ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်
Vol. 84 Ch. 1095
ထူးဆန်းသော မှော်စွမ်းအင်တစ်ရပ်က တဖြည်းဖြည်း ပြန့်ကားလာသည်။ ချင်မူ၏ ကောင်းကင်နတ်သိုင်းသည် ကောင်းကင်နှင့် မြေကြီးအတွင်းရှိ ဝိညာဉ်အားလုံးနှင့် ဝိညာဉ်အနက်ရောင်သဲမှုန်များကို အာရုံခံလိုက်၏။ ၎င်းက ရွှမ်တုသို့ တက်ကာ ယိုတုအထိ ဆင်းသက်သွားသည်။ ထို့နောက် စကြ၀ဠာ၏ ၀င်ရိုးစွန်းလေးခုစလုံးအား ဖုံးလွှမ်းသွားသည့်တိုင်အောင် ပျံ့နှံ့သွားလေသည်။
သူ၏အတွေးများနှင့် အသိစိတ်အလျဉ်သည် ထိုလောကများကို ဖြတ်သန်းသွားပြီး တောင်နတ်မင်းကျုချွဲ ထားရှိခဲ့သည့် အမှတ်အသားများကို ကြိုးစားရှာဖွေ၍ အာရုံခံနေ၏။ ဤသို့ဖြင့် တောင်၀င်ရိုးစွန်းတွင် ပျံ့လွင့်နေသော အနက်ရောင်ဝိညာဉ်သဲမှုန်များကို တစတစ တွေ့လိုက်ရသည်။ ယင်းတို့က ပြိုကွဲပျက်စီးနေသော တောင်နတ်မင်း၏ ဝိညာဉ်မှ တစ်စိတ်တစ်ပိုင်း ဖြစ်ချေသည်။
သူက ၎င်းကို ကမ္ဘာဦးဘုံသို့ လမ်းညွှန်ပေးလိုက်ပြီး သူမဝိညာဉ်၏ နောက်ထပ်တစ်စိတ်တစ်ပိုင်းကိုလည်း ခံစားလိုက်ရသည်။
သို့ထိတိုင် ဤဝိညာဉ်မှာ သူ့အား ကလန်ကဆန် ပြုနေသည်။
ချင်မူမှာ ဇဝေဇဝါ ဖြစ်သွားသဖြင့် သူ၏အတွေးများနှင့် အသိစိတ်အလျဉ်က လောကများကို ဖြတ်သန်းသွားရင်း ထိုအရာ၏နောက်သို့ နောက်သွားသည်။ သူသည် ကောင်းကင်နတ်ဘုံသို့ ရောက်ရှိလာပြီး အနောက်ကောင်းကင်မုခ်၀ကို ခံစားလိုက်ရ၏။
သူ၏အတွေးများက ကောင်းကင်နန်းဆောင်တစ်ခုအတွင်း ၀င်ရောက်သွားပြီး နန်းတော်များကို ဖြတ်သန်းကာ နတ်ကောင်းကင်ခန်းမတစ်ခုအတွင်း ရောက်ရှိလာသည်။ ထိုနေရာတွင် ရေခဲတမျှ အေးစက်လှသော မျက်နှာထားဖြင့် “သူမကိုယ်သူမ” ပြန်ကြည့်နေသော အမျိုးသမီးနတ်မင်းတစ်ပါးကို တွေ့လိုက်ရသည်။
သူမက အေးစက်စက်ရယ်လိုက်ပြီး လက်ဆန့်တန်းကာ ချင်မူ၏ ဝိညာဉ်လမ်းညွှန် ကောင်းကင်နတ်သိုင်းအား ဖျက်စီးလိုက်ရင်း ဒေါသတကြီး ပြောသည်။ “ကောင်းကင်ယင်သားတော်၊ နင် ငါ့ကို လှည့်စားဖို့ ကြိုးစားပြန်ပြီလား.... နင် ဒေါ်လေးဆီကနေ ခံစားခဲ့တာနဲ့တင် မလုံလောက်သေးဘူးလား”
ချင်မူမှာ အသိစိတ်အလျဉ်ကို ပြန်လည်ရုတ်သိမ်း၍ ငှက်မွှေးတောင်ကို ပြန်ယူလိုက်ရသည်။ သူက ငှက်မွှေးကို ခါလျက် အနက်ရောင်ဝိညာဉ်သဲမှုန်များကို ငှက်မွှေးတောင်ထဲ ပြေး၀င်သွားစေလိုက်ပြီးနောက် အံ့ဩမှင်သက်စွာ ပြောလိုက်သည်။ “မမကြီးယန်အာ၊ မမကြီးအမေရဲ့ လူ၀င်စားက ကောင်းကင်နတ်ဘုံမှာ.... သူက အနောက်ကောင်းကင်မုခ်ဝ ချုံးဟွာနန်းတော်ရဲ့ ကောင်းကင်ဆရာသခင်ပဲ”
သူ့မှာ မယုံနိုင်ဖြစ်နေသည်။ “အနောက်ကောင်းကင်မုခ်၀က ချုံးဟွာနန်းတော်ရဲ့ ကောင်းကင်ဆရာသခင်က မဟာကောင်းကင်ဆရာသခင်လေးဦးထဲက တစ်ဦးဖြစ်တဲ့ ပိုင်ယွင်ကျီပဲ.... လေးယောက်ထဲမှာ တတိယမြောက်ဆရာသခင်.... မမကြီးအမေက သူ့ဆီ လူ၀င်ပြန်စားပြီး ဧကရာဇ်ပုလ္လင်အဆင့် ရောက်နေပြီ.... သူကလည်း ကောင်းကင်နတ်ဘုံမှာ အာဏာရှိတဲ့သူ တစ်ယောက်ဖြစ်နေပြီ”
ယန်အာက စိုက်ကြည့်လျက် ထစ်ထစ်အအ ပြောသည်။ “အဲ့ဒီ ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်သခင်ပိုင်ယွီကျင့် ဆိုတာက ငါ့အမေလား....ဟိုငတုံးမလေး ချွဲဖေးယင်ကရော”
ချင်မူ ခေါင်းညိတ်၍ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ရေရွတ်နေမိသည်။ “ကျွန်တော် အတွက်မှားသွားတဲ့ပုံပဲ.... ကောင်းကင်ယင်သားတော်က သူ့ကို ၉၉ ကြိမ် မသတ်နိုင်ခဲ့ဘူး.... ဒါကြောင့် သူ့ရဲ့ မီးငှက်နတ်ဘုရားဝိညာဉ်ကလည်း ဘယ်တုန်းကမှ နိုးထမလာခဲ့ဘူး..... ဒါ ဆိုးတာပဲ.... တော်တော် အခြေအနေဆိုးတယ်”
သူ့နဖူးတွင် သွေးကြောစိမ်းများ ထောင်လာသည်။ ၎င်းတို့က တရွရွ လှုပ်နေပြီး သူက ပြောသည်။ “တောင်နတ်မင်းက လူပြန်၀င်စားပြီး ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်ခဲ့တယ်.... သူက ကောင်းကင်နတ်ဘုံရဲ့ တတိယမြောက် ကောင်းကင်ဆရာသခင် ဖြစ်လာတဲ့အထိဆိုတော့ ဉာဏ်ကောင်းပြီး အင်အားကြီးမှာပဲ.... သူ့ကို သေအောင် လုပ်ဖို့က လွယ်မှာမဟုတ်ဘူး.... အရေးကြီးတာက သူ ဘယ်နှကြိမ် သေပြီးပြီလဲနဲ့... ၉၉ ကြိမ်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ ကျွန်တော် မသိဘူး...”
သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ “ကောင်းကင်ယင်သားတော်... ဒီအမျိုးသမီးကိုတောင် မသတ်နိုင်ဘူး... အသုံးမကျလိုက်တာ.... မိန်းမလှသတ်သမားဆိုတဲ့ နာမည်နဲ့ မထိုက်တန်တဲ့လူ”
နဂါးချီလင် နှုတ်ခမ်းမဲ့လျက် တွေးနေချေသည်။ ‘ဂိုဏ်းသခင်က သူ့ဟာသူ မအောင်မြင်ခဲ့ဘဲနဲ့ ကောင်းကင်ယင်သားတော်ကို အပြစ်တင်နေတယ်..... ဂိုဏ်းသခင်က ကောင်းကင်ယင်သားတော်ကို သုံးပြီး ယောက္ခမကြီးရဲ့ လူ၀င်စားကို နဂါးဟန်ခေတ်မှာ အသက်ရှင်မကျန်ခဲ့အောင် လုပ်ချင်ခဲ့တာ... ဒါပေမဲ့ ကောင်းကင်ယင်သားတော်ရဲ့ ကြိုးစားမှုကြောင့် ယောက္ခမကြီး တအားဉာဏ်ကောင်းလာပြီး သေတောင် မသေနိုင်တော့ဘူး”
သူ့မှာ ခေါင်းမရမ်းမိဘဲ မနေနိုင်ချေ။
ချင်မူမှာ စိုးရိမ်ပူပန်နေပြီး မျက်မှောင်များ ကြုတ်နေသည်။
ကောင်းကင်ဆရာသခင်များ၊ အထူးသဖြင့် ကောင်းကင်နတ်ဘုံမှ မည်သည့်ကောင်းကင်ဆရာသခင်သည် နတ်ဆိုးနီးပါး မထက်မြက်ဘဲ နေမည်နည်း။
တတိယကောင်းကင်ဆရာသခင် ဖြစ်လာခဲ့သည်အထိ ပိုင်ယွီကျင့် မည်မျှ ဉာဏ်ကောင်းထက်မြက်ကြောင်း သိသာပေမည်။
မဟာကောင်းကင်ဆရာသခင်လေးဦးမှာ ဇာမဏီနတ်မင်းနှင့် မဟူရာနတ်မင်းကဲ့သို့ မဟာအရံနတ်မင်းလေးပါးနှင့် အဆင့်နိမ့်သော်လည်း အခြေခံအားဖြင့် တန်းတူညီမျှ ရှိကြသည်။
ပို၍အရေးကြီးသည်က သူတို့သည် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရှိထားခြင်းပင်။
ချွဲဖေးယင်သည် လူပြန်၀င်စားပြီး ပိုင်ယွီကျင့် ဖြစ်လာခဲ့သည်။ သူမကား ထက်မြက်ပါးနပ်သည့်အလျောက် ကိုယ်ကျိုးရှာနိုင်သူ ဖြစ်လိမ့်မည်။ မဟုတ်လျှင် ကောင်းကင်နတ်ဘုံ၏ မဟာကောင်းကင်ဆရာသခင်လေးဦးထဲက တစ်ဦးဖြစ်လာမည်မဟုတ်ပေ။
ယန်အာမှာ ချင်မူ့ကို သူ့ကို ငေးကြောင်လျက် ကြည့်နေမိသည်။
ချင်မူက ပြုံးလျက် ပြောလေသည်။ “စိတ်မပူပါနဲ့... မမကြီးအမေရဲ့ လူ၀င်စားမှာ အရင်ဘဝတွေရဲ့ မှတ်ဉာဏ်တွေ ရှိပါတယ်... သူ ကျွန်တော်တို့ကို မှတ်မိတယ်... ကျွန်တော်တို့ သူနဲ့ ကောင်းကင်နတ်မြစ်မှာ ဘာလို့တွေ့ခဲ့တာလဲ ဆိုတာရော သိပါတယ်.... ကျွန်တော်တို့ ဘယ်သူဆိုတာ သိပြီး ကောင်းကင်ယင်သားတော်ကြောင့် မှတ်ဉာဏ်ပျောက်ခဲ့ရတာလဲ သိတယ်.... သူက ကျွန်တော့်ရဲ့ ကျောက်စိမ်းလည်ဆွဲကို အားကိုးနေတာလေ.... ကျွန်တော်တို့ သူ့ကို ရှာပြီးတော့ သူက တောင်နတ်မင်းရဲ့ လူ၀င်စားဆိုတာ ပြောလိုက်ရုံပဲ... သူ ထပ်သေပေးဖို့ သဘောတူလိမ့်မယ်”
ယန်အာမှာ ၀မ်းမြောက်သွား၏။
နဂါးချီလင်မှာတော့ မျက်တောင်တဖြတ်ဖြတ် ပုတ်ခတ်လျက် တွေးနေသည်။ ‘ဂိုဏ်းသခင်က လိမ်နေပြန်ပြီ... သူက တောင်နတ်မင်းရဲ့ ဝိညာဉ်ဆိုတာကို ယောက္ခမကြီး မသိတာက အဓိကအချက်ပဲ.... ဧကရာဇ်ပလ္လင်အဆင့်တောင် ရောက်နေပြီး ကိုယ့်ရည်မှန်းချက်နဲ့ကိုယ် ဖြစ်နေပြီပဲဟာ ဘာလို့ စိတ်ပါလက်ပါ သေပေးနေမှာလဲ.... မီးငှက်နတ်ဘုရားဝိညာဉ်ကို ပြန်နှိုးထဖို့ ခက်လိမ့်မယ်”
ချင်မူလည်း နားလည်သည်။ ယန်အာ စိတ်ပူနေမည် စိုးသဖြင့် မပြောခဲ့ခြင်းပင်။
ရုတ်တရက် ကောင်းကင်မှာ မည်းမှောင်လာသဖြင့် ချင်မူ အံ့အားသင့်သွားကာ ယန်အာကို မီးအိမ်အား ထုတ်လိုက်စေသည်။ ထို့နောက်မှ အတိတ်တွင် မဟုတ်ဘဲ ပစ္စုပ္ပန် ပြန်ရောက်နေမှန်း သတိရသွားသည်။ သူက ပြုံး၍ ပြောလိုက်၏။ “အတိတ်ကို ကူးပြောင်းပြီးနောက်ပိုင်း နည်းနည်း စိတ်ဖိစီးနေခဲ့မိတယ်... ပြန်ရောက်တာတောင်မှ အဲ့ဒီအတိုင်း ဖြစ်နေတုန်းပဲ”
မော့ကြည့်လိုက်သည့်အခါတွင်တော့ သူ၏အပြုံးမှာ တဖြည်းဖြည်း တောင့်တင်းသွားတော့သည်။
ဧရာမခန္ဓာကိုယ်ကြီးတစ်ခုက ကောင်းကင်ကို လွှမ်းခြုံထားချေသည်။ ခန္ဓာကိုယ်နှင့် ဦးခေါင်း အချိုးအစားမှာ မှားယွင်းနေပြီး ဦးခေါင်းသည် ခန္ဓာကိုယ်ထက် များစွာ ကြီးမားနေ၏။ ၎င်း၏ ဦးခေါင်းနောက်တွင် အရိုးဆူးချွန်များဖြင့် ပြည့်နှက်နေသည်။ ၎င်း တစ်ချက်လှုပ်ခါလိုက်လျှင် အရိုးဆူးချွန်တောင်တန်းများ ခါရမ်းသွားသည်။
၎င်းသည် ဟင်းလင်းပြင်မှ ဧရာမသားရဲကြီးတစ်ကောင်ပင်။ ထိုသားရဲကြီးတွင် ကျုံ့လိုက်ကျယ်လိုက် ဖြစ်နေသော သူငယ်အိမ်များစွာဖြင့် ဧရာမမျက်လုံးကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။
သားရဲကြီးက ခြေခြောက်ချောင်းနှင့် ခြေချောင်းများအကြားရှိ အသားလွှာများကို အားပြု၍ တောင်ပံကို ဖြန့်လိုက်ရင်း ဟင်းလင်းပြင်ထဲမှ ဖောက်ထွက်၍ ကောင်းကင်တစ်လျှောက် အရှိန်အဟုန်ပြင်းစွာ ဖြတ်သန်းသွားသည်။
ဟင်းလင်းပြင်သားရဲ....
ချင်မူမှာ အဝေးသို့ ပျံသန်းသွားသော ဟင်းလင်းပြင်သားရဲကို ကြည့်ရင်း ငေးကြောင်နေမိသည်။
ဘိုးဘေးနန်းတော်ထဲရှိ ကမ္ဘာဦးသားရဲတို့၏ အရှင်သခင်ကား ကမ္ဘာဦးဘုံရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်ထက်တွင် ပေါ်ထွက်လာချေပြီ။
ဟင်းလင်းပြင်သားရဲ၏ ကျောပေါ်တွင် ရပ်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။
သူမသည်ကား.... နတ်ဘုရင်လန်ဝူ။
ချင်မူ သားရဲနောက်သို့ လိုက်သွားသည့်အချိန် ကောင်းကင်နတ်ဘုံ၏ ဧရာသင်္ဘောကြီးများက ကမ္ဘာဦးဘုံ၏ ကောင်းကင်ထဲသို့ မိုးခြိမ်းသံသဖွယ် ဗုံသံများနှင့်အတူ ၀င်ရောက်လာသည်။
“နတ်ဘုရင်လန်ဝူက ဘိုးဘေးနန်းတော်ရဲ့ တည်နေရာကို သိသွားပြီး ဟင်းလင်းပြင်သားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီ...”
ချင်မူ ဟိန်းဟောက်လိုက်ပြီး ယန်အာက နဂါးစာကလေးအဖြစ် လေပေါ် ချက်ချင်း ပျံတက်လိုက်၏။ သူမက သူတို့နှင့်အတူ ဟင်းလင်းပြင်သားရဲနောက်သို့ လိုက်နေချေသည်။
ယန်အာသည် ရှေးဟောင်းနတ်ဘုရားများစွာ စားသုံးခဲ့ပြီးဖြစ်သဖြင့် ယခင်ကထက် လျင်မြန်စွာ ပျံသန်းနိုင်၏။ သူမ သူတို့နောက်သို့ လိုက်နေစဉ် သင်္ဘောတစ်စီးပြီးတစ်စီး ၀င်တိုက်၍ မီးခိုးများ ထွက်ပေါ်လာသည်ကို တွေ့နေရသည်။ သူတို့ ရှေ့ဆက်သွားလေလေ... သင်္ဘောများ ပို၍ ပျက်စီးလေလေ ဖြစ်သည်။ သင်္ဘောပေါ်ရှိ စစ်သည်တော်များမှာ ခြေလက်များ ပြတ်တောက်ကုန်ကြ၏။
ချင်မူ အဝေးသို့ကြည့်လိုက်ရာ ဟင်းလင်းပြင်သားရဲသည် ဟင်းလင်းပြင်နှင့် လက်ရှိကမ္ဘာအကြား တလှည့်စီ ကူးသန်းနေသည်ကို တွေ့လိုက်ရ၏။ ကောင်းကင်နတ်ဘုံမှ စစ်သည်တော်များ၏ ကောင်းကင်နတ်သိုင်းများနှင့် လက်နက်များ တိုက်ခိုက်သည့်အခါ ၎င်းက ဟင်းလင်းပြင်သို့ ၀င်ရောက်လိုက်တတ်သည်။ ထိုအခါ လက်နက်များသည် ၎င်း၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားကာ အန္တရာယ်မပေးနိုင်တော့ပေ။
ဤသည်ကား သတ်ပွဲကြီးပင်။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာများမှာ သူတို့၏ ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်မရသော ဤသားရဲမျိုးနှင့် မရင်ဆိုင်ဖူးကြပေ။
ဟင်းလင်းပြင်သားရဲက နောက်ဆုံးနတ်ဘုရားကို ဝါးမြိုလိုက်သည်။ ထို့နောက် ၎င်းက ရပ်လိုက်ပြီး ပါးစပ်ကြီးအား ပိတ်ကာ ချဉ်းကပ်လာနေသော နဂါးစာကလေးနှင့် ၎င်းအပေါ်၌ ပါလာသူများဆီ ငုံ့ကြည့်လိုက်သည်။
ထို့နောက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သဖြင့် ကျောပေါ်ရှိ အရိုးတောင်တန်းများက ကြောက်လန့်ဖွယ် လှုပ်ခါသွား၏။
ယန်အာက ရပ်တန့်လိုက်သည်။ ချင်မူ မော့ကြည့်လိုက်ရာ အရိုးတောင်တန်းတစ်ခုနောက်တွင် ရပ်၍ သူ့အား ကြည့်နေသော နတ်ဘုရင်လန်ဝူကို တွေ့လိုက်ရလေသည်။
“အထွတ်အမြတ်ကလေးငယ်” သူမက တိုးညှင်းစွာ ရေရွတ်လိုက်သည်။