မဟပ်လို့မဖြစ်တဲ့ ငါးစာ
Vol. 11 Ch. 18
“ သူတို့က သာမန်ပြည်သူတွေပဲ။ မြူတန့်စွမ်းအားသုံးပြီး ပြန်မတိုက်နဲ့။”
ဖရာလီတာက သူ့ကိုဖမ်းချုပ်ဖို့ရောက်လာတဲ့ ခရီးသည် တစ်ယောက်ကို နည်းပညာလက်အိတ်နဲ့ဂုတ်ကိုဆွဲပြီး ကိုင်ပေါက်ရင်းကနေ ပြောလိုက်ပါတယ်။ ဒီတော့မှ တိုက်ခိုက်လာတဲ့ ခရီးသည်တွေကို မီးနဲ့ပစ်ဖို့လုပ်နေတဲ့ ဖီးလစ်လည်း မီးကိုပြန်သိမ်းလိုက်ပြီး လက်နက်မဲ့ သိုင်းပညာနဲ့ပဲ ပြန်ခုခံလိုက်တယ်။
နျူရေကတော့ တိုက်ခိုက်လာသူတွေဆီကနေ ရှောင်ရှားရင်းက သူတို့ကို ဗီဒီယိုရိုက်နေတဲ့ လူတစ်ယောက်ကို ရှာတွေ့သွားတယ်။ အဲဒီလူက အနက်ရောင်တီရှပ်နဲ့အစိမ်းရောင်သိုးမွှေးဦးထုပ်ကို စောင်းထားပြီး သူတို့ကိုဖုန်းနဲ့ဗီဒီယိုရိုက်နေရင်းကနေ ကောက်ကျစ်စွာပြုံးနေပါတယ်။
“တိုက်ရိုက်လွှင့်နေတာပဲ။ ငါတို့ ဒီလူတွေကို ကြမ်းကြမ်း တမ်းတမ်းလုပ်မိရင် ပြဿနာက ပိုကြီးလာလိမ့်မယ်။”
နျူရေက ပြောလိုက်တော့ ဖရာလီတာက စားပွဲတစ်ခုပေါ်မှာရှိနေတဲ့ ကော်ဖီခွက်ကို ကောက်ကိုင်လိုက်ပြီး အဲဲဒီလူဆီကို လှမ်းပစ်လိုက်တယ်။
ခလွှမ်း
ကော်ဖီခွက်က ဖုန်းကိုတည့်တည့်မှန်ပြီးကွဲသွားသလို ဦးထုပ်စိမ်းနဲ့လူလက်ထဲက ဖုန်းလည်းပြုတ်ကျသွားပါတော့တယ်။ အီဗန်ကလည်း ဓားကိုဓားအိမ်ထဲကမထုတ်ဘဲ ခရီးသည်တချို့ကို အမှောက်သိပ်လိုက်ပြီးပြောတယ်။
“အထူးတန်းကို ပြန်ဆုတ်ကြ။”
အဲဒီနောက်တော့ ဖရာလီတာ၊ နျူရေ၊ ဖီးလစ်နဲ့ အီဗန်တို့က သူတို့နဂိုရှိနေခဲ့တဲ့ အထူးတန်းရထားတွဲထဲ ပြန်ဝင်ပြီး နောက်ဆုံးမှဝင်လာတဲ့အီဗန်က တံခါးကို ဆွဲပိတ်ပြီး လော့ချထားလိုက်တယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ထိုးဖောက်ဝင်လာဖို့ ကြိုးစားနေကြသေးပေမဲ့ ချက်ချင်းတော့ ဝင်မလာနိုင်သေးပါဘူး။ ဒါပေမဲ့ အရပ်သားတွေထဲကတစ်ယောက်က မီးသတ်ဆေးဘူးကြီးကို ဖြုတ်ယူပြီး တံခါးကိုရိုက်ဖွင့်ဖို့ လုပ်ချိန်မှာတော့ ဖရာလီတာက အသည်းအသန်အော်ဟစ်လိုက်တယ်။
“အီဗန်၊ နောက်တွဲတွေကို ဖြုတ်ချထားခဲ့တော့။”
“ဟုတ်ကဲ့။”
အီဗန်က ဖရာလီတာရဲ့ညွန်ကြားချက်ကို ရပြီးနောက်မှာ ဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်ပြီး လေထုကို သာသာ လေးတစ်ချက်ခုတ်လိုက်တယ်။ လေအဟုန်ကြောင့် တံခါးက မှန်တွေကွဲကုန်ပြီး တံခါးနောက်မှာရှိနေတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးလည်း နောက်ကိုရွေ့သွားပါတယ်။ ပြီးတဲ့နောက်မှာတော့ အီဗန်က တွဲဆိုင်းနှစ်ခုကို ချိတ်ဆိတ်ပေးထားတဲ့ သတ္တုချိတ်ကို ဇက်သတ္တုဓားနဲ့ ခုတ်ဖြတ်လိုက်တော့တယ်။
ချွမ်း....
သတ္တုချိတ်က တိခနဲပြတ်သွားပြီး ထမင်းစားဆောင်ပါတဲ့ နောက်တွဲတွေက ရထားလမ်းနောက်မှာ ပြတ်ကျန်နေခဲ့တယ်။ အထူးတန်းမှာ တခြားခရီးသည်တွေ ရှိနေသေးတယ်ဆိုပေမဲ့ ကံကောင်းစွာနဲ့ နျူရေနဲ့ဖီးလစ်တို့က သူတို့ကို အလျင်အမြန်ပဲ သတိမေ့သွားအောင် တိုက်ခိုက်ခဲ့ကြတာမလို့ စိုးရိမ်စရာမရှိပါဘူး။ ဖရာလီတာကိုယ်တိုင်ကတော့ တွဲဆိုင်းတွေကို ဖြုတ်ချထားပြီးမကြာခင်မှာပဲ ရထားစက်ခေါင်းဆီကိုသွား ရထားကပ္ပတိန်ကို အမှောက်သိပ်လိုက်ပြီး ထိန်းချုပ်မှုကို လွှဲပြောင်းယူလိုက်တယ်။
“လောလောဆယ်တော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရန်ကနေ လွတ်လာပြီပြောရမှာပဲ။” စက်ခေါင်းကနေ ပြန်လာတဲ့ ဖရာလီတာက သက်ပြင်းချလိုက်ပြီး ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ကျန်တဲ့သူတွေလည်း အခုမှစိတ်ချလက်ချနဲ့ အနားယူနိုင်ပါတော့တယ်။
“အီဗန်၊ နင်ခါတိုင်းဆိုရင် ရန်လိုနေတဲ့သူတွေကို သတိထားမိနေကျမဟုတ်လား။ အခုဘယ်လိုဖြစ်တာလဲ။”
နျူရေက အမောဖြေပြီးနောက် မေးလိုက်တယ်။ အီဗန်က ဖြစ်ခဲ့တာတွေကို ပြန်တွေးပြီးတဲ့နောက် တိကျတဲ့ အဖြေတစ်ခုကို ပြန်ပေးလိုက်တယ်။
“အဲဒီအချိန်တုန်းက ရထားပေါ်က လူတိုင်းလိုလိုက သိသိသာသာရန်လိုနေတာမလို့ ငါတို့ကို တကယ်လုပ်ကြံမယ့်သူက သူတို့ကြားထဲမှာ ပုန်းလို့ရသွားတာ။ ပြီးတော့ ဓားနဲ့ထိုးတဲ့သူရော ဗီဒီယိုရိုက်နေတဲ့သူရောက သာမန်လူသားတွေပဲ။ ဒါကြောင့် ငါသတိမထားမိလိုက်တာ။”
“သာမန်လူသားတွေက ပိုးကောင်အင်ပါယာအတွက် အလုပ်လုပ်နေတယ်ဆိုတာမျိုးလား။”
နျူရေက ကောက်ချက်ချလိုက်တယ်။ ဖရာလီတာက ရန်သူရှိတယ်လို့ပဲ ပြောခဲ့တာဖြစ်ပေမဲ့ နျူရေအဖို့ သဲလွန်စတွေကို ချိတ်ဆက်မိဖို့ မခက်လှပါဘူး။ လောလောဆယ် သူတို့ကိုနှောင့်ယှက်မယ့်သူဆိုလို့ ပိုးကောင်တွေပဲရှိတာပါ။ ဖရာလီတာက ကသောင်းကနင်းဖြစ်ရပ်အတွင်းမှာ နာကျင်သွားတဲ့ သူ့လက်ကိုသူ ပြန်ကိုင်ကြည့်လိုက်ပြီးမှ ပြုံးပြီးပြောပါတယ်။
“ဒီလောကမှာ ပိုက်ဆံရရင် ဘာမဆိုလုပ်မယ့်သူတွေ အများကြီးရှိတယ်။ အဲဒီလူတွေက သူတို့ကိုယ်သူတို့ ပိုးကောင်တွေအတွက် အလုပ်လုပ်နေမှန်းတောင် သိကြမှာမဟုတ်ဘူး။ သိနေရင်လည်း ဂရုစိုက်မယ့်ပုံမပေါ်ဘူး။”
စကားဆုံးတဲ့နောက်တော့ ဖရာလီတာက တစ်ခုခုကို သတိရသွားဟန်နဲ့ ရထားတွဲထဲကို ကြည့်လိုက်တယ်။ “နေပါဦး၊ အယ်လိုဟင်က နင်တို့နဲ့အတူ ရှိနေသင့်တာ မဟုတ်ဘူးလား။ သူဘယ်ရောက်သွားတာလဲ။”
ဖရာလီတာက ပြီးခဲ့တဲ့အဖြစ်အပျက်မစခင်ကတည်းက ကြုံခဲ့ရတဲ့ဖိအားကြောင့် သူ့ဘေးနားက ဖြတ်သွားတဲ့ အယ်လိုဟင်ကို သတိမထားမိလိုက်ဘူး။
ဒီတော့မှ နျူရေလည်း မျက်လုံးပြူးသွားပြီး “ဟုတ်သားပဲ၊ သူတခြားတွဲဆိုင်းတွေကို လိုက်စစ်ဦးမယ်ဆိုပြီး ထွက်သွားတာ။”
အီဗန်ကတော့ မှန်တွေမရှိတော့တဲ့ တွဲဆိုင်းတံခါးအပြင်ကို ကျော်ကြည့်လိုက်ပြီး မျက်နှာပျက်သွားတယ်။
“တစ်နည်းအားဖြင့် သူက ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့အတူ ကျန်ရစ်ခဲ့တာပေါ့။”
ဖရာလီတာက ထိုင်နေရာကနေ ထလိုက်တယ်။ ပြီးတဲ့နောက် သူက အီဗန်နဲ့တခြားသူတွေကို ကြည့်လိုက်ပြီး ပြောပါတယ်။
“ငါသူ့ကို သွားခေါ်လိုက်မယ်။ နင်တို့ကတော့ ငါ့ကိုမစောင့်နဲ့တော့။ ဂူသချိုင်းကိုတန်းသွားပြီး သွေးဘိုးဘေးကို နှိုးလာခဲ့။ ငါတို့သူ့ကို မကြာခင်မှာ လိုကောင်းလိုနိုင်တယ်။”
စကားဆုံးတာနဲ့ ဖရာလီတာက လက်ဖျောက်တီးလိုက်ပါတယ်။ စက္ကန့်ပိုင်းအကြာမှာပဲ အနက်ရောင်ဝါးဖရိန်ကြီးက ရထားတွဲနဲ့ယှဥ်ပြိုင်ပျံသန်းလျက် ထွက်ပေါ်လာပြီး ဖရာလီတာက ရထားတွဲဆိုင်းတံခါးကနေတစ်ဆင့် အပြင်ကိုခုန်ချသွားတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က ဝါးဖရိန်ထဲကိုရောက်သွားပြီး ဝါးဖရိန်က အားလုံးကို ချန်ထားရစ်ပြီး အဝေးမှာကျန်ခဲ့တဲ့ တွဲဆိုင်းတွေဆီ ဦးတည်ပျံသန်းသွားလေရဲ့။
...
ဘုန်း....
အယ်လိုဟင်ရဲ့ခန္ဓာကိုယ်က ရထားတွဲဆိုင်းရဲ့နံရံနဲ့ တိုက်မိပြီး ပြန်ပြုတ်ကျလာတယ်။ လက်သည်တရားခံ ဂျက်စပါကတော့ သူ့ရဲ့မြှောက်ထားတဲ့ခြေကို ပြန်ချလိုက်လေရဲ့။
လက်ရှိအယ်လိုဟင်က သူ့ရဲ့Sအဆင့် နည်းပညာချပ်ဝတ်ကို ဝတ်မထားပါဘူး။ ဒါကြောင့် သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းက B အဆင့်မှာပဲရှိတယ်။ ဒါကြောင့် အိုလီနဲ့ဂျက်စပါတို့ရဲ့ပြိုင်ဖက်မဟုတ်ပါဘူး။
“အိုလီ၊ မင်းက ဒဏ်ရာရထားတော့ တစ်နေရာရာမှာ ပုန်းနေမယ်လို့ ထင်ထားခဲ့တာ။”
အိုလီကတော့ သူ့ဂါဝန်ကို လက်နဲ့ကိုင်ပြီး ချာခနဲလှည့်လိုက်ရင်းကနေ ပြောလိုက်ပါတယ်။
“ကျွန်မရှေ့မှာ ဒီလောက်အခွင့်အရေးအကြီးကြီးကို မြင်နေရတဲ့ဥစ္စာ ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ။ ကျွန်မဒဏ်ရာတွေ ပြန်မကောင်းသေးပေမဲ့ အာဆီယံ စစ်ဒေသကိုကာကွယ်ပေးနေတဲ့ သူရိယရာဇာက သေသွားပြီ။ ဖရာလီတာက အစွမ်းထက်ပေမဲ့ ကျွန်မရဲ့ဒါလင်ဂျက်စပါကလည်း ပိုအစွမ်းထက်လာပြီ။ ဒီတော့ ရှင်တို့ကြိတ်ကြံနေတဲ့ကိစ္စ မအောင်မြင်ခင်မှာ ဖရာလီတာကို ရှင်းပစ်တာ ပိုမကောင်းဘူးလား။”
အိုလီက ပိုးကောင်တွေထဲမှာရှိတဲ့ ရှားရှားပါးပါး ဗျူဟာသမားတစ်ယောက်ပါ။ ဒါကြောင့် အခုလို အကြံအစည်မျိုးထွက်လာတာ အံ့ဩစရာမဟုတ်ဘူး။ တစ်ဖက်မှာတော့ အယ်လိုဟင်က သွေးချောင်းဆိုးနေတဲ့ ကြားကနေ ရယ်မောလိုက်ပါတယ်။
“ဒီလောက်သိသာနေတဲ့ငါးစာကို သခင်မလေးလိုလူမျိုးက ဘယ်လိုလုပ်ပြီး ဝင်ဟပ်မှာလဲ။ မင်းရဲ့အညစ်အကြေးတွေနဲ့ပြည့်နေတဲ့ခေါင်းကို ရေများများနဲ့ဆေးသင့်နေပြီ။”
အိုလီက အယ်လိုဟင်ဆီကနေ ကျိန်ဆဲတာကို ခံလိုက်ရပေမဲ့ အပြုံးမပျက်ပါဘူး။ အဲဒီအစား သူက အယ်လိုဟင်ကို လက်ညိုးနဲ့ညွန်ပြလိုက်ပြီး ပြောလိုက်လေရဲ့။
“ငါးက ငါးစာကိုဟပ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မရထားတဲ့ငါးစာက ရှင်ဖြစ်နေလို့လေ။”
အဲဒီစကားအဆုံးမှာတော့ အယ်လိုဟင်က ကြောက်စရာကောင်းတဲ့ ကိစ္စတစ်ခုကိုတွေးမိသွားပြီး မျက်လုံးတွေ ဖြည်းဖြည်းချင်းပြူးကျယ်လာလေရဲ့။
...
“အဲဒီအချိန်ကတည်းက ငါချစ်တဲ့သူတွေ ငါ့အနားကနေ ထွက်ခွာသွားမှာကို ငါကြောက်နေခဲ့တာ။”
ဖရာလီတာက ဝါးဖရိန်ကို မိုင်ကုန်မြှင့်ပြီး ပျံသန်းနေရင်းက သူ့လည်ပင်းမှာရှနေတဲ့ ဆွဲသီးလေးကို ဆုပ်ကိုင်ထားလိုက်မိတယ်။ ဒီဆွဲသီးလေးကို ပေးခဲ့သူက သူ့အဖေပါ။ ကံမကောင်းစွာနဲ့ ဖရာလီတာရဲ့အဖေက အဖွဲ့သားတွေရဲ့သစ္စာဖောက်ခြင်းကို ခံရပြီးတော့ သေဆုံးသွားခဲ့တယ်။
“ဒါပေမဲ့ ဘယ်လိုပဲကြောက်နေပြီး ကြိုးစားပါစေ၊ သူတို့ကိုကာကွယ်ဖို့ ငါဘာမှမလုပ်နိုင်ခဲ့ဘူး။”
သူ့မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ပြည့်လာတယ်။ သူအသက်ရှင်ဖို့အတွက် အော့တိုကိုအသက်စွန့်ပြီး တားခဲ့တဲ့ ဘဏ္ဍာစိုးစတန်းဖို့ခ်ကို သူသတိရမိသလို မက်ဒါနာကို မကာကွယ်နိုင်ခဲ့တာကိုလည်း သူပြန်တွေးမိတယ်။
“အယ်လိုဟင်၊ နင်က ငါကိုယ်တိုင်ပျိုးထောင်ပေးခဲ့တဲ့ ငါ့ရဲ့လက်ထောက်ပဲ။ ပြီးတော့ အယုံကြည်ရဆုံးသူဆိုရင်လည်းဟုတ်တယ်။ နင့်ကိုငါ ထပ်ပြီးဆုံးရှုံးရရင် ငါက သခင်မတစ်ယောက်အနေနဲ့ အသုံးမကျတဲ့သူလို့ ဝန်ခံရမှာပဲ။ ဒါကြောင့် ငါက အသုံးမကျတဲ့သူမဟုတ်ကြောင်း သက်သေပြခွင့်ပေးပါ။ ကျေးဇူးပြုပြီး ဆက်ပြီးအသက်ရှင်နေပေး။”
ရထားလမ်းပေါ်မှာ ပြေးနေသေးပေမဲ့ တဖြည်းဖြည်း အရှိန်လျော့လာနေတဲ့ နောက်တွဲဆိုင်းတွေကို ဖရာလီတာ စမြင်နေရပြီ။ ဖရာလီတာက ထိန်းချုပ်ခန်းထဲက ခလုတ်တချို့ကို နှိပ်လိုက်ပြီး ဒုံးကျည်တချို့ကို ပစ်လွှတ်လိုက်ပါတယ်။ အဲဒီဒုံးကျည်တွေက ရထားရဲ့ခေါင်မိုးကို ဖောက်ခွဲဖွင့်ချပစ်လိုက်ပြီး Archmegaက အောင်အောင်မြင်မြင်နဲ့ ရထားတွဲတစ်ခုပေါ်မှာ လုံလုံခြုံခြုံနဲ့ဆင်းသက်လိုက်နိုင်တယ်။
...
“ထင်ထားတဲ့အတိုင်း ရောက်လာသားပဲ။ ဖရာလီတာ ထရိုင်ရွန် ပန်ဒရာဂွန်။ ဒါပေမဲ့ နင့်မှာ ငါ့ဒါလင်ကို နိုင်ဖို့ ယုံကြည်ချက်ရှိရဲ့လား။ အရင်တစ်ခါတုန်းက တော်တော် စိုးရိမ်နေတဲ့ပုံပဲနော်။”
ဖရာလီတာ ရထားတွဲပေါ် ဆင်းပြီးပြီးချင်းမှာပဲ မြင်ရတဲ့ မြင်ကွင်းက ရထားနံရံဘေးမှာလဲကျနေတဲ့ အယ်လိုဟင်နဲ့ အိုလီတို့ စုံတွဲကိုပါ။ ဖရာလီတာက မျက်မှောင်ကြုတ်လိုက်တယ်။ သူကိုယ်တိုင်က စွမ်းအားကြီးပေမဲ့ ဆင့်ကဲပြောင်းလဲပြီးတဲ့ ဂျက်စပါကို အနိုင်ယူဖို့ဆိုတာက အတော်ကို လောင်းကြေးထပ်ရမယ့် ကိစ္စတစ်ခုပါ။
“ဒါပေမဲ့ နင့်ကြည့်ရတာလည်း ဒဏ်ရာတွေ ပြန်ကောင်းသေးတဲ့ပုံ မပေါ်ပါဘူး။ နင့်ကိုသတ်လိုက်တာနဲ့ ဂျက်စပါဆိုတဲ့ကောင်က တိုက်ချင်ခိုက်ချင်စိတ်မရှိလောက်အောင် ဖြစ်သွားမယ်ဆိုတာ ငါပြောရဲတယ်။”
ဖရာလီတာက လက်ကိုမြှောက်ပြီး ရွှေအိုရောင်အလင်းဓားနဲ့ အိုလီကို ခုတ်ချလိုက်တယ်။ ဒါပေမဲ့ ဂျက်စပါက ကြားကနေဝင်ပြီး အလင်းဓားကို လက်နဲ့ရိုက်ထုတ် ချေဖျက်လိုက်ပါတယ်။
ဘုန်း...
သက်ရောက်လှိုင်းတွေကြောင့် အိုလီဆံပင်တွေ လှုပ်ခါသွားပေမဲ့ တခြားထိခိုက်မှုတော့မရှိပါဘူး။ အိုလီက လက်ပိုက်လိုက်ပြီး နှုတ်ခမ်းကိုတစ်ချက် ဆူထားလိုက်တယ်။ ပြီးနောက်တော့ ဝါးလုံးကွဲမတတ် ရယ်လိုက်ပြီး
“အားဟားဟား... နင်က နင့်ကိုယ်နင်ယုံကြည်ချက်ရှိသလို ဟန်ဆောင်တဲ့နေရာမှာတော့ တော်သားပဲ။ ဒါပေမဲ့ ငါ့ဒဏ်ရာတွေက နည်းနည်းပြန်ကောင်းလာပြီဟဲ့။ တိုက်ပွဲတုန်းကလိုမျိုး ကိုယ့်ကိုယ်ကိုယ်မကာကွယ်နိုင်လောက်အောင် မဟုတ်တော့ဘူး။ ဒါပေါ့၊ နင့်ကို ငါကိုယ်တိုင်ရင်ဆိုင်လို့ မရသေးဘူးဆိုပေမဲ့ ငါ့ဒါလင်က ငါ့အတွက်လုပ်ပေးပါလိမ့်မယ်။”
နောက်တော့ အိုလီက ဂျက်စပါရဲ့ပခုံးကို လက်နဲ့ကိုင်လိုက်ပြီး နားနားကိုတီးတိုးကပ်ကာ သွေးဆောင်မှုပါတဲ့လေသံနဲ့ ပြောလိုက်တယ်။
“ယုံမယ်နော်... သူ့ကိုအဝေးခေါ်သွားပြီး အပြတ်ရှင်းလိုက်။”
“ရား....” ဂျက်စပါက မာန်သွင်းလိုက်ပြီး ဝါးဖရိန်ကို လက်သီးနဲ့ထိုးလိုက်တယ်။ သူ့လက်တွေမှာ သစ်သား အခွံမာတွေပေါ်လာပြီး လက်တစ်ခုလုံးပိုးကောင်လက်အဖြစ် ပြောင်းလဲသွားတယ်။ ဖရာလီတာကလည်း အလင်းဒိုင်းကို ချက်ချင်းဖွဲ့စည်းပြီး ကာလိုက်ပေမဲ့ အရှိန်က ပြင်းလွန်းတာမလို့ နောက်ကိုရွေ့သွားပြီး ရထားနံရံအထပ်ထပ်ကိုဖောက်ဝင်ကာ ရထားပြေးလမ်းပေါ်ကို ပြုတ်ကျသွားတော့တယ်။
“အိုရာရာ... ကြည့်ရတာ ပထမဆုံးတိုက်ကွက်ဖလှယ်တဲ့ အချိန်မှာပဲ အီစိမ့်နေအောင် ခံလိုက်ရပြီနဲ့တူတယ်။”
အိုလီက ပါးစပ်ကို လက်ဝါးနဲ့အုပ်ပြီး အဆက်မပြတ် ရယ်မောရင်းကနေ ပြောလိုက်တယ်။ အယ်လိုဟင်ကတော့ ဒဏ်ရာတွေကို လစ်လျူရှုပြီး ပြန်ထလိုက်နိုင်ပေမဲ့ အိုလီက သူ့ကို လုံးဝလစ်လျူရှုထားတယ်။
...
“ သူတို့အဆင်ပြေမှာပါနော်။”
အဝေးကနေ မီးခိုးတွေအလိပ်လိုက်တက်လာနေတာကို မြင်ရတဲ့အတွက် အီဗန်က စိုးရိမ်စွာပြောလိုက်တယ်။ သူတို့တွေ ပုဂံရောက်ဖို့နီးလာပါပြီ။ ဒါပေမဲ့ ရန်သူတွေနဲ့ ရင်ဆိုင်ဖို့သွားတဲ့ ဖရာလီတာနဲ့ကျန်နေရစ်တဲ့ အယ်လိုဟင်ကိုတော့ မစိုးရိမ်ဘဲ မနေနိုင်ပါဘူး။ နျူရေကတော့ ဖုန်းကိုကြည့်လိုက်ပြီးပြောတယ်။
“ယာယီကျောင်းအုပ်က အယ်ဖာအဆင့် သစ်ကိုင်းပိုးကောင်နဲ့ ရင်ဆိုင်နေရတယ်လို့ စနစ်ကနေတစ်ဆင့် သတင်းပို့ထားတယ်။ ကြည့်ရတာ ငါတို့ဝင်ပါလည်း ဘာမှမထူးတဲ့ပုံပဲ။ အစီအစဥ်အတိုင်း လျှို့ဝှက်ဂူသချိုင်းကို သွားကြတာပေါ့။”
“အင်း... အဲဒီသွေးဘိုးဘေးနိုးလာမှ တခြားသူတွေကို ငါတို့ကူညီလို့ရမှာ။” အီဗန်က လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ သူတို့မှာ တခြားနည်းလမ်းမရှိပါဘူး။