အောင်မြင်မှုနဲ့ ကံတရား
Vol. 84 Ch. 1094
ခေါင်းဆောင်ချိသည် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး သူ့နောက်ရှိ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်မူလဝိညာဉ်က အံမခန်းလိလိ ခွန်အားကို ထုတ်ဖော်လျက် သူ၏နောက်လိုက်များအား သယ်ဆောင်သွား၏။ သူ၏ရုပ်ခန္ဓာမှာ ပိုမိုထွားကြိုင်းသန်မာလာရာ သူ့အသွင်ကား နေလုံးကြီးဆီ လမ်းလျှောက်သွားနေသော ဘီလူးကြီးတစ်ကောင်နှင့် တူနေတော့သည်။
ဤသို့ဖြင့် ချိမင်ခေတ်ကား အပျက်အစီးပုံကြားမှ ထွန်းတောက်လာခဲ့ချေပြီ။
ဆံပင်စုတ်ဖွားဖြင့် ထိုဘီလူးကြီးက ပျက်စီးပြိုလဲနေသော လူသားတို့အား ဦးဆောင်၍ သမိုင်းတွင် အခန်းသစ် ရေးထိုးပေးလိမ့်မည်။
နဂါးဟန်တော်လှန်ရေးသည် မအောင်မြင်ခဲ့ချေ။
ချိမင်တော်လှန်ရေးကား ယခုမှစ၍ အစပျိုးလာခဲ့၏။
ကောင်းကင်နတ်မြစ်မှာ စီးဆင်းမြဲ စီးဆင်းလျက် ရှိပြီး အချိန်သည်လည်း ကုန်လွန်မြဲ ကုန်လွန်သွားဆဲပင်။ အချိန်နှင့်အမျှ ပြောင်းလဲသွားသည့် အရာတစ်ချို့သာ ရှိ၏။ လူသားများ၏ လှုပ်ရှားမှုနှင့် ဒြပ်ထုတို့၏ အဆင့်ဆင့်ပြောင်းလဲမှုများသာ တည်ရှိနေသည်။
ရှေ့တန်း၌ စစ်သည်တော်များ ကျဆုံးသွားသည့်အခါ နောက်တန်းမှ စစ်သည်တော်များက အလံကို ပြန်လည်ကောက်ယူ၍ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ကြသည်။
တစ္ဆေသင်္ဘောသည် သမိုင်းကြောင်းကို ဖြတ်သန်း၍ ရွက်လွှင့်နေ၏။ သင်္ဘောအပြင်တွင် တစ်ချက်တစ်ချက် တောက်ပပြီး တစ်ချက်တစ်ချက်တွင် မှောင်မည်းနေသည်။ အလင်းရောင်ပေါ်လာ၍ ပျောက်ကွယ်သွားတိုင်း နှစ်တစ်နှစ် ကုန်ဆုံးသွားခြင်းကို ပြသ၏။
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်နေရင်း စိတ်သက်သာရာရသွားသည်။ သူကား နေရောင်ခြည်အလား တောက်ပ၀င်းလက်နေ၏။
“ညီလေးကြည့်ရတာ စိုးရိမ်ပူပန်စရာတွေကို လျှော့လိုက်လို့ ပိုပျော်လာတဲ့ပုံပဲ” ဝေစွေ့ဖုန်းက ပြုံးလျက် ပြောသည်။
ချင်မူကလည်း ပြုံးလျက်ပင် ပြန်ဖြေသည်။ “ကျွန်တော်က အမြဲတမ်း ပျော်ပါတယ်ဗျာ”
ဝေစွေ့ဖုန်းက ခေါင်းခါရမ်း၍ ပြောသည်။ “မင်း သင်္ဘောပေါ် တက်ခဲ့တုန်းက မင်းရဲ့ပျော်ရွှင်မှုက ဟန်ဆောင်နေတာမှန်း ငါ သိပါတယ်... မင်းရဲ့စိတ်ထဲမှာ ပူပန်မှုတွေနဲ့ နားလည်မခံရလို့ စိတ်ပျက်မှုတွေ ရှိခဲ့တယ်... မင်းအပေါ်မှာ တိမ်နက်ကြီးတစ်ခုက ဝဲနေတဲ့အတိုင်းပဲ.... အခုတော့ မင်းက တကယ်ပျော်နေတယ်”
သူက ခပ်ဖွဖွ ပြုံးလျက် ပြော၏။ “မင်းရဲ့အစ်ကိုကြီးက အခြားမှာ သိပ်မတော်ပေမယ့် လူကဲခတ်တာမှာတော့ တော်ပါတယ်ကွာ”
ချင်မူက ရယ်လိုက်ပြီး ငြင်သာစွာ ပြောသည်။ “အတိတ်တုန်းက ကျွန်တော့်ကို ဘယ်သူမှ နားမလည်၊ သဘောမပေါက်သလို.... ဘယ်သူကမှ စိတ်ခွန်အားမပေးနိုင်သလို ခံစားခဲ့ရတယ်... အဲ့ဒီအချက်ကြောင့် ကြေကွဲခဲ့ရတယ်.... အခုတော့ ကျွန်တော့်ကို တစ်ယောက်ကတော့ နားလည်သဘောပေါက်ပြီး အားပေးတဲ့အပြင် စိတ်ခွန်အားတွေပါ ပေးနိုင်ခဲ့ပြီ”
သူက ခေါင်းယမ်းလိုက်သည်။ “အဲ့ဒီလူက အတိတ်မှာ နေတယ် ဒါမှမဟုတ် သေသွားခဲ့ပြီဆိုရင်တောင် သူက ကျွန်တော့်ရဲ့ တာအိုမိတ်ဆွေပဲ.... သေခြင်း၊ ရှင်ခြင်းနဲ့ ခွဲခြားခံထားရရင်တောင် ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိရင် လူတစ်ယောက်အတွက် လုံလောက်ပြီ”
ဝေစွေ့ဖုန်းက လက်ခုပ်တီးလိုက်ပြီး သူ့ကို ချီးကျူးသည်။ “အတိတ်ကို ပြန်သွားနိုင်တဲ့ အခွင့်အရေးနှစ်ခုနဲ့ မင်း ဘယ်ကိုသွားဖို့ ရည်ရွယ်ထားလဲ”
ချင်မူက ထရပ်လိုက်၏။ “ဘယ်မှ မသွားဘူး.... ကျွန်တော် အဲ့ဒီအခွင့်အရေးနှစ်ခုကို လက်လွှတ်ပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို အရင်ပြန်ဖို့ ရည်ရွယ်ထားတယ်... အတိတ်မှာပဲ ဆက်နေလို့ မဖြစ်တော့ဘူး... အနာဂတ်ကို မျှော်ကြည့်ရဦးမယ်.... အစ်ကိုကြီး၊ ကျွန်တော် စဉ်းစားပြီးရင် ပြန်လာရှာပါ့မယ်”
ဝေစွေ့ဖုန်းက ဟက်ခနဲ အသံပြု၍ ပွစိပွစိ ပြောလေသည်။ “ငါက မင်း စိတ်ရှိတိုင်း ခေါ်လိုက်၊ ပြန်လွှတ်လိုက် လုပ်လို့ရတဲ့ လှေသမားမဟုတ်ဘူး...”
သူက စိတ်အားတင်း၍ နဂါးချီလင်နှင့် ယန်အာကို ခေါ်ကာ ကပြာကယာ ပြောလေသည်။ “ဖန်သားကောင်းကင်စေတီကို ထုတ်လိုက်စမ်း.... မင်းတို့မပြန်ခင် တစ်ခေါက်လောက် ထပ်ကြည့်ချင်သေးတယ်”
ယန်အာက ၎င်းကို ထုတ်၍ ကုန်းပတ်ပေါ် တင်လိုက်၏။ ဝေစွေ့ဖုန်းက အနားလျှောက်သွား၍ စစ်ဆေးကြည့်ရင်း တဖွဖွ ချီးကျူးနေတော့သည်။ သူက ရတနာကို ပွတ်သပ်ရင်း ငိုယိုနေပြီး နှာတရှုံ့ရှုံ့ဖြင့် ပြောသည်။ “အခု ကိုယ်တို့ ထွက်သွားတော့မှာဆိုတော့ ဘယ်တော့မှ ပြန်တွေ့ရမှာလဲ အချစ်ကလေးရယ်” ထိုသို့ပြောပြီးနောက် ရတနာအား ဖက်၍ နမ်းလိုက်၏။
နဂါးချီလင်နှင့် ယန်အာက ကြက်သီးမွေးညင်းများ ထကုန်ပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။
ဝေစွေ့ဖုန်းသည် ဖန်သားကောင်းကင်စေတီအား အငမ်းမရ တပ်မက်နေ၏။ သူက ရတနာကို စကားပြောနေပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသို့ အမှန်တကယ် ပြန်မည့် ချင်မူတို့အား တစ်ခွန်းမှ မပြောချေ။
ချင်မူမှာ မနေနိုင်တော့ဘဲ ဝေစွေ့ဖုန်းအား သတိပေးရ၏။ သူက ရတနာကို အကြိမ်အနည်းငယ် ထပ်နမ်းပြီးနောက် ပြန်ပေးလေသည်။ သူ့အကြည့်က ရတနာထံမှ တစ်စက်လေးမှ မခွာပေ။ “ညီလေး၊ အနာဂတ်မှာ မပြောင်းလဲတဲ့ ဒြပ်ထုအဖြစ်ကနေ ငါ လွတ်မြောက်ပြီးရင် မင်း ငါ့ကို ဒီရတနာငှားပြီး ရက်အနည်းငယ်လောက် ဆော့ကစားခွင့် ပေးနိုင်မလား”
ချင်မူ ခေါင်းခါပြလိုက်သည်။ “ဒါက မြောက်နတ်မင်းရဲ့ ရတနာလေ... ကျွန်တော်တို့က ငှားရုံငှားလာတာ.... အနာဂတ်မှာ ပြန်ပေးရလိမ့်မယ်”
“ပြန်ပေးရမှာလား”
ဝေစွေ့ဖုန်း၏ သူငယ်အိမ်များ ကြီးမားလာပြီး မျက်ခုံးများလည်း ပင့်တက်သွားသည်။ သူ မကောင်းကြံစည်နေပြီမှန်း ချင်မူ သိလိုက်လေသည်။ ‘မင်းသားယိုမင်ဆီကနေ ရတနာကို လိမ်ယူဖို့ ကြံနေမှာပဲ'
တစ္ဆေသင်္ဘောသည် သမိုင်းကြောင်းကို ဖြတ်၍ အရှိန်အဟုန်ပြင်းစွာ ရွက်လွှင့်နေရင်း ၎င်းပတ်ပတ်လည်ရှိ မြူခိုးများ ပျောက်ကွယ်သွားသည်။ မကြာမီ သင်္ဘောမှာ ပျောက်ကွယ်သွားပြီး ထာဏရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်မြစ်ထက်တွင် ပြန်ပေါ်လာ၏။
ချင်မူ မြစ်ကမ်းပါးများဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ၎င်းတို့သည် မြင့်မားလှသော နတ်တောင်တန်းများနှင့် စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်တို့ဖြင့် ၀န်းရံခံထားရ၏။ သူတို့ ထွက်ခွာသွားပြီးနောက် နှစ်ပေါင်းမည်မျှ ကုန်ဆုံးခဲ့ပြီလဲ မသိရပေ။
သူက နဂါးချီလင်၊ ယန်အာ၊ ကောင်းကင်နဂါးခြောက်ကောင်နှင့်အတူ သင်္ဘောပေါ်မှ ဆင်းလာသည်။ နဂါးခြောက်ကောင်က စုတ်ပြတ်နေသော ရထားလှည်းကို ဆွဲလာကြသည်။ ရထားလှည်းမှာ စုတ်ပြတ်လွန်းနေသဖြင့် အမိုးကာမှာ ရထားလှည်းနှင့် တွဲနေသည်ဆိုရုံသာ ရှိတော့၏။
ရတနာမှာ ရတနာဖြစ်သော်လည်း ထိုသို့နှိပ်စက်မှုများအား တောင့်ခံထားနိုင်ရန် နည်းလမ်းမရှိချေ။
ရထားလှည်းသည် အစက တစစီ ဖြစ်ခဲ့၏။ ဝေစွေ့ဖုန်းနှင့် ယွီလင်နန်းစောင့်တပ်ဖွဲ့များက ၎င်းကို ပြန်လည်တပ်ဆင်ခဲ့ပေးခဲ့သော်လည်း လုံး၀မပြီးပြည့်စုံသေးပေ။
စစ်သည်တော်အချို့က မြူခိုများ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် မြစ်ကမ်းပါးများထံ ပျံသန်းသွားကြသည်။ သို့သော် သူတို့ သင်္ဘောမှ ထွက်ခွာသည့်အခါ မြူခိုးများက သူတို့ကို ၀န်းရံသွား၏။ မြူခိုးများ ပျောက်ကွယ်သွားသည့်အခါ သူတို့ခန္ဓာကိုယ်များလည်း ပျောက်ကွယ်သွားကာ တစ္ဆေသင်္ဘောပေါ်တွင် ပြန်ပေါ်လာသည်။
ဝေစွေ့ဖုန်းက သူတို့ကို မတားဘဲ လက်ပြနှုတ်ဆက်သည်။ “ညီလေး၊ ငါတို့ကို ကတိပေးထားတာ မမေ့နဲ့နော်.. မင်း တတ်နိုင်သမျှ မြန်မြန် ငါ့ကို ကယ်ဖို့ ကြိုးစားပါ”
ချင်မူတို့လည်း သင်္ဘောပေါ်မှ ဆင်းလိုက်ရင်း ပြန်လည် လက်ပြနှုတ်ဆက်လိုက်ကြသည်။ “ကျွန်တော် ကြိုးစားမှာပါ”
“ကျောက်စိမ်းမြို့တော်ကနေ ထွက်ခွာခဲ့တာ ဆယ်နှစ်အကြာ... ရွှင်ပျော်ပျော် နေထိုင်ရဖို့ မခက်လှပေသား”
ဝေစွေ့ဖုန်းက သင်္ဘောထိပ်တွင် ရပ်လျက် အရက်သောက်ကာ ခပ်ဩဩအသံဖြင့် သီချင်းဆိုနေသည်။ “ပန်းရနံတွေကို ငါ ရှူတယ်... ခံစားချက်တွေနဲ့ ကဗျာတွေ ရေးဖွဲ့မယ်... အရက်တွေ သောက်လို့ ဘဝကို ပျော်တယ်... မင်သွေးကျောက်အတွက် စစ်သည်တစ်သိန်း အဘယ်သူမှ မသုံးချင်သလို၊ ဧည့်သည်သုံးထောင်ကို အဲဒီကြေးပန်းကန်ပြားကိုပဲ ဘာကြောင့် ပေးနေမလဲ..”
တစ္ဆေသင်္ဘောက အဝေးသို့ ရွက်လွှင့်သွားပြီး မြူခိုးများက မြင့်တက်၍ သင်္ဘောကို လွှမ်းခြုံသွားသည်။
သင်္ဘောပေါ်ရှိ စစ်သည်တော်များက သီချင်းသံကို ကြားပြီး ဝေစွေ့ဖုန်းနောက်မှ လိုက်သီဆိုကြသည်။ “အောင်မြင်မှုနဲ့ ကံတရားဆိုတာ လာချိန်တန်လာ၊ ထွက်ချိန်တန် ထွက်တာ.... အောင်မြင်မှုနဲ့ ကံတရား ရောက်လာမလို့ ကိုယ့်ကိုယ်ကို အပြစ်မတင်မိလေနဲ့”
ချင်မူက ရယ်လိုက်ရင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီသို့ လှည့်လိုက်သည်။ သူက ခေါင်းခါ၍ အော်လိုက်၏။ “ပေါ့ပျက်ပျက်ပဲကွာ... ဒါပေမဲ့ ငါတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ထွက်လာခဲ့တာ ငါးနှစ်ရှိခဲ့ပြီလား... အဲ့ဒါဆို ငါက အခုဆယ်နှစ်ပေါ့”
သူက မကျေမနပ်ဖြင့် ခေါင်းခါသည်။ “ငါ ခေတ်ကူးပြောင်းတုန်းက ငါးနှစ်ပဲရှိသေးတာ.... ငါ့ငယ်သွားတွေကို ဆုံးရှုံးရတဲ့အချိန်ပဲ”
ယန်အာက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ခြေချပြီးသည်နှင့် ပျော်ရွှင်မြူးထူးစွာ အော်လိုက်သည်။ သူမက တောင်နတ်မင်း၏ မီးငှက်အမွှေးတောင်ကို ထုတ်ကာ ပြော၏။ “ကျေးဇူးပြုပြီး ငါ့အမေကို ဆင့်ခေါ်ပေးပါ သခင်လေး”
ချင်မူက ၎င်းကို ယူပြီးနောက် ဖန်သားကောင်းကင်စေတီကို ကိုင်ထားသည့် နဂါးချီလင်ဆီ ကြည့်လိုက်သည်။ သူက ပြော၏။ “အရမ်း ထင်းလွန်းနေတယ်... လုံပိ၊ ငါ့ကိုပေး... မင်းတို့နှစ်ယောက်အတွက် ငါ သိမ်းထားပေးမယ်”
နဂါးချီလင်က သူ့အား ဖန်သားကောင်းကင်စေတီကို ပေးသဖြင့် ချင်မူသည် ၎င်းကို ချင်စာလုံးမြေထဲသို့ ထည့်လိုက်ကာ စိတ်ကျေနပ်သွား၏။
ယန်အာက နဂါးချီလင်အား ဗျစ်တောက်ဗျစ်တောက် ပြောလေသည်။ “ဘာလို့ သူ့ကို အဲ့လို ပေးလိုက်ရတာတုန်း... အကြီးတွေက နင့်အတွက် သိမ်းထားပေးမယ် ပြောပြီး ယူသွားရင် ဘယ်တော့မှ ပြန်မပေးတာ များတယ်ဟဲ့”
နဂါးချီလင် ငိုင်သွားသည်။ “တကယ်ကြီးလား”
“အဲ့ဒါ ထုံးစံပဲလေ... ငါ ငယ်ငယ်တုန်းက ပျော်ပွဲရွှင်ပွဲတွေမှာ ကောင်းကင်နတ်အရှင်ယွဲ့က ငါ့ကို မုန့်ဖိုးပေးတယ်လေ... ပြီးတာနဲ့ ငါ့အတွက် တင်တောင်းငွေအနေနဲ့ သိမ်းထားပေးမယ်ပြောပြီး ပြန်ယူသွားရော.... အဲ့ငွေကို ငါ့တစ်သက် ဘယ်တော့မှ ပြန်မမြင်ခဲ့ရဘူး”
“လူကြီးတွေက အဲ့ဒီလိုပဲလား”
“အဲ့ဒီလိုပဲ... ငါ့အမေ့ကို ကယ်ပြီး ငါတို့ လက်ထပ်ပြီးရင် တင်တောင်းငွေအဖြစ် ကောင်းကင်နတ်အရှင်ယွဲ့ဆီကနေ ငါ့နှစ်သစ်မုန့်ဖိုး ပြန်တောင်းရမယ်... ဟီးဟီး.... သူက နှစ်ထောင်နဲ့ချီအောင် စုထားတာ.... အများကြီးနေမှာပဲ.... သူ ဘယ်လို ထုတ်ပေးမလဲ ကြည့်ရမယ်”
“နှစ်ထောင်ချီအောင်... မမကြီးယန်အာ... မမကြီးက အခု အသက်ဘယ်လောက်ရှိပြီလဲဟင်..”
“ပါးစပ်ပိတ်ထား”
“ကျွန်တော်တို့က လက်ထပ်တော့မှာ ဆိုတော့လေ...”
“ပါးစပ်ပိတ်ထားလို့ ဆိုနေ..”
...
ကျယ်ပြောပြီး လှပသည့် နေရာတစ်နေရာဆီသို့ ချင်မူ ရောက်လာသည်။ သူက ချီစွမ်းအင်တစ်ရှိုက် ရှူထုတ်၍ မီးငှက်အမွှေးတောင်အား လေထဲသို့ ပင့်တင်လိုက်၏။ ထို့နောက် ငှက်မွှေးတောင်ကို လှည့်ပတ်ရင်း ဝိညာဉ်လမ်းညွှန်အားကို အသက်သွင်းကာ ထူးဆန်းသည့် ယိုတုစကားများ အေးအေးလူလူ ရွတ်ဆိုနေချေသည်။