွေးကဲ့သို့ နီရဲနေပြီး မည်သည့်အရာကိုဆို လွှမ်းခြုံသွားချေတော့သည်။