← Chapters

သားရဲထောင်ချီ ကြယ်ဒေသသို့

Vol. 70 Ch. 980

သားရဲထောင်ချီ ကြယ်ဒေသသို့

Vol. 70 Ch. 980

ယဲ့ချန်သည် နောက်လိုက်တစ်ယောက်ချင်းစီကို ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ရန် အချိန်မရှိသောကြောင့် အားလုံးကို ဒန်တန်အတွင်း ထည့်သွင်းကာ ကိုယ်တိုင်ပေါင်းစပ်စေသည်။ လောကနတ်အဆင့် ရောက်ပြီးနောက် သူ၏ဒန်တန်က ဆယ်ဆကျော် ပို၍ကျယ်ဝန်းလာကာ ကြယ်သခင်အဆင့်အားလုံးကို ထည့်သွင်းလိုက်၏။ အရေအတွက် သန်းချီသော နောက်လိုက်များက ကြယ်ကိုးလုံးပေါ်တွင် နေရာယူကာ စတင်ကျင့်ကြံလိုက်ပြီး ထိုအချိန်တွင် အသက်ရှိကြယ်များလည်း ထပ်မံထွက်ပေါ်လာပြီ ဖြစ်သည်။ သူတို့က အချိန်လေဟာနယ်ချီ၊ နတ်ချီနှင့် မူလချီများကို စုပ်ယူနေကြပြီး ရွှေပိုင်နက်သားရဲများလည်း ထပ်မံပေါက်ဖွားလာခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ယဲ့မျိုးနွယ်လက်အောက်မှ စစ်ဧကရာဇ်အဆင့်နှင့်အထက် လူသားကျင့်ကြံသူများသည် အခြားကြယ်များထံမှ ကောင်းကင်မူလကြယ်ထံ တဖွဲဖွဲ ရောက်ရှိလာကြသည်။ သူက အားလုံးကို ဒန်တန်အတွင်း ထည့်သွင်းလိုက်ပြီး ကြယ်များစွာ ဖြစ်ပေါ်နေသောကြောင့် နေရာကျဥ်းကျပ်မည်ကို စိုးရိမ်စရာ မလိုချေ။

ယဲ့ချန်၏ နတ်ဝိညာဥ်သည် ဒန်တန်တစ်ခုလုံးကို လွှမ်းခြုံနေပြီး ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ကာ ကျင့်ကြံဆင့်သည် စက္ကန့်မလပ် မြင့်တက်နေကြောင်း ခံစားလိုက်ရသည်။ သူက တစ်ကိုယ်တော် ကျင့်ကြံနေသည်မဟုတ်ဘဲ သန်းဆယ်ချီသော နောက်လိုက်များလည်း တစ်ချိန်တည်း ကျင့်ကြံနေကြ၏။ လောကနတ်အဆင့်သို့ရောက်ရန် ကျင့်ကြံသူတစ်ယောက်၏ အရှိန်က နှေးကွေးသွားကာ ဟင်းလင်းပြင်နတ်အဆင့်တက်ရန် နှစ်ပေါင်းထောင်သောင်းချီ လိုအပ်သည်။ ပုံမှန်ဆိုလျှင် သာမန်လောကနတ်များသည် နှစ်ချီကျင့်ကြံလျှင်ပင် အနည်းငယ်မျှ တိုးတက်သည်ဟုပင် မခံစားရပေ။ ယဲ့ချန်ကဲ့သို့ ရှားပါး ပါရမီရှင်တစ်ယောက်သာလျှင် အချိန်တိုင်း ကျင့်ကြံဆင့် တိုးတက်နေခဲ့ပြီး ကြယ်တာရာ ဘုံကိုးလွှာကျင့်စဥ်ကြောင့် ကျင့်ကြံရေးလမ်းကြောင်းက အခြားသူများနှင့် လုံးဝကွာခြားသွားသည်။

ဒန်တန်အတွင်းရှိ နောက်လိုက်များထံမှ ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာကာ ယဲ့ချန်၏ နတ်ဝိညာဥ်နှင့် ပေါင်းစပ်သွားပြီး ကျင့်ကြံဆင့်ကို ဆက်တိုက်မြင့်တက်လာစေသည်။ ဤနေရာတွင် သူက နတ်ဘုရားဖြစ်ပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သွားကာ ဒန်တန်အတွင်း နောက်လိုက်အရေအတွက် များလေလေ၊ သူ၏ကျင့်ကြံနှုန်း မြန်လေလေဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။ သူက အင်အားကို ခပ်ကြမ်းကြမ်း မြှင့်တင်ရန် ဆုံးဖြတ်ကာ စစ်ဧကရာဇ်အဆင့်အောက်မှ ကျင့်ကြံသူများကိုပင် ထည့်သွင်းလိုက်၏။ ဤရက်များအတွင်း လူသားများနှင့် မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများက ကောင်းကင်မူလကြယ်သို့ အုပ်လိုက်ရောက်ရှိလာကာ ဒန်တန်အတွင်း ဝင်ခဲ့ကြသည်။ သူတို့က ကြယ်အသီးသီးပေါ်တွင် နေရာယူလိုက်ပြီး ၎င်းမပျက်စီးသရွေ့ အသက်ရှင် နေထိုင်နိုင်ကြပေလိမ့်မည်။

ဒန်တန်အတွင်းရှိ ကျင့်ကြံသူဦးရေက တရစပ်တိုးပွားလာ၍ ဘီလီယံရာချီအထိ ရောက်ရှိလာသည်။ ဝိညာဥ်ကောင်များက မရေမတွက်နိုင်အောင် များပြားပြီး အားနည်းသော်လည်း ယဲ့ချန်၏ နတ်ဝိညာဥ်နှင့် ပေါင်းစပ်လိုက်သောအခါ တိုးတက်မှု ဖြစ်ပေါ်လာခဲ့၏။ နောက်လိုက်များ၏ ကျင့်ကြံဆင့်ကလည်း အချိန်တိုင်း တိုးတက်လာနေပြီး နတ်အဆင့် တစ်သောင်းကျော်နှင့် ထိပ်တန်းကြယ်သခင်အဆင့် ခြောက်သိန်းကျော် ပိုင်ဆိုင်လာ၏။ ဤပမာဏက ရှင်းဟွမ်မျိုးနွယ်၏ အင်အားနှင့်ယှဥ်လျှင် နည်းပါးသော်လည်း ဧရာမစစ်တပ်ကြီးတစ်ခု စတင်ပုံပေါ်လာခဲ့သည်။ ထိုအချိန်တွင် သူက မျိုးနွယ်ကျောက်စာကို မြင်လိုက်ရပြီး အင်အားအမှတ်က တစ်သိန်းကျော်အထိ ဆက်တိုက်မြင့်တက်လာသောကြောင့် အဆင့်သုံး မျိုးနွယ်တစ်ခု ဖြစ်လာခဲ့သည်။

ထို့နောက် လူသားများ၏ ကျင့်ကြံဆင့်များ တိုးတက်လာကာ အားအနည်းဆုံးသည်ပင် မြေဝိဇ္ဇာအဆင့် ရောက်လာကြပြီး အစွမ်းထက်သူများမှာလည်း အင်အားအရာ၌ အဆင့်တစ်ခု တက်သွားခဲ့သည်။ မျိုးနွယ်အမှတ်က သုံးသိန်းကျော်သောအခါ ရပ်တန့်သွားပြီး အဆင့်လေး မျိုးနွယ်တစ်ခုဖြစ်လာရန်အတွက် အမှတ်တစ်သိန်း လိုအပ်နေသည်။

"လူတိုင်း ယာဥ်တွေနဲ့ ပိုင်နက်သားရဲတွေကို ယူသွားပြီး ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းတစ်ခုလုံးက အရင်းအမြစ်တွေကို ယူလာကြ"

ယဲ့ချန်က ဒန်တန်အတွင်းမှ နောက်လိုက်ခြောက်သိန်းကျော်ကို ထုတ်ယူပြီး အမိန့်ပေးလိုက်သောအခါ အားလုံးက ပြိုင်တူဦးညွှတ်လိုက်ကြသည်။ ထို့အပြင် သူက ရွှေပိုင်နက်သားရဲအချို့ကို ထုတ်ယူ၍ ကျင့်ကြံသူအချို့အား ပေးအပ်ကာ ထာဝရကြယ်သင်္ချိုင်းအတွင်းရှိ ပိုင်နက်သားရဲအမြုတေများကို စုဆောင်းခိုင်းခဲ့သည်။ ၎င်းအမြုတေများက မူလကျောက်များကဲ့သို့ အဖိုးတန်သော အရင်းအမြစ်များ ဖြစ်သောကြောင့် အစားထိုးအသုံးပြုနိုင်သည်။ သာမန်လက်နက်များက မာကျောသော ပိုင်နက်သားရဲအလောင်းများကို မဖြတ်တောက်နိုင်သော်လည်း ရွှေပိုင်နက်သားရဲများက စွမ်းဆောင်နိုင်သည်။ သူ၏အမိန့်အောက်တွင် ကောင်းကင်မူလကြယ်ထံမှ ကျင့်ကြံသူများနှင့် ပိုင်နက်သားရဲများက တာဝန်ကိုယ်စီဖြင့် ဘက်ပေါင်းစုံသို့ ထွက်ခွာသွားကြ၏။ ယဲ့မျိုးနွယ်ဝင်များကိုလည်း ဝိညာဥ်ကောင်များနှင့် ပေါင်းစပ်ပြီးနောက် တာဝန်များရှိသောကြောင့် ဒန်တန်အတွင်း တစ်ချိန်လုံး ကျင့်ကြံနေရန် မဖြစ်ချေ။

"လင်အာ လင်းအာ လော့အာ မင်းတို့က ကောင်းကင်မူလကြယ်မှာ နေပြီး နန်းကုန်းဇီနဲ့ ဆက်သွယ်ပေးနော်။ အထူးသဖြင့် ကြယ်ရတနာတွေလို အရင်းအမြစ်တွေကို ရသလောက် စုဆောင်းရမယ်"

ယဲ့ချန်သည် ဇနီးသုံး​ယောက်ကို ကြင်နာစွာ အမိန့်ပေးလိုက်၏။ သူက ကောင်းကင်မူလကြယ်တွင် မိသားစုကို အချိန်ပေးချင်သော်လည်း မဟာကပ်ဘေးကြီး ကျရောက်လာရန် နီးကပ်နေသောအခါ အချိန်ကို အကျိုးရှိရှိ အသုံးချရပေလိမ့်မည်။

"ငါ နားလည်ပါတယ်"

ထန်တိုက်လင်က ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

"မောင်က စိတ်ဖြောင့်လက်ဖြောင့် အလုပ်လုပ်ပါ။ မမတို့ကို စိတ်ချလိုက်"

ပိုလင်းက ဆွဲဆောင်အားပြင်းစွာ ပြုံးပြနေခဲ့သည်။

"မစိုးရိမ်ပါနဲ့ အစ်ကိုကြီး"

ယဲ့လော့၏ မျက်နှာထက်တွင် သိမ်မွေ့သော အပြုံးတစ်ခု ရှိနေသည်။

"အဖေ သားလည်း တူတူလိုက်ချင်တယ်"

ယဲ့တန်းရွှမ်က မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ပူဆာလိုက်ခြင်းဖြစ်သည်။

"တန်းအာ အဖေ မရှိတဲ့အချိန်မှာ မင်းကို တာဝန်တစ်ခု ပေးချင်တယ်။ ကောင်းကင်မူလကြယ်မှာ ဖေဖေ မရှိတဲ့အတွက် မင်းက မေမေနဲ့ ဒေါ်လေးတွေကို စောင့်ရှောက်ပေးရမယ်"

ယဲ့ချန်က သားဖြစ်သူ၏ခေါင်းကို ကြင်နာစွာပုတ်၍ နှစ်သိမ့်လိုက်သည်။

"ဟုတ်"

ယဲ့တန်းရွှမ်က ငယ်ရွယ်သေးသဖြင့် နားမလည်သော်လည်း လေးနက်စွာ ကတိပေးခဲ့သည်။

"အဘိုး သားရဲတစ်ထောင် ကြယ်ဒေသရဲ့ အင်အားအကြောင်း ပြောပြပါဦး"

သူက ကျိုးလီထံ လှည့်ကြည့်ကာ မေးလိုက်သည်။

"သားရဲတစ်ထောင်ကြယ်ဒေသရဲ့ ဘုရင်မသုံးကောင်က လောကနတ်အဆင့် ဖြစ်တယ်။ ဒါ့အပြင် လောကနတ်ခြောက်ကောင်၊ နတ်အဆင့်တစ်သောင်းကျော်နဲ့ အရွယ်မရောက်သေးတဲ့ အရေအတွက် သိန်းချီ ရှိပါတယ် အရှင်"

ကျိုးလီ၏စကားကြောင့် ယဲ့ချန်က ပစ်မှတ်၏အခြေအနေကို သဘောပေါက်သွားခဲ့သည်။ သူ၏ခွန်အားဖြင့် လောကနတ်အဆင့် ပိုင်နက်သားရဲကိုးကောင်ကို အနိုင်မယူနိုင်သော်လည်း ကျိုးလီက အနိုင်ယူနိုင်သည်။ သူက တစ်ဖက်လူသည် အာကာသနတ်တစ်ယောက်ဖြစ်ကြောင်း သိထားသဖြင့် ခေါ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်။

"ဒီတစ်ခေါက် အဘိုးကို ကျုပ် ခေါ်သွားရလိမ့်မယ်"

"အမှုတော်ထမ်းဖို့ အသင့်ပါပဲ အရှင်။ နတ်ဆိုးယာဥ်ကို အသုံးပြုစရာ မလိုအပ်ပါဘူး။ ကျုပ်က ဟင်းလင်းပြင်တံခါး ဖွင့်နိုင်တဲ့အတွက် သားရဲတစ်ထောင် ကြယ်ဒေသကို ခဏအတွင်း သွားလို့ရပါတယ်"

ကျိုးလီက လေးစားစွာ ပြောလိုက်ပြီး နတ်ဆိုးယာဥ်ကို ထုတ်ယူလိုက်သော ယဲ့ချန်အား တားမြစ်ခဲ့သည်။ သူက ကျိုးလီ၏စကားကြောင့် အံ့သြနေခဲ့သော်လည်း အာကာနတ်တစ်ယောက်အတွက် ဤစွမ်းရည်မှာ မပြောပလောက်ကြောင်း စဥ်းစားမိခဲ့သည်။

"အာကာသနတ်အဆင့်ကို ရောက်ရင် စကြဝဠာထဲမှာ စိတ်ကြိုက်သွားလာနိုင်ပြီး ဟင်းလင်းပြင်တံခါး ဖွင့်စရာ မလိုဘူး။ တကယ်လို့ ကျုပ်က ဒီလိုသွားလိုက်ရင် ရှင်းဟွမ်မျိုးနွယ်ရဲ့ အာကာသနတ်တွေ သိသွားလိမ့်မယ်။ လောလောဆယ်မှာ ဒီအစေခံကြီးက အသက်ကြီးနေတဲ့အတွက် သူတို့ကို မယှဥ်နိုင်လို့ ဟင်းလင်းပြင်တံခါးကို အသုံးပြုရတာ ခွင့်လွှတ်ပါ"

ကျိုးလီက နှိမ့်ချစွာ ​ပြောလိုက်သော်လည်း ဟင်းလင်းပြင်တံခါး ဖွင့်နိုင်သော ကျင့်စဥ်ကပင် ယဲ့ချန်ကို အလွန်အံ့သြစေခဲ့သည်။ ကံကောင်းသည်မှာ စကြဝဠာအတွင်း စိတ်ကြိုက်သွားလာနိုင်သော အာကာသနတ်များကို ဘိုးဘေးနတ်များက တားမြစ်ထားခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့သည် မျိုးနွယ်တစ်ခုကို မျိုးတုံးသတ်ဖြတ်ချင်ပါက မည်သူမှ တားမြစ်နိုင်မည် မဟုတ်ချေ။

"ကျေးဇူးပြုပြီး လိုက်ခဲ့ပါ အရှင်"

ကျိုးလီက ညာလက်ကို ယမ်းလိုက်သောအခါ လေထဲတွင် ဧရာမတံခါးတစ်ချပ် ထွက်ပေါ်လာသည်။ သူက ယဲ့ချန်နှင့်အတူ တံခါးအတွင်း ဝင်ရောက်သွားသောအခါ ချက်ချင်းပျောက်ကွယ်သွာကြ၏။ လူသားမျိုးနွယ်က အဆင့်သုံးမျိုးနွယ်တစ်ခု ဖြစ်လာသောအခါ လူသားတိုင်း၏ ခွန်အားမှာ အဆင့်သစ်တစ်ခု ရောက်သွားခဲ့သည်။ ထိုအချိန်တွင် စကြဝဠာအတွင်း သူတော်စင်ဘုရင်ကို လိုက်လံရှာဖွေနေသော လူသားစစ်တပ်များက ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။

"ငါတို့က အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်လာတာ ဘယ်လောက်ကြာသေးလို့လဲ။ အဆင့်သုံးမျိုးနွယ် ဖြစ်သွားပြီ။ ဒီအချက်က လူသားခေါင်းဆောင်ဟာ ငါတို့ထင်ထားတာထက် များစွာအစွမ်းထက်နေတယ်လို့ သက်သေပြနေတယ်ကွ"

လူသားမျိုးနွယ်တစ်ခုလုံးက မျှော်လင့်ချက်ကို မြင်နေရသောကြောင့် အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် သူတို့က ခေါင်းဆောင်အပေါ် လေးစားမှုများ တိုးပွားလာကာ လူသားမျိုးနွယ်ကို နတ်ပြည်သို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု ရာနှုန်းပြည့် ယုံကြည်လာကြ၏။

"သူက သူတော်စင်ဘုရင်ရဲ့ လူဝင်စား ဖြစ်ရမယ်"

"ဒါပေါ့ကွ။ အရှင်သာ လူဝင်စားမဟုတ်ရင် လူသားမျိုးနွယ်က ဒီလောက်တိုးတက်လာစရာ အကြောင်း မရှိဘူး"

လူသားကျင့်ကြံသူများက သူတော်စင်ဘုရင်၏ လူဝင်စားကို လိုက်လံရှာဖွေနေခဲ့သော်လည်း အချိန်ကြာသည်အထိ မတွေ့ရသောကြောင့် စိတ်ဓာတ်ကျနေခဲ့၏။ သို့ရာတွင် လူသားမျိုးနွယ်၏ အဆင့်တက်ခြင်းက ကျဆင်းနေသော စိတ်ဓာတ်များကို ပြန်လည်ဆွဲတင်ပေးနိုင်ခဲ့သည်။ လက်ရှိတွင် ကမ္ဘာမြေမှ လူသားများသည် အံ့သြစရာကောင်းလောက်အောင် ပြောင်းလဲသွားကြပြီး ကောင်းကင်ချီများကို စုပ်ယူလိုက်ရုံဖြင့် မြေဝိဇ္ဇာအဆင့်သို့ ချက်ချင်းရောက်သွားကြသည်။ ထို့အပြင် လူသား ပါရမီရှင်အရေအတွက်၌လည်း ကမ္ဘာမြေသည် စကြဝဠာ၏ အခြားနေရာများထက် များစွာကျော်လွန်နေသည်။

"ကမ္ဘာသားတွေရဲ့ ကိုယ်ထဲမှာ တော်ဝင်သွေးမျိုးဆက် ရှိနေတယ်"

"ဒါက သိပ်မသိသာပေမယ့် ယဲ့မျိုးနွယ်ရဲ့ တော်ဝင်သွေးတွေပါလား"

အတိတ်တွင် လူသားမျိုးနွယ် ကျဆင်းသွားသောအခါ ယဲ့တော်ဝင်မျိုးနွယ်မှ ကျင့်ကြံသူအချို့သည် နဂါးငွေ့တန်း ကြယ်အဖွဲ့အစည်း၊ ကမ္ဘာမြေ၌ အခြေချခဲ့သည်။ သူတို့၏မျိုးဆက်များက ချီမရှိသောကြောင့် သာမန်လူများအဖြစ် ရှင်သန်ခဲ့ကြရ၏။ လူသားစစ်သည်တော်များသည် ဓားပျံအစိတ်အပိုင်းကို သူတော်စင်ဘုရင်ထံ ပို့ဆောင်ရန် ခရီးဆက်ခဲ့ကြရင်း ကောင်းကင်မြစ် ကြယ်အဖွဲ့အစည်းထံ နီးကပ်လာကြလေသည်။

All Chapters