← Chapters

အချိန်နိယာမ

Vol. 70 Ch. 978

အချိန်နိယာမ

Vol. 70 Ch. 978

ယဲ့ချန်ကို မြင်သောအခါ ချီတောက်သည် ကောက်ကျစ်စွာ ပြုံးလိုက်ပြီး နတ်ချီဖြင့် စတင်တိုက်ခိုက်လိုက်သည်။ သူက ဟင်းလင်းပြင်နတ်အဆင့် ဖြစ်သောကြောင့် ဘက်ပေါင်းစုံမှ ဝင်ရောက်လာသော စွမ်းအားများအရ ယဲ့ချန်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သူက ထွက်ပြေးရန် လိုအပ်သောကြောင့် ရွှေပိုင်နက်သားရဲ ကိုးကောင်ကို ဒန်တန်အတွင်း သိမ်းဆည်းကာ လေပေါ် ခုန်တက်လိုက်၏။

"မင်းက ထွက်ပြေးချင်တာလား"

ချီတောက်က နှာခေါင်းရှုံ့လိုက်ပြီး နတ်အဆင့်တစ်ယောက်သာ လွတ်မြောက်သွားလျှင် သူ၏ကျင့်ကြံမှုများက အလဟဿ ဖြစ်သွားပေလိမ့်မည်။ သူက ဟင်းလင်းပြင်တစ်ခု ဖန်တီးကာ ယဲ့ချန်ကို ချုပ်နှောင်လိုက်သောကြောင့် ပြေးပေါက်ပိတ်သွားခဲ့သည်။ ထောင်ချီသော နတ်အလင်းတန်းများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသောကြောင့် ယဲ့ချန်က နတ်စက်လုံးအတွင်း ဝင်ရောက်ပုန်းခိုလိုက်၏။ ၎င်းကို အလင်းတန်းများ တဘန်းဘန်း ထိမှန်သွားသော်လည်း တဝီဝီ လည်ပတ်နေသည့်အပြင် လုံးဝထိခိုက်မှု မရှိချေ။

"ဘာတွေဖြစ်နေတာလဲ"

ချီတောက်က ရှေးလူသားမျိုးနွယ်ဝင်တစ်ယောက် ဖြစ်သော်လည်း ယဲ့မျိုးနွယ်၏ သွေးဝေးသော မျိုးဆက်တစ်ယောက် ဖြစ်သည်။ လူသားမျိုးနွယ် ကျဆင်းသွားချိန်တွင် သူ၏မိသားစုက ရေခဲအတွင်း ချိတ်ပိတ်ကာ နတ်ပြည်မှ ထွက်ခွာစေခဲ့ပြီး နိုးထလာသောအခါ ကောင်းကင်မူလကြယ်သို့ ရောက်နေခဲ့သည်။ သူက ကြယ်သခင်အဆင့် ရောက်သောအခါ ကျိုးလီ၏တပည့်တစ်ယောက် ဖြစ်လာခဲ့ပြီး စကြဝဠာအတွင်း ခြေဆန့်ခဲ့သည်။ နောက်ပိုင်းတွင် သူက စကြဝဠာ၏နယ်စပ်သို့ ရောက်ရှိသွားသောကြောင့် ကောင်းကင်ဗျတ်စောင်း၏ ဖိနှိပ်မှု အားအနည်းဆုံးဖြစ်သောအခါ နတ်အဆင့် တက်နိုင်ခဲ့သည်။ သူက လှည့်ပတ်သွားလာရင်း ဟင်းလင်းပြင်နတ်အဆင့်အထိ တက်နိုင်ခဲ့သော်လည်း ဆရာဖြစ်သူက လူသားမျိုးနွယ်၏ မျှော်လင့်ချက်ဟု မသတ်မှတ်ခဲ့ပေ။ ထို့ကြောင့် သူက ယဲ့မျိုးနွယ်၏ တိုက်ရိုက်မျိုးဆက် မဖြစ်ရခြင်းအပေါ် မုန်းတီးနေပြီး လူသားမျိုးနွယ်၏ ကံတရားကို ထမ်းဆောင်ထားသော ယဲ့ချန်ထံမှ လုယူလိုခဲ့သည်။ သူက နတ်ပြည်မှဖြစ်သော်လည်း ကိုယ်ကျင့်စရိုက်ကို အကဲခတ်မိသော ကျိုးလီက မည်သည့်အရာမှ မပြောပြခဲ့သဖြင့် ထိုနေရာအကြောင်း မသိခဲ့ရပေ။ သူ မှတ်မိသည်မှာ နတ်ပြည်မှ ဝေဝေဝါးဝါးပုံရိပ်များသာဖြစ်၍ စကြဝဠာအတွင်းရှိ မည်သူမှ နတ်ပြည်အကြောင်း မပြောခဲ့သဖြင့် မူလရတနာ ခြောက်ခုနှင့် ကောင်းကင် နတ်လက်နက်များအကြောင်း မသိထားပေ။ သူ့အတွက် နတ်ပြည်ဆိုသည်မှာ ကလေးဘဝ မှတ်ဉာဏ်အနည်းငယ်သာရှိသော ဆန်းကျယ်သည့် နေရာတစ်ခု ဖြစ်သည်။

"ဒါက တော်ဝင်ယဲ့မျိုးနွယ်ရဲ့ ရတနာတစ်ခုလား။ မင်းက ဘာကြောင့် သူတော်စင်ဘုရင်ရဲ့ လူဝင်စား ဖြစ်နေရတာလဲ။ ငါက သွေးဝေးတဲ့ မျိုးဆက်တစ်ယောက်ဖြစ်ပေမယ့် မင်းဆီက အရာအားလုံးကို လုယူပစ်မယ်။ ဒီရတနာက မင်းကို ဘယ်လောက်ကာကွယ်ပေးနိုင်မှာလဲ"

ချီတောက်က ဒေါသတကြီး အော်ဟစ်ရင်း နတ်စက်လုံးကို တရစပ်တိုက်ခိုက်နေသည်။ သို့ရာတွင် မူလရတနာ၏ ခုခံနိုင်စွမ်းကို ဟင်းလင်းပြင်နတ်အဆင့်က ချိုးဖျက်ရန် မဖြစ်နိုင်သောကြောင့် တဘုန်းဘုန်း ပေါက်ကွဲသံများ ထွက်ပေါ်နေသော်လည်း ထိခိုက်မှုမရှိချေ။ သူ၏စကားကြောင့် ယဲ့ချန်သည် အထင်လွဲမှားနေကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ နတ်စက်လုံးသာ ယဲ့မျိုးနွယ်၏ရတနာ ဖြစ်ခဲ့လျှင် သူတော်စင်ဘုရင်က ၎င်း၏အကူအညီဖြင့် ရှင်းဟွမ်ဘုရင်ကို အနိုင်ယူကာ ဘိုးဘေးနတ်ဘုရား ဖြစ်ခဲ့ပေလိမ့်မည်။ သူက တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြီး ချီတောက်ရှိနေလျှင် ထွက်သွားရန် မဖြစ်နိုင်ချေ။ ကံကောင်းစွာဖြင့် သူ၏အပေါင်းအပါများက နောက်ဆုတ်သွားကြပြီး ရွှေပိုင်နက်သားရဲများကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ သာမန်ပိုင်နက်သားရဲအတွက်တော့ မရနိုင်လျှင် မယူရုံသာ ဖြစ်၏။

"အပြင်ကကောင်က ဟင်းလင်းပြင်နတ်အဆင့်မလား။ သူက ဘယ်မျိုးနွယ်ကလဲ"

ချီရှု၏ပုံရိပ် ထွက်ပေါ်လာကာ မေးလိုက်ခြင်း ဖြစ်သည်။

"လူသား"

ယဲ့ချန်က ခါးသက်သက်ပြုံးကာ ဖြေလိုက်၏။ လက်ရှိတွင် လူသားမျိုးနွယ်က အားနည်းနေသဖြင့် ဟင်းလင်းပြင်နတ်အဆင့်များ အလွန်ရှားပါးသော်လည်း သူ့ကို ဆန့်ကျင်နေခဲ့သည်။

"ကြည့်ရတာ မင်းတို့ဘက်မှာ အစွမ်းထက်သူတွေ ကျန်ရစ်သေးတယ်။ ဒါပေမယ့် လူသားတိုင်းကတော့ မင်းရဲ့အမိန့်ကို နာခံချင်ပုံမရဘူး ထင်တယ်"

"လူသားမျိုးနွယ်မှာ ကျုပ်တစ်ယောက်တည်း ခေါင်းဆောင် မဟုတ်ဘူး။ ကျုပ်နေရာကို အစားဝင်ချင်နေတဲ့ ကောင်တွေ အများကြီးရှိတယ်"

ယဲ့ချန်က ချီရှု၏စကားကို ပခုံးတွန့်ကာ တုံ့ပြန်လိုက်သည်။

"အတိတ်မှာ လူသားမျိုးနွယ် ကျဆုံးခဲ့တာလည်း ဒီလိုကိစ္စတွေကြောင့်ပဲ။ မင်းတို့က အခုထိ သင်ခန်းစာမရကြသေးဘူး။ ငါ့မျိုးနွယ်မှာဆိုရင် ခေါင်းဆောင်တစ်ယောက်တည်းရှိပြီး အားလုံးက အပြင်ရန်သူနဲ့ ရင်ဆိုင်ချိန်မှာ စည်းလုံးကြတယ်"

ချီရှုက သက်ပြင်းတစ်ချက် ချလိုက်သည်။ ရွှေနီလင်းနို့မျိုးနွယ်၏ စိတ်ထားက လူသားများနှင့်ယှဥ်လျှင် များစွာရိုးရှင်းနေသည်။

"ကျုပ်က ခင်ဗျားကို ပုံပြင်တစ်ခု ပြောပြမယ်။ ဆင်းရဲတဲ့ မိသားစုနှစ်ခု ရှိတယ်။ ပထမမိသားစုမှာ ကလေးတစ်ယောက်သာရှိပြီး မိဘတွေက အကောင်းဆုံး ပျိုးထောင်ပေးခဲ့ပေမယ့် အားနည်းသူအဖြစ် ကြီးပြင်းလာတယ်။ နောက်မိသားစုမှာတော့ ကလေးဆယ်ယောက်ရှိပြီး အစားအစာ မလုံလောက်တဲ့အတွက် ယှဥ်ပြိုင်ရင်း ကိုးယောက် သေဆုံးသွားတယ်။ နောက်ဆုံးတစ်ယောက်က ရှင်သန်နိုင်ခဲ့ပြီး အစွမ်းထက်သူတစ်ယောက် ဖြစ်လာခဲ့တယ်"

"မင်း ပြောသလိုဆိုရင် ဒီပြိုင်ဆိုင်မှုတွေက မှန်ကန်တာလား"

ယဲ့ချန်၏ အတွေးအခေါ်က ချီရှုကို ရှုပ်ထွေးသွားစေသည်။

"မှားတယ် မှန်တယ်ဆိုတာကိုတော့ ကျုပ် မသိဘူး။ ဒါပေမယ့် ဒီပြိုင်ဆိုင်ခြင်းက လူသားမျိုးနွယ်တစ်ခုတည်း မဟုတ်ဘဲ စကြဝဠာနေရာတိုင်းမှာ ရှိနေတယ်။ အသန်မာဆုံးက နောက်ဆုံးမှာ ရှင်သန်နိုင်လိမ့်မယ်"

ယဲ့ချန်သည် ချီတောက်၏ စိတ်နေသဘောထားကို နားလည်သောကြောင့် မုန်းတီးခြင်းမရှိပေ။ သူကိုယ်တိုင်ဆိုလျှင်လည်း မတိုက်ခိုက်ဘဲ အရှုံးပေးကာ လက်လျှော့လိုက်မည် မဟုတ်ပေ။ နတ်ပြည်သည် အစားအစာနှင့်တူညီပြီး အသန်မာဆုံးကလေးကသာ အစားစားရမည် ဖြစ်သောကြောင့် မျိုးနွယ်တိုင်းက နတ်မျိုးနွယ်တစ်ခုဖြစ်လာရန် အစွမ်းကုန် ကြိုးစားနေကြသည်။ ကျန်ကိုးယောက်က ငတ်မသေလိုလျှင် အချင်းချင်း ပူးပေါင်းရမည်ဖြစ်ကာ လူသားမျိုးနွယ်၏ လက်ရှိအခြေအနေနှင့် တူညီနေသည်။ သူ၏ဒန်တန်အတွင်း၌ ဝိညာဥ်ကောင်များက အချင်းချင်း တိုက်ခိုက်နေကြပြီး စကြဝဠာအတွင်းမှ စစ်ပွဲများကဲ့သို့ သန်မာသူသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ဝိညာဥ်ကောင်များ မွေးဖွားလာတိုင်း စစ်ပွဲများကြောင့် အခြားဝိညာဥ်ကောင်များ သေဆုံးနေကာ သန်မာသူများက အားနည်းသူများကို ဝါးမျိုနေကြသည်။ သူ၏ဒန်တန်အတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်နေသော်လည်း အသက်အားများ ပြည့်နှက်နေပြီး ကြယ်ကိုးလုံးမှာ ပို၍ပီပြင်လာနေသည်။ လက်ရှိတွင် သူက ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အဆင့်ငါးကို အောင်မြင်သွားကာ အဆင့်ခြောက်ကို စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ ချီရှုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး လူသားမျိုးနွယ်၏ အတွင်းပဋိပက္ခများကို မှန်ကန်သည်ဟု လက်မခံသော်လည်း ယဲ့ချန်၏ အတွေးအခေါ်က အမှန်ပင် အဓိပ္ပယ်ရှိနေခဲ့သည်။

"ဟိုကောင်က ဟင်းလင်းပြင်နတ်အဆင့် ဖြစ်တဲ့အပြင် မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး။ ဘာဆက်လုပ်မလဲ"

"စောင့်ရမယ်"

နတ်စက်လုံးသည် ချီတောက်၏ တိုက်ကွက်များကို ခုခံပေးနိုင်သောကြောင့် ယဲ့ချန်အတွက် ထွက်ပြေးရန် အခွင့်အလမ်းကို စောင့်ဆိုင်းနိုင်ပေလိမ့်မည်။ သူက ကျင့်ကြံနေစဥ် ဒန်တန်အတွင်း၌ အစွမ်းထက် ဝိညာဥ်ကောင်များ မွေးဖွားလာနေသည်။ သူက မူလချီနှင့် ပေါင်းစပ်ပြီးနောက် ဒန်တန်သည် အသက်ဝင်လာကြောင်း ခံစားနေရပြီး မူလချီအသစ်များပင် ဖြစ်တည်လာခဲ့သည်။ ၎င်းက စကြဝဠာ၏ မူလချီများကိုပင် ဖန်တီးပေးနိုင်သောကြောင့် အလွန်အမင်း အံ့သြနေရပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်တွင် သူတော်စင်ဘုရင် မပြောပြခဲ့သော လျှို့ဝှက်ချက်များ ရှိနေပုံရသည်။ ဘိုးဘေးနတ်ဘုရားများပင်လျှင် ကိုယ်တွင်း၌ စကြဝဠာ အစစ်အမှန်တစ်ခုကို ဖန်တီးနိုင်မည် မဟုတ်သောကြောင့် သူက သိလိုစိတ်များ ဖြစ်ပေါ်လာ၏။

ထိုအချိန်၌ ဆန်းကျယ်သော စွမ်းအင်အသစ်တစ်ခု မွေးဖွားလာကာ အလင်းစက်ကွင်းပမာ ယဲ့ချန်ကို လွှမ်းခြုံသွားပြီး လောကနတ်အဆင့်သို့ ချိုးဖျက်သွားစေခဲ့သည်။ အချိန်က လျင်မြန်စွာ စီးဆင်းနေပြီး နှစ်သန်းချီ မျက်စိတ်တမှိတ်အတွင်း ကုန်ဆုံးသွားသည်ဟု သူက ထင်မှတ်မှားလိုက်သည်။ ခန္ဓာကိုယ်ပတ်လည်၌ အချိန်ချီများ လှည့်ပတ်နေကာ ရုန်းကျင့်စဥ်နှစ်ခုလုံးသို့ အချိန်နိယာမများ ပေါင်းစပ်သွားကြောင်း ခံစားခဲ့ရသည်။ သူက အချိန်ကို ထိန်းချုပ်သော ဘိုးဘေးနတ်ဘုရားနှင့် ဆက်သွယ်လိုက်သကဲ့သို့ အသံများ နားထဲသို့ ရောက်ရှိလာသည်။ လောကနတ်အဆင့်သို့ ရောက်ပြီးနောက် အချိန်နတ်ဘုရား၏ စွမ်းအားတစ်စိတ်တစ်ပိုင်းက သူ့ထံ ရောက်ရှိလာသည်။ ဤအဆင့်တွင် သူက သက်တမ်းကို လိုသလိုဆွဲဆန့်နိုင်ပြီး နှစ်ပေါင်းသန်းချီ ကြာသည်အထိ အသက်ကြီးရင့်တော့မည် မဟုတ်ချေ။ သို့သော်လည်း အချိန်နိယာမကို ဖမ်းဆုပ်နိုင်လျှင်ပင် လောကနတ်တစ်ယောက်က သေဆုံးနိုင်ပြီး ဝိညာဥ်ကို ထိန်းသိမ်းပေးထားနိုင်သော နတ်ပြည်၌သာ ထာဝရ ရှင်သန်နိုင်မည် ဖြစ်သည်။

ရှန်မူသည် ယဲ့ချန်၏သက်တမ်းက အလွန်တိုကြောင်း တွက်ချက်ခဲ့ဖူးသော်လည်း အချိန်တိုအတွင်း လောကနတ်အဆင့်သို့ ရောက်သွားမည်ဟု လုံးဝထင်ထားမည် မဟုတ်ချေ။ ဤအဆင့်တွင် သူ၏သက်တမ်းနှင့် ကံကြမ္မာကို ရှန်မူက ဗေဒင်တွက်ကာ ရှေ့ဖြစ်ဟောရန် မဖြစ်နိုင်တော့ပေ။

"အချိန်က ဆန်းကျယ်တယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး လက်ဝါးဖြန့်လိုက်သောအခါ အချိန်နိယာမသည် တိမ်တစ်ခုပမာ ဖြစ်တည်လာသည်။ သူ၏ အချိန်စွမ်းအင်က စကြဝဠာ၏ မူလချီ ပါဝင်နေသောကြောင့် အခြားလောကနတ်များ၏ အချိန်နိယာမထက် ပို၍အစွမ်းထက်လေသည်။

All Chapters