← Chapters

သူတော်စင်ဘုရင်၏ အစီအစဥ်

Vol. 70 Ch. 975

သူတော်စင်ဘုရင်၏ အစီအစဥ်

Vol. 70 Ch. 975

ရွှေပိုင်နက်သားရဲများက နတ်အဆင့် ဖြစ်သောကြောင့် ရန်သူတပ်နှင့် ရင်ဆိုင်ရာတွင် ပြိုင်ဘက်ကင်းနေသည်။ သို့ရာတွင် ရန်သူပမာဏကြောင့် ယဲ့ချန်သည် အံ့သြနေရပြီး ထာဝရပြည်ထောင်ကဲ့သို့ နတ်ပြည်ထောင်ကြီးတစ်ခု၏ ကင်းထောက်တပ်ကပင် ကြီးကျယ်လှသည်။ ထိုနောက်ခံ​ကြောင့် လူသားမျိုးနွယ်က ရန်သူများကို ခုခံရန် အလွန်တရာခက်ခဲပြီး သူသာ ပြန်မလာခဲ့လျှင် အာကာသနတ်အဆင့် မရောက်ခင် မျိုးတုံးသွားပေလိမ့်မည်။

"ငါစောင့်လို့ မဖြစ်ဘူး"

သူက စိတ်ကို အလုပ်ပေး၍ ရှင်းဟွမ်မျိုးနွယ်ကို အနိုင်ယူရန် တွက်ချက်နေသည်။ သူတော်စင်ဘုရင်သည် ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်၏ ကိုးပိုင်းမြောက်ကို ပြင်ဆင်မွမ်းမံထားခဲ့သောကြောင့် အတွင်းလောကနှင့် ဝိညာဥ်ကောင်များ ဖြစ်တည်လာခဲ့သည်။ နတ်ဝိညာဥ်နှင့် ပေါင်းစပ်ပြီးနောက် သူ၏ဝိညာဥ်အသိစိတ်က အဆပေါင်းများစွာ အစွမ်းထက်၍ နတ်ဝိညာဥ် ဖြစ်လာကာ ကြောက်မက်ဖွယ် အရှိန်အဝါမျိုး ထွက်ပေါ်နေ၏။ လူသားမျိုးနွယ်၏ ကျင့်ကြံနှုန်းက နှေးကွေးသောကြောင့် ပြင်းထန်ကြမ်းတမ်းသော နည်းလမ်းဖြင့် ရက်စက်စွာ အဆင့်တက်ရန် လိုအပ်ကြောင်း သူရော သူတော်စင်ဘုရင်ပါ နားလည်သဘောပေါက်ခဲ့သည်။

ဒန်တန်အတွင်းမှ နောက်လိုက်ငါးသောင်းကျော် ပြေးထွက်လာကာ ကောင်းကင်စက်ဝိုင်း ချီတက်ပုံများအတိုင်း ရန်သူတပ်ထံ ပြေးဝင်သွားကြ၏။ နတ်ငါးယောက်က ဝေဟုန်ကို ဖမ်းချုပ်လိုက်ကြပြီး ရွှေပိုင်နက်သားရဲကလည်း ရန်သူသားရဲကို ဖိနှိပ်ထားသည်။

"မင်း ဘာလုပ်ချင်တာလဲ။ ရှင်းဟွမ်မျိုးနွယ်ကို သေချင်လို့ တိုက်ခိုက်နေတာလား"

ဝေဟုန်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သော်လည်း ယဲ့ချန်က အေးစက်စက်ပြုံးကာ ဝိညာဥ်ကောင်တစ်ကောင်ကို ဆင့်ခေါ်၍ ဦးခေါင်းထံ ရိုက်ချလိုက်သည်။ ၎င်းက ခန္ဓာကိုယ်အတွင်းသို့ ဖောက်ဝင်သွားကာ ဝိညာဥ်ကို အညံ့ခံစေရန် လုပ်ဆောင်လိုက်သည်။ သို့သော် သူက နာကျင်စွာ အော်ဟစ်ရင်း ဝိညာဥ် ပြိုကွဲသွားသောအခါ လဲကျသေဆုံးသွားခဲ့သည်။ မအောင်မြင်သောကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်ပြီး အတင်းအကြပ် နည်းလမ်းဖြင့် နောက်လိုက်စုဆောင်းရန် ခက်ခဲကြောင်း နားလည်လိုက်၏။ ဤလုပ်ရပ်က ရက်စက်သော်လည်း လူသားမျိုးနွယ်၌ ရွေးချယ်စရာ မရှိသောကြောင့် မှားယွင်းသည့်တိုင်အောင် ရှေ့ဆက်လျှောက်ရပေလိမ့်မည်။

အတိတ်တွင် လူသားမျိုးနွယ်က အလောင်းအစားတစ်ခု မလုပ်လျှင် သေချာပေါက် ဖျက်ဆီးခံရမည် ဖြစ်သောကြောင့် သူတော်စင်ဘုရင်က စိတ်တင်းကာ မျိုးနွယ်ဝင်ပေါင်းများစွာကို စတေးခဲ့သည်။ သူက လူသားနတ်ဝိညာဥ်များကို နှလုံးသားမာကျောစွာဖြင့် ဝါးမျိုခဲ့သော်လည်း အပြစ်ရှိစိတ်ကို တစ်သက်လုံး ခံစားခဲ့ရသည်။ ဤလုပ်ရပ်သည်လည်း လူသားမျိုးနွယ် တိုးတက်ရေးအတွက် ကြယ်တာရာ ဘုံကိုးလွှာ ကျင့်စဥ်အတိုင်း မဖြစ်မနေ လျှောက်လှမ်းခဲ့ရသောကြောင့်ဖြစ်သည်။ လက်ရှိတွင် ယဲ့ချန်၏လုပ်ရပ်သည် သူရဲကောင်းတစ်ယောက်၏ စံနှုန်းမျိုး မဟုတ်သော်လည်း စစ်ပွဲအရ ရွေးချယ်စရာ မရှိချေ။ နှိုင်းယှဥ်ရလျှင် သူတော်စင်ဘုရင်က မျိုးနွယ်တူများကို စတေးခဲ့ပြီး သူက မျိုးနွယ်ခြားများကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ပေါင်းစပ်ခြင်း မအောင်မြင်သောအခါ ဝိညာဥ်ကောင်သည် ဝေဟုန်၏ အလောင်းအတွင်းမှ ပြန်ထွက်လာခဲ့၏။

သူတော်စင်ဘုရင်သည် သူ၏လုပ်ရပ် ကျရှုံးခဲ့သောအခါ မှားယွင်းသွားကြောင်း နားလည်လိုက်ပြီး နောက်ဘဝမှ လူဝင်စားကို လမ်းမှန်ပေါ်သို့ တင်ပေးလိုခဲ့သည်။ ထို့ကြောင့် သူက ကျင့်စဥ်ကို ပြင်ဆင်လိုက်ပြီး လူသားမျိုးနွယ်ဝင်များ၏ ဝိညာဥ်ကို စတေးမည့်အစား မျိုးနွယ်ခြားများ၏ ဝိညာဥ်ကို စုပ်ယူနိုင်စေခဲ့သည်။ ၎င်းလုပ်ရပ်က အလွန်အန္တရာယ်များသောကြောင့် သူက ယဲ့ချန်အတွက် ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာကို ကြိုတင်ပြင်ဆင်ပေးထားခဲ့၏။ ၎င်းနတ်ခန္ဓာ၏ သန်မာမှုအရ မျိုးနွယ်ခြားများ၏ နတ်ဝိညာဥ်ကို ဝါးမျိုရာတွင် ခုခံနိုင်ပေလိမ့်မည်။

"ရွေးချယ်စရာမရှိမှတော့ လူသားမျိုးနွယ်အတွက် ငါ့လက်မှာ သွေးစွန်းရင်စွန်းပါစေ၊ ကောင်းကင်က အပြစ်ပေးရင်လည်း ငါတစ်ယောက်တည်း ခံလိုက်မယ်။ လူသားမျိုးနွယ် အဓွန့်ရှည်ပါစေ"

သူတော်စင်ဘုရင်၏ အခက်အခဲကို နားလည်သွားသောအခါ ယဲ့ချန်သည် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး ဝေဟုန်၏ နတ်ဝိညာဥ်ကို ဝါးမျိုလာသော ဝိညာဥ်ကောင်အား ဒန်တန်အတွင်း သိမ်းဆည်းလိုက်သည်။ နတ်အဆင့်တစ်ယောက်၏ စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းသည် နတ်ဝိညာဥ်တွင် စုစည်းနေပြီး သူက ၎င်းအင်အားများကို ဒန်တန်နှင့် ပေါင်းစပ်ခဲ့၏။ ထို့နောက် သူက နောက်ထပ်ဝိညာဥ်တစ်ကောင်ကို ထုတ်ယူကာ ရန်သူပိုင်နက်သားရဲ၏ ခေါင်းအတွင်း ထည့်သွင်းလိုက်သည်။

"ဝေါင်း"

၎င်းက ခန္ဓာကိုယ်အတွင်း ဝိညာဥ်ကောင် တိုးဝင်လာသောအခါ ဝိညာဥ် ကျူးကျော်ခံလိုက်ရသဖြင့် ဒေါသတကြီး ဟိန်းဟောက်ကာ အဆက်မပြတ် ရုန်းကန်ရင်း နာကျင်နေသည်။

"အညံ့ခံစမ်း။ မဟုတ်ရင် သေရမယ်"

ယဲ့ချန်က သတိပေးလိုက်ပြီး ဝိညာဥ်ပြိုကွဲ၍ သေဆုံးကာနီးအချိန်တွင်မှ ၎င်းသည် အရှုံးပေးရန် ရွေးချယ်ခဲ့သည်။ ခဏအကြာတွင် ၎င်း၏မျက်လုံးများ ပွင့်လာကာ ဝိညာဥ်ကောင်နှင့် ပေါင်းစပ်ခဲ့သောကြောင့် အပြည့်အဝ သစ္စာရှိလာခဲ့၏။

"အောင်မြင်သွားပြီ"

ရန်သူများကို နောက်လိုက်အဖြစ် သိမ်းသွင်းနိုင်သည်ဖြစ်စေ၊ ဝိညာဥ်များကို ဝါးမျိုနိုင်သည်ဖြစ်စေ သူ၏ခွန်အား တိုးတက်လာသောကြောင့် စစ်ပွဲကို အနိုင်ယူရန် စစ်ပွဲကို အသုံးချရပေလိမ့်မည်။

"ရှင်းဟွမ်မျိုးနွယ် မင်းတို့က လူသားမျိုးနွယ်ကို ဖျက်ဆီးချင်နေမှတော့ သနားနေစရာ အကြောင်း မရှိဘူး"

သူက ရန်သူများထံ အေးစက်စက်စိုက်ကြည့်ကာ ကောင်းကင်စက်ဝိုင်း အစီအရင်အတွင်း ပိတ်မိနေသော ရှင်းဟွမ်မျိုးနွယ်ဝင်ရာချီထံ ပျံသန်းသွားလိုက်သည်။ သန်းရာချီသော ကင်းထောက်တပ်ကို သူ၏စစ်တပ်က ပခုံးချင်းယှဥ်နိုင်နေသောကြောင့် ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ခြင်းကို စိတ်အေးလက်အေး ပြုလုပ်နိုင်သည်။ ကျရှုံးသွားလျှင်လည်း နတ်ဝိညာဥ်များကို သူက ဝါးမျိုနိုင်သောကြောင့် ပြဿနာမရှိချေ။ ၎င်းတို့က သူ၏ဒန်တန်အတွင်း ရောက်သွားလျှင် သေဆုံးသွားရမည့်အစား ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ကာ ရုပ်ခန္ဓာကို ပြန်လည်ပေါင်းစပ်ပြီး အသိစိတ် မွေးဖွားလာ၍ နောက်လိုက်တစ်ယောက် ဖြစ်တည်လာသည်။

"သူတော်စင်ဘုရင် လုပ်ခဲ့တာကို ငါ နားလည်သွားပြီ။ ဒီလုပ်ရပ်ကြောင့် ကောင်းကင်တာအိုက အပြစ်မပေးနိုင်တော့ဘူး။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ပြောင်းလဲလိုက်တဲ့အတွက် နတ်ဝိညာဥ်ကို ဝါးမျိုလိုက်ရင်တောင် ပစ်မှတ်က ဆက်ပြီးအသက်ရှင်နိုင်လိမ့်မယ်"

ဤနည်းဖြင့် ယဲ့ချန်၏စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျှောကျသွားသည်။ ကင်းထောက်တပ်နှင့် တိုက်ပွဲက ငါးရက်ငါးညတိုင်တိုင် ကြာမြင့်ခဲ့ပြီး သူ၏နောက်လိုက် အရေအတွက်က များပြားလာခဲ့ပြီး နှစ်သိန်းအထိ တိုးပွားလာ၏။ နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများက ကောင်းကင်စက်ဝိုင်းအစီအရင်ဖြင့် ကာကွယ်ပေးထားပြီး အလယ်ဗဟို၌ ယဲ့ချန်၊ လင်လုံ၊ ခြင်္သေ့ကြီးနှင့် နင်အာတို့ ရှိနေကြသည်။ လက်ရှိတွင် အခြေအနေကောင်းမွန်သော်လည်း ရန်သူများ၏တပ်မကြီး ရောက်ရှိလာလျှင် ပြဿနာတက်နိုင်သောကြောင့် ခွန်အားကို မြှင့်တင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိချေ။ သူတို့အတွက် နတ်အဆင့်တက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ နတ်စက်လုံးကို အသုံးပြုရန်ဖြစ်သည်။ သို့သော် ရွှေနီလင်းနို့မျိုးနွယ်မှ ဟင်းလင်းပြင်နတ်အဆင့် ချီရှုက အန္တရာယ်ပေးနိုင်ချေရှိသည်။ တစ်ဖက်လူက လူသားမျိုးနွယ်နှင့် ပူးပေါင်းရာတွင် ရိုးသားခြင်းရှိမရှိ မသေချာသောကြောင့် အတွင်းသို့ ဝင်ရန်က အန္တရာယ်များလွန်းနေသည်။

"တစ်ယောက်ချင်း စမ်းသပ်ကြတာပေါ့။ ငါ အရင်သွားကြည့်လိုက်မယ်"

ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ စွန့်စားရန် ဆုံးဖြတ်လိုက်၏။

"ငါ အရင်သွားမယ်။ မင်းက နတ်စက်လုံးကို စောင့်ကြည့်ပေး။ တစ်ခုခုမှားယွင်းရင် ချီရှုမျက်နှာကို ကောင်းကင်ဓားပျံနဲ့ စိုက်ပစ်လိုက်"

ခြင်္သေ့ကြီးက လက်မခံဘဲ ဝင်ပြောလိုက်သည်။

"မင်းတို့က ဒီလောက် အစိုးရိမ်ကြီးရလား။ ငါက မင်းတို့နဲ့ ပူးပေါင်းထားတဲ့အပြင် ရွှေနီလင်းနို့မျိုးနွယ်ကို ပြန်လည်တည်ထောင်ဖို့ အကူအညီ လိုအပ်နေတယ်။ ငါက ဘယ်လိုလုပ် အန္တရာယ်ပေးရမှာလဲ"

ထိုအချိန်၌ နတ်စက်လုံးအတွင်းမှ ချီရှု၏ပုံရိပ် ထွက်ပေါ်လာကာ ခါးသက်သက်ပြုံး၍ မကျေမနပ် ပြောလိုက်သည်။

"မိတ်ဆွေကြီး အထင်မလွဲပါနဲ့။ ကျုပ်က မင်းကို ယုံကြည်ပေမယ့် နတ်စက်လုံးထဲမှာဆိုရင် အကာအကွယ်မဲ့နေတယ်။ ဒီတိုက်ပွဲက လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အရေးနဲ့ သက်ဆိုင်နေတော့ သတိထားရတာပါ"

ယဲ့ချန်က ရှင်းပြလိုက်၏။

"ငါ နားလည်ပြီ"

ချီရှုက ခေါင်းညိတ်ပြလိုက်ပြီး နတ်စက်လုံး၏ဝင်ပေါက်ကို ဖွင့်ပေးလိုက်သောအခါ ခြင်္သေ့ကြီးက လှစ်ခနဲ ဝင်ရောက်ခဲ့သည်။

"နတ်စက်လုံးက ခုခံရေး ရတနာတစ်ခုဖြစ်ပြီး အာကာသနတ်ထိပ်ဆုံးအဆင့်တွေတောင် ထိုးဖောက်မဝင်နိုင်ဘူး။ မူလရတနာတစ်ခု ဖြစ်တဲ့အတွက် ဒီရတနာရဲ့ စွမ်းအားက ကောင်းကင်ဗျတ်စောင်းအောက် မနိမ့်ကျဘူး။ ငါက ဒီစွမ်းအားရဲ့ ရာခိုင်နှုန်း အနည်းငယ်ကိုသာ အသုံးချနိုင်ခဲ့တာ နှမြောစရာကောင်းလွန်းတယ်"

ချီရှုက နတ်စက်လုံး၏ အကူအညီဖြင့် ဟင်းလင်းပြင်နတ်အဆင့်များလက်မှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။

"ငါ ဘာကြောင့် အဆင့်မတက်နိုင်တာလဲဆိုတာက ဒီခွေးကောင် ရှင်းဟွမ်တွေကြောင့်ပေါ့။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာနဲ့ ငါတို့နတ်ဝိညာဥ်တွေ ပေါင်းလိုက်ရင် နတ်အဆင့်ကို ရောက်နေတာ ကြာလှပြီ။ ဒီအောက်တန်းကျတဲ့ ကောင်တွေကို သတ်ပစ်မယ်"

နာရီဝက်အကြာတွင် နတ်အဆင့်တက်သွားသော ခြင်္သေ့ကြီးက ပြန်ထွက်လာကာ အော်ဟစ်ဆဲဆိုနေသည်။ ဤဖြစ်ရပ်ကြောင့် ချီရှု၏စကားက မှန်ကန်နေပြီး နတ်စက်လုံးသည် ကံတရားဖိနှိပ်မှုကို ချိုးဖျက်နိုင်ကြောင်း သေချာသွားခဲ့သည်။

"မင်းတို့အရင်ဝင်လိုက်၊ ငါ စောင့်ကြည့်ပေးမယ်"

ယဲ့ချန်သည် နတ်အဆင့်ရောက်ရန် အလွန်နီးကပ်နေသော မိန်းကလေးနှစ်ယောက်ကို ဦးစားပေးလိုက်သည်။ သူတို့က နတ်တစ်ပိုင်းအဆင့်၏ အကန့်အသတ်သို့ ရောက်နေသောကြောင့် နတ်စက်လုံးအတွင်း ရောက်သွားလျှင် ချက်ချင်း အဆင့်တက်သွား​ပေလိမ့်မည်။

All Chapters