တောင်ထွတ်ရွေးချယ်မှု အခမ်းအနား(၁)
Vol. 20 Ch. 268
ကောင်းကင်ယံတွင် လွင့်မျောနေသည့် ပရိမစ်သဏ္ဌာန် (၉၉၉၉)ခုသော စင်မြင့်များပေါ်တွင် နေရောင်ခြည်က ဖြာကျနေချိန်၌ တောက်ပသော အလင်းများ ထွက်ပေါ်လျက်ရှိသည်။
ဘုန်း … ဘုန်း …
ထိုအခိုက်တွင် များစွာသော စင်မြင့်များပေါ်၌ ရုန်ရင်းသော မူလချီများ ပေါက်ကွဲလျက် ရှိသည်။
ပုံရိပ်များစွာတို့သည် သူတို့ တတ်နိုင်စွမ်း ရှိသလောက် စင်မြင့်များပေါ်သို့ ကြိုးပမ်းကာ တက်လျက်ရှိကြသည်။
တောင်ထွတ်ရွေးချယ်မှု အခမ်းအနားတွင် စည်းမျဉ်းစည်းကမ်း များစွာမရှိပေ။ စင်မြင့်တိုင်း၏ အလယ်တွင် ဖျာတစ်ချပ် ရှိပေသည်။ ထိုဖျာပေါ်တွင် အမွေးတိုင် တစ်တိုင်စာ ကုန်ချိန်အထိ ထိုင်နိုင်ပါက စင်မြင့်က အလိုအလျောက် ပိတ်သွားမည် ဖြစ်ပြီး မည်သူမှထပ်မံ စိန်ခေါ်ခွင့်၍ ရတော့မည် မဟုတ်ပေ။ ထိုသို့ ဖြစ်သွားပါက စင်မြင့်ပေါ်ရှိသူက စင်မြင့်အား သိမ်းပိုက်လိုက်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုသို့ အောင်မြင်နိုင်ရန် မည်သည့် နည်းလမ်းကို မဆို အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် အစွမ်းထက်သော သူတစ်ယောက် စင်ပေါ်သို့ တက်လာသည်နှင့် ထိုအပေါ်တွင် ရှိနေသော အခြားသူများနှင့် တိုက်ခိုက်ရင်း ပရမ်းပတာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။
ဝှစ် … ဝှစ် …
ဇူယွမ်၊ စုန့်ဝမ်ရှီ၊ ကျောင်းခွန်တို့ လူစုတို့သည် အတူတကွ စင်မြင့်များ တစ်ခုပြီးတစ်ခု နင်းဖြတ်ကာ ဖြတ်ကျော်လာခဲ့ကြပြီး သူတို့၏ ပုံရိပ်များက တစ်စက္ကန့်မျှပင် ရပ်နားခြင်း မရှိကြပေ။
သူတို့ လူစုမှာ အယောက်ငါးဆယ် ပါဝင်ပြီး တစ်ယောက်ချင်းစီက အပြင်ဘက်တောင် တပည့်များထဲမှ လက်ရွေးစင်များပင် ဖြစ်ကြသည်။ ထို့ကြောင့် သူတို့အားလုံး၏ ရည်မှန်းချက် စင်မြင့်မှာ ထိပ်ဆုံးပိုင်းတွင် ရှိသော စင်မြင့် အခုတစ်ရာဆီသို့ပင် ဖြစ်သည်။
သူတို့၏ မလှမ်းမကမ်း အကွာအဝေးတွင် အုပ်စုတစ်စုကလည်း စင်မြင့်များ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လျက် ရှိကြပေသည်။ ထိုအုပ်စုမှာ လုဖန်းဦးဆောင်သော လူစုပင် ဖြစ်ကာ တစ်ဖက်နှင့် တစ်ဖက် အကြည့်ချင်းဆုံတိုင်းတွင် မီးဖွားများပင် လွင့်စဉ်ထွက်လျက် ရှိသည်။
အပြင်ဘက်တောင်၏ တပည့်များတွင် ထိုအုပ်စုနှစ်စုမှ လွဲ၍ ကျန်သော အဖွဲ့ငယ်လေးများမှာ ထည့်သွင်း စဉ်းစားရန်ပင် မလိုအပ်ချေ။ ထို့ကြောင့် သူတို့နှစ်ဖွဲ့၏ လှုပ်ရှားမှု အားလုံးသည် လူတိုင်း၏ အာရုံစိုက်စရာများ ဖြစ်ပေသည်။
အခြားသော တပည့်များမှာ သည်အုပ်စုနှစ်စုနှင့် မယှဉ်ရဲသောကြောင့် သူတို့၏ ကျောက်တုံး စင်မြင့်များပေါ်မှာ လမ်းဖယ်ပေးလျက် ရှိကြသည်။
သည်လိုနည်းဖြင့် အုပ်စုနှစ်ခု၏ တပည့်များမှာ များစွာသော စင်မြင့်များကို ဖြတ်ကျော်ပြီး ပရိမစ်၏ ထိပ်ပိုင်းသို့ပင် စတင် ရောက်လာခဲ့သည်။
သည်နေရာက ထိပ်ဆုံး စင်မြင့် အခုတစ်ရာ တည်ရှိရာ နေရာဖြစ်သည်။
သည်နေရာသို့ လာရောက်ကြသော တပည့်များ အားလုံးမှာ ကိုယ်ပိုင် အစွမ်းအစ မြင့်မားကြသူများသာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့အကြား တိုက်ပွဲများက ပိုမို စိတ်ဝင်စားဖွယ် ကောင်းပေသည်။
သည်အချိန်သို့ ရောက်သည်နှင့် အုပ်စုနှစ်ခုမှာ ရပ်တန့် လိုက်ကြသည်။
တကယ်တော့ ထိုစင်မြင့်များတွင် အခြားသော တပည့်များစွာ ရှိသော်လည်းပဲ အဓိကအားဖြင့် ဇူယွမ်နှင့် လုဖန်းတို့၏ နံဘေးရှိ ရှန်ဇူတပည့်များနှင့် ရှန်ဇူတပည့် မဟုတ်သူများ၏ တိုက်ပွဲပင် ဖြစ်သည်။
ဇူယွမ်နှင့် လုဖန်းတို့၏ သိမ်းသွင်းခြင်းကို မခံသော တပည့်များ ရှိသော်လည်း သူတို့နှစ်ဖွဲ့ကြားရှိ တိုက်ပွဲများတွင် မြေစာပင် မဖြစ်လိုကြပေ။
ထို့ကြောင့် သူတို့အားလုံးက လက်ရှိ ရောက်ရှိနေသည့် စင်မြင့်များတွင်သာ ရပ်တန့် လိုက်ကြ ပေတော့သည်။ သူတို့ရှိနေသော စင်မြင့်ကို လာရောက် မယှဉ်ပြိုင်မချင်း အဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲတွင် ပါဝင်ရန် စိတ်ဆန္ဒလုံးဝ မရှိကြပေ။
လုဖန်းက အရှေ့ဆုံးတွင် နေရာယူလျက်ရှိပြီး သူ၏ အေးစက်သော အကြည့်က မလှမ်းမကမ်းတွင် ရှိနေသော ဇူယွမ်ဆီသို့သာ ရောက်နေပေသည်။
သူ့အနေဖြင့် မူလက ရှန်ဇူတပည့်များထဲမှ လက်ရွေးစင်များကို ရွေးချယ်ပြီး ပထမဆယ်နေရာကို အတင်းအကျပ် သိမ်းပိုက်ရန် ကြံရွယ်ထားခဲ့သည်။ ဇူယွမ်သာ သူတို့နှင့် ယှဉ်ပြိုင်ရဲပါက အုပ်စုလိုက် သူ့အား နင်းချေလိုက်ရုံသာ ဖြစ်သည်။
သည်လိုဆိုပါက ဇူယွမ်အနေဖြင့် လုဖန်းအား ယှဉ်ပြိုင်ရန် အခွင့်အရေး တစ်ခုမျှပင် ရှိမည် မဟုတ်ပေ။
သို့သော်လည်း မျှော်လင့်မထားဘဲနှင့် ဇူယွမ်ကလည်း လက်ရွေးစင် အဖွဲ့တစ်ဖွဲ့အား စုဆောင်း နိုင်ခဲ့ပေသည်။ သူ၏ အုပ်စုအင်အားမှာလည်း အလွန်အမင်း သန်မာသောကြောင့် သူ၏ မူလအစီအစဉ်မှာ အလုပ်မဖြစ်ခဲ့ပေ။
“သည်လိုဆိုမှတော့ ငါကိုယ်တိုင် မင်းကို မြေပြင်ပေါ်မှာ နင်းချေပေးရမှာပေါ့” လုဖန်း၏ မျက်ဝန်းများတွင် အထင်သေးမှုများဖြင့် ပြည့်နှက်နေပေသည်။ ဇူရှောင်ယိုသာ ဝင်ရောက် မနှောင့်ယှက်ပါက သူ့အနေဖြင့် ဇူယွမ်အား သူတို့နှစ်ယောက်ကြား ကွာဟချက်ကို နားလည်အောင် ပြသ ပေးနိုင်လိမ့်ပေမည်။
သူ့အနေဖြင့် ဇူယွမ်အား တောသားတစ်ဦးက တောမှာပဲ လိမ်လိမ်မာမာ နေသင့်ကြောင့် သိစေချင်ပေသည်။
သည်လိုကောင်က ကောင်းကင်က ကောင်းချီးပေးထားသည့် သမီးပျို ဂူဟွမ်ဂျီနှင့် အဘယ်မှာ လိုက်ဖက်နိုင်မည်နည်း။
လုဖန်း ခေါင်းမော့ကြည့်လိုက်လျှင် ပိရမစ်၏ ထိပ်ပိုင်းမှာ သူ၏ မြင်ကွင်းတွင် ပေါ်လာခဲ့ပေသည်။ ငွေရောင်စင်မြင့် ကိုးခုက နေရောင်အောက်တွင် တောက်ပနေသည်။ ထိုနေရာများက ပထမနေရာ ဆယ်ခု …
ထိုအချိန်မှာပဲ သူ၏နောက်တွင် လူကိုးယောက်သာ ကျန်ရှိ နေပေတော့သည်။ သို့သော်လည်း သူတို့မှ ထွက်ပေါ်နေသော စွမ်းအားများအရ တစ်ယောက်ချင်းစီတိုင်းက ပထမဆယ်နေရာသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီကြောင်း ဖော်ပြနေပေသည်။
နောက်ဆုံးတွင် အစစ်အမှန်တိုက်ပွဲ စတင်တော့မည်ကို သိသည့်အတွက် သူတို့၏ မျက်ဝန်းများက တဖြည်းဖြည်း တောက်လောင်လာခဲ့သည်။
“ချင်းကျိန်း၊ လေဟုန်းထောင်၊ ဂူမန် …”
လုဖန်းက အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် မိုးချုန်းသံကဲ့သို့ အသံဖြင့် အော်ဟစ်လိုက်သည် “အခုလုပ်တော့ …”
လုဖန်း အော်လိုက်သည်နှင့် တစ်ပြိုင်နက် ချင်းကျိန်းတို့ လူစု၏ မျက်ဝန်းများတွင် ကောက်ကျစ်မှုများ ပေါ်လာပြီး ရုန်ရင်းသော မူလချီများ ထွက်ပေါ်လာကာ ဇူယွမ်တို့ အုပ်စုထံသို့ အမြောက်ဆန်များကဲ့သို့ တိုးဝင်သွားသည်။
ရုန့်ရင်းသော မူလချီလှိုင်းများက သူတို့ထံသို့ တိုးဝင်လာသည်ကို မြင်ရသော်လည်း ဇူယွမ်၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲခြင်းမရှိပေ။
သူက လက်တစ်ဖက်ကို ဆန့်တန်းကာ ဝှေ့ယမ်းလိုက်သည်။
သူ၏ အနောက်တွင် ရှိသော စုန့်ဝမ်ရှီ၊ ကျောင်းခွန်နှင့် ချောင်းရှိုးတို့ လူစုထံမှ မူလချီများက အတူတကွ ကောင်းကင်သို့ ပျံဝဲလာပြီး အခြားတစ်ဖက်မှ တိုက်ခိုက်လာမှုကို တိုက်ရိုက်ရင်ဆိုင်သည်။
ဝရုန်း …
ရုန့်ရင်းသော မူလချီအားလှိုင်းက မုန်တိုင်းတစ်ခုလိုမျိုး ပျံ့နှံ့သွားခဲ့သည်။
ထိုအရာက အလွန်အမင်းကို ဖရိုဖရဲ ဖြစ်စေပေသည်။
ချင်းကျိန်းတို့ လူစုက ခက်ထန်စွာ အော်ပြော လိုက်ကြသည် “ဇူယွမ် မင်းဖြတ်သန်း သွားချင်ရင် ငါတို့ သဘောတူလား အရင်ဆုံး မေးမှရမယ်”
“ဟဟ … ချင်းကျိန်း မင်းက ညီတော်ဇူယွမ်ကို တားဆီးဖို့ အရည်အချင်း မရှိပါဘူးကွာ။ ငါကပဲ မင်းနဲ့ ကစားပေးပါ့မယ်” ချင်းကျိန်း၏ အသံကို ကြားလိုက်ချိန်တွင် ကျောင်းခွန်က အရှေ့သို့ ထွက်လာပြီး အော်ရယ်ကာ ပြောလိုက်သည်။
“မင်းက ငါ့ကို တားမယ်” ချင်းကျိန်းက ပြက်ရယ် ပြုလိုက်သည်။
ကျောင်းခွန်မှာ မည်သည်မှ ပြန်ပြော မနေတော့ပဲ သူ၏ ပုံရိပ်က အလင်းတန်းကဲ့သို့ ချင်းကျိန်းရှေ့သို့ ရောက်ရှိသွားသည်။ သေခြင်း အငွေ့အသက်များ ပါဝင်နေသည့် ကုတ်ဆွဲချက် ချီများက သူ၏ လက်များတစ်လျှောက် စီးဆင်းလာခဲ့ပြီး …
ဘုန်း …
ကျောင်းခွန်က တစ်ချက် ဆွဲကုပ်လိုက်ပြီး နက်ရှိုင်းသော ကုတ်ချက်တစ်ခုက အောက်သို့ ထိုးဆင်းလာခဲ့သည်။
ကုတ်ချက်နှစ်ခုက ရင်ဆိုင်မိသွားသည်။
အားလှိုင်းများက နှစ်ဖက်စလုံးဆီသို့ သက်ရောက်သွားပြီး ခြေလှမ်း အနည်းငယ်ဆီ ဆုတ်ပေး လိုက်ရတော့သည်။
မူလအစောပိုင်းက လှောင်ပြောင်သည့် အမူအရာနှင့် ရှိနေသော ချင်းကျိန်း၏ အမူအရာမှာ ပျက်ယွင်းသွားပြီး ခက်ထန်စွာ ပြောလိုက်သည် “မင်းဘာကြောင့် ကောင်းကင် ကုတ်ဆွဲသောလက်ရဲ့ ဒုတိယအဆင့်ကို ရောက်သွားတာလဲ”
လုဖန်းက သူ့အား ကောင်းကင် ကုတ်ဆွဲသောလက် လေ့ကျင့်ရန် အတွက် ကိုယ်ပိုင် သင်ကြားပို့ချသူ တစ်ယောက် ငှားရမ်း ပေးထားခဲ့ပြီး များစွာသော ကျင့်ကြံခြင်း အရင်းအမြစ်များ ထောက်ပံ့ ပေးခဲ့သောကြောင့် ဒုတိယ အဆင့်သို့ ရောက်ရှိခဲ့သည်။
ထို့ကြောင့် ကျောင်းခွန်မှာ နောက်ကောက်ကျ ကျန်ခဲ့ပြီး သူ့အားလိုက်မီရန် မဖြစ်နိုင်တော့ဟု တွေးထင် ထားခဲ့ပေသည်။
သို့သော်လည်း ကျောင်းခွန်၏ စွမ်းအား ပြည့်ဝသော ကုတ်ဆွဲချက်နှင့် ရင်ဆိုင်မိချိန်တွင် ကျောင်းခွန်မှာလည်း ကောင်းကင် ကုတ်ဆွဲသောလက် ဒုတိယအဆင့်သို့ ရောက်နေကြောင်း ရှင်းလင်းစွာ ခံစားမိပေသည်။
ကျောင်းခွန်က နှုတ်ခမ်းသပ်လိုက်ပြီး လက်သီး ဆုပ်လိုက်သည်နှင့် ရူးသွပ်ဖွယ် ကောင်းသော ကုတ်ဆွဲခြင်း လေပြင်းများက သူ၏ လက်သီးတစ်လျှောက် ရုန့်ရင်းစွာ စီးဆင်းနေသည်။ သူက ပြုံးလိုက်ပြီး “ဒါအတွက် မင်းတို့ကောင်တွေကို ကျေးဇူးတင်ရမယ်။ မင်းတို့သာ ညီတော် ဇူယွမ်နဲ့ တိုက်ခိုက်ဖို့ မဆုံးဖြတ်ခဲ့ဘူး ဆိုရင် ငါတို့အားလုံး သူ့ရဲ့ မူလချီကျင့်စဉ်တွေ ညွှန်ကြားမှုကို ရမှာ မဟုတ်ဘူး”
ချင်းကျိန်း၏ မျက်ဝန်းတွင် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ ဇူယွမ်က ကျောင်းခွန်တို့ လူစုကို ညွှန်ကြား ပြသပေးနေသည်ဟု သူကြားခဲ့သော်လည်း ထိုကိစ္စနှင့် ပတ်သက်ပြီး အများကြီး မတွေးခဲ့ပေ။ သူတို့အားလုံး ဇူယွမ်တွင် လုပ်နိုင်စွမ်းရှိမည်ဟု မည်သူမှ မယုံကြည်ခဲ့ကြပေ။
ဒါပေမဲ့ ယခုလက်ရှိတွင် ကျောင်းခွန်၏ ကောင်းကင် ကုတ်ဆွဲသောလက်မှာ သူ့ထက် လုံးဝကို အားမနည်းပေ။
ချင်းကျိန်းက အေးစက်စွာဖြင့် “ဟမ့် ဘာအတွက် လာပျော်ပြနေတာလဲ။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားရဲ့ စစ်မှန်တဲ့ ချန်ပီယံက ဘယ်သူလဲ ဆိုတာ အစ်ကိုတော်လုက ဇူယွမ်ကို သင်ပေးပါလိမ့်မယ်။ မင်းတို့ရဲ့ တည်ရှိမှုလောက်လေးနဲ့ ငါတို့ ရှန်ဇူတပည့်တွေကို စိန်ခေါ်လို့ ရပြီများ ထင်နေတာလား”
“ဘယ်သူက မှန်လဲဆိုတာ ငါတို့ တိုက်ခိုက်ပြီးရင် သိသွားပါလိမ့်မယ်”
ကျောင်းခွန်က အေးစက်စက် ရယ်မောလိုက်ပြီး မဆိုင်းမတွပင် သူ၏ခြေထောက်များက မြေပြင်ပေါ်သို့ ဆောင့်နင်းချလိုက်ပြီး အရှေ့သို့ ဒုန်းပျံတစ်စင်းလိုမျိုး ပြေးထွက်လိုက်သည်။
“မင်းတော့ သေပြီပဲ” ချင်းကျန်းက ဒေါသထွက်စွာ ရယ်မောလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ မူလချီများက အထိန်းအကွပ်မဲ့စွာ ထွက်ပေါ်လာခဲ့ပြီး ကျောင်းခွန်နှင့် ရင်ဆိုင်လိုက်သည်။ နက်ရှိုင်းသော ကုတ်ဆွဲချက်များ ထွက်ပေါ်လာပြီး ကျောက်တုံး စင်မြင့်ပေါ်တွင် အက်ကွဲကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့ပေသည်။