← Chapters

အိပ်မက်မက်မနေနဲ့

Vol. 11 Ch. 19

အိပ်မက်မက်မနေနဲ့

Vol. 11 Ch. 19

မကြာခင်မှာပဲ ဖရာလီတာနဲ့ဂျက်စပါက ရထားအပြင်ကို ရောက်လာကြတယ်။ သူတို့နှစ်ယောက်ကြောင့် ထိခိုက်မိသူတွေရှိပေမဲ့ ဖရာလီတာက အလင်းဒိုင်းကိုသုံးပြီး လမ်းမှာပိတ်နေသူတချို့ကို ရိုက်ထုတ်ခဲ့တာကြောင့် အသက်အန္တရာယ်ရှိလောက်တဲ့အထိ ထိခိုက်မိသွားသူ မရှိသလောက်ပါပဲ။

“အိုလီကို နာကျင်အောင်လုပ်တဲ့သူကို ခွင့်မလွှတ်ဘူး။”

ဂျက်စပါက သူ့လက်သီးနှစ်ဖက်ကို အချင်းချင်းထိုးလိုက်ရင်း ပြောလိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အနီရောင်သစ်ခေါက်တွေက ဖုံးလွှမ်းသွားခဲ့ပေမဲ့ သစ်ကိုင်းပိုးကောင်အပြည့်တော့ ဖြစ်မသွားပါဘူး။ ရထားပေါ်မှာရှိနေတဲ့ အိုလီကလည်း အဲဒီမြင်ကွင်းကိုကြည့်ရင်း ဂျက်စပါကို ဖလိုင်းကစ်ပေးလိုက်တယ်။

“ဒါပဲဒါလင်၊ ပုံစံအပြည့်ပြောင်းထားရင် မြန်လွန်းတဲ့သူ့ကို ရှင်နိုင်မှာမဟုတ်ဘူး။ အဲဒီပုံစံနဲ့ သူမသေမချင်းသာချ။”

“သေစမ်း....” ဂျက်စပါက သူ့ညာလက်သီးကိုဆုပ်ပြီး ဖရာလီတာရဲ့ဝတ်စုံစွမ်းအင်ဗဟိုချက်ကို ထိုးချတယ်။ ဖရာလီတာကလည်း အလင်းဒြပ်စင်ဓားကိုဖန်တီးပြီး လက်သီးချက်ကို လမ်းလွှဲလိုက်တယ်။

ဘုန်း...

လေထုပေါက်ကွဲသံနဲ့အတူ သူတို့နောက်မှာရှိနေတဲ့ စပါးခင်းထဲက ရွှေရောင်ဝင်းဝင်းစပါးနှံတွေ လေထုထဲကို မြောက်တက်ပျက်စီးကုန်ပါတယ်။

“ပိုးကောင်ဆိုတဲ့အတိုင်းပဲ သီးနှံတွေကိုဖျက်ဆီးဖို့ အားသန်လိုက်တာ။ တကယ့်ကို စိတ်အနှောင့်အယှက် ဖြစ်စရာပဲ။”

ဖရာလီတာက ခပ်ရွဲ့ရွဲ့ပြောလိုက်ရင်း အလင်းဗုံးသေနတ်ကိုထုတ် ဂျက်စပါရဲ့ရင်ဝကိုချိန်ကာ အနီးကပ်ပစ်ခတ်လိုက်တယ်။

ဘုန်း... ဘုန်း... ဘုန်း...

သေနတ်ကိုသုံးချက်ဆင့်ပစ်ခဲ့တာကြောင့် ဂျက်စပါ ပေါက်ကွဲမှုအရှိန်နဲ့နောက်ကိုဆုတ်သွားရတယ်။ အနီရောင် သစ်ခေါက်တွေက ပုံမှန်ထက်ပိုမာတာကြောင့် ပွန်းပဲ့ရာတချို့ပဲဖြစ်သွားခဲ့ပေမဲ့ ဖရာလီတာလိုအပ်နေတာကလည်း ဒီလိုအခွင့်အရေးမျိုးပါပဲ။

“နင့်ကို အပိုင်းပိုင်းဖြတ်ပြီး ထင်းစိုက်ပစ်မယ်။” ဖရာလီတာက အလင်းဓားထဲကို စွမ်းအားတွေပိုပြီး ထည့်လိုက်တယ်။ အလင်းဓားက နှစ်ဆကျော်လောက် ပိုရှည်၊ ပိုထူထဲလာပြီး ဂျက်စပါရဲ့ညာဖက်ပခုံးကို လျပ်တပြတ်ပိုင်းချနိုင်လေရဲ့။

“ဂါး....” ဂျက်စပါဆီကနေ နာကျင်စွာညည်းညူသံ ထွက်လာတယ်။ ဖရာလီတာရဲ့အလင်းဓား​​က သူ့ပခုံးထဲ သုံးလက်မလောက်စိုက်ဝင်နေတာကို မြင်နိုင်ပါတယ်။ ဒါပေမဲ့ သေစေနိုင်လောက်အောင်တော့ မဟုတ်ဘူး။

“မင်းကို အမှုန့်ခြေပစ်မယ်။” ဂျက်စပါက အလင်းဓားကို ညာလက်နဲ့ဆုပ်ကိုင်ချေမွပစ်ပြီး ဘယ်ပင့်လက်သီးနဲ့ ဖရာလီတာရဲ့ရင်ဝကိုထိုးတယ်။ ဖရာလီတာကလည်း ဝါးဖရိန်ကို ကျင်ကျင်လည်လည်ထိန်းချုပ်ပြီး နောက်ကို ကျွမ်းထိုးခုန်ရှောင်လိုက်တယ်။ အဲဒီနောက်တော့ အလင်းဗုံးလောင်ချာနဲ့ချိန်ပြီး ဝျက်စပါကိုအလင်းဗုံးတွေနဲ့ ဆက်တိုက်ပစ်ခတ်လိုက်တယ်။

ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...

အလင်းဗုံးဒါဇင်နဲ့ချီပေါက်ကွဲသွားပြီး ဂျက်စပါရပ်နေတဲ့နေရာက ချိုင့်ခွက်ကြီးဖြစ်သွားတဲ့အထိ ဖရာလီတာက မရပ်ခဲ့ပါဘူး။ သူတို့နှစ်ယောက်ကြားမှာ အနက်ရောင် မီးခိုးမြူတွေက ကန့်လန့်ကာတစ်ခုလိုခြားထားပြီ။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မီးခိုးတိမ်တိုက်တွေကြားကနေ အက်ကွဲနေတဲ့ သစ်ခေါက်ခန္ဓာနဲ့ဂျက်စပါက အသံမြန်နှုန်းရှစ်ဆကို ချိုးဖောက်ပြီးထွက်လာတယ်။

ဘောင်း.....

လေထုပေါက်ကွဲရာကနေဖြစ်လာတဲ့ လှိုင်းတွေက ရထားလမ်းမကြီးဘေးမှာရှိနေတဲ့ စပါးခင်းဧက ရာထောင်ချီကို ဖျက်ဆီးပစ်လိုက်တယ်။ ရထားလမ်းတွေလည်း ကွေးညွတ်ကုန်ပြီး အရှိန်ကုန်ကာ ရပ်နေပြီဖြစ်တဲ့ ရထားကြီးလည်း သက်ရောက်လှိုင်းတွေကြောင့် အဆက်မပြတ်လှုပ်ခါနေပါတယ်။

“ပိုးကောင်တွေလာတိုက်နေပြီ၊ ပြေးကြ။ ပြေးကြ။”

ရထားပေါ်မှာရှိနေတဲ့ လူအုပ်ကြီးလည်း ဖရာလီတာတို့အုပ်စုကို ဒေါသမထွက်နိုင်တော့ဘဲ ရထားပေါ်ကနေ ဆင်းပြေးပြီး ဘေးလွတ်ရာကိုပြေးဖို့ ပြင်ရတော့တာပေါ့။

“မဖြစ်နိုင်တာ....” ဖရာလီတာက သူ့လက်ကိုသူ ပြန်ငုံကြည့်လိုက်တယ်။ ဝါးဖရိန်ရဲ့ညာဖက်လက်က လက်ကောက်ဝတ်ကနေစ အက်ကွဲနေပြီးတော့ ဗုံးလောင်ချာက ကောက်ကွေးနေပါပြီ။

“ဧကရာဇ်ရွှေချပ်ဝတ်ကို ဖျက်ဆီးနိုင်တဲ့သူက ယင်ကောင်ပဲရှိမယ်လို့ထင်ထားတာ။ ဆင့်ကဲပြောင်းလဲပြီးတဲ့ ပိုးကောင်တွေက တကယ့်ကို တခြားအဆင့်မှာပဲ။”

ဖရာလီတာက တစ်ကိုယ်တော်တွေးလိုက်ရင်း ဂျက်အင်ဂျင်တွေရဲ့အရှိန်ကိုမြှင့်ကာ အသံမြန်နှုန်းကို ချိုးဖောက်လိုက်တယ်။ ဒါပေမဲ့ တိုက်စစ်ပြန်စဖို့အတွက်မဟုတ်ဘဲ အသာစီးရလာနေပြီဖြစ်တဲ့ သစ်ကိုင်းပိုးကောင်ရဲ့ နောက်ထပ်ထိုးချက်ကန်ချက်တွေကနေ ရှောင်ဖို့ပါ။

“ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် မလွယ်ဘူး။ ဒီကောင်ကို တကယ်ဒဏ်ရာရအောင်လုပ်နိုင်တာဆိုလို့ Dragon Blastပဲရှိတယ်။ ဒါပေမဲ့ အခုလိုမျိုး မြန်မြန်ဆန်ဆန်လှုပ်ရှားနေရင် ငါသူ့ကို ထိအောင်ပစ်လို့မရဘူး။”

Dragon Blastနဲ့ပစ်နိုင်တဲ့ အခွင့်အလမ်းမျိုးသာပေါ်လာရင် ဖရာလီတာအနေနဲ့ သစ်ကိုင်းပိုးကောင်ကို အနိုင်ရနိုင်တယ်လို့ ယုံကြည်ချက်ရှိပါတယ်။ လက်ရှိသူ့မှာ ထောက်ပံရေးအနေနဲ့ ဂြိုဟ်တုဂိုင်ယာရှိနေတာကြောင့် စွမ်းအင်ကုန်သွားမှာ သိပ်မစိုးရိမ်ပါဘူး။ နည်းနည်းစွန့်စားရရင်တောင် ဂျက်စပါလို စွမ်းအားကြီး ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ကိုသတ်ဖို့အတွက်က တန်ပါတယ်။

“ဒီကောင် အကောင်ကြီးပြောင်းထားရင်တော့ အခွင့်အရေးရနိုင်တယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလိုဖြစ်အောင် သူ့ကိုဖိအားပေးနိုင်ဖို့လိုတယ်။”

ပိုးကောင်ဗိုလ်ချုပ်တွေက သူတို့ရဲ့ပုံစံပြည့်ကိုပြောင်းထားရင် တိုက်ခိုက်နိုင်စွမ်းနဲ့ ခံနိုင်ရည်မြင့်လာပါတယ်။ တစ်ဖက်မှာလည်း အားနည်းချက်အနေနဲ့ အရွယ်အစားကြီးတာကြောင့် ရန်သူ့တိုက်ကွက်တွေကို ခံရနိုင်ခြေများပါတယ်။ ဒါကြောင့် သူတို့တွေက အခြေအနေပေါ်မူတည်ပြီး ပုံစံတစ်ဝက်နဲ့အပြည့်ကို အလဲအလှယ်ပြုလုပ်သုံးပါတယ်။

“လောလောဆယ် ငါ့ရဲ့စွမ်းအားက သူ့ကိုဖိအားပေးနိုင်လောက်အောင် မရှိဘူးဖြစ်နေတယ်။”

ဖရာလီတာက တွေးလိုက်တယ်။ ပိုးကောင်ဗိုလ်ချုပ်တွေကို ပုံစံအပြည့်ပြောင်းစေဖို့ နည်းလမ်းက ရိုးရှင်းပါတယ်။ သူတို့ရဲ့ပုံစံတစ်ဝက်မှာ မခံနိုင်တဲ့ တိုက်ကွက်မျိုးကိုဖန်တီးပြီး ဖိအားပေးဖို့ပါ။ ဒါပေမဲ့ လက်ရှိမှာ ဖရာလီတာက သူကိုယ်တိုင်တောင် ဂျက်စပါလက်အောက်မကျအောင် ကြိုးစားနေရပြီး ဖိအားပေးဖို့ဆိုတာ အဝေးကြီးမှာဖြစ်နေပါတယ်။

“ဒီတော့ သူကိုယ်တိုင်ကို ဖိအားပေးဖို့မဖြစ်နိုင်ရင် လုပ်ဖို့ကျန်တဲ့ နည်းလမ်းတစ်ခုက။”

ဖရာလီတာက ရုတ်တရက်ပြုံးလိုက်ပြီး အလင်းစွမ်းအင် ဓားများစွာကို လေထုထဲပစ်လွှတ်လိုက်တယ်။ ဒီဓားတွေက ဂျက်စပါကိုထိခိုက်အောင်လုပ်ဖို့မဟုတ်ဘဲ နှောင့်နှေးအောင်လုပ်ဖို့ပါ။ ဂျက်စပါတစ်ယောက် အဲဒီ အလင်းဓားတွေကိုရှောင်ရင်း အလုပ်ရှုပ်နေချိန်မှာပဲ ဖရာလီတာက လမ်း​ကြောင်းပြောင်းပြီး ရထားဆီကို ပြန်ပြေးတယ်။

“ဂျက်စပါက နင့်ကိုကာကွယ်ဖို့လိုမယ်ဆိုရင် ပုံစံအပြည့်ပြောင်းမှာပဲ။ နင့်ကိုယ်နင် မကာကွယ်နိုင်သေးဘဲ ငါ့ကိုရန်စတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်တော့။”

ဖရာလီတာက ကြွေးကြော်လိုက်ပြီး ဝါးဖရိန်ထဲက အဓိကခလုတ်တစ်ခုကိုနှိပ်လိုက်တယ်။ ဝါးဖရိန်ရဲ့ရင်ဘက်က ပွင့်လာပြီး စွမ်းအင်ဗဟိုချက်က မြင်ကွင်းမှာထွက်ပေါ်လာတယ်။ နောက်တော့ ရွှေအိုရောင်အလင်းတန်းကို စပြီးထုတ်လွှတ်တယ်။

“နင့်မှာထွက်ပြေးဖို့အင်အားမရှိတော့ဘူးမဟုတ်လား၊ အိုလီ။”

[Ultimate Skill: Dragon Blast]

တစ်ဖက်မှာတော့ အိုလီက ရွှေအိုရောင်အလင်းတန်းကို တည်တည်ငြိမ်ငြိမ်နဲဲ့ ကြည့်နေခဲ့ပါတယ်။ စိုးရိမ်စရာမရှိတဲ့အလားပါပဲ။ သူက ပြုံးလိုက်ပြီးတော့

“တကယ်ပဲ ဗျူဟာအဟောင်းတွေက ငါ့အပေါ်အလုပ်ဖြစ်မယ် ထင်နေတာလား။” လို့ပြောလိုက်တယ်။

ဝှစ်....

ရွှေအိုရောင်အလင်း အိုလီပေါ်ကိုမကျလာခင်မှာပဲ ဂျက်စပါက အိုလီနဲ့ဖရာလီတာကြား ဝင်ရပ်လိုက်ပြီး သူ့ညာလက်ကို ထောင်လိုက်တယ်။ သူ့ညာလက် တံတောင်ဆစ်ကနေ အစိမ်းရောင်သစ်ရွက်ကြီးတစ်ရွက် ကြီးထွားလာပြီး အိုလီနဲ့သူ့ကိုယ်သူဖုံးအုပ်လိုက်တယ်။ ရွှေအိုရောင်အလင်းတန်းက သူတို့နှစ်ယောက်ကို ထိသွားပေမဲ့ အလင်းတန်းရဲ့အားအများစုက သစ်ရွက်ကြောင့် ပြန်ကန်ထွက်လာပြီး ကောင်းကင်ပေါ် ရောက်သွားတယ်။

“ဘာ...” ဖရာလီတာက သူ့ရှေ့ကမြင်ကွင်းကို မယုံနိုင်စွာနဲ ကြည့်နေမိတယ်။ ဂျက်စပါ ဆင့်ကဲပြောင်းလဲသွားမှန်းသိပေမဲ့ အခုလိုခံစစ်ဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့မထင်ပါဘူး။

အိုလီကတော့ တပြုံးပြုံးနဲ့ဂျက်စပါရဲ့လည်ပင်းကို သိုင်းဖက်ပြီး ပြောလိုက်တယ်။

“ဂျက်စပါက ဆင့်ကဲပြောင်းလဲပြီးတာ သိပ်မကြာသေးလို့ သူ့စွမ်းအားအသစ်တွေနဲ့ အသားမကျသေးဘူး။ ဒါပေမဲ့ သူ့ဘေးနားမှာ ငါရှိတယ်လေ။ ငါ့ဦးနောက်ထဲမှာ အချက်အလက်တွေနဲ့ပြည့်နေတာ။ သူ့ကို ဒီလိုအရာမျိုး သင်ပေးဖို့ဆိုတာ အလွယ်လေးရယ်။ ဒီတော့ ဒို့နှစ်ယောက်ရဲ့အချစ်ခရီးမှာ ဝင်မရှုပ်တော့ဘဲ ပျောက်ကွယ်သွားလိုက်တော့။”

အိုလီက ဂျက်စပါအတွက် အနှောင့်အယှက်မဖြစ်စေဖို့ ဖက်ထားတဲ့ လက်တွေကိုလွှတ်ပေးလိုက်တယ်။ ဂျက်စပါကတော့ စပြီးတိုက်ခိုက်လို့ရတာနဲ့ သူ့လက်တွေကို ဝေ့ယမ်းပြီး ဖရာလီတာဆီကို ပြေးဝင်သွားပါတယ်။

“ငါ့ရဲ့ဂျက်စပါက နင်ထင်သလို ငါ့ကိုဖိအားပေးတာနဲ့ နင့်စိတ်ကြိုက် ပုံစံပြောင်းမယ်လို့ထင်နေတာလား။ အိပ်မက်မက်နေတာ ရပ်လိုက်တော့။”

အိုလီက ဖရာလီတာကို လှောင်ရယ်ရင်းကနေ ပြောနေပါတယ်။ ဒါပေမဲ့ တစ်ခဏအကြာမှာပဲ သူရယ်တာရပ်သွားတယ်။ နောက်ကျောကနေတစ်ဆင့် သူ့ခန္ဓာကိုယ်ထဲကို တစ်ခုခုတိုးဝင်လာတာ ခံစားမိလိုက်ပြီး ငုံကြည့်လိုက်တော့ သူ့ရင်ဘက်ကနေ အပြာရောင်အလင်းတချို့ ဖြာထွက်နေတာကို သတိထားမိလိုက်တယ်။

“ငါက မင်းနောက်မှာရပ်နေပြီး ဘာမှမလုပ်နိုင်ဘူးလို့ ထင်နေရင်လည်း အိပ်မက်မက်နေတာ ရပ်လိုက်တော့။”

အိုလီက အက်ကွဲနေတဲ့ အယ်လိုဟင်ရဲ့စကားသံကို ကြားလိုက်ရတယ်။ သူနောက်ကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်တော့ အယ်လိုဟင်ရဲ့လက်မောင်းက သူ့နောက်ကျောကို ဖောက်ဝင်နေပြီး အယ်လိုဟင်ရဲ့ဘယ်ဘက်ရင်က ပွင့်နေပြီး အတွင်းမှာ ဗလာဖြစ်နေတာကို တွေ့ရတယ်။

“ရှင့်... ရှင့်ရဲ့စွမ်းအင်ဗဟိုချက်ကို... ကျွန်မကိုယ်ထဲ ထည့်လိုက်တာလား။”

“ပမာဏက သေးငယ်တယ်ဆိုပေမဲ့ ဒီစွမ်းအင်ဗဟိုချက်က နျူကလီးယားပေါင်းစပ်စွမ်းအင် နည်းပညာကို အခြေခံထားတာ။ မင်းခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားမယ်ဆိုရင် ဆဲလ်တွေအထိထိခိုက်ပြီး အမှုန့်ဖြစ်သွားမှာပဲ။”

အယ်လိုဟင်က သူ့စကားကို အဆုံးသတ်လိုက်တယ်။ စွမ်းအင်ဗဟိုချက်မရှိတဲ့ ဆိုက်ဘော့တစ်ယောက်အနေနဲ့ သူ အဲဒီနောက်တော့ အကြာကြီးအသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် ခပ်မြန်မြန်ပဲ လုပ်စရာရှိတာ ဆက်လုပ်တယ်။ သူက စွမ်းအင်ဗဟိုချက်ရဲ့တည်ငြိမ်မှုကို လျော့နည်းသွားစေဖို့အတွက် လက်နဲ့အားကုန်ညှစ်ချလိုက်ပြီး ဗဟိုချက်ရဲ့တည်ဆောက်ပုံကို ကွေးညွတ်လိုက်တယ်။

“ငါမသေချင်သေးဘူး.....” အိုလီရဲ့ထိတ်လန့်တကြား အော်ဟစ်သံကို လူတိုင်းကြားလိုက်ရပြီးနောက် အပြာရောင် အလင်းတန်းတွေက ကောင်းကင်အနှံကို လွှမ်းခြုံသွားတယ်။ ဖရာလီတာနဲ့ဂျက်စပါတို့ မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကောင်းကင်မှာမှိုပွင့်သဏ္ဍာန် တိမ်တိုက်တစ်ခုရှိနေပြီး ရထားတွဲဆိုင်းတွေ ရှိမနေတော့ပါဘူး။ မီတာသုံးရာ ပတ်ပတ်လည်မှာ အနက်ရောင်အရာကြီးတစ်ခုပဲ မြေပေါ်မှာ ကျန်နေခဲ့တယ်။ အယ်လိုဟင်ကို မတွေ့ရတော့သလို အိုလီကိုလည်း မတွေ့ရတော့ဘူး။

“ဘာ....”

ဖရာလီတာက ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကို မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါပေမဲ့ စက္ကန့်ပိုင်းအကြာမှာပဲ သူ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာတယ်။

‘ငါက နင့်ကိုလာကယ်တာလေ။ ဘာလို့ ကိုယ့်ကိုယ်ကိုယ် သေတွင်းထဲ တွန်းပို့ရတာလဲ။' သူဒီလိုတွေးလိုက်ပြီးနောက်မှာတော့ အံ့ကိုကြိတ်ထားလိုက်မိတယ်။

တခြားတစ်ဖက်မှာတော့ သစ်ကိုင်းပိုးကောင် ဂျက်စပါရဲ့ကိုယ်ပေါ်က သစ်ခေါက်တွေအားလုံး ပျောက်ကွယ်သွားတယ်။ သူက အနက်ရောင်မြေကြီးတွေနဲ့ပြည့်နေတဲ့ နေရာအလယ်တည့်တည့်ဆီကို လျှောက်သွားပြီး မြေကြီးတွေကို လက်နဲ့ကျုံးစုနေတယ်။ ပါးစပ်ကနေလည်း အိုလီရဲ့နာမည်ကို ရေရွတ်လို့။ သူ့လေသံမှာ ဝမ်းနည်းမှုတွေပါဝင်ပေမဲ့ တဖြည်းဖြည်း ပိုကြမ်းတမ်းလာနေတယ်။

“သူ့ရဲ့တိုက်ခိုက်လိုစိတ်ကို ဖြစ်စေတဲ့အရာကို ဆုံးရှုံးလိုက်ရတော့ အရူးတစ်ပိုင်းဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ခုခံဖို့တောင် မေ့သွားတာပဲ။ ဒါပေမဲ့...”

ဖရာလီတာက ဂျက်စပါရဲ့နောက်မှာရပ်လိုက်တယ်။ ဝါးဖရိန်ရဲ့လက်မှာတော့ ဖန်တီးဖူးသမျှထဲမှာ အကြီးတကာ့အကြီးဆုံး အလင်းဓားရှိနေပါတယ်။

“ဒီအခြေအနေက ကြာကြာခံမှာမဟုတ်ဘူး။”

လက်ရှိအချိန် သစ်ကိုင်းပိုးကောင်က ကြောင်အနေခဲ့ပေမဲ့ မကြာခင်ဒေါသထွက်လာပြီး ပိုကြမ်းတမ်းလာတော့မှာကို ဖရာလီတာသိပါတယ်။ ဒါကြောင့် အယ်လိုဟင်အသက်နဲ့ရင်းပြီး ဖန်တီးပေးခဲ့တဲ့ အခွင့်အရေးကို လက်မလွတ်နိုင်ခဲ့ပါဘူး။

ရွှတ်....

ဖရာလီတာက ဓားကိုလွှဲလိုက်တယ်။ အလင်းဓားက ဂျက်စပါရဲ့အကာအကွယ်မဲ့ခန္ဓာကို ဖြတ်ပြီးနောက်မှာ မြေကြီးတွေကို အရူးတစ်ယောက်လိုဆုပ်ကိုင်ထားခဲ့တဲ့ ဂျက်စပါရဲ့လက်တွေ လှုပ်ရှားမှုရပ်တန့်သွားခဲ့တယ်။

“ပြိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ခဲ့တာပဲ၊ နှုတ်ဆက်ပါတယ်။”

ဖရာလီတာက ပြာပုံကြီးအလယ်မှာ ထိုင်လျက်တောင့်တောင့်ကြီးရှိနေတဲ့ ဂျက်စပါရဲ့ကိုယ်ကို ကျောခိုင်းလိုက်တယ်။ သူ့တစ်ကိုယ်လုံးမှာရှိနေသမျှ ခွန်အားတွေအားလုံး ဆုံးရှုံးသွားသလို ခံစားနေရတယ်။

“ငါက... တကယ့်ကို အသုံးမကျတဲ့ အမှိုက်ပဲ။”

ဖရာလီတာရဲ့မျက်လုံးထဲက အလင်းရောင်တွေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။

...

“ဒီနေရာပဲ။” နျူရေက မြေပုံကို ကြည့်လိုက်ရင်း ပြောလိုက်တယ်။ ထိန်လင်းပြောလိုက်သလိုပဲ ဒီနေရာက ပုဂံမြို့ဟောင်းနယ်ထဲမှာပါပေမဲ့ သီးသန့်ကွဲထွက်နေပါတယ်။ သူတို့ရှေ့မှာရှိနေတဲ့အရာက ပြိုပျက်ကျနေပြီးသား စေတီတစ်ဆူရဲ့အုတ်ပုံနဲ့အုတ်ပုံပေါ်မှာပေါက်နေတဲ့ ဧရာမညောင်ပင်ကြီးတစ်ခုသက်သက်ပါပဲ။ ပြီးတော့ ရွှေရောင်သတ္တုတံခါးတစ်ခုက ဝင်ပေါက်ကိုပိတ်ထားတယ်။

“သတ္တုတံခါးက အသစ်ပဲ။ နောက်မှဖြည့်တပ်ထားတာထင်တယ်။ သော့တော့လိုမယ်ထင်တယ်။” နျူရေက အီဗန်နဲ့ဖီးလစ်တို့ကို ပြောလိုက်ရင်း တံခါးကို စစူးစမ်းတယ်။ တံခါးရဲ့လက်ကိုင်နေရာမှာ လေးထောင့်တုံးပုံအရာလေးတစ်ခုရှိပေမဲ့ သမရိုးကျ သော့တော့ဟုတ်ပုံမပေါ်ပါဘူး။

ဘုတ်...

ရုတ်တရက် လေးပင်တဲ့အရာတစ်ခု ပြုတ်ကျတဲ့အသံကြောင့် သူတို့နောက်ကို လှည့်ကြည့်လိုက်တယ်။ ရင်းနှီးနေတဲ့ အနက်ရောင်ဝါးဖရိန်ကြီးက သူတို့နောက်မှာရပ်နေပြီး မကြာခင်မှာပဲ တံခါးပွင့်လာကာ ဗလာဟင်းလင်းမျက်လုံးတွေနဲ့ ဖရာလီတာဆင်းလာတယ်။

“ယာယီကျောင်းအုပ်ပြန်ရောက်လာပြီလား၊ အယ်လိုဟင်ရော။”

နျူရေက ပျော်ရွှင်စွာနဲ့ ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မေးလိုက်တယ်။ အယ်ဖာအဆင့်တွေရဲ့တိုက်ပွဲကနေ ပြန်လာတယ်ဆိုကတည်းက ဖရာလီတာဟာ အောင်မြင်စွာနဲ့ အခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် နျူရေက အပျော်လွန်သွားခဲ့တာ။ ဒါပေမဲ့ ဖရာလီတာက မြေမြင်ကိုသာ ငုံကြည့်နေခဲ့ပြီး နျူရေဘေးနားကနေ ဖြတ်သွားတယ်။ ပြီးမှ အသက်ရှုသံအောက်ကနေ ပြောလိုက်တယ်။

“သူမရှိတော့ဘူး...”

နျူရေလည်း အဲဒီစကားကြောင့် အ​ခြေအနေကို နားမလည်နိုင်လောက်အောင်ဖြစ်သွားပြီး ဖရာလီတာကို မယုံနိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။

“ဒါပေမဲ့ ယာယီကျောင်းအုပ်က....” နျူရေက ဖရာလီတာကို တစ်ခုခုပြောချင်ပေမဲ့ ဖရာလီတာက စကားမပြောတော့ဘဲ သူရိယရာဇာဆီကနေ ရလာတဲ့ လက်စွပ်ကိုထုတ်ပြီး ရွှေရောင်တံခါးမှာတပ်လိုက်တယ်။

ကျွီ....

နောက်တော့ ကျယ်လောင်တဲ့အသံနဲ့အတူ တံခါးပွင့်လာပြီး ဖရာလီတာက ပေါ်လာတဲ့ လျှောက်လမ်းအတိုင်း လျှောက်ဝင်သွားတော့တယ်။

All Chapters