ရှင်းဟွမ်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်
Vol. 70 Ch. 973
မရေမတွက်နိုင်သော မျက်လုံးများက ထူးဆန်းသော ယာဥ်ကြီးကို စိုက်ကြည့်နေကာ ပိုင်ရှင် မည်သူဖြစ်ကြောင်း မသိရသော်လည်း အကာအကွယ်အလွှာသည် အလွန်ထူလှ၏။ ဤမျှအစွမ်းထက်သော အကာအကွယ်ကို ဖန်တီးရန်အတွက် ယာဥ်၏ပိုင်ရှင်က ရိုးရှင်းပုံမရသောကြောင့် မည်သူမှ ရန်မစရဲပေ။ ၎င်းသည် ကျိယွမ်ကြယ်ကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ နီးကပ်လာစဥ် မြင်းတစ်ကောင်နှင့် မျောက်တစ်ကောင်၏ ပုံရိပ်က အတွင်းသို့ ပျံသန်းဝင်ရောက်သွားခဲ့၏။
"ဒါက အရှင်မနဲ့ မျောက်ကလေး မဟုတ်ဘူးလား"
"သူတို့က ဘာကြောင့် ယာဥ်ထဲကို ဝင်သွားရတာလဲ"
လူသားမျိုးနွယ်သည် ရှင်းဟွမ်မျိုးနွယ်နှင့် စစ်ဖြစ်နေသော်လည်း သာမန်ရှင်းဟွမ်များကို ယခင်အတိုင်း ရိုသေဆဲဖြစ်သည်။ သူတို့က လူသားမျိုးနွယ်ကို ရန်မပြုသည့်အပြင် ကူညီနေသောကြောင့်ပင်။ ယာဥ်အတွင်း၌ ရေခဲတုံးကြီးတစ်ခုရှိပြီး ခရမ်းရောင်ဆံပင်နှင့် မိန်းမတစ်ယောက်ကို ချိတ်ပိတ်ထားသည်။ သူမက ရေခဲအတွင်း ချိတ်ပိတ်ခံထားရသည်မှာ အချိန် မည်မျှကြာခဲ့ကြောင်း ပြောရန် ခက်ခဲပေသည်။ ကျိယွမ်ကြယ်၏ ရှင်းဟွမ်က မြင်းတစ်ကောင်အသွင်ဖြစ်ပြီး ဦးခေါင်းမော့၍ သူမကို စိုက်ကြည့်နေရင်း ကိစ္စများစွာကို တွေးနေဟန်ဖြင့် မျက်လုံးများ တောက်ပနေသည်။
"နောက်ဆုံးတော့ အချိန် ကျရောက်လာပြီ။ လွန်ခဲ့တဲ့ နှစ်တစ်သိန်းကျော်က ငါဟာ ဝိညာဥ်ပြိုကွဲရတဲ့အထိ ရှုံးနိမ့်ခဲ့တယ်။ လက်စားချေဖို့ အချိန်တန်ပြီ"
သူမက ခပ်တိုးတိုးရေရွတ်၍ ရေခဲတုံးအတွင်းရှိ မိန်းမခန္ဓာကိုယ်ထံ ကစုန်ပေါက်ပြေးဝင်ကာ ဖြည်းဖြည်းချင်း ပေါင်းစပ်လိုက်သည်။ မျောက်ကလေးက လှေဝမ်းအတွင်း ခုန်ပေါက်နေပြီး အလွန်ပျော်ရွှင်နေဟန်ဖြင့် ကနေခဲ့သည်။ ခရမ်းရောင်ဆံပင်နှင့် မိန်းမ၏ အသားအရေက သွေးရောင်လွှမ်းလာကာ ဆံပင်များသည်လည်း တဖိတ်ဖိတ် တောက်ပလာသည်။ ရုပ်ခန္ဓာက အသက်ဝင်လာပြီး အဆင့်မြင့်ရှင်းဟွမ်တစ်ယောက် ဖြစ်နေကာ ကျိယွမ်ကြယ်၏ ရှင်းဟွမ်နှင့် အပြည့်အဝ ပေါင်းစပ်သွားသောအခါ မျက်လုံးများ ဖြတ်ခနဲ ပွင့်လာ၏။
"ဘန်း"
ရေခဲတုံးသည် ကြေကွဲသွားကာ သူမက ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာပြီး ရှောင်ချီကို တစ်ချက်ပြုံးပြ၍ လက်တစ်ဖက် ဆန့်ထုတ်ပေးလိုက်သည်။
"ချီလေး"
သူမ၏အသံက နားဝင်ပီယံရှိလောက်အောင် သာယာနေပြီး ၎င်းက သူမ၏ပခုံးအထက်သို့ လျှပ်စီးပမာ ရောက်ရှိလာခဲ့၏။ ခရမ်းရောင် အလင်းတစ်ခုက ၎င်း၏ကိုယ်တွင်းသို့ ဝင်ရောက်သွားကာ တစ်ကိုယ်လုံး ရွှေရောင်တောက်ပပြီး အစွမ်းထက် အရှိန်အဝါတစ်ခု ပြန့်ထွက်လာသည်။ ထိုအရှိန်အဝါက ကြမ်းတမ်းလွန်းသဖြင့် ကြယ်တစ်ခုလုံးကို တုန်ခါသွားစေသည်။
"ဘာတွေဖြစ်နေတာလဲ"
"ဒီအရှိန်အဝါကို ဘယ်သူပိုင်ဆိုင်တာလဲ"
ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြယ်သခင်များပင် ကိုယ့်ကိုကိုယ် သေးငယ်သည်ဟု ခံစားလိုက်ရပြီး မြူမှုန်များပမာ ထင်မှတ်ရ၏။ ကျိယွမ်ကြယ်သို့ ဝင်ထွက်သွားလာနေသော ယာဥ်များပင် လွင့်ထွက်သွားသောအခါ နတ်တစ်ယောက်သာ ပိုင်ဆိုင်နိုင်သော စွမ်းအားမျိုး ဖြစ်နေခဲ့သည်။
"ချီလေး မင်းက နတ်အရှိန်အဝါကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ မသိသေးဘူး"
ကျိယွမ်က တခစ်ခစ်ရယ်မော၍ ခေါင်းယမ်းကာ ရှောင်ချီကို ညှင်သာစွာ ပွတ်သပ်လိုက်သောအခါ ကြောက်မက်ဖွယ် အရှိန်အဝါသည် ချက်ချင်းပျောက်ကွယ်သွားခဲ့၏။
"အမေ နောက်ဆုံးတော့ ပြန်ကောင်းလာပြီပေါ့"
ရှောင်ချီက သူမ၏ပါးပြင်ကို ခေါင်းကလေးဖြင့် ချစ်မြတ်နိုးစွာ ပွတ်သပ်လိုက်၏။
"မဟုတ်သေးဘူး။ အကြွင်းအကျန်ဝိညာဥ်ငါးခုမှာ ငါက သုံးခုကိုသာ စုဆောင်းနိုင်ခဲ့တယ်။ ကျန်နှစ်ခုက ပျက်စီးသွားမှာ ကြောက်ရတယ်"
အကယ်၍ ယဲ့ချန်သာရှိနေလျှင် သူမ၏ခွန်အားက ကျိုးလီထက် ပို၍သန်မာကြောင်း အာရုံခံမိပေလိမ့်မည်။ ထိုကြောင့် သူမသာ အကြွင်းအကျန် ဝိညာဥ်ငါးခုလုံးကို စုဆောင်းနိုင်ခဲ့ပြီး အထွတ်အထိပ်သို့ ပြန်ရောက်လျှင် အင်မတန် အစွမ်းထက်ပေလိမ့်မည်။
နတ်ပြည်၏အလယ်တွင် ဘိုးဘေးနတ်ဘုရားများ နေထိုင်ကြသည့် နယ်မြေတစ်ခု ရှိသည်။ ၎င်း၏အစပ်တွင် ခမ်းနားသော နန်းတော်ကြီးများ တည်ဆောက်ထားပြီး အဆင့်ခုနစ် မျိုးနွယ်ခေါင်းဆောင်များ နေထိုင်ကြ၏။ အဆင့်ခုနစ်မျိုးနွယ် ခုနစ်ခုတွင် ရှင်းဟွမ်မျိုးနွယ်က အသန်မာဆုံးဖြစ်ပြီး နန်းဆောင်အတွင်းရှိ ပလ္လင်ထက်တွင် ခမ်းနားစွာ ဝတ်ဆင်ထားသော ရှင်းဟွမ်ဘုရင်ထိုင်နေပြီး အစွမ်းထက် အရှိန်အဝါအား ထုတ်ဖော်ထားသည်။ အာကာသနတ်များအကြားတွင် သူက ထိပ်တန်းတည်ရှိမှုတစ်ခု ဖြစ်သော်လည်း မျက်နှာထက်တွင် နာကျင်မှုကို ခံစားရဟန်ဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။ ထိုအချိန်တွင် သူက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် မျက်လုံးများ အေးစက်စက် တောက်ပလာသည်။ အကြောင်းအရင်းမှာ သူက မျိုးနွယ်ကျောက်စာကို မြင်နေရသောကြောင့်ဖြစ်ပြီး ရင်းနှီးသော ပုံရိပ်တစ်ခုအား မြင်လိုက်ရသည်။
"ရောင်လင် ရောင်ရဲ"
သူက ဒေါသတကြီး အော်ဟစ်လိုက်သောအခါ နန်းတော်အတွင်း ပုံရိပ်နှစ်ခု ဝင်ရောက်လာသည်။ တစ်ယောက်က ဆံပင်ဖြူနှင့် မိန်းမတစ်ယောက်ဖြစ်ပြီး ကျန်တစ်ယောက်က ဆံပင်နီ မိန်းမတစ်ယောက်ဖြစ်ကာ အဆင့်မြင့်ရှင်းဟွမ်များ ဖြစ်ကြ၏။
"မြင့်မြတ်အရှင် ဘာများအမိန့်ပေးချင်ပါသလဲ"
သူတို့က လေးစားစွာဖြင့် ဒူးထောက်ခစား၍ မေးလိုက်ခြင်းဖြစ်သည်။
"ကျိယွမ် အသက်ရှင်နေတာကို ငါ မြင်လိုက်ရတယ်။ နှစ်ပေါင်းများစွာအကြာမှာ သူမက ပြန်ပေါ်လာခဲ့ပြီ။ ဒီကောင်မ သေတာကို ငါ မြင်ချင်တယ်"
ရှင်းဟွမ်ဘုရင်က အေးစက်စက် အမိန့်ပေးလိုက်၏။ ဆန်းကျယ်သော ယာဥ်ကြီးပေါ်မှ မိန်းမသည် ရှင်းဟွမ်မျိုးနွယ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သူနှင့် ရန်ကြွေး ရှိနေခဲ့သည်။ ထိုအချိန်၌ ကျိယွမ်ကြယ်ပေါ်တွင် ယာဥ်ကြီးက ရုတ်တရက် ပျောက်ကွယ်သွားကာ အရှိန်တင်၍ စကြဝဠာအတွင်း လှစ်ခနဲ ထွက်ခွာခဲ့သောကြောင့် ဦးတည်ရာကို မည်သူမှ မသိခဲ့ရပေ။ ဤသတင်းက ယဲ့မျိုးနွယ်ထံ လျင်မြန်စွာ ရောက်ရှိလာပြီး အကြီးအကဲများကို အစည်းအဝေးတစ်ခု စတင်စေခဲ့သည်။
"အဘိုး ဘာကြောင့် သူမက ထွက်သွားရတာလဲ"
ထန်တိုက်လင်က စိတ်ရှုပ်ထွေးစွာဖြင့် ကျိုးလီထံ စုံစမ်းလိုက်သည်။ လက်ရှိတွင် ကျိယွမ်ကြယ်၏ ရှင်းဟွမ်က ထွက်ခွာရန် မသင့်တော်သော်လည်း အမှန်တကယ် ထွက်သွားခဲ့သည်။
"သူမသာ ဆက်ရှိနေရင် ငါတို့အတွက် ပြဿနာများလိမ့်မယ်"
ကျိုးလီက တည်ငြိမ်စွာပြောလိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။ သူ၏စကားကြောင့် ယဲ့မျိုးနွယ်ဝင်များမှာ ပို၍စိတ်ရှုပ်နေကြပြီး ရှေးခေတ်ဟောင်းမှ လျှို့ဝှက်ချက်များနှင့် ပတ်သက်နိုင်သည်ဟု တွေးနေကြသည်။ သို့ရာတွင် ကျိုးလီက ဤကိစ္စကို ပါးစပ်ပိတ်ထားသောကြောင့် သူတို့က လိုက်လံရှာဖွေရန် ကျင့်ကြံသူများ မစေလွှတ်ခဲ့ပေ။
တစ်လအကြာတွင် ရှင်းဟွမ်ကင်းထောက်တပ်သည် ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း ရောက်ရှိလာခဲ့သည်။ သူတို့က လမ်းတလျှောက် ကြယ်ဒေသများတွင် လူသားများစွာကို သတ်ဖြတ်ခဲ့သော်လည်း ဤနေရာတွင် ယဲ့မုန်၏စစ်တပ်က အသင့်စောင့်ကြိုနေ၏။ သူက ကျင့်ကြံခြင်းတွင် ပါရမီမပါသော်လည်း ကလေးဘဝထဲက စတင်၍ စစ်မက်ရေးရာကို လေ့လာခဲ့သောကြောင့် စစ်ရေးအမြင် ကြွယ်ဝသည်။ ထို့အပြင် ယဲ့မျိုးနွယ်က အာဏာအပြည့်အဝ ပေးထားသောကြောင့် နောက်လိုက်များသည် အမိန့်ကို ရာနှုန်းပြည့် နာခံကြသည်။ ရန်သူများ၏ စစ်တပ်က အရေအတွက် သန်းသုံးဆယ်ကျော်သော်လည်း မိုးတိမ်နတ်လှေများနှင့် နတ်ဆိုးတိုက်လှေရာချီသာ ပါဝင်သောကြောင့် စစ်ယာဥ်အရာ၌ နိမ့်ကျနေ၏။ သူတို့က ယဲ့မုန်၏ နတ်ဆိုးတိုက်လှေ အကြီးသုံးစီးကို မြင်သောအခါ လောဘမီးတောက်လာကာ ယာဥ်များကို လုယူချင်ခဲ့သည်။
"ယာဥ်တွေကိုလုကြစမ်း"
"သူတို့အားလုံးကို သတ်ကြ"
ရန်သူများက လမ်းတလျှောက်တွင် မီးရှို့လူသတ်ခဲ့ပြီး များပြားလှသော လေလွင့်ကျင့်ကြံသူများကို စုဆောင်းထားခဲ့သည်။ ထို့ကြောင့် ဤစစ်တပ်က တောပုန်းဓားပြ အုပ်စုတစ်ခုနှင့်မခြားဘဲ ပရမ်းပတာဖြစ်နေပြီး တပ်မကြီးနှင့် ယှဥ်မရပေ။
"စောက်ရူးတွေ"
ယဲ့မုန်သည် အစီအစဥ်မရှိဘဲ ချီတက်လာသော ရန်သူများကို မြင်သောအခါ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။
"ဘေးနှစ်ဖက်ကနေ တိုက်ခိုက်ကြ၊ မရဏအလင်းမျှော်စင်နဲ့ ယာဥ်တွေကို ပစ်မှတ်ထားရမယ်။ သူတို့နဲ့ မိုင်သုံးထောင်အဝေးမှာ နေပြီး ထိပ်တိုက်ရင်ဆိုင်စရာ မလိုဘူး။ ငါ့အမိန့်ကို ရရင် ချက်ချင်းပြန်ဆုတ်ကြ"
မရေမတွက်နိုင်သော သွေးများ စွန်းထင်းနေသည့် ရန်သူများကို တိုက်ခိုက်ရန်အတွက် ယဲ့မုန်က နောက်လိုက်များထံ ဆက်သွယ်ကာ ညွှန်ကြားလိုက်၏။ အလင်းတန်းများ တရစပ်ထွက်ပေါ်လာပြီး ခဏအတွင်း ရန်သူယာဥ်များက မီးပင်လယ်အတွင်း ရောက်သွားခဲ့ကြသည်။ သူတို့က နတ်ဆိုးတိုက်လှေများ၏ အရှိန်ကို အားကိုးကာ ပစ်ခတ်ရင်း နောက်ဆုတ်သွားကြပြီး ရန်သူများအား အနားကပ်ခွင့်မပေးခဲ့ပေ။ ရန်သူများဘက်တွင် ယာဥ်များ မီးလောင်သွားကာ စကြဝဠာအတွင်း ပျက်စီးကုန်သည်။ သူတို့အသုံးပြုသော လက်နက်များမှာ အချိန်လေဟာနယ် ဒူးလေးများဖြစ်၍ လူသားကျင့်ကြံသူများကို သတ်ဖြတ်နိုင်သော်လည်း ယာဥ်များကို ဖျက်ဆီးရန် ခက်ခဲလွန်းသောကြောင့် မရဏအလင်းမျှော်စင်အား မယှဥ်နိုင်ချေ။
ဤစစ်ပွဲက လဝက်အထိ ကြာမြင့်နေပြီး သန်းချီသော စစ်သည်များ တိုက်ခိုက်နေသောကြောင့် ရှင်းဟွမ်စစ်တပ်၏ ခေါင်းဆောင်များ အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ လမ်းတလျှောက်တွင် သူတို့က ကြယ်ဒေသငါးခုကို ကျော်ဖြတ်လာခဲ့သော်လည်း မည်သည့်ခုခံစစ်ကိုမျှ မကြုံခဲ့ရပေ။ လူသားများက သူတို့ကို တားမြစ်ခဲ့သော်လည်း အရေအတွက် အသာစီးဖြင့် အနိုင်ယူခဲ့ပြီး သူတို့၏လက်တွင် လူသားမြောက်များစွာ၏ သွေးများ စွန်းထင်းနေသည်။ ကင်းထောက်တပ်တွင် မူလက ကျင့်ကြံသူ ဆယ်သန်းကျော်သာ ပါဝင်သော်လည်း လေလွင့်ကျင့်ကြံသူများ ပူးပေါင်းလာသောကြောင့် သန်းသုံးဆယ်အထိ များပြားလာခဲ့၏။ ရောက်လေရာတွင် သူတို့က မီးရှို့သတ်ဖြတ်ခဲ့ကြပြီး စစ်ချီတက်ပုံ စနစ်မကျသော်လည်း လမ်းတလျှောက် ပြိုင်ဘက်ကင်းခဲ့သည်။ သို့သော်လည်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်သောအခါ ခုခံသူများက ထင်ထားသည်ထက် ပို၍အစွမ်းထက်နေခဲ့ကြသည်။
လူသားစစ်တပ်က စနစ်တကျဖြင့် ဆုတ်ချီခွာချီ တိုက်ခိုက်နေပြီး မရဏအလင်းမျှော်စင်နှင့် ပစ်ခတ်ရင်း နောက်ဆုတ်နေကြ၏။ သူတို့က လျင်မြန်စွာ ဆုတ်ခွာသွားပြီး မရဏအလင်းမျှော်စင်များ ကျည်ဖြည့်ရန် အချိန်ရသွားခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ် ပြန်လည်ပေါ်ထွက်လာသောအခါ သူတို့၏ ပစ်ချက်များအောက်တွင် ရှင်းဟွမ်ကင်းထောက်တပ်၏ ယာဥ်များ မီးလောင်ပြာကျသွားခဲ့လေသည်။