ကောင်းကင်မူလကြယ်သို့ ပြန်ရောက်ခြင်း
Vol. 70 Ch. 979
နတ်စက်လုံးသည် တဝီဝီလည်ပတ်နေပြီး ချီတောက်က ၎င်းကို ဟင်းလင်းပြင်အတွင်း စုပ်ယူကာ အချိန်ကြာမြင့်စွာ လေ့လာခဲ့သည်။ သူက ချီပမာဏများစွာ အသုံးပြုသည်ဖြစ်ပါစေ၊ အက်ကြောင်းတစ်ခုပင် ထင်အောင် မပြုလုပ်နိုင်သောကြောင့် နတ်ဝိညာဥ်ဖြင့် ထိုးဖောက်ချင်ခဲ့သည်။ ဘုန်းခနဲ မြည်သံနှင့်အတူ နတ်ဝိညာဥ်က ပြန်ကန်ထွက်လာသည့်အပြင် မီးတောက်များ ရှဲခနဲ လွှမ်းခြုံသွားခဲ့၏။
"အား"
သူက နာကျင်စွာ အော်ဟစ်နေစဥ် နတ်ဝိညာဥ်တစ်ခုလုံးသို့ မီးတောက်များ ပြန့်ထွက်သွားခဲ့သည်။ မီးကို ငြှိမ်းသတ်ရန် ကြိုးစားလိုက်သော်လည်း ရပ်တန့်မသွားသောကြောင့် အရိုးများ ကျိုးကြေသည့်အတိုင်း နာကျင်နေခဲ့၏။ ထိုအချိန်တွင် ဟင်းလင်းပြင်ကို ဆက်လက်ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် ချက်ချင်းပျက်စီးသွားကာ ဟင်းလင်းပြင်နတ်တစ်ယောက်က နတ်စက်လုံးကို ဝိညာဥ်ဖြင့် တိုက်ခိုက်ရန် ကြိုးစားခြင်းသည် သေလမ်းရှာခြင်းပင် ဖြစ်၏။ ၎င်း၏စွမ်းအားက သာမန်လူသားများ ထင်ထားသည်ထက် ကျော်လွန်နေကာ အာကာသနတ်များပင် ဆန်းကျယ်မှုကို အပြည့်အဝ အဖြေမထုတ်နိုင်ချေ။ သူတို့က ၎င်းကို ထိန်းချုပ်၍ အစွမ်းအနည်းငယ် ထုတ်ဖော်နိုင်လျှင်ပင် အံ့သြဖွယ်ကောင်းလွန်းပေသည်။ ချီတောက်သည် နတ်ဝိညာဥ် မီးလောင်နေသဖြင့် နာကျင်စွာ အော်ဟစ်ရင်း စကြဝဠာအတွင်း ထွက်ပြေးသွားခဲ့သည်။
ယဲ့ချန်က နတ်စက်လုံးအတွင်းမှ ခုန်ထွက်ကာ ၎င်းသည် ဟင်းလင်းပြင်နတ်တစ်ယောက်၏ နတ်ဝိညာဥ်ကို လောင်ကျွမ်းနိုင်မည်ဟု လုံးဝမျှော်လင့်မထားပေ။ ချီတောက်၏ အခြေအနေကို မသိရ၍ ဆိုးရွားနိုင်ချေရှိသော်လည်း အချိန်မရွေး ပြန်ရောက်လာနိုင်သဖြင့် သူက ချက်ချင်းထွက်ခွာရန် လိုအပ်နေသည်။ သူက ယဥ်ပါးနိုင်ခဲ့သော ပိုင်နက်သားရဲများကို ဒန်တန်အတွင်း သိမ်းဆည်းကာ ကောင်းကင်မူလကြယ်ထံ ဦးတည်လိုက်သည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း၏ အပြင်ဘက်တွင် စစ်တပ်ကြီးနှစ်ခုက ပြင်းထန်စွာ တိုက်ခိုက်နေဆဲဖြစ်ပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံးကုန်သဖြင့် ရက်စက်လွန်းလှ၏။ ကောင်းကင်နတ်ဆိုးစစ်တပ် ရောက်လာခြင်းသည် ကံကောင်းမှုတစ်ခုဖြစ်ပြီး သို့မဟုတ်လျှင် ရှင်းဟွမ်စစ်တပ်က လူသားများကို သတ်ဖြတ်ပေလိမ့်မည်။ ကင်းထောက်တပ် ပျက်စီးသွားလျှင် အဓိကစစ်တပ်ကြီး ရောက်လာမည် ဖြစ်သောကြောင့် ယဲ့ချန်အနေဖြင့် ခွန်အားမြင့်တက်လာရန် အရေးကြီးနေသည်။ သို့မဟုတ်လျှင် လူသားမျိုးနွယ်၏ အနာဂတ်က ပျောက်ကွယ်သွားရပေလိမ့်မည်။ ဤစစ်ပွဲအတွင်း သူက ပိုင်နက်သားရဲ အကောင်သုံးဆယ်ကျော်နှင့် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူတစ်သောင်းကျော်ကို စုဆောင်းနိုင်ခဲ့ပြီး စုစုပေါင်း စစ်တပ်အရေအတွက်မှာ ခုနစ်သောင်းကျော်လာခဲ့၏။
အောက်ဘုံအတွင်းရှိ ကြယ်တစ်လုံးပေါ်တွင် မျက်ကန်းကြီး ထိုင်နေခဲ့ပြီး ယဲ့ချန် ထွက်ခွာသွားသောအခါတွင်မှ စိတ်အေးနိုင်ခဲ့၏။ ရှင်းဟွမ်မျိုးနွယ်မှ မထောက်လှမ်းနိုင်စေရန် သူက ပုန်းအောင်းနေရပြီး ယဲ့မုန်၏စစ်တပ်ကို ကယ်တင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ကံကောင်းသည်မှာ ကောင်းကင်နတ်ဆိုးစစ်တပ် ရောက်ရှိလာပြီး ရှင်းဟွမ်ကင်းထောက်တပ်ကို ကြားဖြတ်တိုက်ခိုက်လိုက်သောကြောင့် သူက ဝင်ပါစရာမလိုခဲ့ပေ။ ကောင်းကင်နတ်ဆိုးစစ်တပ်က လူသားမျိုးနွယ်အတွက် အချိန်ဆွဲပေးနိုင်ခဲ့ပြီး ကူညီရန်အတွက် လင်လုံက သတင်းပို့ထားခြင်းဖြစ်ကာ လူသားမျိုးနွယ် မခုခံနိုင်လျှင် သူက ဝင်ရောက်စွက်ဖက်ရပေလိမ့်မည်။
ကောင်းကင်မူလကြယ်တွင် ယဲ့ချန် ပြန်ရောက်လာသောကြောင့် ဆူညံစည်ကားနေပြီး သူက ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်တစ်လုံးအတွက် ထောက်တိုင်ကြီး ဖြစ်သောကြောင့်ပင်။
"အဆင်ပြေကြလား"
သူက ဇနီးသည်များကို တစ်ချက်ပြုံးပြကာ နှုတ်ဆက်လိုက်၏။ ထန်တိုက်လင်က ကြင်နာစွာ ပြုံးပြနေပြီး သူမ၏အမြင်တွင် ယဲ့ချန်က ပိုမိုရင့်ကျက်လာခဲ့သည်။ ပိုလင်းသည်လည်း ကိုယ်ဝန်ဆောင်နေရပြီး မိုးကြိုးသားရဲမျိုးနွယ်၏ ကိုယ်ဝန်ဆောင်ချိန်က ငါးနှစ်ဖြစ်သောကြောင့် သူက စိတ်ဓာတ်ကျသွားခဲ့သည်။ သူက သမီးငယ်ကို တွေ့နိုင်ရန်အတွက် အချိန်ငါးနှစ်အထိ စောင့်ဆိုင်းရပေလိမ့်မည်။ သူက တစ်သက်လုံး မခွဲမခွာ အတူရှိလာခဲ့သော ယဲ့လော့နှင့် အပြုံးချင်း ဖလှယ်ကာ အတိတ်မှ ဖြစ်ရပ်များကြောင့် ခံစားမှုများ ဖြစ်ပေါ်လာသည်။
"အဖေ"
တန်းအာက ယဲ့ချန်ထံ ချစ်စရာကောင်းစွာ ပြေးဝင်လာခဲ့သည်။ သူ့ကို အံ့သြစေသည်မှာ သားဖြစ်သူက ကြယ်သခင်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီး နတ်စက်လုံးအတွင်း ရောက်သွားလျှင် နတ်အဆင့်သို့ မကြာခင် တက်နိုင်ပေလိမ့်မည်။ သားဖြစ်သူ၏ ပါရမီက အလွန်မြင့်မားပြီး သူ့ထက်ပင် များစွာကျော်လွန်နေခဲ့သည်။ တန်းအာ၏ အသားအရေက ကြည်လင်နေကာ တစ်ကိုယ်လုံးတွင် တာအိုရုန်းအချို့ လှည့်ပတ်နေကြသည်။ ၎င်းတို့သည် ကောင်းကင်ကြယ်တာရာရုန်းထက် ပို၍သာလွန်ပြီး ကျိုးလီ သင်ပေးထားသည်ဟု ထင်သောကြောင့် တစ်ချက်ကြည့်လိုက်သည်။
"အရှင့်ကို တင်ပြပါတယ်။ သခင်လေးကို ဒီရုန်းတွေ ကျုပ်သင်ပေးထားတာ မဟုတ်ပါဘူး။ သခင်လေးရဲ့ မွေးရာပါကျင့်စဥ်ဖြစ်ပြီး လွန်ခဲ့တဲ့ သုံးလအကြာကမှ ကျင့်ကြံနိုင်ခဲ့တာပါ။ ကျုပ်လည်း အံ့သြမိပါတယ်"
ကျိုးလီက ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။
"အဘိုး ဒါက ဘယ်လိုရုန်းမျိုးလဲ"
"သခင်လေး မွေးဖွားလာတဲ့ အချိန်မှာ စကြဝဠာရဲ့ မူလချီတွေက အလိုအလျောက် စုဝေးလာကြပါတယ်။ ဒီတာအိုရုန်းတွေဟာ မူလချီကြောင့် ဖြစ်ပေါ်လာတာဖြစ်လို့ မူလရုန်းလို့ ခေါ်ရင် သင့်တော်ပါတယ်"
ကျိုးလီကိုယ်တိုင်လည်း အဖြေကို မသိသောကြောင့် ခန့်မှန်းပြလိုက်သည်။ ယဲ့ချန်သည် သားဖြစ်သူ၏ ခန္ဓာကိုယ်အတွင်း စစ်ဆေးလိုက်သောအခါ ဒန်တန်တွင် အလင်းစက်ကွင်းပမာ စုဝေးနေသည့် မူလချီများကို အာရုံခံနိုင်ခဲ့သည်။ ၎င်းတို့က လျှို့ဝှက်စွာ တည်ရှိနေသောကြောင့် သူကသာ မူလချီကို စုပ်ယူမထားခဲ့လျှင် ရှာတွေ့မည် မဟုတ်ချေ။
"သားကို ကောင်းကင်ကြီးဆီ ခေါ်သွားပေးလို့ ရမလား။ ဝူဇီက ပြောတယ်။ ကောင်းကင်ကြီးဟာ ပျော်စရာကောင်းတယ်တဲ့"
တန်းအာက ယဲ့ချန်၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်ကာ ပူဆာလိုက်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် စကြဝဠာအတွင်း သွားလာနိုင်ပြီဖြစ်သော်လည်း ကလေးတစ်ယောက်အတွက် အန္တရာယ်များလွန်းသောကြောင့် မိခင်နှင့် ဒေါ်လေးများက တားဆီးခဲ့သည်။ ထိုအချိန်တွင် ဝူဇီ၏စွမ်းရည်ကို ယဲ့ချန်က စစ်ဆေးလိုက်ပြီး စကြဝဠာအတွင်း သွားလာရာတွင် နတ်ဆိုးယာဥ်များနှင့် ပိုင်နက်သားရဲများထက် ပိုမြန်ကြောင်း သိလိုက်ရ၏။
"တန်းအာ မင်း ကြီးလာရင် အဖေက ကစားဖို့ ခေါ်သွားပေးမယ်"
သူက တန်းအာ၏ခေါင်းကို ပွတ်သပ်ရင်း ဆုံးဖြတ်ချက်များ ပို၍ခိုင်မာလာခဲ့သည်။ သားနှင့် သမီးအပါအဝင် မိသားစုအတွက်သာမက ယဲ့မျိုးနွယ်နှင့် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ပို၍သန်မာလာရပေလိမ့်မည်။
"အဘိုး အဖေ ကျုပ်တို့လက်အောက်က လူသားကျင့်ကြံသူတိုင်းကို ကောင်းကင်မူလကြယ်ဆီ ခေါ်လိုက်ပါ။ ယဲ့မျိုးနွယ်ဝင်တွေကိုလည်း စုဝေးခိုင်းပါ"
ဝိညာဥ်ကောင်များက မူလထက် ဆယ်ဆကျော် သန်မာလာသောကြောင့် ပေါင်းစပ်လိုက်လျှင် ကျင့်ကြံသူတိုင်းက အဆင့်တက်သွားပေလိမ့်မည်။ ထို့အပြင် သူက နတ်စက်လုံးကို ပိုင်ဆိုင်ထားသဖြင့် နတ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများကို နတ်အဆင့်ရောက်အောင် ကူညီပေးနိုင်သည်။
"ကောင်းပြီ"
အကြောင်းအရင်းကို မသိသော်လည်း ယဲ့ကျန့်တန်းနှင့် ယဲ့ချိန်ရွှမ်းက ယုံကြည်စွာဖြင့် ချက်ချင်းလှုပ်ရှားလိုက်ကြသည်။ ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်း အပြင်တွင် ရန်သူတပ်များ ရှိနေသောကြောင့် သူက လူသားမျိုးနွယ်၏အင်အားကို နည်းပေါင်းစုံဖြင့် မြှင့်တင်ရပေလိမ့်မည်။
"လင်အာ ကျုပ်ကို ဒီနေရာမှာရှိတဲ့ အခြားမျိုးနွယ်တွေအကြောင်း အချက်အလက်တွေ ပေးစမ်းပါဦး"
"ဒီမှာ။ နင်က ဘာလုပ်မလို့လဲ"
ထန်တိုက်လင်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး သိုလှောင်အိတ်အတွင်းမှ မြေပုံတစ်ခုကို ထုတ်ပေးလိုက်သည်။
"ရွေးစရာ မရှိတော့ဘူး"
ယဲ့ချန်က လေးနက်စွာဖြင့် မြေပုံအထက်မှ အချက်အလက်များကို စစ်ဆေးလိုက်သည်။ အချို့မျိုးနွယ်များမှာ ရှင်းဟွမ်၏ လက်အောက်ခံဖြစ်ပြီး ပိုင်နက်သားရဲများကဲ့သို့ မျိုးနွယ်များ ဖြစ်ကြ၏။ အချို့က နတ်ပြည်မှ မောင်းထုတ်ခံထားရသော မျိုးနွယ်များဖြစ်ကြပြီး လူသားမျိုးနွယ်၏ မဟာမိတ်များလည်း ရှိကြသည်။
"ရှင်းဟွမ်မျိုးနွယ်နဲ့ ပတ်သက်ရင်ဖြစ်ဖြစ် လူသားမျိုးနွယ်ရဲ့ ရန်သူဖြစ်ဖြစ် ငါ့ပစ်မှတ်ပဲ။ ကျန်မျိုးနွယ်တွေကိုတော့ ဆက်သွယ်ပြီး မဟာမိတ်ဖွဲ့ဖို့အတွက် မေးရမယ်။ သူတို့က စိတ်မဝင်စားရင်တော့ ထားလိုက်ပါ"
ယဲ့ချန်သည် ရန်သူမျိုးနွယ်များကို တိုက်ခိုက်ကာ လက်အောက်ခံအဖြစ် သွတ်သွင်းခြင်း သို့မဟုတ် ဝိညာဥ်များကို စုပ်ယူခြင်းဖြင့် ခွန်အားမြှင့်တင်ရန် ဆုံးဖြတ်ထားသည်။ သူက ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို စုစည်းရန် ကြံစည်နေသောကြောင့် အားလုံးက အံ့သြနေကြပြီး အချိန်မီ မလုပ်နိုင်မည်ကို စိုးရိမ်နေကြ၏။
"ရှင်းဟွမ်နဲ့ ကောင်းကင်နတ်ဆိုးတွေရဲ့ စစ်ပွဲက အနည်းဆုံး အချိန်တစ်လ ကြာလိမ့်မယ်။ သူတို့က နတ်ဆိုးတွေကို အနိုင်ယူနိုင်ရင်တောင် ငါတို့ဆီကို ရောက်လာရင် အင်အားနည်းနေမှာဖြစ်လို့ အကုန်အနိုင်ယူလို့ ရတယ်။ ဒီပထမဆုံးစစ်ပွဲကို အခွင့်ကောင်းယူပြီး စစ်အင်အား စုဆောင်းရမယ်။ ရန်သူစစ်တပ်ကြီး ရောက်လာဖို့အတွက် နှစ်ချီကြာမြင့်မှာဖြစ်လို့ ခွန်အားမြှင့်တင်ဖို့ အချိန်အလုံအလောက် ရှိတယ်"
ယဲ့ချန်က ရှင်းပြလိုက်သောအခါ လူတိုင်းက နားလည်သွားကြပြီး ထာဝရပြည်ထောင်ကို ဆန့်ကျင်ရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
"ဒီအစေခံအိုကြီးကိုရော ဘာများ အမိန့်ပေးချင်ပါသလဲ အရှင်"
ကျိုးလီက လေးစားစွာ ပြောလိုက်သောအခါတွင် ယဲ့ချန်က သူ့ကို မေ့နေကြောင်း သတိရသွားသည်။ ခွန်အားချင်းယှဥ်လျှင် ကျိုးလီက သူ့စကားကို နားထောင်မည် မဟုတ်သော်လည်း သူတော်စင်ဘုရင်၏ လူဝင်စားဖြစ်သောကြောင့် အမိန့်နာခံခဲ့လေသည်။