← Chapters

ဆန်းကျယ်သော ခရီးသည်

Vol. 70 Ch. 972

ဆန်းကျယ်သော ခရီးသည်

Vol. 70 Ch. 972

လူသားမျိုးနွယ်နှင့် မှော်သားရဲမျိုးနွယ်မှ ခေါင်းဆောင်များသည် ကောင်းကင်မူလကြယ်၌ မွေးဖွားလာရသော အကြောင်းအရင်းက ဤသို့ဖြစ်သည်။ အတိတ်တွင် ဤမျိုးနွယ်နှစ်ခု နတ်ပြည်မှ မောင်းထုတ်ခံလိုက်ရပြီး အစွမ်းထက်ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသောအခါ ၎င်းကို ပုန်းခိုရာအဖြစ် ရွေးချယ်ခဲ့၏။ ကျူကုန်းကုန်းသည်လည်း မှော်သားရဲမျိုးနွယ်မှ အစွမ်းထက် သားရဲတစ်ကောင် ပြန်လည်ဝင်စားသူ ဖြစ်နိုင်သည်။ ဤမျိုးနွယ်နှစ်ခု၏ ကံတရားက ဆက်နွယ်နေပြီး အတိတ်တွင် ချိုးဖျက်မရသော မဟာမိတ်များ ဖြစ်ကြသည်။

"မှော်သားရဲမျိုးနွယ်ရဲ့ အမှတ်က ဘယ်လောက်လဲ"

"၆၈၀၀"

ယဲ့ချန်၏အမေးကို နင်အာက ချက်ချင်းဖြေလို​က်သည်။ ဤအင်အားက သူထင်ထားသည်ထက် ကျော်လွန်နေပြီး လူသားမျိုးနွယ် အဆင့်မတက်ခင်ထက် များပြားနေသည်။ မှော်သားရဲမျိုးနွယ်တွင် အစွမ်းထက် ကျင့်ကြံသူများစွာ ကျန်ရစ်ခဲ့ပုံပေါ်ကာ မည်သည့်နေရာတွင် ရှိနေကြောင်း သူ မသိပေ။ ကျန်ခေါင်းဆောင်နှစ်ယောက်မှာ ထူးဆန်းသော မျိုးနွယ်များမှဖြစ်ကာ နင်အာပင် တစ်ကြိမ်မှ မမြင်ဖူးပေ။

"လောလောဆယ် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းကို ပြန်ကြမယ်"

လင်လုံက သက်ပြင်းတစ်ချက်ချ၍ အကြံပေးလိုက်သည်။ နတ်ပြည်မှ အပြန်လမ်းတွင် အချိန်ကြာနိုင်သောကြောင့် အလျင်စလိုပြန်လျှင်ပင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၌ စစ်ပွဲ စတင်နေလောက်သည်။ ယဲ့ချန်က သူ၏နယ်မြေတွင် အစောင့်အနည်းငယ်သာ ချန်ထားရစ်ခဲ့ပြီး ကျန်ကျင့်ကြံသူများကို ခေါ်ဆောင်ကာ လင်လုံနှင့်အတူ တည်​နေရာပြောင်းလမ်းကြောင်းထံ ချက်ချင်းထွက်ခွာလာ၏။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရှိ ယဲ့မျိုးနွယ်တွင် သက်ဝင်လှုပ်ရှားနေပြီး ရန်သူစစ်တပ် ရောက်လာမည့် အကြောင်းကို သိရသောအခါ ယာဥ်များ၊ မရဏအလင်းမျှော်စင်များနှင့် ကြယ်သခင်အဆင့် နောက်လိုက်များကို သွေးပြည်ထောင်မှ ဝယ်ယူပြင်ဆင်ခဲ့သည်။ ကောင်းကင်မူလကြယ်တစ်ခုလုံးကို တင်းကြပ်စွာ အစောင့်ချထားပြီး ယဲ့အိမ်တော်အတွင်း ကျိုးလီ၊ ထန်တိုက်လင်နှင့် ယဲ့မျိုးနွယ်အကြီးအကဲများက စစ်ရေးအခြေအနေကို တိုင်ပင်နေကြသည်။ ယဲ့မုန်နှင့် လူငယ်မျိုးဆက်များက သတင်းများ အချိန်တိုင်း စုဆောင်း၍ သူတို့ထံ အဆက်မပြတ် တင်ပြခဲ့သည်။

"ရှင်းဟွမ်မျိုးနွယ်ရဲ့ ရှေ့ပြေးတပ်မှာ အဆင့်မြင့် ရှင်းဟွမ်နှစ်ရာကျော် ပါဝင်ပြီး ကြယ်သခင်အဆင့်တွေ ဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့နောက်လိုက်တွေက အရေအတွက် သန်းခြောက်ဆယ်ကျော်ပြီး ကြယ်သခင်အရေအတွက် အနည်းဆုံး ငါးသန်း ပါဝင်နိုင်တယ်"

ဤသတင်းကြောင့် ယဲ့မျိုးနွယ်ဝင်များက တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်လိုက်မိသည်။ ဤကား ရန်သူများ၏ ကင်းထောက်တပ်တစ်ခုသာဖြစ်ပြီး တပ်မကြီး မဟုတ်သော်လည်း ကြယ်သခင်အရေအတွက် အလွန်များပြားနေသည်။ ဤသို့သော စစ်ပွဲမျိုးတွင် နတ်အဆင့်ကျင့်ကြံသူများ မပါဝင်လျှင် အခြေအနေကို တစ်ကိုယ်တော် ပြောင်းပြန်လှန်ရန် မဖြစ်နိုင်ပေ။

"ငါတို့မှာ ကြယ်သခင်အဆင့် ဘယ်လောက်ရှိလဲ"

ကျင့်ကြံဆင့်နိမ့်သော်လည်း ဦးဆောင်မှုတွင် ထက်မြက်သော ယဲ့ကျန့်တန်းက မေးလိုက်ခြင်း ဖြစ်သည်။

"ရှင်းဟွမ်တွေ တိုက်ခိုက်ခဲ့တဲ့ ကြယ်ဒေသတွေက ကြယ်သခင်တွေကို ကျုပ်တို့ စုဆောင်းထားနိုင်ခဲ့တယ်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရဲ့ ကြယ်သခင်တွေကလည်း ကျုပ်တို့အမိန့်ကို နာခံဖို့ သဘောတူပါတယ်။ မူလအင်အားနဲ့ ပေါင်းလိုက်ရင် သုံးသိန်းကျော် ရှိတယ်"

ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၌ ကြယ်သခင်များစွာ ရှိသော်လည်း အရေအတွက် သုံးသိန်းနှင့် ငါးသန်းတွင် အလွန်တရာ ကွာခြားနေ၏။

"ထိပ်တန်းမဟာမိတ်ကရော"

"သူတို့မှာ ကြယ်သခင်တစ်သန်းကျော်ရှိပြီး အခြားအင်အားစုတွေကလည်း ပူးပေါင်းပါလိမ့်မယ်"

ရှင်းဟွမ်မျိုးနွယ်သည် ကြယ်အဖွဲ့အစည်းရှိ လူသားတိုင်းကို တစ်ယောက်မကျန် သတ်မည်ဖြစ်သောကြောင့် ယခုအချိန်၌ အားလုံး စည်းလုံးကြရပေလိမ့်မည်။ ထာဝရပြည်ထောင်တွင် အဆင့်မြင့်ရှင်းဟွမ်များက တော်ဝင်မျိုးနွယ်ဖြစ်ပြီး သာမန်ရှင်းဟွမ်များက အရေးမပါချေ။ သာမန်ရှင်းဟွမ်များအတွက် လူသားမျိုးနွယ် အသတ်ခံလိုက်ရလျှင် ကောင်းကင်နတ်ဆိုးများထံမှ ကာကွယ်ပေးမည့်သူ မရှိသဖြင့် စစ်ပွဲကို မလိုလားကြပေ။ သူတို့က လူသားမျိုးနွယ်ကို ကူညီရန် သဘောတူခဲ့ကြပြီး လူသားမျိုးနွယ် ပျက်သုဥ်းသွားလျှင် သူတို့အလှည့် ရောက်လာပေလိမ့်မည်။ စကြဝဠာအတွင်း သာမန်ရှင်းဟွမ်များနှင့် လူသားများက အချင်းချင်းကာကွယ်၍ နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ခဲ့ကြသည်။ ဤသို့သော ဆက်ဆံရေးမျိုးကို အခွင့်ထူးခံ ရှင်းဟွမ်များက နားလည်မသည့်အပြင် သာမန်ရှင်းဟွမ်များကိုလည်း အထင်သေးစွာ ဆက်ဆံနေကျဖြစ်သည်။ ထို့ကြောင့် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းရှိ ရှင်းဟွမ်ကျောင်းတော်သည်ပင် ထိပ်တန်းမဟာမိတ်ကို ကူညီရန် သဘောတူခဲ့ပြီး တိုက်ခိုက်ရေးအင်အား မရှိသော်လည်း ပါရမီရှင်များကို ကြယ်သခင်ဖြစ်လာစေရန် စွမ်းဆောင်ပေးနိုင်သည်။

ကြယ်သခင်ငါးသန်းကျော်ကို အင်အားစုများ စုပေါင်း၍ ရှင်းလင်းနိုင်သော်လည်း ရန်သူတပ်မကြီး ရောက်လာလျှင် သေချာပေါက် သတ်ဖြတ်ခံရပေလိမ့်မည်။ ထို့ကြောင့် လူတိုင်း၏အကြည့်သည် ကျိုးလီထံ အကူအညီတောင်းဟန်ဖြင့် ကျရောက်သွားသောအခါ သူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းခါပြခဲ့သည်။

"မင်းတို့ ငါ့ကို လာကြည့်မနေကြနဲ့။ ရှေ့ပြေးတပ်နဲ့ တိုက်ပွဲမှာ သေချာပေါက် ငါ ဝင်ပါလို့မရဘူး။ ငါသာ ဝင်ပါလိုက်ရင် ရန်သူတွေဘက်က အာကာသနတ်တွေ လွှတ်လိုက်လိမ့်မယ်။ မင်းတို့အနေနဲ့ သူတော်စင်ဘုရင်အတွက် အချိန်ဆွဲပေးထားနိုင်ရင် လုံလောက်တယ်"

သူက ယဲ့မျိုးနွယ်ကို နတ်ပြည်နှင့် လူသားမျိုးနွယ် သမိုင်းအကြောင်း ရှင်းပြခဲ့ပြီး အဆင့်နိမ့် အာကာသနတ်တစ်ယောက် ဖြစ်သည်။ သူက ရှင်းဟွမ်မျိုးနွယ်၏ ရှေ့ပြေးတပ်ကို လက်ဖျောက်တစ်ချက်ဖြင့် သတ်နိုင်သည်။ သို့ရာတွင် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၌ လူသား အာကာသနတ်တစ်ယောက် စောင့်ကြပ်နေကြောင်း သိသွားလျှင် ရန်သူများ လက်ချက်ဖြင့် နေရာတစ်ခုလုံး ဖွတ်ဖွတ်ကြေသွားပေလိမ့်မည်။ သာမန်စစ်ပွဲများဆိုလျှင် အချိန်ဆွဲ၍ တိုက်ခိုက်ပါက နှစ်ပေါင်းများစွာ ကြာမြင့်နိုင်သည်။

"ဒီလိုဆိုရင် ငါတို့ရည်ရွယ်ချက်ကို ပြောင်းလဲရလိမ့်မယ်။ ရန်သူတွေကို အနိုင်မတိုက်ဘူး။ အဓိကအနေနဲ့ ယာဥ်တွေကို ဖျက်ဆီးပြီး အချိန်ဆွဲရမယ်"

ကျိုးလီ၏စကားကို အခြေခံ၍ ထန်တိုက်လင်က တစ်ချက်စဥ်းစားကာ ဆုံးဖြတ်ချက်ချလိုက်သည်။

"သခင်မလေး ပြောတာ မှန်တယ်။ ယာဥ်တွေကို ဖျက်ဆီးလိုက်ရင် ဒီကောင်တွေ စကြဝဠာထဲမှာ ခြေချုပ်မိသွားလိမ့်မယ်။ တစ်ချိန်တည်းမှာ သူတို့က ငါတို့ကို မခြိမ်းခြောက်နိုင်တော့ဘူး"

ကျိုးလီက ခေါင်းတစ်ချက်ညိတ်၍ ထောက်ခံလိုက်သည်။ သူ၏အမြင်တွင် ယဲ့ချန်သည် ကိုးဘဝမြောက်ဖြစ်သောကြောင့် ကျင့်ကြံနှုန်း အလွန်တရာမြန်ဆန်ပြီး အချိန်ရလေလေ၊ အခြေအနေကို ပြောင်းလဲနိုင်လေလေ ဖြစ်သည်။ ဤမျှော်လင့်ချက်သည် အင်မတန် သေးငယ်သော်လည်း သူက လက်လျှော့လိုစိတ် မရှိပေ။

"မရီး ကျွန်တော်တို့ ဘာလုပ်ရမလဲ"

ယဲ့မုန့်က အမိန့်တောင်းခံလိုက်သည်။

"ရန်သူတွေ ငါတို့ဆီကို ရောက်လာတဲ့အထိ စောင့်လို့မဖြစ်ဘူး။ တိုက်စစ် စဖွင့်ရမယ်။ မင်းက ကြယ်သခင်တွေနဲ့ နတ်ဆိုးတိုက်လှေအကြီးတွေကို ဦးဆောင်ပြီး ရန်သူတွေကို ချုံခိုတိုက်ခိုက်။ ဒါပေမယ့် ထိပ်တိုက်ရင်ဆိုင်ရမှာ မဟုတ်ဘူး၊ ယာဥ်တွေကို ဖျက်ဆီးရုံသက်သက်ပဲ။ ယာဥ်ချင်းယှဥ်လိုက်ရင် ငါတို့က ပိုသာတယ်"

ထန်တိုက်လင်က ဆုံးဖြတ်ချက်ချပေးလိုက်ပြီး ယဲ့မျိုးနွယ်သို့ သွေးပြည်ထောက်ဘက်မှ နတ်ဆိုးတိုက်လှေထောင်ချီနှင့် အကြီး၁၃စီးကို ရောင်းချပေးထားခဲ့၏။ သွေးပြည်ထောင်သည် ဤစစ်ပွဲတွင် လူသားမျိုးနွယ်ဘက်မှ ကူညီရန် သဘောတူခဲ့ပြီး ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်ဟူသော သဘောတရားအပြင် ထာဝရပြည်ထောင်၌ ပြည်တွင်းစစ် ဖြစ်စေလိုသောကြောင့်ပင်။ သူတို့အတွက် ယာဥ်များ ရောင်းချပေးခြင်းက အရေးမကြီးသော်လည်း အဆင့်မြင့်ရှင်းဟွမ်များကို ဖမ်းမိလျှင် လက်လွှဲပေးရန် တောင်းဆိုခဲ့သည်။ သူတို့က ထိုရှင်းဟွမ်များကို စျေးမြင့်မြင့်ပေးကာ ဝယ်ယူမည်ဖြစ်သော်လည်း ထာဝရပြည်ထောင်ကို လျှို့ဝှက်ထားလိုသောကြောင့် သတင်းဖွက်စေခဲ့၏။ သွေးပြည်ထောင်က အဆင့်မြင့်ရှင်းဟွမ်များကို မည်သည့်အတွက်ကြောင့် လိုအပ်ကြောင်း မသိရသော်လည်း လူသားများကို ကျွန်သဘောက်ပမာ သတ်မှတ်ထားသူများအား ယဲ့မျိုးနွယ်က သနားစရာ အကြောင်းမရှိချေ။

ရန်သူကင်းတပ်ကို ဖြတ်တောက်တိုက်ခိုက်ရန်အတွက် နတ်ဆိုးလှေများ စေလွှတ်ခဲ့သည့်အပြင် ကောင်းကင်နတ်လှေများက စကြဝဠာအတွင်း အရင်းအမြစ်များ ဆက်တိုက်ရှာဖွေနေခဲ့သည်။ အာကာသကျောက်များထွက်ရှိရာ ကြယ်များသည် ကောင်းကင်မူလကြယ်သို့ သယ်ဆောင်ခံလိုက်ရပြီး ရှားပါးသတ္တုများလည်း စုဆောင်းခဲ့ကြသည်။ အနာဂတ်တွင် လူသားမျိုးနွယ်က မဟာစစ်ပွဲကြီး ရင်ဆိုင်ရမည် ဖြစ်သောကြောင့် အရင်းအမြစ် လိုအပ်ချက်သည် အင်မတန် ကြီးမားသဖြင့် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ ယဲ့မျိုးနွယ်ဝင်များက မအားလပ်နိုင်အောင် ကြိုးစားနေပြီး မျိုးနွယ်ပေါင်းစုံမှ ငယ်သားများမှာလည်း ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။ ယဲ့မုန်သည် နတ်ဆိုးလှေတစ်ထောင်ကျော်နှင့် ယာဥ်အကြီးသုံးစီးကို ဦးဆောင်ကာ ရှင်းဟွမ်ကင်းတပ်ကို ပိတ်ဆို့ရန် ထွက်ခွာသွားခဲ့သည်။ နတ်ဆိုးတိုက်လှေကြီး သုံးစီးက ဦးဆောင်၍ နတ်ဆိုးလှေတစ်ထောင်ကျော်က တိတ်တဆိတ်ရွေ့လျား ချီတက်နေကြ၏။ ထိုအချိန်တွင် ကျိယွမ်ကြယ်ပေါ်သို့ ပျက်စီးနေသော ယာဥ်ကြီးတစ်စင်း ရောက်ရှိလာကာ စွမ်းအင်များ ကုန်ခမ်းနေသဖြင့် အီနားရှား သဘောတရားဖြင့် ရွေ့လျားလာခဲ့သည်။

(မှတ်ချက်။ ။ အီနားရှား= အရာဝတ္ထုများ၏ အရွေ့စွမ်းအင်)

လက်ရှိတွင် ကျိယွမ်ကြယ်သည် အတိတ်နှင့် ကွဲပြားနေပြီး ကြယ်ဒေသများစွာအတွက် သယ်ဆောင်ရေးစခန်းတစ်ခု ဖြစ်သည်။ နေ့စဥ်နေ့တိုင်း ယာဥ်များ ဝင်ထွက်သွားလာနေပြီး သက်ဝင်လှုပ်ရှားနေကာ လူဦးရေသည်လည်း ရှစ်ဘီလီယံအထိ တိုးပွားလာ၏။ ပျက်စီးနေသော ယာဥ်ကြီးက စကြဝဠာအတွင်း ဖြည်းဖြည်းချင်း ထွက်ပေါ်လာသောအခါ ကြယ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ"

"ဒီယာဥ်ကြီး ဘယ်က ရောက်လာတာလဲ"

ကျိယွမ်ကြယ်၏ ကျင့်ကြံသူအားလုံးက ၎င်းကို အာရုံစိုက်နေကြပြီး မြင်ဖူးသမျှ ယာဥ်များနှင့် အလွန်ကွဲပြားနေ၏။ ထို့အပြင် ၎င်းကို အစွမ်းထက် အကာအကွယ်အလွှာတစ်ခု ဖုံးအုပ်ထားသောကြောင့် မည်သူမှ ထိုးဖောက်နိုင်စွမ်းမရှိပေ။ ၎င်းက ကောင်းကင်တွင် ဖြည်းဖြည်းချင်း မျောလွင့်နေကာ ကြယ်ကို လှည့်ပတ်နေသည်။ လူတိုင်းက ထိုယာဥ်ကြီးအတွင်း မည်သည့်အရာများ ရှိနေမည်ကို သိချင်စိတ်များ ဖြစ်ပေါ်လာခဲ့လေသည်။

All Chapters