← Chapters

အမြင်စောင်းခံရခြင်း

Vol. 11 Ch. 17

အမြင်စောင်းခံရခြင်း

Vol. 11 Ch. 17

ဝှီ....

အီဗန်က အဆင့်မြင့်ရထားတစ်စင်းရဲ့အထူးတန်း​က ထိုင်ခုံမှာရှိနေပြီးတော့ နျူရေရဲ့ဘေးနားမှာထိုင်နေပါတယ်။ ပုဂံကိုသွားမယ့်ခရီးက လေယာဥ်မဟုတ်၊ ကားမဟုတ်နဲ့ ရထားနဲ့သွားဖို့ဖြစ်လာခဲ့တယ်။ ကံကောင်းစွာနဲ့ သူတို့စီးလာတဲ့ရထားက ဥရောပအဆင့်မီပြီးတော့ အမြန်နှုန်းကလည်း အတန်အသင့်ပါပဲ။ ဂျပန်က ကျည်ဆန်ရထားတွေကို မမီရုံပဲရှိတာပါ။

အီဗန်က ပြတင်းပေါက်ကနေတစ်ဆင့် အပြင်မှာရှိနေတဲ့ လယ်ကွင်းပြင်ကျယ်တွေကို ကြည့်လိုက်ပါတယ်။ လယ်ကွင်းတွေအားလုံးမှာ ဝင်းဝါနေတဲ့ စပါးနှံတွေနဲ့ ပြည့်နေပါတယ်။ သူ့နာရီကိုပြန်ကြည့်တော့ အောက်တိုဘာငါးရက်နေ့ ဖြစ်နေပါပြီ။ သူတို့ခရီးကို လကုန်ခါနီးနှစ်ရက်အလိုမှာ စခဲ့တာဖြစ်ပြီး ရန်ကုန်မှာတစ်ပတ်လောက် ဘာမှလုပ်စရာမရှိဘဲ နေခဲ့တဲ့အတွက် အခုဆိုရင် အောက်တိုဘာရောက်နေပါပြီ။

“နင်သိလား၊ ဒီနိုင်ငံမှာက အောက်တိုဘာဒုတိယအပတ်လောက်ဆိုရင် စပါးတွေ စရိတ်သိမ်းပြီတဲ့။ လောလောဆယ် အာဆီယံမှာ ထိုင်းပြီးရင် စပါးစိုက်ပျိုးမှုအများဆုံးနိုင်ငံဆိုတော့ အခုလိုမြင်ကွင်းမျိုးကိုမြင်ရတာ တကယ့်ကိုကြည်နူးစရာပဲမဟုတ်လား။”

နျူရေက အီဗန်ရဲ့နားနားကိုကပ်ပြီး ပြောလိုက်တယ်။ သူတို့နဲ့မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့ ကိုင်းတိုရူးဖီးလစ်ကတော့ အကြည်ဆိုက်နေတဲ့ စုံတွဲနှစ်ယောက်ကို လက်ပိုက်ကြည့်နေရင်းကနေ ‘ကျစ်'ခနဲ အသံပြုလိုက်ပါတယ်။

“ဘာအထင်ကြီးစရာရှိလို့လဲ။ ဒီအတိုင်း စိုက်ပျိုးမွေးမြူရေးကို အားကိုးနေရတဲ့ ဖွံဖြိုးဆဲနိုင်ငံတစ်ခုပဲမဟုတ်လား။”

ဖီးလစ်ရဲ့အထင်သေးတဲ့စကားကြောင့် နျူရေက ခေါင်းခါလိုက်တယ်။

“လက်ရှိဒုတိယကုန်းဘောင်နိုင်ငံက ထိပ်တန်းနိုင်ငံတွေထဲမပါပေမဲ့ အလယ်အလတ်နိုင်ငံတွေထဲမှာ အကောင်းဆုံးလို့ပြောနိုင်တယ်။ လယ်ကွင်းတွေရှိနေသေးတာက ဘုရင်သူရိယရာဇာရဲ့ကိုယ်ပိုင်ဖူလုံမှုပေါ်လစီကြောင့်ပဲ။ စက်မှုလုပ်ငန်းထွန်းကားလာလို့ လယ်ယာလုပ်သူတွေရှားလာတော့ စီမံကိန်းတွေကနေ တစ်ဆင့် သူက စိုက်ပျိုးမြေအများစုကို ဝယ်ခဲ့တယ်။ အခုနင်မြင်နေရတဲ့ ရထားလမ်းဘေးက လယ်မြေတွေက အဲဒီဘုရင်ပိုင်တဲ့ တော်ဝင်လယ်မြေတွေပဲ။ ပုံမှန်ဆိုရင် သူက စပါးရိတ်သိမ်းပွဲအတွက် လယ်ထွန်မင်္ဂလာကို နှစ်တိုင်းကျင်းပပေးနေကျ။ ခုတော့...”

နျူရေက စကားကိုရပ်လိုက်တယ်။ ဘုရင်သူရိယရာဇာရဲ့အုပ်စိုးမှုကာလက လွန်ခဲ့တဲ့ နာရီအနည်းငယ်ကတင် ကုန်ဆုံးခဲ့ပြီးပါပြီ။ ဖီးလစ်နဲ့ ခုံတန်းအတူတူမှာထိုင်နေတဲ့ အယ်လိုဟင်ကတော့ ကလေးတွေစကားဝိုင်းမှာ ဝင်မပါခဲ့ပေမဲ့ နာရီကို ကြည့်လိုက်ပြီးပြောပါတယ်။

“ဆယ့်နှစ်နာရီခွဲနေပြီ။ မအိပ်ကြသေးဘူးဆိုရင် ညလယ်စာစားထားတော့လေ။ မနက်ကျရင် ဂူသချိုင်းထဲ ဝင်ကြရမှာ။”

ဒီတော့မှ အီဗန်လည်း သူ့ကိုယ်သူဗိုက်ဆာနေပြီဆိုတာ သတိပြုမိလိုက်တယ်။ အရင်ကတော့ ဖြစ်ခဲ့တာတွေကို စဥ်းစားမိပြီး စားဖို့သူမေ့နေခဲ့တာ။

“ထမင်းစားဆောင်က ငါတို့အထူးတန်းရဲ့နောက်တွဲမှာရှိတယ်။ သခင်မလေး ဖရာလီတာက အဲဒီကိုသွားနှင့်ပြီ။”

အယ်လိုဟင်ဆီကနေ ခွင့်ပြုချက်ရပြီးနောက်မှာတော့ နျူရေက ခုံကနေ ထလိုက်ပြီး လျှောက်လမ်းပေါ်မှာ ရပ်ပါတယ်။ ဒါမှပြတင်းပေါက်နဲ့ ကပ်လျက်မှာထိုင်နေတဲ့ အီဗန်အပြင်ထွက်လို့ရမှာမဟုတ်လား။ ဖီးလစ်လည်း ခုံကနေ ထလိုက်ပေမဲ့ အယ်လိုဟင်ကတော့ သူတို့နဲ့အတူ လိုက်စားမယ့်ပုံမပေါ်ပါဘူး။

“ဦးလေးကြီး၊ ခင်ဗျားရော ညစာမစားဘူးလား။”

ဖီးလစ်က လေသံနည်းနည်းမာတောင့်တောင့်နဲ့ မေးလိုက်တယ်။ အယ်လိုဟင်က ခေါင်းခါပြလိုက်ပြီး ထရပ်လိုက်ပါတယ်။

“ငါကတော့ တခြားရထားတွဲတွေကို ပတ်ကြည့်လိုက်ဦးမယ်။ ထိန်လင်းအဆိုအရ ပုဂံရန်ကုန်ရထားလမ်းတစ်လျှောက်ကို တော်ဝင်စစ်တပ်က အထူးကာကွယ်ပေးထားတယ်ဆိုပေမဲ့ ငါ့စိတ်ထဲ နည်းနည်းထင့်နေသလိုပဲ။”

အဲဒီနောက်တော့ အယ်လိုဟင်က သူတို့ထက်အရင် ထမင်းစားဆောင်ရှိရာအတွဲကို ဝင်သွားလိုက်တယ်။ ဒါပေမဲ့ စားသောက်ဖွယ်ရာတွေကို ကြည့်မယ့်အစား တစ်ချက်လောက်ပဲ ကြည့်ပြီးတော့ နောက်တွဲတွေဆီ ဆက်သွားပါတယ်။

နျူရေကလည်း အယ်လိုဟင်ရဲ့အပြုအမူကြောင့် မျက်နှာက ထိုင်းမှိုင်းသွားတယ်။ “နင်တို့သိလား၊ လောလောဆယ် ဒီနိုင်ငံမှာက ရထားကနေခရီးသွားတာ အလုံခြုံဆုံးပဲ။ တော်ဝင်စစ်တပ်က ရထားလမ်းတွေတစ်လျှောက် ကင်းစခန်းတွေ ချထားသလို ရထားတွေပေါ်မှာလည်း အစောင့်တပ်တွေပါတာကြောင့် ပိုးကောင်အတိုက်ခိုက်ခံရရင်တောင် ခရီးသည်တွေကို ကာကွယ်ပေးမယ့်သူရှိသေးတယ်။ ကားလမ်းအများစုမှာက ပိုးကောင်တိုက်ခိုက်ခံရရင် သေဖို့ပဲရှိတယ်။ လေကြောင်းခရီးကလည်း ပျံနိုင်တဲ့ ပိုးကောင်တွေကြောင့် မလုံခြုံတော့ဘူး။”

ဒုတိယကုန်းဘောင်က အာဆီယံမှာ အဆင့်အမြင့်ဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ နိုင်ငံက ပိုးကောင်တွေသိမ်းထားတဲ့ နယ်မြေတွေနဲ့ကပ်လျက် ရှိနေပြီးတော့ နယ်စပ်ခံစစ်ကြောင်းကိုကျော်လွန်ပြီး လှုပ်ရှားနိုင်တဲ့ ပိုးကောင်တွေကြောင့် လမ်းပေါ်က ခရီးသည်တွေ တိုက်ခိုက်ခံရတဲ့အဖြစ်မျိုး မကြာခဏ ကြုံနေရပါတယ်။

“ဒါပေမဲ့ ဘာစိတ်ပူစရာရှိလို့လဲ။ ငါတို့သုံးယောက်လုံးက စွမ်းအားကြီးမြူတန့်တွေ။ ယာယီကျောင်းအုပ်လည်း ပါနေတာပဲ။ တစ်ခုခုဖြစ်ခဲ့ရင် ရထားပေါ်ကတခြားသူတွေကိုရော ငါတို့ကိုယ်ငါတို့ပါ ကာကွယ်ပေးနိုင်မှာပါ။”

ဖီးလစ်က ပြောလိုက်တယ်။ အဲဒီနောက်တော့ သူတို့တွေက အပိုစကားတွေမပြောတော့ဘဲ ထမင်းစားဆောင်ဆီ ကူးလာကြတယ်။ ထမင်းစားဆောင်ထဲ ဝင်လိုက်တာနဲ့ သူတို့က စားပွဲခုံတစ်လုံးမှာ ထိုင်ပြီး တစ်ကိုယ်တည်းညစာစားနေတဲ့ ဖရာလီတာကို မြင်လိုက်ရတယ်။ တခြားခရီးသည်တွေလည်း ထမင်းစားဆောင်ထဲမှာရှိနေပြီး သူတို့အားလုံးက ဖရာလီတာကို မကျေမနပ်မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။ အလားတူပဲ အီဗန်တို့ဝင်လာတော့ မကြိုဆိုတဲ့အကြည့်တွေနဲ့ ကြည့်တာကို ခံလိုက်ရတယ်။

“ဘာဖြစ်နေတာလဲ... ဒီရထားပေါ်က လူတွေအားလုံးက ဖြစ်နိုင်ရင် ငါတို့ကို သတ်ချင်နေသလိုပဲ။”

သာမန်လူတွေဆီကနေ မှေးမှိန်ဖျော့တော့တဲ့ လူသတ်ချင်စိတ်ကို ခံစားမိလိုက်တဲ့အတွက်ကြောင့် အီဗန်က တခြားသူတွေကိုပြောလိုက်တယ်။ နျူရေက တစ်ခုခုကို ခန့်မှန်းမိပုံပေါ်ပြီး သက်ပြင်းချလိုက်ပေမဲ့ အီဗန်ကို ရှင်းမပြပါဘူး။ တခြားတစ်ဖက်မှာတော့ ဖရာလီတာက သူတို့ကိုသတိပြုမိသွားပြီး လက်ထဲက လက်ဖက်ရည်ခွက်ကိုချကာ သူတို့ကို လက်ယပ်ခေါ်လိုက်တယ်။

“ရထားတွဲဝမှာ ဘာရပ်လုပ်နေတာလဲ ကျောင်းသားလေးတွေ။ တခြားသူတွေကို အနှောင့်အယှက်ဖြစ်လိမ့်မယ်။ ဒီကိုလာကြ။”

ဖရာလီတာက ရင်းနှီးဖော်ရွေတဲ့လေသံနဲ့ ပြောလိုက်တဲ့အတွက် အီဗန်ကျောချမ်းသွားတယ်။ ပုံမှန်ဆိုရင် ဒီကလေးမက အထက်စီးဆန်လွန်းပြီး မောက်မာတဲ့စကားတွေပြောနေကျလေ။ အခုတော့ ရုတ်တရက်ကြီး ကျက်သရေရှိတဲ့ သူကောင်းမျိုးအမျိုးသမီးတစ်ယောက်လို ပြုမူနေပါပြီ။

“တကယ်ပဲ တစ်ခုခုဖြစ်နေတာပဲ။” အီဗန်က အသက်ရှုသံအောက်ကနေ ရေရွတ်လိုက်တယ်။

...

“အခုက ညနက်ချိန်ဆိုတော့ ကဖင်းဓာတ်များတဲ့ သောက်စရာတွေနဲ့ ဆိုဒါတွေမသောက်သင့်ဘူး။ အဲဒီအစား ဒီဆေးဖက်ဝင်လက်ဖက်ခြောက်ကို ခတ်ပြီးလက်ဖက်ရည်သောက်သင့်တယ်။”

ဖရာလီတာက အစိမ်းရောင်စက္ကူထုတ်ကလေးသုံးထုတ်ကိုဖောက်ပြီး သူတို့သုံး​ယောက်အတွက် ပြင်ဆင်ပေးထားတဲ့ လက်ဖက်ရည်ခွက်တွေထဲ ကိုယ်တိုင်ထည့်ပေးလိုက်တယ်။ အခုပြုမူတဲ့ပုံစံက ပုံမှန်ဖရာလီတာလိုမဟုတ်လို့ အီဗန်ဆိုရင် လက်ဖက်ခြောက်ထဲ အဆိပ်ခတ်ထားမလား တွေးမိတဲ့အထိပဲ။

“ပြီးတော့ မီနျူးကိုကြည့်ပြီး မှာစားချင်တာစားကြ။ စျေးကြီးတဲ့ဟာတွေစားချင်ရင်လည်း ကိစ္စမရှိဘူး။ ငါက ကျောင်းသားတွေအတွက် ရှင်းပေးမှာမလို့လေ။”

ဖရာလီတာက သူ့စကားကို အဆုံးသတ်လိုက်ပါတယ်။ အီဗန်ကလည်း ကြောက်လွန်းလို့လက်တွေတုန်နေခဲ့ပေမဲ့ မီနျူးကို လှန်ကြည့်ပြီးနောက်မှာတော့ အံ့ဩသွားပါတယ်။

“ရထားပေါ်မှာပါလာတဲ့ ခရီးသည်တိုင်းအတွက် ထမင်းတစ်ပန်းကန် အလကားပေးတာလား။”

ဖရာလီတာ​က အီဗန်ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးနောက် လက်ဖက်ရည်ခွက်ထဲကို ရေနွေးထပ်ဖြည့်လိုက်ပြီးတယ်။ ပြီးတော့မှ ရှင်းပြလိုက်တယ်။

“ဒီတိုင်းပြည်ရဲ့လယ်ကွင်းအများစုကို ဘုရင်သူရိယရာဇာက ပိုင်တာ။ တစ်နည်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းက အစိုးရပိုင်လိုဖြစ်နေပြီး တိုင်းပြည်ကိုတည်ငြိမ်စေဖို့အတွက် စျေးနည်းနည်းနဲ့ စပါးကိုရောင်းချပေးတဲ့စနစ်မျိုး ဒီမှာရှိတယ်။ နည်းနည်း ဆိုရှယ်လစ်ဆန်သလိုခံစားရပေမဲ့ ဒီနည်းလမ်းနဲ့ သူရိယရာဇာက သူ့ကို ဆန့်ကျင်မယ့်သူနည်းသွားအောင် လုပ်နိုင်စွမ်းရှိတယ်လေ။ ဒါကြောင့်လည်း ဒီဘုရင်ကို ချစ်ခင်တဲ့သူက များနေတာပေါ့။” ဖရာလီတာက သူ့စကားကို ခဏရပ်လိုက်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်တယ်။

“အဲဒီအရူးကောင်က ရုပ်ချောတယ်၊ ပညာရှိတယ်၊ စွမ်းအားလည်းရှိတယ်။ တကယ့်ကို စံပြတည်ရှိမှုမျိုးပဲ။” ပြီးတော့မှ ဆက်ပြောလိုက်တယ်။ သူ့ပုံစံက တစ်ခုခုကို သွယ်ဝိုက်ပြီး ရှင်းပြနေသလိုပဲ။

“တစ်နည်းအားဖြင့် သူသေသွားတာက ဒီနိုင်ငံအဖို့ အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုတစ်ခုပဲ။ ပြီးတော့ ငါ့အပြစ်လည်း ပါတယ်လေ။”

အီဗန်က ငတုံးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် ဖရာလီတာရဲ့သွယ်ဝိုက်တဲ့စကားတွေကို ကောင်းကောင်း နားမလည်ပါဘူး။ နျူရေကတော့ နားလည်ပုံပေါ်ပြီး သူတို့ကိုကြည့်နေတဲ့ လူတွေကြောင့် ပိုပြီးမလုံမခြုံခံစားလာရတယ်။ နောက်တော့ နျူရေက ဖုန်းကိုထုတ်လိုက်ပြီး လက်ရှိအွန်လိုင်းမှာ Trend အဖြစ်ဆုံးအရာကို ရှာလိုက်တယ်။ အဲဒီနောက် သူ့မျက်လုံးပြူးသွားပြီး အီဗန်ကိုပြောလိုက်တယ်။

“အီဗန်၊ နင့်တွစ်တာမှာတက်နေတဲ့ Trendအဖြစ်ဆုံး Hashtagကို ကြည့်လိုက်။”

အီဗန်လည်း သူ့ဖုန်းကိုထုတ်ကြည့်လိုက်တယ်။ #revengeforking က ထိပ်ဆုံးမှာရောက်နေပြီး လူစိတ်ဝင်စားမှုအများဆုံး Tweetတချို့ကိုလည်း သူမြင်လိုက်ရတယ်။ စာသားတချို့နဲ့ရန်ကုန်တိုက်ပွဲက မြင်ကွင်းတချို့ကို တွဲတင်ထားတာမျိုးပါ။

“ငါတို့မင်းကြီးသေရတာ ဒီဗြိတိသျှကောင်တွေကြောင့်ပဲ။ သူတို့က ပြည်သူတွေကိုဂရုမစိုက်ဘဲ ပိုးကောင်တွေကိုပဲ မည်းတိုက်နေခဲ့လို့ အရှင်မင်းကြီးက ရန်သူတွေကိုတိုက်ရင်း ငါတို့ကိုပါ ကာကွယ်နေခဲ့ရတယ်။ ဒီလိုအလုပ်နှစ်ခုကိုတစ်ပြိုင်တည်းလုပ်နေခဲ့လို့ သူ့ကိုယ်သူ မကာကွယ်နိုင်ခဲ့တာပဲ။”

“မင်းကြီးက သူတို့ထိန်းချုပ်မရတဲ့ အယ်ဖာတစ်ယောက်ဖြစ်နေလို့ မဟာမိတ်နဲ့ပိုးကောင်တွေ ပေါင်းပြီးလုပ်ကြံတာပဲဖြစ်ရမယ်။”

“မဟာမိတ်မှာ အရှင်မင်းကြီးအတွက် တာဝန်ရှိတယ်။”

အီဗန်က ရထားတွဲထဲက လူတွေကို ထပ်ကြည့်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအပေါ်မှာထားတဲ့ သူ့အမြင်က ပြောင်းလဲသွားတယ်။ မီးတွေထိန်ထိန်လင်းနေတဲ့ ထမင်းစားဆောင်တစ်ခုလုံးက သွေးချောင်းစီးတော့မယ့် အနံမျိုးထွက်နေပါတယ်။

“ဒီလောက်ဆို နင်တို့နားလည်ပြီလား။”

ဖရာလီတာက ပြောလိုက်တယ်။ ဘယ်လောက်တုံးတုံး အီဗန်လည်း လက်ရှိသူတို့အခြေအနေမကောင်းမှန်း သတိထားမိတယ်။

“ ဒီရထားပေါ်ကလူတွေက ဖြစ်နိုင်ရင် ငါတို့ကို အသေသတ်ချင်နေတာ။ ဒါပေမဲ့ ငါတို့က စွမ်းအားကြီးမြူတန့်တွေမလို့ ဒီအတိုင်းရပ်ကြည့်နေတာပဲ။ ဒါတောင်မှ တစ်ခုခုအလွဲအမှားဖြစ်သွားရင် သူတို့အသက်ကို အမှုမထားဘဲ ငါတို့ကိုသတ်လိမ့်မယ်။”

ဖရာလီတာရဲ့စကားနဲ့အတူ နျူရေရဲ့နားထင်ကနေ ဇောချွေးတွေစီးကျလာတယ်။

“နဂိုကတည်းက ရာစုနှစ်တစ်ခုကျော် ဗြိတိသျှကိုလိုနီဖြစ်ခဲ့ဖူးတဲ့ ဒီနိုင်ငံက ယာယီကျောင်းအုပ်ကို သိပ်ယုံကြည်ကြတာမဟုတ်ဘူး။ အခုလိုသတင်းမျိုးတွေတက်လာတော့ ပိုဆိုးသွားပြီး မဟာမိတ်အတွက် PR ကပ်ဘေးတစ်ခုဖြစ်လာတာပဲ။” အီဗန်လည်း မျက်မှောင်ကြုတ်လိုက်တယ်။ PR - Public Reputation လို့ခေါ်တဲ့ ပြည်သူကြားမှာ ဂုဏ်သတင်းကျော်ဇောမှုကို အတိုကောက်ခေါ်တာပါ။ PR Crisisကတော့ တစ်ခုခုအလွဲအမှားကြောင့် ပြည်သူတွေရဲ့အမြင်စောင်းခံရတာကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ Pepsiက ၁၉၉၂ ခုနစ် ဖီလစ်ပိုင်မှာ အဖုံးကံစမ်းမဲကိစ္စ ပြေလည်အောင်မရှင်းနိုင်လို့ PR Crisisဖြစ်လာပြီး Coca Colaက သူ့စျေးကွက်ဝေစုကို ရသွားတာမျိုးပေါ့။ အခုလည်း မဟာမိတ်က ဒီနိုင်ငံမှာ ဒီလိုအဖြစ်မျိုးကို ကြုံနေရပါပြီ။

“ဒါတွေအားလုံးက ငါလက်စားချေချင်စိတ်ကြောင့် မဆင်မခြင်တိုက်ခိုက်ခဲ့ရာကနေ ဖြစ်လာတာတွေပဲ။ တောင်းပန်ပါတယ်။”

ဖရာလီတာက ပထမဆုံးအကြိမ်အဖြစ် သူ့ကျောင်းသားတွေကို တောင်းပန်လိုက်တယ်။ နျူရေကတော့ ခေါင်းခါလိုက်ပြီး

“ယာယီကျောင်းအုပ်၊ ရှင်က နည်းပညာမြူတန့်ပဲ။ ပလက်ဖောင်းတစ်ခုလုံးက သတင်းမှားတွေကို ဖယ်ရှားတာဖြစ်ဖြစ် လုပ်လို့မရဘူးလား။”

ဖရာလီတာက ခေါင်းကိုပြင်းပြင်းခါယမ်းရင်း လက်ဖက်ရည်ခွက်ကို လက်ကနေချလိုက်တယ်။ နည်းနည်းအားပါသွားလို့ စားပွဲခုံတောင် လှုပ်ခါသွားတယ်။

“နောက်ကျသွားပြီ၊ ရန်သူက အင်တာနက်ထက်ပိုတဲ့ နည်းလမ်းတွေနဲ့ ဒီသတင်းကို ဖြန့်ခဲ့ပြီးလောက်ပြီ။”

“ရန်သူ... သွေးရိုးသားရိုးမဟုတ်ဘူးဆိုတဲ့ သဘောလား။” နျူရေက မျက်လုံးပင့်လိုက်တယ်။ ရုတ်တရက် သူတို့နားကလေထုက ပိုပြီးထိုင်းမှိုင်းလာသလိုပဲ။ တစ်ပြိုင်နက်တည်းမှာပဲ သူတို့ရှိနေတဲ့ ရထားတွဲထဲက တခြားရထားတွဲတစ်ခုက မိန်းကလေးတစ်ယောက်ဝင်လာတယ်။ ခါးအထိရှည်တဲ့ ဆံပင်အနက်ရောင်ရှိပြီး မျက်မှန်အဝိုင်းတပ်ကိုတပ်၊ ဟူဒီမီးခိုးရောင်ဝတ်ထားတဲ့ လူငယ်ပိုင်းမိန်းကလေးပါ။ အဲဒီမိန်းကလေးက သူတို့စားပွဲဝိုင်းနားကို ဖြည်းဖြည်းချင်း ကပ်လာတယ်။

...

အယ်လိုဟင်က ရထားတွဲတွေထဲက မူမမှန်မှုကို ခံစားမိနေတာ ကြာပါပြီ။ ဒါကြောင့် ရထားတွဲတွေကို လိုက်စစ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ထမင်းစားဆောင်ကို ဖြတ်လာပြီးတဲ့နောက် တခြားရထားတွဲထဲအဝင်မှာ မီးခိုးရောင်ဟူဒီနဲ့မိန်းကလေးတစ်ယောက် သူ့ဘေးက ဖြတ်သွားခဲ့ပေမဲ့ သာမန်မိန်းကလေးတစ်ယောက်ပဲ ဖြစ်တဲ့အတွက် သူသိပ်သတိမထားခဲ့ပါဘူး။ အဲဒီအစား သူက အဲဒီရထားတွေကို သာသာလေးစစ်ပြီးနောက် ရထားတွဲထဲကို ဝင်ခဲ့ပါတယ်။ ဒီတစ်ခါတော့ သူ့အကြည့်တွေက ရထားတွဲနောက်ဆုံးခုံမှာထိုင်နေတဲ့ စုံတွဲနှစ်ယောက်ဆီ အကြည့်ကရောက်သွားတယ်။

“မင်းတို့က....”

သူ့ရဲ့စကားသံကြောင့် စုံတွဲနှစ်​ယောက်က ခေါင်းမော့ ကြည့်လိုက်တယ်။ အမျိုးသမီးက သူ့ကိုပြုံးပြလိုက်ပါတယ်။ ပြီးတော့ အဲဒီအမျိုးသမီးမှာ ရင်းနှီးနေတဲ့ ပြောင်လက်နေအောင် ဖယောင်းတိုက်ထားတဲ့ ဂုတ်ဝဲဆံပင်ကေ အနက်ရောင်ဆံပင်ပါးပါးရှိတယ်။ အဲဒီမိန်းကလေးဘေးမှာ ထိုင်နေတဲ့သူကတော့ သားရေဂျက်ကပ်အညိုကြီးဝတ်ထားတဲ့ ထိုင်းအအလူပါ။

“အိုး၊ ရှင်သတိပြုမိသားပဲ။ ထားပါ၊ ကျွန်မကလည်း သိပ်မှရုပ်မဖျက်ထားပါ။ ရှင်တွေးတာမှန်ပါတယ်... ကျွန်မတို့က အိုလီနဲ့ဂျက်စပါအတွဲပါရှင့်။”

အိုလီက စကားကို ပေါ့ပေါ့ပါးပါးပုံစံနဲ့ပြောလိုက်ပေမဲ့ အယ်လိုဟင်ကတော့ မျက်လုံးပြူးသွားပြီး သူ့လက်က ခါးမှာချိတ်ထားတဲ့ သေနတ်ဆီရောက်သွားတယ်။ ဒါပေမဲ့ ဂျက်စပါက လက်ကိုတစ်ချက်လှုပ်လိုက်တာနဲ့ သစ်ကိုင်းတစ်ခု သူ့လက်ကနေရှည်ထွက်လာပြီး အယ်လိုဟင်ရဲ့ပခုံးကို ထိုးဖောက်သွားတယ်။ အယ်လိုဟင်လည်း နာကျင်မှုကြောင့် လျှောက်လမ်းပေါ်မှာ ဒူးထောက်ကျသွားတော့တာပေါ့။

“လက်လျှော့လိုက်တော့... ရှင်ဘာပဲလုပ်လုပ် နောက်ကျသွားပြီ။ အားလုံးက အစီအစဥ်အတိုင်းဖြစ်နေပြီ။” ဂျက်စပါနဲ့အိုလီက ထိုင်ခုံတွေကနေ အသီးသီးထလိုက်တယ်။ အိုလီက အယ်လိုဟင်နားလျှောက်လာပြီး ဒေါက်ဖိနပ်နဲ့ အယ်လိုဟင်ရဲ့ပေါင်ကို နင်းထားလိုက်တယ်။

“အာဆီယံစစ်ဒေသကို မသိမ်းနိုင်သေးဘဲ ကျွန်မတို့က ဒီအတိုင်းလှည့်ထွက်သွားမယ်လို့ ရှင်ထင်နေတာလား။ အကြမ်းနည်းနဲ့မရရင် အနုနည်းနဲ့သိမ်းဖို့ကြံရမှာပေါ့။”

...

လက်ရှိအခြေအနေကြောင့် အီဗန်တို့သုံးယောက်လုံး မီနျူးကိုကိုင်ထားပေမဲ့ စားစရာမှာဖို့အတွက် မေ့နေကြပါတယ်။ အဲဒီအချိန်မှာပဲ မီးခိုးရောင်ဟူဒီနဲ့မိန်းကလေးက ဖရာလီတာတို့ခုံနားမှာ ရပ်လိုက်တယ်။ မိန်းကလေးက ဘောင်းဘီအိတ်ထဲကို လက်နှိုက်ထားပေမဲ့ အီဗန်က အရှိန်အဝါကနေတစ်ဆင့် သာမန်လူသားတစ်ယောက်မှန်းသိနေတဲ့အတွက် သိပ်ပြီး ဂရုမစိုက်ဖြစ်ခဲ့ဘူး။ ဒါပေမဲ့...

“သေစမ်း၊ နယ်ချဲ့ကောင်မ....” မိန်းကလေးက သူ့ဘောင်းဘီအိတ်ထဲကနေ လက်ကိုင်ခေါက်ဓားတစ်လက်ကိုထုတ်ပြီး ဖရာလီတာရဲ့လည်ပင်းကို ဦးတည်တိုက်ခိုက်လိုက်တယ်။ ရုတ်တရက်ဆိုပေမဲ့ ဖရာလီတာက တိုက်ပွဲတွေနဲ့အသားကျပြီးသား ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အလိုလျှောက်ပဲ သတ္တုလက်အိတ်ဝတ်ထားတဲ့ လက်ကိုမြှောက်ပြီး သူ့ကိုယ်သူခုခံလိုက်ပါတယ်။

ကလန်...

လက်အိတ်က ဇက်သတ္တုဖြစ်တဲ့အတွက်ကြောင့် ခေါင်ဓားကျိူးသွားပြီး အသွားက နောက်ပြန်လွင့်သွားတယ်။ ပြီးတဲ့နောက်တော့ အသွားက မိန်းကလေးရဲ့နှလုံးရှိရာနေရာကို စိုက်ဝင်သွားပြီး လဲကျသွားတော့တယ်။

“နယ်ချဲ့အင်္ဂလိပ်တွေ လူမြင်ကွင်းမှာ လူသတ်နေပြီဟေ့။” ရုတ်တရက် အခန်းထဲက တစ်ယောက်ယောက်က စအော်တယ်။ အဲဒီနောက် ရထားတွဲတစ်ခုလုံး ရုန်းရင်းဆန်ခတ်စဖြစ်တော့တာပဲ။

All Chapters