← Chapters

မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင်များ

Vol. 70 Ch. 971

မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင်များ

Vol. 70 Ch. 971

ဓားပျံအစိတ်အပိုင်း သုံးခုသည် ဖြည်းညှင်းစွာ ပေါင်းစပ်သွားပြီး ကောင်းကင်ဓားပျံ၏ အပိုင်းတစ်ပိုင်း ဖြစ်တည်လာသည်။ ဓားတည်ဆောက်ပုံက ရိုးရှင်းသော်လည်း အလွန်ထက်ရှပြီး ​အေးစက်စက် တော​က်ပနေသောကြောင့် မြင်ရသူတိုင်းကို ကြောက်လန့်စေသည်။ ၎င်းတွင် လက်နက်ဝိညာဥ် မရှိသော်လည်း ကောင်းကင်နတ်လက်နက် ဖြစ်သဖြင့် မြေအဆင့် နတ်လက်နက်တစ်ခုကို အလွယ်တကူ ခုတ်ပိုင်းနိုင်သည်။ ယဲ့ချန်သည် ၎င်းထံမှ ဆက်သွယ်ချက်တစ်ခုကို ခံစားနေရပြီး သူ၏အတွေးတစ်ချက်တွင် မိုင်တစ်ထောင်အဝေးသို့ လှစ်ခနဲ ပစ်ခတ်နိုင်သည်။ လောကနတ်အဆင့်များပင် သတိပေါ့လျော့နေလျှင် ၎င်းလက်ချက်ဖြင့် ကိစ္စတုံးသွားနိုင်လောက်အောင် အစွမ်းထက်နေသည်။ သူ၏လက်ထဲသို့ ချက်ချင်းပြန်လည်ရောက်ရှိလာသော ဤဓားပျံက ဝှက်ဖဲတစ်ခု ဖြစ်လာခဲ့လေ၏။

အချိန်က ဆက်လက်ကုန်ဆုံးနေပြီး တိတ်တဆိတ် ကျင့်ကြံနေသော ယဲ့ချန်သည် နှစ်ပေါင်းငါးရာ ကျော်လွန်သွားခဲ့သည်ကိုပင် မသိလိုက်ချေ။ ပါရမီရှင်အားလုံး သေဆုံးသွားကာ လင်းတုန်၊ ယဲ့ချန်၊ နင်အာ၊ လင်လုံနှင့် ဝိညာဥ်မျက်လုံး မျိုးနွယ်ဝင်တစ်ယောက်သာ ရှင်သန်နိုင်ခဲ့သည်။

"အစ်ကိုကြီး နည်းနည်းလေးတောင် မတိုးတက်ဘူးလား"

လင်းတုန်သည် သူ့ကို ထူးဆန်းစွာ စိုက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။ သူမက လောကနတ်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီး အသက်နှစ်ဆယ်အရွယ် လူသားမိန်းကလေးတစ်ယောက်နှင့် ဆင်တူကာ အလွန်လှပနေ၏။ ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်ပြီး မျိုးနွယ်သို့ ပြန်ရောက်လျှင် သူမ၏အဆင့်အတန်း လုံးဝကွာခြားသွားမည် ဖြစ်သောကြောင့် ဝမ်းမြောက်နေသည်။ သူနှင့် မိန်းကလေးနှစ်ယောက်က အချင်းချင်း ပြန်ကြည့်လိုက်ပြီး ပြောစရာမလိုသော ကိစ္စများဖြစ်၍ တိတ်ဆိတ်စွာ ပြုံးနေကြသည်။ ကောင်းကင်ရေကန်၏ ထွက်ပေါက် ပွင့်လာသောအခါ သူတို့အားလုံး ပြန်ထွက်လာကြပြီး ဟင်းလင်းပြင် နတ်သုံးယောက်က ကြိုဆိုနေခဲ့သည်။

"အပြင်ထွက်လာကြပြီလား"

ရှင်းဟိုင်၏ အကြည့်က ယဲ့ချန်တို့သုံးယောက်ထံ ကျရောက်လာပြီး စိတ်ထဲမှ သက်ပြင်းချမိလိုက်သည်။ သူက အံ့ဖွယ်ကိစ္စတစ်ခု ဖြစ်လာနိုင်ပြီး နတ်အဆင့်တက်နိုင်ပါစေဟု မျှော်လင့်ခဲ့သော်လည်း အမှန်တရားမှာ ခါးသီးလှ၏။ ကံဆိုးစွာဖြင့် ရှင်းဟွမ်မျိုးနွယ်က ကံတရားကို ဖိနှိပ်ထားသောကြောင့် ချိုးဖျက်ရန် အလွန်တရာ ခက်ခဲနေသည်။ သို့မဟုတ်လျှင် ဤသုံးယောက်၏ နတ်ဝိညာဥ်နှင့် နတ်အမြစ်များ အစွမ်းအရ ဟင်းလင်းပြင်နတ်အဆင့်သို့ပင် တက်ရောက်နိုင်စွမ်း ရှိသည်။

"ဟင်းလင်းပြင် နတ်အဆင့်အောက်မှာ လူတိုင်းက ကောင်းကင်ရေကန်ကို တစ်ကြိမ်သာ ဝင်ခွင့်ရှိတယ်။ မင်းတို့က ဒီအဆင့်ကို ရောက်ရင်တော့ ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်တော့ဘူး။ အခု ဘယ်လိုစီစဥ်ထားလဲ"

သူက တစ်ချက်ပြုံး၍ မေးလိုက်သည်။

"အခုလောလောဆယ်တော့ အန္တရာယ်များတဲ့ နတ်ပြည်ကနေ ထွက်ခွာသွားချင်ပါတယ်။ ကျုပ်တို့ကို ကြည့်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်က လက်နှစ်ဖက်ဆုပ်၍ လေးစားစွာ ပြောလိုက်သည်။ တစ်ဖက်လူ၏ တပည့်နှစ်ယောက်တွင် တစ်ယောက်က သူလျှို ဖြစ်နိုင်သောကြောင့် ထွက်ခွာသွားရန် အရေးကြီးနေ၏။ သူတို့၏ နတ်အမြစ်များနှင့် နတ်ဝိညာဥ်များက သန်မာသော်လည်း ကောင်းကင်ရေကန်အတွင်း နှစ်ပေါင်းငါးရာ ကျင့်ကြံခဲ့သည်တိုင်အောင် အဆင့်မတက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူလျှိုက သူတို့အပေါ် အလေးထားစောင့်ကြည့်ရန် မလိုကြောင်း အထင်မှားသွားပေလိမ့်မည်။ နတ်အဆင့်သို့ပင် မတက်နိုင်သော ပါရမီရှင်များက ဟင်းလင်းပြင် နတ်တစ်ယောက်အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။

"ဒီလိုလည်း ကောင်းပါတယ်လေ။ တကယ်တော့ နတ်ပြည်က မင်းတို့အတွက် သိပ်အန္တရာယ်ကြီးလွန်းတယ်"

ရှင်းဟိုင်က ခဏတာစဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။ အောက်ဘုံတွင် နတ်တစ်ပိုင်းအဆင့်များက ပြိုင်ဘက်ကင်းသော်လည်း နတ်ပြည်၌ ပုရွက်ဆိတ်ပမာ သေးငယ်နေသည်။ အမှန်တကယ်၌ ယဲ့ချန်က နတ်ပြည်မှ ထွက်ခွာလိုခြင်းသည် အန္တရာယ်များသောကြောင့်မဟုတ်ဘဲ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရှင်းဟွမ်မျိုးနွယ် ရောက်လာသောကြောင့်ဖြစ်သည်။ လူသားမျိုးနွယ်ကို အထင်သေးစွာဖြင့် သတ်ဖြတ်နေသော ရန်သူများအား သူက အနှေးနှင့်အမြန် လက်စားချေရပေလိမ့်မည်။

"နတ်ပြည်ကို ပြန်လာချင်ရင် ကောင်းကင်ရေတောင်တန်းက အချိန်မရွေး ကြိုဆိုပါတယ်။ မင်းတို့ လိုအပ်တာရှိရင်လည်း ငါ့ကို အချိန်မရွေး ဆက်သွယ်လိုက်ပါ"

"ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ"

ယဲ့ချန်တို့သုံးယောက်က ရိုသေစွာဖြင့် ပြိုင်တူနှုတ်ဆက်ကာ ဦးညွှတ်လိုက်သည်။ သူတို့က ရှင်းဟိုင်၏တပည့် ဖြစ်လာရန် ရည်ရွယ်မထားသောကြောင့် ထွက်သွားရခြင်းအပေါ် စိတ်ဓာတ်ကျမနေခဲ့ပေ။

"အစ်ကိုယဲ့ တကယ်သွားတော့မှာလား"

လင်းတုန်က စို့နင်နေသော အသံဖြင့် ပြောလိုက်သည်။

"တွေ့ဆုံပြီးရင် တစ်နေ့မှာ ခွဲခွာရလိမ့်မယ်။ ရှင်းဟိုင်လက်အောက်မှာ ကောင်းကောင်းကျင့်ကြံပါ။ ငါတို့က ပြန်ဆုံဖို့ ကံပါရင် တစ်နေ့ တွေ့ကြမှာပါ"

ယဲ့ချန်က တစ်ချက်ပြုံး၍ နှစ်သိမ့်ပေးလိုက်သောအခါ သူမသည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် လက်ဝှေ့ယမ်းပြနေခဲ့သည်။

"ကျွမ်းရှ သူတို့ကို လိုက်ပို့ပေးလိုက်ပါ"

"ဟုတ်ကဲ့ပါ ဆရာ"

ရှင်းဟိုင်၏အမိန့်အောက်တွင် ကျွမ်းရှက ခေါင်းညိတ်၍ ယဲ့ချန်တို့ကို သယ်ဆောင်ပြီး မိုင်တစ်သောင်းအကွာသို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

"ကောင်းကင်ရေတောင်တန်းကို နောက်တစ်ကြိမ် ပြန်မလာနဲ့"

သူက အေးစက်စက် ငေါက်ငမ်း၍ သတိပေးလိုက်ခြင်း ဖြစ်သည်။

"မင်းက ဘာကို ဆိုလိုတာလဲ"

ယဲ့ချန်၏ လေသံက တင်းမာနေ၏။

"ငါပြောချင်တာက ရှင်းရှင်းလေးပါ။ ဆရာက မင်းတို့လူသားတွေနဲ့ မှော်သားရဲတွေကို ကျေးဇူးကြွေးတစ်ခုကြောင့် အမြဲကာကွယ်ပေးခဲ့တယ်။ ဒီလောက်နှစ်တွေအကြာကြီး ဆရာ့ကို ဒုက္ခပေးရတာ မင်းတို့ မဝသေးဘူးလား"

ကျွမ်းရှသည် ဤနှစ်များအတွင်း လူသားများနှင့် မှော်သားရဲများကြောင့် ဆရာဖြစ်သူ အခက်ကြုံနေရသည်ကို မကျေနပ်ပေ။

"အရှင်ရှင်းရဲ့ ကျေးဇူးကို အနာဂတ်မှာ ငါတို့က သေချာပေါက် ပြန်ဆပ်မှာပါ"

ယဲ့ချန်က နှိမ့်ချခြင်းမရှိ၊ မောက်မာခြင်းကင်းသော လေသံဖြင့် ပြန်ပြောလိုက်သည်။

"ဟား ဟား မင်းတို့က ဘယ်လိုပြန်ပေးဆပ်နိုင်မှာလဲ၊ ရယ်စရာကောင်းလိုက်တာ။ မင်းတို့တွေက နတ်အဆင့်ကိုတောင် မတက်နိုင်ဘဲနဲ့ ဆရာ့ကို ဘယ်လိုကျေးဇူးဆပ်မှာလဲ အမှိုက်တွေ။ ကိုယ့်အကြောင်းကို တွေးစမ်းပါ"

ကျွမ်းရှ၏စကားကြောင့် ယဲ့ချန်က အခြေအနေကို နားလည်လိုက်သည်။ သူ အာရုံခံမိလိုက်သော ရန်လိုစိတ်သည် ကျွမ်းရှထံမှဖြစ်ကြောင်း သေချာသွားခဲ့သည်။ သို့ရာတွင် တစ်ဖက်လူက​ရန်သူများ၏ သူလျှိုဖြစ်ပုံမရဘဲ ရှင်းဟိုင်၏ အကျိုးအတွက် လူသားမျိုးနွယ်ကို မလိုလားကြောင်း သေချာနေသည်။

"ဒီလောက်သေချာနေတာလား။ ကံကြမ္မာက အမြဲတမ်း ပြောင်းလဲနေတာပါဗျာ။ အနာဂတ်က ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ"

ယဲ့ချန်က တစ်ဖက်လူနှင့် ငြင်းခုံနေရန် အကြောင်းမရှိသောကြောင့် နှုတ်ဆက်လိုက်သည်။ ထိုစကားကြောင့် ကျွမ်းရှသည် မင်သက်သွားကာ သူ၏သဘောထားကြောင့် တစ်ဖက်လူက ဒေါသထွက်မည်ဟု ထင်ခဲ့သော်လည်း တည်ငြိမ်လွန်းနေသည်။

"ဒီနေရာမှာ နှုတ်ဆက်လိုက်ပါတယ်။ အနာဂတ်မှာ ပြန်ဆုံကြတာပေါ့"

ထို့နောက် ယဲ့ချန်၊ နင်အာနှင့် လင်လုံသည် ဝိညာဥ်မျက်လုံးမျိုးနွယ် ပိုင်နက်ရှိ လူသားနယ်မြေထံ ပျံသန်းထွက်ခွာလာကြသည်။

"နှံကောင်တစ်ကောင်က ကောင်းကင်ပေါ်မှာ ပျံသန်းဖို့ မဖြစ်နိုင်ဘူး"

ကျွမ်းရှသည် သူတို့ကို တစ်ချက်ကြည့်၍ အထင်သေးစွာ ရေရွတ်လိုက်၏။ သူတို့က ကောင်းကင်ရေကန်အတွင်း နှစ်ပေါင်းငါးရာ ကျင့်ကြံခဲ့သော်လည်း နတ်တစ်ပိုင်းအဆင့်မှ မတက်နိုင်သောကြောင့် အမှိုက်များ ဖြစ်ပေလိမ့်မည်။

"ဒီကျွမ်းရှက စိတ်တိုစရာကောင်းလိုက်တာ"

နင်အာက မျက်မှောင်ကြုတ်၍ မကျေမနပ် ရေရွတ်လိုက်သည်။

"သူက ရှင်းဟိုင်အတွက် စိတ်ပူလို့ပါ၊ လူဆိုးတစ်ယောက်တော့ မဟုတ်ပါဘူး။ သူနဲ့ ရန်ဖြစ်နေစရာ အကြောင်းမရှိဘူးလေ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ လင်လုံက တည်ငြိမ်စွာ ရှိနေပြီး လူသားမျိုးနွယ် ကျဆင်းသွားသောအခါ ယခုထက် ပိုဆိုးသော အထင်သေးမှုများကို ရင်ဆိုင်ခဲ့ဖူးသည်။ လူသားများစွာက အခြားမျိုးနွယ်များ၏အမြင်တွင် ဝက်များပမာ ရှင်သန်နေရပြီး သည်းခံခဲ့ရသောကြောင့် ဤကိစ္စလောက်က မှုစရာ မဟုတ်ချေ။ သို့သော်လည်း အခြားမျိုးနွယ်များ၏ အောက်ကျခံနေရခြင်းကို သူမက စိတ်ကုန်နေသောကြောင့် တိုက်ပွဲဝင်လိုစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်နေသည်။

"အစ်ကိုကြီး ငါလည်း မျိုးနွယ်ကျောက်စာကို မြင်နိုင်ပြီ"

နင်အာ၏ စကားကြောင့် မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသောအခါ လင်လုံက တအံ့တသြ ကြည့်လိုက်မိသည်။

"နောက်ထပ်ရော ဘာတွေမြင်ရသေးလဲ"

ယဲ့ချန်က စပ်စုလိုက်သည်။

"ခြင်္သေ့ကြီး မမထန်တိုက်လင် မမပိုလင်းနဲ့ နောက်ထပ်မှော်သားရဲနှစ်ကောင်ကို မြင်လိုက်ရတယ်။ တစ်ယောက်ကတော့ တော်တော်ထူးဆန်းတယ်"

ခြင်္သေ့ကြီးသည်လည်း မျိုးနွယ်ခေါင်းဆောင်တစ်ယောက် ဖြစ်နေသောကြောင့် ယဲ့ချန်က မင်သက်သွားကာ ဒန်တန်အတွင်း ရူးသွပ်စွာ ကျင့်ကြံနေကြောင်း အမှတ်ရလိုက်၏။ ဤသတင်းက တုန်လှုပ်စရာကောင်းပြီး ထန်တိုက်လင်နှင့် ပိုလင်းသည် ယဲ့ချန်၏ ဇနီးများဖြစ်ကြောင်း လင်လုံက သိထားခဲ့သည်။ သို့သော် ယဲ့ချန်၏ ဇနီးသုံး​ယောက်က မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင်များဖြစ်နေပြီး ခြင်္သေ့ကြီးရော ပါဝင်နေမည်ဟု မျှော်လင့်မထားပေ။ မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင်ခုနစ်ယောက်တွင် လေးယောက်က ယဲ့ချန်၏ ဘက်တော်သားများ ဖြစ်နေသည် မဟုတ်ပါလော။

"နောက်ထပ်ခေါင်းဆောင်တစ်ယောက်ကိုတော့ ငါတို့ ခဏခဏ တွေ့ဖူးပါတယ်။ ဟိုမုန်းစရာကောင်းတဲ့ ဝက်ကြီး"

ကျူကုန်းကုန်းသည် ခေါင်းဆောင်တစ်ယောက် ဖြစ်နေသောကြောင့် နင်အာက နှုတ်ခမ်းဆူ၍ မကျေမနပ် ရေရွတ်လိုက်မိသည်။

"မုန်းစရာကောင်းတဲ့ ဝက် ဟိုကောင် ကျူကုန်းကုန်းလား လခွမ်း"

ယဲ့ချန်သည်လည်း တအံ့တသြ ဖြစ်သွားကာ ထူးဆန်းသော ဝက်တစ်ကောင်က မှော်သားရဲမျိုးနွယ်၏ ခေါင်းဆောင် အမှန်တကယ် ဖြစ်နေခဲ့လေသည်။

All Chapters