← Chapters

ယဲ့ချန် နတ်အဆင့်တက်ခြင်း

Vol. 70 Ch. 976

ယဲ့ချန် နတ်အဆင့်တက်ခြင်း

Vol. 70 Ch. 976

လင်လုံနှင့် နင်အာသည် နတ်စက်လုံးအတွင်း ရောက်ပြီးခဏအတွင်း နတ်အဆင့်ထိပ်ဆုံးသို့ ရောက်ရှိသွားကာ လောကနတ်အဆင့်သို့ရောက်ရန် လက်တစ်ကမ်းသာ လိုသည်။ အထူးသဖြင့် လင်လုံသည် ထိုအဆင့်သို့ အချိန်မရွေး တက်နိုင်လောက်သော အခြေအနေ ဖြစ်၏။ သူမသည် နတ်တစ်ပိုင်းအဆင့်တွင် နှစ်ပေါင်းများစွာ တစ်ဆို့နေခဲ့ပြီး အစွမ်းထက်ပါရမီနှင့် အသက်တစ်ထောင်ကျော်အတွင်း မဟာတာအိုရုန်းကျင့်စဥ်ကို ကျင့်ကြံထားခဲ့သဖြင့် အဆင့်တက်ရန် လုံလောက်နေသည်။ သူမက ပုံမှန်ဆိုလျှင် ဟင်းလင်းပြင်နတ်အဆင့်သို့ ရောက်နိုင်သော်လည်း ကောင်းကင်ဗျတ်စောင်း၏ ဖိနှိပ်မှုကြောင့် တစ်ဆို့နေခဲ့ရသည်။ လက်ရှိတွင် လွတ်မြောက်သွားသောအခါ သူမသည် ခုန်ပေါက်တိုးတက်သွားကာ တစ်သက်လုံး စုဆောင်းလာသမျှ ခွန်အားများ ပေါက်ကွဲထွက်ပေါ်လာသည်။

အဆင့်တက်ပြီးနောက် နတ်စက်လုံးအတွင်းမှ ထွက်လာသော လင်လုံသည် အလွန်တရာ စိတ်လှုပ်ရှားနေခဲ့သည်။ သူမက မရေမတွက်နိုင်အောင် ကြိုးစားခဲ့သော်လည်း အဆင့်မတက်နိုင်သောကြောင့် လက်ရှိတွင် အောင်မြင်သွားသောအခါ အေးစက်စက် အမူအရာပင် ပျောက်ကွယ်နေသည်။

"ယဲ့ချန် ထိပ်တန်းမဟာမိတ်ရဲ့ ခေါင်းဆောင်တွေကလည်း နတ်တစ်ပိုင်းအဆင့်မှာ ပိတ်ဆို့နေကြတယ်။ သူတို့ကိုရော ကူညီပေးနိုင်မလား"

သူမ၏လေသံတွင် ဝမ်းမြောက်နေသော ခံစားချက်များပင် ထွက်ပေါ်နေသည်။

"ကူညီပေးမယ်"

ထိုခေါင်းဆောင်များအားလုံးသည် လူသားမျိုးနွယ်ဝင်များ ဖြစ်သည့်အပြင် သူ၏ဆရာ ရှန်မူလည်း ပါဝင်နေသောကြောင့် ယဲ့ချန်အတွက် ငြင်းစရာမရှိပေ။ နင်အာနှင့် လင်လုံ အဆင့်တက်ပြီးနောက် သူက နတ်စက်လုံးအတွင်း ခုန်ဝင်လိုက်သောအခါ အတားအဆီးမှာ အလွယ်တကူပျက်စီးသွား၍ နတ်အဆင့် ရောက်သွားခဲ့၏။ ၎င်းက သူ့ကို ရန်သူများ၏ ကံတရားဖိနှိပ်မှုအောက်မှ လွတ်မြောက်စေခဲ့သောကြောင့် အချိန်လေဟာနယ်ချီများပင် အံ့သြဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားသည်။ သူက ချက်ချင်းတင်ပျဥ်ခွေထိုင်၍ နတ်ဝိညာဥ်ဖြင့် နေရာတစ်ခုလုံးကို စစ်ဆေးလိုက်သည်။ နတ်စက်လုံးအတွင်း စကြဝဠာပမာ ထင်မှတ်ရပြီး သေးငယ်ပုံရသော်လည်း ကိုယ့်ကိုကိုယ် မြူမှုန်ပမာ ခံစားလိုက်ရ၏။ အဝေးတစ်နေရာတွင် မျောလွင့်နေသော ဥပုံသဏ္ဍာန် ကျောက်ခဲတစ်လုံးမှလွဲလျှင် မည်သည့်အရာမှ ရှိမနေခဲ့ချေ။

"ဒါက ဘာလဲ"

"ငါ့ဘိုးဘေးတွေ ပြောတာကတော့ အချိန်ရဲ့အစမှာ စကြဝဠာက ဒီပုံစံဖြစ်တယ်"

ချီရှု၏ပုံရိပ် ထွက်ပေါ်လာကာ သူ၏အမေးကို ဖြေကြားလိုက်သည်။

"စကြဝဠာရဲ့ အစလား။ မဟာပေါက်ကွဲမှုကြီးကြောင့် စကြဝဠာ ဖြစ်ပေါ်လာတာလား"

"ဟုတ်တယ်။ မဟာပေါက်ကွဲမှုအကြောင်းကို မင်း ဘယ်လိုသိနေတာလဲ။ ပေါက်ကွဲမှုအပြီး စကြဝဠာရဲ့အလယ်မှာ နတ်ပြည်ဖြစ်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ ကြယ်အဖွဲ့အစည်းတွေ ပြန့်ကြဲသွားတယ်။ မျိုးနွယ်ပေါင်းစုံ ဖြစ်ပေါ်လာပြီး အချို့က နတ်ချီကို ပိုင်ဆိုင်ထားသလို အချို့ကလည်း အသက်ကို ဖန်တီးနိုင်ကြတယ်"

ချီရှုကိုယ်တိုင်ပင် စကြဝဠာဖြစ်ပေါ်လာပုံကြောင့် ယနေ့ထိတိုင် အံ့သြနေဆဲဖြစ်သည်။ ထိုအချိန်၌ နတ်စက်လုံးအတွင်းပိုင်းမှ မူလချီတစ်မျှင်က ယဲ့ချန်ထံ စီးဝင်သွားကာ ကိုးရောင်ခြယ်ချီများသည် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားပြီး အညစ်အကြေးအားလုံး သန့်စင်သွားကြောင်း ခံစားခဲ့ရသည်။ ၎င်းက မူလရတနာဖြစ်သောကြောင့် မူလချီတစ်မျှင် ရှိနေခြင်းဖြစ်ကာ စကြဝဠာအတွင်း လိုက်လံရှာဖွေရန် ခဲယဥ်းလှသည်။ မူလချီကို သန့်စင်နိုင်လျှင် ကျင့်ကြံသူတစ်ယောက်သည် ခွန်အားများ ရုတ်တရက် တိုးပွားလာပေလိမ့်မည်။ ၎င်းက ကောင်းကင်ချီ၊ နတ်ချီနှင့် အချိန်လေဟာနယ်ချီများ၏ မြစ်ဖျားခံရာဖြစ်၍ ဘိုးဘေးနတ်များကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ယဲ့ချန်က မူလချီကို ဒန်တန်အတွင်း ပေါင်းစပ်လိုက်သောအခါ ကြယ်ကိုးလုံးသည် လုံးဝပြောင်းလဲသွားပြီး ဝိညာဥ်ကောင်များမှာ အသိစိတ်ဝင်လာဟန်ဖြင့် တင်ပျဥ်ခွေထိုင်ကာ ကျင့်ကြံကုန်သည်။ သစ်သားကြယ်အထက်တွင် အစိမ်းရောင်နွယ်ပင်များ ဖြစ်တည်လာကာ အစစ်အမှန် ကြယ်တစ်လုံးနှင့် ဆင်တူနေသဖြင့် သူ့ကို အံ့သြစေခဲ့သည်။ ထို့အပြင် ကြယ်ကိုးလုံးအထက်တွင် ကျောက်လူသားများနှင့် ရေလိပ်ပြာများကဲ့သို့ မျိုးနွယ်အသစ်များ မွေးဖွားလာကာ ဝိညာဥ်ကောင်များနှင့် ပူးတွဲနေထိုင်လိုက်ကြ၏။ သူတို့က မူလတွင် အားနည်းသော်လည်း မည်သို့ကျင့်ကြံရမည်ကို သင်ယူကာ ဖြည်းဖြည်းချင်း သန်မာလာနေသည်။

တစ်ကိုယ်လုံးသို့ နတ်အရိုးများ ပြန့်ထွက်သွားကာ ယဲ့ချန်၏အရိုးများထံမှ အလင်းများ တဖိတ်ဖိတ် ထွက်ပေါ်လာသည်။ တစ်ကိုယ်လုံးတွင် နတ်သွေးများ အရှိန်ပြင်းပြင်း စီးဆင်းနေကာ နတ်ဝိညာဥ်ကိုလည်း အားဖြည့်ပေးခဲ့သည်။ ကြယ်ကိုးလုံးအလယ်တွင် ရှိနေသော နတ်သန္ဓေအထက်တွင် ဖောက်ထွင်းမြင်ရသည့် ချီပိုးအိမ်တစ်ခု ဖြစ်တည်လာကာ လက်မအရွယ်အထိ ကျုံ့ဝင်သွားသည်။ ထို့နောက် ၎င်းက အခွံကို ဘန်းခနဲ ဖောက်ခွဲကာ ထွက်ပေါ်လာပြီး မျက်စိကျိန်းစပ်လောက်အောင် လင်းလက်နေသည်။ ၎င်းက အလွန်သေးငယ်သော်လည်း ဆက်တိုက်သန်မာလာနေပြီး မဟာတာအို ကောင်းကင်သခင်၏ နတ်ဝိညာဥ်ကို တွင်းနက်ကြီးပမာ ဝါးမျိုနေသည်။

အခြေအနေကို ချီရှုက စောင့်ကြည့်နေပြီး ယဲ့ချန်တို့အားလုံးမှာ လောကနတ်အဆင့်သို့ရောက်ရန် လက်တစ်ကမ်းသာ လိုအပ်သည်။ သို့သော် ယဲ့ချန်၏နတ်ချီများက အခြားအဆင့်တူများထက် သန်မာပြီး ဤပမာဏမျိုးကို သူက ကြားပင်မကြားဖူးချေ။ အတိတ်တွင် သူက အစွမ်းထက်မျိုးနွယ်များ၏ အထူးချွန်ဆုံး ပါရမီရှင်များကို တွေ့ဖူးခဲ့သော်လည်း မည်သူမှ နတ်အဆင့်တွင် ယဲ့ချန်အထက် မရှိပေ။ ထို့ကြောင့် သူ၏အတွေးထဲတွင် တစ်ဖက်လူသည် အတိတ်တွင် အလွန်တရာကျော်ကြားခဲ့သော သူတော်စင်ဘုရင်၏ လူဝင်စား ဖြစ်နိုင်နေသည်။ သူတော်စင်ဘုရင်၏ အောင်မြင်မှုများက ကြီးကျယ်ခမ်းနားပြီး ပြန်လည်ကျဆင်းသွားသော်လည်း နှစ်သန်းချီအတွင်း နတ်ပြည်၏ ဒဏ္ဍာရီတစ်ပါး ဖြစ်ခဲ့သည်။ သူက ဘိုးဘေးနတ်အဆင့်သို့ပင် ရောက်လုနီးပါးဖြစ်ခဲ့ပြီး ယနေ့အချိန်အထိ မည်သည့်သက်ရှိတစ်ဦးတစ်ယောက်မှ ထိုအဆင့်ရောက်အောင် မကျင့်ကြံနိုင်သေးပေ။ ထို့ကြောင့် ယဲ့ချန်သည် ရွှေနီလင်းနို့မျိုးနွယ် ပြန်လည်မြင့်တက်လာစေရန် အမှန်တကယ် ကူညီပေးနိုင်ပေလိမ့်မည်။

နတ်ပြည်မှ မောင်းထုတ်ခံခဲ့ရသည်က နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း တွေးလိုက်တိုင်း ချီရှု၌ အမုန်းတရားများ ကြီးထွားလာခဲ့သည်။ ထုတ်ပယ်ခံလိုက်ရသော မျိုးနွယ်များက ချက်ချင်းကျဆင်းသွားကာ နတ်ပြည်သို့ တစ်သက်လုံး ပြန်မဝင်နိုင်သော အချက်ကို သူက လက်မခံလိုပေ။ အကယ်၍ နတ်ပြည်သို့ ပြန်နိုင်မည်ဆိုလျှင် ရွှေနီလင်းနို့မျိုးနွယ်က လူသားမျိုးနွယ်၏ လက်အောက်ခံဖြစ်လျှင်ပင် သူက နောက်တွန့်နေမည် မဟုတ်ပေ။ ကျင့်ကြံဆင့်ကို အခြေတည်ပြီးနောက် ယဲ့ချန်သည် နတ်စက်လုံးအတွင်းမှ ထွက်လာကာ ရန်သူ၏ အောက်တန်းကျသော အကြံကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် အနာဂတ်လမ်းကြောင်းမှာ ချောမွေ့နေပြီဖြစ်သည်။

"အစ်ကိုကြီး"

သူ ပြန်ထွက်လာသောအခါ ချီရှု မကောင်းကြံမည်ကို အစိုးရိမ်ကြီးနေသော နင်အာက ပျော်ရွှင်စွာ ကြိုဆိုခဲ့သည်။

"ယဲ့ချန် ငါက မင်းကို လောကနတ်အဆင့် ရောက်သွားမယ်လို့ ထင်နေတာကွ"

ကောင်းကင်ရေကန်အတွင်း၌ ယဲ့ချန်သည် သူတော်စင်ဘုရင်၏ နတ်ဝိညာဥ် အမွေရလိုက်ကြောင်းကို ဒန်တန်အတွင်း ကျင့်ကြံနေသည့် ခြင်္သေ့ကြီးက မြင်ခဲ့ရ၏။ ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်ပြီး လောကနတ်အဆင့် မရောက်သေးသော်လည်း ရုပ်ခန္ဓာက အစွမ်းထက်လွန်းနေသောကြောင့် အချိန်ခဏသာ လိုအပ်ပေလိမ့်မည်။

"စီနီယာချီ ကျုပ်က အခု ခင်ဗျားကို ယုံကြည်ပါပြီ။ လောလောဆယ် ရွှေနီလင်းနို့မျိုးနွယ်တွေ ဘယ်ရောက်နေကြလဲ သိထားလား"

သူက နတ်စက်လုံးထံ အသံပို့ဆောင်လိုက်သည်။

"သူတို့ နောက်ဆုံးထွက်သွားတာက လောင်ဟီကြယ်အဖွဲ့အစည်း ဖြစ်တယ်။ အရေအတွက် ဘယ်လောက် အသက်ရှင်နေလဲဆိုတာကိုတော့ မသိဘူး"

ချီရှုက လေးတွဲ့စွာ သက်ပြင်းချလိုက်သည်။ မျိုးနွယ်တစ်ခုက နတ်ပြည်မှ ထုတ်ပယ်ခံလိုက်ရလျှင် အပြင်ကမ္ဘာ၏ကျင့်ကြံနှုန်းက အလွန်နှေးကွေးသောကြောင့် ရန်သူများအတွက် မခြိမ်းခြောက်နိုင်တော့ပေ။ ဤအချက်ကြောင့် ရွှေဂျိုမျိုးနွယ်က သူ၏မျိုးနွယ်ကို ရေဆုံးမြေဆုံး လိုက်မသတ်ခဲ့ခြင်း ဖြစ်သည်။

"ကောင်းကင်မူလကြယ်ကို ပြန်ရောက်ရင် သူတို့ကို ရှာဖို့အတွက် ကျုပ်လူတွေကို လွှတ်ပေးပါမယ်"

လက်ရှိတွင် ယဲ့မျိုးနွယ်သည် နတ်ဆိုးယာဥ်များနှင့် ရွှေပိုင်နက်သားရဲများကို ပိုင်ဆိုင်ထားသောကြောင့် ကြယ်အဖွဲ့အစည်းများအကြား သွားလာရန် ပြဿနာ မရှိတော့ပေ။

"ကျေးဇူးတင်ပါတယ်"

ချီရှုက လက်နှစ်ဖက်ဆုပ်၍ ကျေးဇူးတင်ကြောင်း ပြသလိုက်သည်။ ယဲ့ချန်အတွက် အစွမ်းထက် ရန်သူမျိုးနွယ်များကို ရင်ဆိုင်ရန်အတွက် ရနိုင်သမျှအင်အားကို လိုအပ်နေသည်။ ရွှေနီလင်းနို့မျိုးနွယ်က ကျဆင်းနေပြီဖြစ်သော်လည်း အတိတ်တွင် နတ်မျိုးနွယ်တစ်ခု ဖြစ်ခဲ့ဖူးသည်။ နတ်စက်လုံး၏ မူလချီကို စုပ်ယူပြီးနောက် သူနှင့် ၎င်းအကြားတွင် ဆက်နွယ်မှုတစ်ခု ဖြစ်တည်လာခဲ့သည်။ ချီရှု၏ဝိညာဥ် ထိခိုက်သွားသောကြောင့် ၎င်းကို မထိန်းချုပ်နိုင်တော့သဖြင့် ပိုင်ရှင်မဲ့နေသည်။ အကယ်၍ ၎င်းကသာ သူ့ကို သခင်အဖြစ် သတ်မှတ်လိုက်လျှင် များစွာအကျိုးရှိနိုင်သောကြောင့် သိချင်စိတ် ပြင်းပြစွာဖြင့် စမ်းသပ်ချင်ခဲ့လေသည်။

All Chapters