ကောင်းကင်နတ်ဆိုးစစ်တပ်
Vol. 70 Ch. 977
နတ်စက်လုံးသည် အစွမ်းထက် မူလရတနာဖြစ်သောကြောင့် ရတနာဝိညာဥ်ရှိသော်လည်း ယဲ့ချန်က အာရုံမခံနိုင်ခဲ့ပေ။ ဖြစ်နိုင်သည်မှာ ၎င်းက သူ့ကို ဆရာသခင်အဖြစ် အသိအမှတ်မပြုခင် လေ့လာစောင့်ကြည့်နေပုံရ၏။ နတ်စက်လုံးကိုသာ အသုံးပြုနိုင်လျှင် လူသားကျင့်ကြံသူများစွာက ကောင်းကင်ဗျတ်စောင်း၏ ဖိနှိပ်မှုကို ချိုးဖျက်နိုင်ပေလိမ့်မည်။
"ငါတို့ကို အဓိကနှင်ထုတ်ခဲ့တာ ရွှေဂျိုမျိုးနွယ်ဖြစ်ပြီး လူသားမျိုးနွယ်ကို မောင်းထုတ်ခဲ့တာက ရှင်းဟွမ်မျိုးနွယ်ဆိုပေမယ့် ပုလင်းတူဘူးဆို့ကောင်တွေ ဖြစ်ကြတယ်။ ရွှေဂျိုမျိုးနွယ်ကလည်း လူသားမျိုးနွယ် အစွမ်းထက်လာမှာကို မလိုလားဘူးဆိုတော့ ငါတို့အတွက် ရန်သူချင်း တူညီတယ်။ ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောမယ်"
"ဘာများလဲ"
"ဒါက ကောင်းကင်ဗျတ်စောင်းနဲ့ ပတ်သက်တယ်။ ရှင်းဟွမ်မျိုးနွယ်က ဒါကို အသုံးပြုပြီး လူသားမျိုးနွယ်ရဲ့ ကံတရားကို ထိန်းချုပ်ထားတယ်။ ဒါက မူလရတနာတစ်ခုဖြစ်ပြီး အလွန်တရာအစွမ်းထက်ပေမယ့် အကန့်အသတ်ရှိတယ်။ ကောင်းကင်ဗျတ်စောင်းရဲ့ မူလချီက ဘိုးဘေးနတ်တွေအတွက် မက်လောက်စရာ မဟုတ်တဲ့အတွက် သူတို့က နတ်ပြည်မှာ တည်ရှိခွင့် ပေးထားတယ်"
ဘိုးဘေးနတ်များ၏ နတ်ဝိညာဥ်က စကြဝဠာတစ်ခုလုံးကို ရှာဖွေနိုင်သောကြောင့် မူလရတနာများကို ရယူရန် အလွန်လွယ်ကူသည်။ ထို့ကြောင့် သူတို့က ၎င်းတို့ကို အလေးမထားသောကြောင့် နတ်ပြည်မှ မျိုးနွယ်များ ပိုင်ဆိုင်ခွင့်ရခြင်း ဖြစ်၏။ သို့သော်လည်း ၎င်းမူလရတနာများက အာကာသနတ်များအတွက် အဖိုးမဖြတ်နိုင်သော ရတနာပင် ဖြစ်သည်။
"ခင်ဗျားက ကောင်းကင်ဗျတ်စောင်းကို တန်ပြန်နိုင်မယ့် နည်းလမ်းမျိုး သိထားလို့လား"
ယဲ့ချန်က မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။
"ကောင်းကင်ဗျတ်စောင်းကို ရှင်းဟွမ်ဘုရင်က ထိန်းချုပ်ထားပြီး ဒါကို ဖျက်ဆီးဖို့ဆိုရင် သူတော်စင်ဘုရင်လို အဆင့်မျိုး လိုအပ်တယ်"
ချီရှုသည် ယဲ့ချန်ကို မျှော်လင့်ချက်ထားနေပြီး တစ်ဖက်လူက နတ်အဆင့်သို့ ရောက်သွားသောအခါ စကြဝဠာ၏ ကံတရားများ စုဝေးလာကြောင်း အာရုံခံနိုင်ခဲ့သည်။
"ဒီဖိနှိပ်မှုကို ဘယ်လိုချိုးဖျက်ရမှာလဲ"
လက်ရှိတွင် ယဲ့ချန်သည် ရှင်းဟွမ်ဘုရင်ကို ရင်ဆိုင်နိုင်မည် မဟုတ်သော်လည်း ကောင်းကင်ဗျတ်စောင်းကို ဖျက်ဆီးနိုင်မည့် နည်းလမ်းအား သိထားလျှင် အရှုံးမရှိချေ။
"ကောင်းကင်ဗျတ်စောင်းရဲ့ ဂီတသံကြောင့် သူတော်စင်ဘုရင်က ရှင်းဟွမ်ဘုရင်နဲ့ တိုက်ပွဲမှာ ဒဏ်ရာရခဲ့တယ်လို့ ငါ့ဘိုးဘေးတွေက ပြောတယ်။ နောက်ပိုင်းမှာ ဒီရတနာကြောင့် လူသားမျိုးနွယ်ရဲ့ ကံတရား ဖိနှိပ်ခံလိုက်ရပေမယ့် ဟာကွက်တစ်ခု ရှိနေတယ်။ ဒီရတနာက စကြဝဠာတစ်ခုလုံးရဲ့ လူသားတွေကို ဖိနှိပ်ထားရတဲ့အတွက် မနိုင်ဝန်ထမ်းနေရတယ်။ မင်းတို့က နတ်အဆင့် ရောက်သွားတော့ လွတ်မြောက်သွားကြပြီ။ လူသားမျိုးနွယ်ရဲ့ နတ်တစ်ပိုင်းအဆင့်တွေကို အရေအတွက် သန်းရာချီအထိ စုစည်းပြီး နတ်အဆင့်ကို ချိုးဖျက်ဖို့ ကြိုးစားခိုင်းလိုက်ရင် ဗျတ်စောင်းကြိုးတွေ ပြတ်တောက်သွားလိမ့်မယ်။ မူလရတနာတစ်ခု ထိခိုက်သွားရင် ဘိုးဘေးနတ်တွေ ဝင်မပါသရွေ့ ရှင်းဟွမ်ဘုရင်က ပြန်လည်ပြင်ဆင်ဖို့ အင်မတန် ခက်ခဲလိမ့်မယ်"
ချီရှုက ကောင်းကင်ဗျတ်စောင်း၏ အားနည်းချက်ကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
"ကျုပ် နားလည်ပြီ"
ယဲ့ချန်သည် ကောင်းကင်သူတော်မျိုးနွယ်က လူသားပါရမီရှင်များကို ခေါ်ဆောင်သွားသော အကြောင်းအရင်းကို သဘောပေါက်လိုက်၏။ ရန်သူများ၏ ရည်ရွယ်ချက်သည် နတ်အဆင့်တက်ရန် အဆင့်မီသော ကျင့်ကြံသူများကို သတ်ဖြတ်ရန်ဖြစ်သည်။ ရှင်းဟွမ်မျိုးနွယ်သည် လူသားများကို အရူးလုပ်ကာ ကျွန်သဖွယ် အသုံးပြု၍ ထာဝရနတ်ပြည်ထောင်အား ကာကွယ်စေခဲ့သည်။ သူတို့က ပါရမီရှင်များကို ဆက်တိုက်သတ်ဖြတ်ခဲ့သော်လည်း လူသားမျိုးနွယ်၏ အရေအတွက်ကြောင့် ဆုံးဖြတ်ချက် ပြောင်းလဲကာ မျိုးတုံးသုတ်သင်ရန် ကြံစည်လာကြ၏။
"ငါ့မျိုးနွယ်က နတ်မျိုးနွယ်တစ်ခု ဖြစ်ခဲ့ပြီး မင်းကို တောင်းဆိုချင်တာ ရှိတယ်။ လူသားမျိုးနွယ်က ပြန်လည်မြင့်တက်လာပြီဆိုရင် ငါတို့ကို နတ်ပြည်မှာ နေခွင့်ပေးပါ"
ချီရှုသည် ရွှေနီလင်းနို့မျိုးနွယ် အစွမ်းထက်လာစေရန် မမျှော်လင့်သော်လည်း မွေးရပ်မြေဖြစ်သော နတ်ပြည်သို့ ပို့ဆောင်ပေးချင်ခဲ့သည်။ နောက်မျိုးဆက်များအတွက် အရှက်ရစေသော ဘိုးဘေးတစ်ယောက် မဖြစ်လိုခဲ့ချေ။
"ဒီအချက်ကို ဖြည့်ဆည်းပေးဖို့ ကျုပ် ကတိပေးပါတယ်"
ကျယ်ဝန်းလှသော စကြဝဠာအတွင်း နတ်ပြည်မှ မောင်းထုတ်ခံလိုက်ရသော မျိုးနွယ်များကို စုစည်းပြီး နတ်ပြည်သို့ ပြန်ပို့ပေးမည်ဟု မက်လုံးပေးလိုက်လျှင် စည်းလုံးသွားပေလိမ့်မည်။ ဤအချက်ကို ယဲ့ချန်က ရုတ်တရက် အကြံရလိုက်ပြီး ပြင်းထန်သော စစ်ပွဲကို ဆက်လက်ကြီးကြပ်နေခဲ့သည်။ ရှင်းဟွမ်ကင်းထောက်တပ်က သန်းရာချီသော်လည်း နတ်အဆင့်အနည်းငယ်သာ ပါဝင်၍ ယဲ့ချန်ဘက်တွင် နတ်အဆင့် ရှစ်ထောင်ကျော် ရှိနေသည်။ ရွှေပိုင်နက်သားရဲကိုးကောင်ကလည်း လူသတ်စက်ကြီးများပမာ ရန်သူသွေးများကို ပျော်ပျော်ကြီး သောက်သုံးနေကြ၏။
"နတ်အဆင့်တွေနဲ့ ပိုင်နက်သားရဲတွေကို မလွတ်စေနဲ့"
သူက အမိန့်ပေးလိုက်ပြီး ရွှေပိုင်နက်သားရဲနှစ်ကောင် ဖမ်းချုပ်လာသော ရန်သူသားရဲတစ်ကောင်၏ ခေါင်းအတွင်း ဝိညာဥ်ကောင်ကို ထည့်သွင်းလိုက်သည်။ အဆုံးမရှိသော ရန်သူများကို ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းအတွင်း ဝင်ခွင့်ပေးလိုက်လျှင် လူသားများ မရေမတွက်နိုင်အောင် သတ်ဖြတ်ခံရမည် ဖြစ်သောကြောင့် သူက အလွတ်မပေးနိုင်ချေ။ နင်အာသည်လည်း ပုံရိပ်ယောင်ပညာဖြင့် ရန်သူများကို ဖမ်းဆီးကာ သူ့ထံ ပို့ဆောင်ပေးနေခဲ့သည်။ ထိုကျင့်ကြံသူများက ဒန်တန်အတွင်း ရောက်သွားသောအခါ ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ခံလိုက်ရသောကြောင့် နောက်လိုက်အဖြစ် ပြောင်းလဲသွားကြ၏။ ကျန်တစ်ဖက်တွင် လင်လုံသည် ဓားအိမ်အတွင်းမှ ဆွဲထုတ်လိုက်သည့် ဓားတစ်လက်ပမာ ရန်သူတပ်များအတွင်း စိတ်တိုင်းကျ ထိုးခုတ်သတ်ဖြတ်နေသည်။
"အစ်ကိုကြီး နတ်ဆိုးယာဥ်တစ်စီးက အရှေ့ဘက်မှာ မူမမှန်တာကို တွေ့လိုက်ရတယ်။ အရိပ်ကြီးတစ်ခုက ကျုပ်တို့ဆီ ပျံသန်းလာနေတယ်"
နတ်ဆိုးယာဥ်များကို ကြီးကြပ်၍ ရန်သူများနှင့် တိုက်ပွဲဝင်နေသော ယဲ့မုန်က သတင်းပို့လိုက်ခြင်းဖြစ်သည်။ ယဲ့ချန်က နတ်ဝိညာဥ်ဖြင့် စစ်ဆေးလိုက်သောအခါ ရန်သူစစ်တပ်၏နောက်တွင် ဧရာမတိမ်မည်းကြီးနှင့် ဆင်တူသည့် စစ်တပ်ကြီးတစ်ခု ရောက်နေကြောင်း တွေ့လိုက်ရ၏။ ထိုစစ်တပ်က သန်းရာချီသော ကောင်းကင်နတ်ဆိုးများဖြစ်ကာ ရှင်းဟွမ်ကင်းထောက်တပ်ကို အပြင်းအထန် ဝင်ရောက်တိုက်ခိုက်လိုက်ကြသည်။
"ကောင်းကင်နတ်ဆိုးစစ်တပ်ဘက်မှာ လောကနတ်အဆင့်တွေ ပါတယ်။ ငါတို့ အမြန်ဆုံး တပ်ဆုတ်ရလိမ့်မယ်"
လင်လုံက ယဲ့ချန်ထံ အသံချင်းဆက်သွယ်ကာ သတိပေးလိုက်၏။ ကောင်းကင်နတ်ဆိုးစစ်တပ်က ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းသို့ ရောက်လာပြီး ရှင်းဟွမ်စစ်တပ်ကို တိုက်ခိုက်မည်ဟု သူက ထင်မထားပေ။ တစ်ဖက်လူက လူသားမျိုးနွယ်ကို ကူညီနေခြင်း မဟုတ်သော်လည်း နတ်ပြည်၌ အဆင့်ခြောက် မျိုးနွယ်တစ်ခုဖြစ်ကာ အလွန်အစွမ်းထက်သောကြောင့် အသုံးချနိုင်ပေလိမ့်မည်။ ဤနေရာက နတ်ဆိုးဘုရင်ပြည်ထောင်၏ နယ်စပ်နှင့် နီးကပ်နေသောကြောင့် ရှင်းဟွမ်ကင်းထောက်တပ် ရောက်လာသောအခါ လှုပ်ရှားလာခြင်း ဖြစ်ပေလိမ့်မည်။ အစွမ်းထက်မျိုးနွယ်နှစ်ခုကို ရန်တိုက်ပေးနိုင်ခဲ့လျှင် ဤအချိန်အတွင်း လူသားမျိုးနွယ်အတွက် အသက်ရှူချောင်ပေလိမ့်မည်။
"ဒီနေရာက ပိုင်နက်သားရဲတွေကို အရင်ယူလိုက်ဦးမယ်။ မင်းတို့က ချက်ချင်းထွက်သွားကြ"
သူက အမိန့်ပေးလိုက်ပြီးနောက် လူသားစစ်တပ်သည် ဖြည်းဖြည်းချင်း ဆုတ်ခွာသွားခဲ့သည်။ ရှင်းဟွမ်စစ်တပ်သည် ကောင်းကင်နတ်ဆိုးစစ်တပ် ရောက်လာသောအခါ ပြန်လည်တိုက်ခိုက်နေရသဖြင့် သူတို့ကို အရေးမစိုက်နိုင်တော့ပေ။ ဧရာမစစ်တပ်ကြီးနှစ်ခုက စကြဝဠာအတွင်း ထိပ်တိုက်ရင်ဆိုင်နေသည်ဖြစ်ရာ မရေမတွက်နိုင်သော အလောင်းများ မိုးရွာသကဲ့သို့ ကျဆင်းနေသည်။ ကောင်းကင်နတ်ဆိုးမျိုးနွယ်တွင် အထူးစွမ်းရည်တစ်ခုရှိပြီး နတ်ဆိုးချီများဖြင့် ရှင်းဟွမ်မျိုးနွယ်လက်အောက်မှ ငယ်သားများကို ရုပ်သေးအဖြစ် ပြောင်းလဲလိုက်ကြ၏။ စစ်မြေပြင်က ကီလိုမီတာထောင်သောင်းချီ ကျယ်ဝန်းကာ မရေမတွက်နိုင်သော စစ်သည်များ ဆက်တိုက်သေဆုံးနေကြသည်။
"ကောင်းကင်က ငါ့ကို ကူညီနေတာပဲ"
ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ရွှေပိုင်နက်သားရဲများကို အမိန့်ပေးကာ ရန်သူသားရဲများကို လိုက်လံဖမ်းဆီးစေခဲ့ပြီး ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ခဲ့သောအခါ အကောင်သုံးဆယ်ကျော် အမြတ်ထွက်ခဲ့၏။ နတ်အဆင့်သုံးယောက်က သူ့ကို တားမြစ်ရန် ကြိုးစားခဲ့သော်လည်း ဟင်းလင်းပြင်နတ်လှံ တစ်ချက်ယမ်းလိုက်ရုံဖြင့် ခေါင်းများ ပြတ်တောက်ကုန်၍ သွေးများ စွန်းထင်းခဲ့သည်။ သူက နတ်တစ်ပိုင်းအဆင့်မှာပင် နတ်အဆင့်တစ်ယောက်ကို ရင်ဆိုင်နိုင်သောကြောင့် အဆင့်တက်သွားသောအခါ အဆင့်တူချင်း၌ ပြိုင်ဘက်ကင်းနေ၏။ သူ၏လက်နက်ကလည်း အစွမ်းထက်လွန်းသောကြောင့် နတ်အဆင့်သုံးယောက်က အနားပင် မကပ်နိုင်လိုက်ချေ။
ယဲ့ချန်သည် ရန်သူများကို လျစ်လျူရှုထားပြီး ဝိညာဥ်ကောင်များ ထုတ်ဖော်ကာ ပိုင်နက်သားရဲတစ်ကောင်ကို ပေါင်းစပ်လိုက်၏။ ၎င်းက အညံ့မခံလိုသောကြောင့် ရုန်းကန်ရင်း သေဆုံးသွားသောအခါ သူက နတ်ဝိညာဥ်ကို ဝါးမျိုလိုက်သည်။ ထိုအချိန်၌ အဝေးမှ အနက်ရောင်အရိပ်တစ်ခုကို သူက မြင်လိုက်ရပြီး စစ်ဆေးလိုက်သောအခါ အံ့သြသွားခဲ့သည်။ ထိုပုံရိပ်သည် တော်ဝင်သင်္ချိုင်းအတွင်း သူနှင့်တွေ့ဖူးသော ချီတောက် ဖြစ်နေခဲ့၏။ ချီတောက်က မူလတွင် ကျိုးလီ၏ တပည့်တစ်ယောက်ဖြစ်ပြီး ယဲ့ချန်ကို စောင့်ကြိုရန် တာဝန်ရှိသော်လည်း သစ္စာဖောက်ခဲ့သည်။ သူက ကျိုးလီကို သစ္စာဖောက်၍ ယဲ့ချန်၏ ကံတရားကို ခိုးယူလိုသောကြောင့်ပင်။
ယဲ့ချန်သည် ချီတောက်က ကောင်းကင်နတ်ဆိုးများနှင့် ပူးပေါင်းလိုက်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။