ကမ္ဘာပေါ်ရှိ ရတနာ
Vol. 70 Ch. 970
ထိပ်တန်းကြယ်သခင်များသည် ဝိညာဥ်အသိစိတ်ဖြင့် ပစိဖိတ်သမုဒ္ဒရာအတွင်း စစ်ဆေးလိုက်သောအခါ ရေအောက်သင်္ချိုင်းကို တွေ့သွားကြသည်။ တစ်ယောက်က ညာလက်ဖြင့် ချီများ ထုတ်ဖော်၍ သယ်ဆောင်လိုက်သောအခါ ၎င်းသည် ရေမျက်နှာပြင်ထက်သို့ ဖြည်းဖြည်းချင်း ရောက်လာခဲ့၏။ ၎င်းက အချင်းဝက် တစ်ကီလိုမီတာသာရှိပြီး မကျယ်ဝန်းသော်လည်း ကမ္ဘာပေါ်ရှိ နည်းပညာများဖြင့်ဆိုလျှင် တူးထုတ်ရန်အတွက် အချိန်များစွာ ကြာပေလိမ့်မည်။ ရေအောက်သင်္ချိုင်း၏ နဖူးစည်းတွင် လူသားမျိုးနွယ်၏ သူတော်စင်ဘုရင်ဟူသော စကားလုံးများ ရေးထွင်းထားသည်။
"ဒါက သူတော်စင်ဘုရင်ရဲ့ တကယ့်အုတ်ဂူလား"
ကြယ်သခင်များမှာ အုတ်အော်သောင်းတင်းဖြစ်သွားကာ လူသားမျိုးနွယ်၏ ခေါင်းဆောင်သည် ဤမျှသိမ်ငယ်စွာ မြုပ်နှံခံထားရမည်ဟု လုံးဝထင်မထားကြပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ၎င်းက ပျက်စီးယိုယွင်းနေကာ သူတော်စင်ဘုရင်သည် ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုခံရသင့်သော်လည်း လူမသိသူမသိ မေ့ပျောက်ခံထားရသောကြောင့် အားလုံး ဝမ်းနည်းနေကြ၏။ အတိတ်တွင် သူက လူသားမျိုးနွယ်ကို ဦးဆောင်၍ အဆင့်ခြောက်မျိုးနွယ်တစ်ခု ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ နောက်ပိုင်းတွင် သူက လူသားများစွာကို တိုက်ပွဲတွင် တိုက်ခိုက်စေခဲ့ပြီး သေဆုံးသွားသောအခါ နောက်လိုက်များအနေဖြင့် လက်မခံနိုင်ခဲ့ကြပေ။ သို့ရာတွင် လူသားမျိုးနွယ် ကျဆင်းသွားသောအခါ သူ၏အကြံကို နားလည်သဘောပေါက်သွားကြပြီး မျိုးနွယ်တစ်ခုက ထိပ်တန်းသို့ ရောက်လိုလျှင် စတေးမှုများကို ရှောင်လွှဲမရနိုင်ပေ။ အကယ်၍ လူသားမျိုးနွယ်သာ စုစုစည်းစည်းနှင့် သူတော်စင်ဘုရင်ကို အစွမ်းကုန် ထောက်ပံ့ပေးလိုက်လျှင် လက်ရှိတွင် ဤမျှအခြေအနေ ဆိုးရွားမည် မဟုတ်ချေ။
ကြယ်သခင်တစ်ဝက်ကျော်က ရေအောက်သင်္ချိုင်းရှေ့တွင် တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ပြီး ခေါင်းဆောင်အဖြစ် မှတ်ယူထားကြ၏။ ကျန်လူများမှာ ကောင်းကင်သခင်၏ မျိုးဆက်များဖြစ်သောကြောင့် ချီတုံချတုံ ဖြစ်နေကြသည်။ အကယ်၍ သူတော်စင်ဘုရင်က မှန်သည်ဆိုလျှင် ကောင်းကင်သခင်ခြောက်ယောက်ကရော မှားနေသည်လား။
"သူတော်စင်ဘုရင်ရဲ့ အလောင်းက ဒီမှာ မရှိဘူး"
"ပြန်လည်ဝင်စားတဲ့ သတင်းက အမှန် ဖြစ်နေပြီလား"
"ကြည့်ကြစမ်း။ ဒီနေရာမှာ ကျောက်စာတစ်ချပ် ရှိတယ်"
မှုန်ဝါးဝါးဖြစ်နေသော ကျောက်စာတစ်ချပ်ထံ သူတို့က အကြည့်ရောက်သွားကြ၏။ ယေဘူယျသဘောပြောရလျှင် သူတော်စင်ဘုရင် ချန်ထားရစ်ခဲ့သော ကျောက်စာမှာ နှစ်ပေါင်းသိန်းချီကြာအောင် မထိမခိုက် ရှိနိုင်သည်။ သို့ရာတွင် ကမ္ဘာပေါ်၌ ချီလုံးဝ မရှိသောကြောင့် မည်သည့်အရာမဆို လျင်မြန်စွာ ပျက်စီးသွားခြင်းဖြစ်သည်။ ဤနေရာရှိ လူသားများ၏ သက်တမ်းကလည်း အလွန်နည်းပါး၍ အများဆုံး နှစ်ရှစ်ဆယ်အထိသာ ရှင်သန်နိုင်ကြ၏။ ကျောက်စာက သူတော်စင်ဘုရင်၏ သေတမ်းစာဖြစ်ကာ သူ သေဆုံးသွားပြီးနောက် ကိစ္စများစွာကို နားလည်လာခဲ့သည်။ သူက ခေါင်းမာစွာဖြင့် နောက်လိုက်များကို စတေးခဲ့မိသည့်အတွက် နောင်တရခဲ့သည်။ သူက ကောင်းကင်သခင်များကို ရည်ရွယ်ချက်အကြောင်း ရှင်းမပြခဲ့မိသောကြောင့် လူသားမျိုးနွယ် အတွင်းပြဿနာ၏ တရားခံ ဖြစ်သည်ဟု ကိုယ့်ကိုကိုယ် ဝန်ခံထားခဲ့သည်။ ထို့နောက် ကောင်းကင်သခင်၏ နောက်လိုက်များသည် သူတော်စင်ဘုရင်ကို နားလည်သွားကာ တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်၍ အရိုအသေ ပေးလာကြ၏။ သေတမ်းစာတွင် သူက ပြန်လည်ဝင်စားမည့် အကြောင်း ရေးထားသဖြင့် ကြယ်သခင်များက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။
သူတို့က တစ်ကမ္ဘာလုံးကို စစ်ဆေးလိုက်သော်လည်း ကျင့်ကြံသူတစ်ယောက်ကိုပင် မတွေ့ခဲ့ကြပေ။ ထိုအစား ဓားပျံ အစိတ်အပိုင်းတစ်ခုကို ရှာတွေ့ကြပြီး အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သည်။
"ဒါက အဆင့်နှစ် လက်နက်တစ်ခုကိုတောင် လွယ်လွယ်လေး ဖြတ်တောက်နိုင်တယ်"
ကြယ်သခင်တစ်ယောက်က ၎င်းကို စစ်ဆေးနေခြင်း ဖြစ်သည်။
"ဒါက သူတော်စင်ဘုရင်ရဲ့ ကောင်းကင်ဓားပျံ အစိတ်အပိုင်း ဖြစ်နိုင်တယ်"
"ငါတို့က ဒါကို အရှင်ရဲ့ လူဝင်စားဆီ ပို့ပေးရမယ်"
"သူက အခု ဘယ်မှာလဲ။ ဖြစ်နိုင်တာ ဒီကြယ်ကနေ ထွက်သွားလောက်ပြီ"
"ငါတို့ကို အဆင့်နှစ်မျိုးနွယ် ဖြစ်လာအောင် လုပ်ခဲ့တာ ဒီအရှင် ဖြစ်လိမ့်မယ်"
ကြယ်သခင်များက ဤကမ္ဘာတွင် သူတော်စင်ဘုရင်၏ အရိပ်အယောင်ကို လုံးဝရှာမတွေ့သောကြောင့် စိတ်ရှုပ်ထွေးနေကြသည်။ ထိုအချိန်တွင် ကမ္ဘာသားများက ကောင်းကင်ရှိ ဧရာမယာဥ်ကြီးများကို ကြောက်ရွံ့စွာ မော့ကြည့်နေကြ၏။ ၎င်းတို့ထံမှ လူသားများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကာ လေထဲတွင် မတ်တပ်ရပ်နေသောကြောင့် အံ့သြစရာ ကောင်းလွန်းနေသည်။ နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်းတွင် ကျင့်ကြံရန် ချီမရှိသောကြောင့် သူတို့က အလွန်အမင်း အားနည်းကြသည်။
"ငါက ခရမ်းရောင်မြစ် ကြယ်ဒေသရဲ့ ကြယ်သခင်တစ်ယောက် ဖြစ်တယ်။ မင်းတို့အားလုံးကလည်း လူသားတွေ ဖြစ်ကြတယ်။ ငါတို့က မျိုးနွယ်ခေါင်းဆောင်ကို ရှာဖွေဖို့အတွက် စကြဝဠာထဲကို ခရီးဆက်မှာ ဖြစ်တယ်။ ဒီစကြဝဠာမှာ ငါတို့လူသားမျိုးနွယ်က အလွန်အားနည်းပေမယ့် ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ မြင့်တက်လာနိုင်မယ်လို့ ယုံကြည်တယ်။ မင်းတို့ရော စကြဝဠာခရီးကို လိုက်ခဲ့ချင်လား"
ကြယ်သခင်တစ်ယောက်၏ စကားသံက လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"မင်းတို့နောက်ကို လိုက်လာရင် ငါတို့ရော ဒီလိုမျိုး သန်မာလာနိုင်လား"
"ဘယ်သူက လူသားမျိုးနွယ်ရဲ့ခေါ င်းဆောင်လဲ"
ကမ္ဘာသားများသည် စကြဝဠာအတွင်း မည်သို့ဖြစ်ပျက်နေကြောင်း မသိသော်လည်း အခြားကြယ်အဖွဲ့အစည်းများတွင် ကျင့်ကြံနိုင်ကြောင်း သိခဲ့ရသည်။ အကယ်၍ သူတို့က အဆင့်မြင့်မြင့် ကျင့်ကြံနိုင်လျှင် ထာဝရအသက်ကို ရယူနိုင်ကြပေလိမ့်မည်။ ဤမက်လုံးက ပြင်းထန်သောကြောင့် နောက်ဆုံးတွင် ကမ္ဘာသား တစ်ဘီလီယံကျော်သည် စကြဝဠာခရီး၌ အတူတကွ လိုက်ပါလာခဲ့ကြသည်။ လမ်းတလျှောက်တွင် ယာဥ်များစွာ တိုက်ခိုက်ခံခဲ့ရပြီး လူသားများ မရေမတွက်နိုင်အောင် သေဆုံးသွားကြသော်လည်း မည်သူမှ ရပ်တန့်မသွားကြပေ။ သူတို့က သေဆုံးရမည်ဆိုလျှင်ပင် မီးကို တိုးဝင်နေသော ပိုးဖလံများပမာ ခေါင်းမာစွာ ရှေ့ဆက်လာခဲ့ကြသည်။ လက်ရှိတွင် ကောင်းကင်ဓားပျံ အစိတ်အပိုင်းကို သူတော်စင်ဘုရင်၏ လူဝင်စားထံ ပို့ဆောင်ပေးရမည့် တာဝန်က သူတို့ပခုံးပေါ်သို့ ရောက်လာကြ၏။
"မင်းက လူသားမျိုးနွယ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီး အဆင့်နှစ်မျိုးဖြစ်အောင် စွမ်းဆောင်နိုင်မယ်လို့ မထင်ထားဘူး"
သေမင်းသည် မှော်ကောင်းကင်သခင်၏ သစ္စာရှိ နောက်လိုက်တစ်ယောက်ဖြစ်ကာ ယဲ့ချန်က မျိုးနွယ်ခေါင်းဆောင်ဖြစ်လျှင်ပင် ဤအချက်က မပြောင်းလဲပေ။ လူသားမျိုးနွယ် အဆင့်နှစ်ဖြစ်လာခြင်းသည် သေမင်းကဲ့သို့ အဆင့်မျိုးအတွက် ထူးခြားမှု မရှိသော်လည်း ဤအကြောင်းကို အာရုံခံနိုင်ခဲ့သည်။ မူလတွင် သူက ယဲ့ချန်ကို များစွာထည့်မတွက်ထားသောကြောင့် စောင့်ကြည့်ပြီး အနည်းငယ် ကူညီပေးချင်ခဲ့သည်။ အကယ်၍ တစ်ဖက်လူသာ လူသားမျိုးနွယ်ကို အစွမ်းထက်လာစေရန် ဦးဆောင်နိုင်မည်ဆိုလျှင် မှော်ကောင်းကင်သခင်အတွက်ရော လူသားမျိုးအတွက်ပါ ကောင်းကျိုးရှိသောကြောင့် သူက ထောက်ပံ့ပေးရပေလိမ့်မည်။
ကောင်းကင်နတ်ဆိုးပြည်ထောင်၏ အထက် ကောင်းကင်တွင် အနက်ရောင် နန်းဆောင်တစ်ခုရှိပြီး ပလ္လင်ထက်၌ နတ်သခင် ထိုင်နေခဲ့သည်။ သူ၏တစ်ကိုယ်လုံးတွင် အနက်ရောင်ချီများ ရစ်သိုင်းနေကာ မီးလျှံရုန်းများ ရေးထွင်းထားသည့် ချပ်ကာတစ်ခု ဝတ်ဆင်ထားသည်။ ၎င်းက တစ်ကိုယ်လုံးတွင် ပြည့်စုံနေသော်လည်း ဘယ်ဘက်လက်တွင် လက်မောင်းကာတစ်ခု ပျောက်ကွယ်နေသည်။ ၎င်းက ကောင်းကင်မီး လက်မောင်းကာဖြစ်ပြီး နတ်သခင်၏ မီးတောက်ချပ်ကာတွင် ပျောက်ကွယ်နေ၍ နန်းကုန်းဇီထံမှတဆင့် ယဲ့ချန်ထံတွင် အဆုံးသတ်သွားခဲ့၏။ သူ၏မျက်လုံးများတွင် နတ်ဆိုးချီများ လောင်ကျွမ်းနေပြီး မျိုးနွယ်ကျောက်စာမှ အပြောင်းအလဲများကို စစ်ဆေးနေသည်။
"ဘယ်သူက လူသားမျိုးနွယ်ရဲ့ အင်အားအမှတ်ကို မြှင့်တင်ပေးလိုက်တာလဲ။ မင်းလား"
သူထံမှ သတ်ဖြတ်လိုစိတ်တစ်ခု ထွက်ပေါ်လာကာ သွေးပြည်ထောင်ရှိရာသို့ အေးစက်စက် စိုက်ကြည့်နေခဲ့သည်။ သူ၏အမြင်တွင် ဤဖြစ်ရပ်၏ လက်သည်မှာ နန်းကုန်းဇီဖြစ်နိုင်ပြီး ယဲ့ချန်အကြောင်း မသိခဲ့ပေ။ နန်းကုန်းဇီက သွေးပြည်ထောင်၌ အင်အားတစ်ခု တည်ဆောက်ထားသည့်အပြင် နောက်လိုက်နောက်ပါများစွာဖြင့် ချမ်းသာကြွယ်ဝလျက်ရှိ၏။ လူသားမျိုးနွယ်၏ အင်အား တိုးတက်လာခြင်းအပေါ် သူကခြိ မ်းခြောက်မှုတစ်ခုကို ခံစားနေရသည်။
"ရွှမ်ကုန်း အရိပ်မျိုးနွယ်ဝင်တွေကို နန်းကုန်းဇီနဲ့ ယဲ့မျိုးနွယ်ကို ထောက်လှမ်းဖို့ စေလွှတ်လိုက်စမ်း။ တစ်ခုခု ထူးခြားတာရှိရင် ငါ့ကို ချက်ချင်းသတင်းပို့"
နတ်သခင်က အေးစက်စက် အမိန့်ပေးလိုက်သည်။
"အရှင် သူတို့ကို သတ်ဖို့ လိုလား"
ရွှမ်ကုန်းက လေးစားစွာ မေးလိုက်၏။
"မလိုဘူး။ သူတို့က ငါ့အတွက် အသုံးဝင်လို့ စောင့်ကြည့်ရုံပဲ"
ကောင်းကင်ရေကန်အတွင်း နှစ်ပေါင်းများစွာ ကုန်ဆုံးနေသကဲ့သို့ ပါရမီရှင်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေကြသည်။ နှစ်တစ်ရာအကြာတွင် ကိုးယောက်သာ ကျန်ရစ်ပြီး နှစ်ပေါင်းနှစ်ရာအကြာ၌ ယဲ့ချန်၊ လင်လုံ၊ နင်အာ၊ လင်းတုန်နှင့် ဝိညာဥ်မျက်လုံး မျိုးနွယ်ဝင်တစ်ယောက်သာ အသက်ရှင်ခဲ့သည်။ နှစ်ပေါင်းသုံးရာ ကျော်လွန်ပြီးနောက် လင်းတုန်နှင့် ထိုပါရမီရှင်က လောကနတ်အဆင့်များ ဖြစ်လာခဲ့ပြီး ယဲ့ချန်တို့သုံးယောက်သည် နတ်တစ်ပိုင်းအဆင့်၌ တစ်ဆို့နေခဲ့ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအုတ်မြစ်က ကြောက်စရာကောင်းလောက်အောင် ခိုင်မာနေပြီး နတ်အဆင့်နှင့် လက်တစ်ကမ်းအကွာသို့ ရောက်နေသည်။ အကယ်၍ ရှင်းဟွမ်မျိုးနွယ်ကသာ ကံတရားကို ဖိနှိပ်ထားခြင်းမရှိလျှင် ချက်ချင်း အဆင့်တက်သွားပေလိမ့်မည်။ သို့သော်လည်း ဤအချက်က သူတို့အတွက် ဆိုးကျိုးမရှိဘဲ နတ်တစ်ပိုင်းအဆင့်၌ အခြေခိုင်မာလေလေ အနာဂတ်အောင်မြင်မှုများက ကြီးကျယ်လေလေ ဖြစ်သည်။
အချိန်တိုက်စားမှုသည် ယဲ့ချန်၊ နင်အာနှင့် လင်လုံအပေါ် များစွာသက်ရောက်ခြင်း မရှိပေ။ လင်လုံက အင်မော်တယ်တစ်ပါးနှင့် ပို၍ဆင်တူလာပြီး နင်အာသည် ပိုမိုရင့်ကျက်လာကာ အလှတရားများ ပြည့်နှက်နေသည်။ သူတော်စင်ဘုရင်၏ နတ်ဝိညာဥ် မှာကြားခဲ့သော ဓားပျံအစိတ်အပိုင်းအား သူက လိုက်လံရှာဖွေခဲ့ပြီး ကောင်းကင်ရေကန်၏ တစ်နေရာတွင် တာအိုရုန်းတစ်ခုကို အာရုံခံနိုင်ခဲ့၏။ သူက ဓားပျံအစိတ်အပိုင်းကို ထုတ်ယူ၍ လက်မောင်းကာအတွင်း ထည့်သွင်းလိုက်သောအခါ အခြားအစိတ်အပိုင်းများနှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားလေသည်။