သားရဲတစ်ထောင် ကြယ်ဒေသကို သိမ်းပိုက်ခြင်း
Vol. 70 Ch. 981
ယဲ့ချန်နှင့် ကျိုးလီသည် သားရဲတစ်ထောင်ကြယ်ဒေသအထက်တွင် မတ်တပ်ရပ်နေပြီး ကြယ်ပုံရိပ်များကို စိုက်ကြည့်နေကြသည်။
"အဘိုး တန်းအာလေးကို နတ်တစ်ပိုင်းအဆင့်မှာ အခြေခံခိုင်မာအောင် ထားရမလား ဒါမှမဟုတ် နတ်အဆင့်တက်ဖို့ ကူညီပေးလိုက်ရမလား"
ယဲ့ချန်က ကျိုးလီထံ အကြံတောင်းလိုက်ခြင်း ဖြစ်သည်။ သူကိုယ်တိုင်က နတ်အဆင့်မတက်ခင် ကြယ်သခင်အဆင့်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် ကျင့်ကြံရေးအုတ်မြစ်က အလွန်ခိုင်မာသည်။ ဤအချက်သည် အနာဂတ်အတွက် အလွန်အကျိုးရှိသောကြောင့် သူက ယဲ့တန်းရွှမ်ကို နတ်အဆင့်သို့ ချက်ချင်းမတက်စေလိုခဲ့ပေ။ ကျင့်ကြံနှုန်း မြန်ဆန်လွန်းလျှင်လည်း အခြေမခိုင်သော ပြဿနာမျိုး ဖြစ်တတ်သဖြင့် နတ်တစ်ပိုင်းအဆင့်တွင် ဆက်၍ကျင့်ကြံစေရန် စိတ်ကူးထားသည်။
"အလျင်လို အနှေးဖြစ်ပါတယ် အရှင်။ သခင်လေးက မရင့်ကျက်သေးတဲ့အတွက် နတ်အဆင့်ကို မြန်မြန်တက်ခိုင်းစရာ မလိုပါဘူး။ သူက ဖြည်းဖြည်းချင်း ကျင့်ကြံသင့်ပါတယ်"
ကျိုးလီက သူ့အမြင်ကို ပြောလိုက်ပြီး ယဲ့ချန်နှင့် တူညီနေခဲ့သည်။
"ကျုပ် အမြဲတမ်း သိချင်တာ တစ်ခုရှိတယ်။ တော်ဝင် ယဲ့မျိုးနွယ်ဝင်တစ်ယောက်အနေနဲ့ ကျုပ်က သုညပိုင်ရှင်တစ်ယောက် ဖြစ်ပေမယ့် တန်းအာက ဘာကြောင့် ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်း တစ်ရာ ဖြစ်နေရတာလဲ"
"ဒါက ဝိညာဥ်ပဲ့တင်ထပ်မှု တစ်ခုဖြစ်ပြီး လူသားမျိုးနွယ်ရဲ့ ပါရမီကို မဆုံးဖြတ်ပေးနိုင်တဲ့အတွက် ရှင်းဟွမ်မျိုးနွယ်ရဲ့ လိမ်ဆင်တစ်ခု ဖြစ်တယ်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း မြင့်လာရင် ရှင်းဟွမ်တွေက ထိန်းချုပ်နိုင်တဲ့အတွက် ကောင်းကောင်းပျိုးထောင်ပေးကြတယ်။ ပေါင်းစပ်နှုန်း နည်းရင်နည်းသလို သူတို့က လူသားတွေရဲ့ ကျင့်ကြံမှုကို ဖိနှိပ်မထားနိုင်တော့ဘူး။ ဒါကြောင့် ပေါင်းစပ်နှုန်းနည်းသူတွေက သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး သုညပိုင်ရှင်တွေဟာ အစွမ်းထက်ဝိညာဥ်ကို ပိုင်ဆိုင်ထားတဲ့အတွက် ရှင်းဟွမ်တွေ မထိန်းချုပ်နိုင်ဘူး။ အခြားကြယ်တွေမှာဆိုရင် သူတို့က နည်းမျိုးစုံ အသုံးပြုပြီး သုညပိုင်ရှင်တွေကို သတ်ပစ်တတ်ကြတဲ့အတွက် ကြီးပြင်းမလာခဲ့ဘူး။ ဒါကြောင့် စကြဝဠာထဲမှာ သုညပိုင်ရှင်တွေ ရှားပါးနေတာ ဖြစ်တယ်"
ကျိုးလီ၏ အဖြေစကားကြောင့် ယဲ့ချန်သည် ကြယ်ဝိညာဥ် ပေါင်းစပ်နှုန်း နည်းသူများမှာ မညံ့ဖျင်းကြောင်း နားလည်လိုက်သည်။ သူတို့က အလွန်တရာ ပါရမီရှိသောကြောင့် ရန်သူမျိုးနွယ်က ကြောက်လန့်စွာဖြင့် ဖိနှိပ်ထားခြင်း ဖြစ်၏။
"ဒါဆိုရင် ကောင်းကင်မူလကြယ်မှာ ဘာကြောင့် သုညပိုင်ရှင်တွေ ရှိနေရတာလဲ"
"ဒီအချက်အတွက်တော့ လူသားမျိုးနွယ်က သူမကို ကျေးဇူးတင်ရမယ်။ အနာဂတ်မှာ ကျုပ်တို့ မြင့်မားလာရင် ဒီရှင်းဟွမ်ကို ကျေးဇူးဆပ်ရမယ်။ မဟုတ်ရင် လူသားမျိုးနွယ်ရဲ့ ကျင့်ကြံသူတွေ အများကြီး အသတ်ခံခဲ့ရမှာ ဖြစ်တယ်"
ကျိုးလီက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်သည် လူသားများကို ကာကွယ်ပေးခဲ့ကြောင်း ယဲ့ချန်က သဘောပေါက်သွားခဲ့သည်။
"ဒါဆိုရင် သူမက ဘာကြောင့် ပေါင်းစပ်နှုန်းနည်းသူတွေကို ဖိနှိပ်ထားရတာလဲ"
"ကောင်းကင်သူတော်တွေက ကြယ်တွေကို မကြာခဏ လာရောက်စစ်ဆေးတတ်ကြတယ်။ သူမသာ ထာဝရပြည်ထောင်ရဲ့ ဥပဒေကို ဆန့်ကျင်ခဲ့ရင် အကျိုးဆက်က အလွန်တရာ ဆိုးသွားနိုင်တယ်။ အရှင့်ကို အသက်ရှင်နိုင်အောင် ကာကွယ်ပေးထားတာကိုက သူမအတွက် အတော်အားထုတ်ခဲ့ရလိမ့်မယ်"
"တန်းအာရဲ့ ပေါင်းစပ်နှုန်း တစ်ရာကရော ဘာကြောင့်လဲ"
ယဲ့ချန်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
"ဒီကိစ္စကို ကျုပ်လည်း သေချာမပြောတတ်ပါဘူး အရှင်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းနဲ့ ပါရမီက ဘာမှမဆိုင်ဘူး။ သခင်လေးရဲ့ ပေါင်းစပ်နှုန်း တစ်ရာက ရှင်းဟွမ်တွေနဲ့ ပဲ့တင်ထပ်နိုင်တဲ့ အစွမ်းထက်ဝိညာဥ်ကို ဆိုလိုတာ ဖြစ်လောက်တယ်။ ဒီလိုအစွမ်းထက်ဝိညာဥ်မျိုးက ပြဿနာ မဖြစ်နိုင်ပါဘူး"
ကျိုးလီက ခဏတာစဥ်းစား၍ အဖြေပေးလိုက်သည်။ ဖြစ်နိုင်သည်မှာ ယဲ့တန်းရွှမ်၏ ဝိညာဥ်သည် ယဲ့ချန်၏ဒန်တန်အတွင်း ကြယ်များ ဖြစ်ပေါ်လာသကဲ့သို့ အစွမ်းထက်ပြီး ကြယ်များ ဖန်တီးနိုင်ပေလိမ့်မည်။ ကျိုးလီကဲ့သို့ အဆင့်မျိုးက ပြဿနာမရှိနိုင်ဟု ကောက်ချက်ချလိုက်သောကြောင့် သူက စိတ်အေးသွားကာ စိုးရိမ်မနေခဲ့ပေ။ သူက ကောင်းကင်မူလကြယ်၏ ရှင်းဟွမ်ကို ကျေးဇူးဆပ်ရန် ဆုံးဖြတ်ထားသည်။ ရှင်းဟွမ်မျိုးနွယ်တစ်ခုလုံးက ဆိုးယုတ်သည် မဟုတ်သောကြောင့် ကျေးဇူးတရားကို ကြင်နာမှုဖြင့် ပေးဆပ်ကာ အမုန်းတရားကို လက်စားချေခြင်းဖြင့် သင်ပုန်းချေရပေလိမ့်မည်။
"အဘိုး အလုပ်စကြတာပေါ့"
ယဲ့ချန်၏အကြည့်က ပိုင်နက်သားရဲအသိုက်ထံ ရောက်ရှိသွားသောအခါ သူ့အောက် မနိမ့်သော လောကနတ်အဆင့်များ၏ အရှိန်အဝါကို အာရုံခံနိုင်ခဲ့သည်။
"ဘယ်သူက သားရဲတစ်ထောင် ကြယ်ဒေသကို ကျူးကျော်ရဲတာလဲ"
သူ၏အရှိန်အဝါ ထွက်ပေါ်လာသောအခါ ကြယ်ဒေသတစ်ခုလုံးထံမှ ဟိန်းဟောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ လောကနတ်ကိုးယောက်၏ အရှိန်အဝါများက ယဲ့ချန်ထံ ရောက်ရှိလာကာ သူနှင့် ကျိုးလီကို မြင်သောအခါ မင်သက်နေကြ၏။ တစ်ဖက်လူက လူသားများဖြစ်နေမည်ဟု မျှော်လင့်မထားသည့်အပြင် လောကနတ်အဆင့်တစ်ယောက်နှင့် အရှိန်အဝါ မရှိသော အဘိုးကြီးတစ်ယောက် ဖြစ်နေခဲ့သည်။ သူတို့၏အမြင်တွင် ကျိုးလီက နတ်အဆင့်တစ်ယောက်သာ ဖြစ်ကြောင်း အထင်သေးစွာ သတ်မှတ်ခဲ့ကြ၏။ သို့သော်လည်း လူသားများက ရှင်းဟွမ်မျိုးနွယ်၏ ကံတရားဖိနှိပ်မှုကို ကျော်ဖြတ်နိုင်ခဲ့သောကြောင့် သူတို့ကို အံ့သြစေခဲ့သည်။
"လူသားတွေ ဘယ်က ရောက်လာကြတာလဲ။ ငါ့နယ်မြေမှာ ဘာလိုချင်တာလဲ"
ယဲ့ချန်သည် လောကနတ်တစ်ယောက် ဖြစ်သောကြောင့် ဘုရင်မများသည် အထင်မသေးရဲသည့်အပြင် ခြိမ်းခြောက်နိုင်သော ဖိအားမျိုး ခံစားနေရသည်။
"မင်းတို့ကို မေးစရာရှိလို့"
သူ၏စကားသံက ကြယ်ဒေသတစ်ခုလုံးသို့ ပြန့်ထွက်သွားသောကြောင့် ပိုင်နက်သားရဲအားလုံး ကြားနိုင်ခဲ့သည်။
"ဘာလဲ"
ဘုရင်မတစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး အရှိန်အဝါကို ထုတ်ဖော်ကာ ပြိုင်ဆိုင်ချင်ခဲ့သည်။
"လူသားမျိုးနွယ်နဲ့ ရှင်းဟွမ်မျိုးနွယ်က စစ်ဖြစ်မယ်ဆိုရင် မင်းတို့က ဘယ်ဘက်မှာ နေကြမလဲ"
ယဲ့ချန်က အဖြေကို သိထားသော်လည်း တည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။
"လူသား ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ။ ပိုင်နက်သားရဲမျိုးနွယ်က ရှင်းဟွမ်မျိုးနွယ်ရဲ့ လက်အောက်ခံ ဖြစ်တယ်။ ငါတို့က ဘယ်ဘက်မှာ ရပ်မယ်လို့ ထင်နေတာလဲ"
ဘုရင်မများက သူ၏စကားကြောင့် ခဏတာ မင်သက်သွားပြီး ဟားတိုက်လှောင်ရယ်လိုက်ကြသည်။ ပိုင်နက်သားရဲများစွာ၏ ရယ်သံများ ထွက်ပေါ်လာသောကြောင့် နားဝင်ဆိုးလှပြီး ကြယ်ဒေသတစ်ခုလုံး ဆူညံနေခဲ့၏။
"မင်းတို့ ဒီလိုဖြေမယ်ဆိုတာ ငါ သိထားပါတယ်။ ဒီလိုဆိုမှတော့ ပိုင်နက်သားရဲတွေက လူသားမျိုးနွယ်ကို ဒုက္ခပေးနိုင်တဲ့အတွက် ရက်စက်ရတော့မယ်"
ယဲ့ချန်က မျက်ခုံးတစ်ချက်ပင့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
"အဖြေကို သိနေရင်လည်း ဘာကြောင့် မေးနေတာလဲ"
"ငါက အတည်ပြုချင်ရုံသက်သက်ပါ။ အခုကစပြီး လူသားမျိုးနွယ်က သားရဲတစ်ထောင် ကြယ်ဒေသကို သိမ်းပိုက်လိုက်ပြီ။ မင်းတို့အားလုံး ငါ့အမိန့်ကို နာခံရမယ်။ မဟုတ်ရင် သေရမယ်"
သူက အေးစက်စက် သတိပေးလိုက်သောအခါ သားရဲများ၏ရယ်သံက ပို၍ကျယ်လောင်လာပြီး အုတ်အော်သောင်းတင်း ဖြစ်နေခဲ့သည်။
"ငါ နားကြားမှားလိုက်တာလား ဟား ဟား"
"လူသားနှစ်ယောက်က ငါတို့ကို သတ်မယ်တဲ့"
"ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေတာပဲ"
"လောကနတ်တစ်ယောက်က သားရဲတစ်ထောင် ကြယ်ဒေသကို ခြိမ်းခြောက်နိုင်တဲ့ အစွမ်း မရှိဘူး"
လှောင်ပြောင်သံများ ကျယ်လောင်စွာ ထွက်ပေါ်ပြီး မည်သူမှ ယဲ့ချန်နှင့် ကျိုးလီက သားရဲတစ်ထောင်ကြယ်ဒေသကို အနိုင်ယူနိုင်မည်ဟု မထင်ခဲ့ကြပေ။ ဘုရင်မများက ယဲ့ချန်ကို စိုက်ကြည့်နေပြီး မောက်မာနေရသော အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။ ပိုင်နက်သားရဲများဘက်တွင် လောကနတ်ကိုးယောက် ရှိသောကြောင့် လောကနတ်တစ်ယောက်တည်းက စိန်ခေါ်လျှင် သေလမ်းရှာခြင်းပင် ဖြစ်သည်။ သို့ရာတွင် အစွမ်းထက် အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာကာ ကြယ်ဒေသတစ်ခုလုံးကို ဖိချလိုက်သောကြောင့် ရယ်သံများ တိခနဲ ပြတ်တောက်သွားခဲ့သည်။ ကျိုးလီ၏ မျက်လုံးများတွင် ရွှေရောင်အလင်းထောင်ချီ ရစ်သိုင်းနေကာ ခန္ဓာကိုယ်က ကြီးမားလှသော တောင်ကြီးပမာ ထင်မှတ်ရသည်။
"အာ...အာကာသနတ်အဆင့်"
"လူသားမျိုးနွယ်မှာ အာကာသနတ်အဆင့်တစ်ယောက် ဘယ်လိုလုပ် ရှိနေရတာလဲ"
ပိုင်နက်သားရဲအားလုံးက ချီများကို စုစည်း၍ ကျိုးလီကို ဆန့်ကျင်ရန် ကြိုးစားလိုက်သော်လည်း ဘန်းခနဲ မြည်သံနှင့်အတူ ချက်ချင်းကျရှုံးခဲ့သည်။ ကျိုးလီ၏ နတ်ချီနှင့်ယှဥ်လျှင် သူတို့၏အားထုတ်မှုသည် လမင်းကြီး၏ အလင်းရောင်ကို ယှဥ်ပြိုင်နေသော ပိုးစုန်းကြူးငယ်များပမာ ကွာခြားလှ၏။ သူတို့က ဖိအားအောက်တွင် နေရာ၌ ချုပ်နှောင်ခံထားရပြီး တစ်ဖက်လူ၏ အတွေးတစ်ချက်ဖြင့် အပိုင်းပိုင်းအစစ ပြတ်တောက်သွားပေလိမ့်မည်။ ဤကား အာကာသနတ်အဆင့်၏ ခွန်အားဖြစ်ကာ စကြဝဠာတစ်ခုလုံးတွင် ဘိုးဘေးနတ်အဆင့်အောက်သာ နိမ့်ကျသည်။ ထို့နောက် ယဲ့ချန်က တစ်ချက်ပြုံး၍ ဘုရင်မတစ်ကောင်၏ ဦးခေါင်းအထက်သို့ ဆင်းသက်လိုက်သည်။ ပိုင်နက်သားရဲများတွင် ဘုရင်မများသည် အာဏာအရှိဆုံး ဖြစ်သောကြောင့် ၎င်းကို ထိန်းချုပ်နိုင်သရွေ့ အခြားသားရဲများက အမိန့်နာခံပေလိမ့်မည်။ စကြဝဠာအတွင်း ပိုင်နက်သားရဲများစွာရှိပြီး ဤနယ်မြေရှိ အရေအတွက်က နည်းပါးလှသော ပမာဏတစ်ခုပင် ဖြစ်သည်။
"ငါ့ကို အညံ့ခံရင် မသတ်ဘူး။ ကလန်ကဆန်လုပ်ရင် ချက်ချင်းသေရမယ်"
ယဲ့ချန်၏ ရာဇသံကြောင့် ဘုရင်မသုံးကောင်က ထိတ်လန့်သွားကာ အချင်းချင်း ဆက်သွယ်လိုက်ကြ၏။ လူသားမျိုးနွယ်၌ အာကာသနတ်အဆင့်ပင် ရှိနေသောကြောင့် ရှင်းဟွမ်မျိုးနွယ်နှင့် အမှန်တကယ် စစ်ဖြစ်ပေလိမ့်မည်။ လူသားမျိုးနွယ်ကို ပူးပေါင်းခြင်းက သေဆုံးနိုင်ချေ ရှိသော်လည်း မပူးပေါင်းလျှင် ချက်ချင်းအသတ်ခံရပေလိမ့်မည်။
"ဘာတွေ စဥ်းစားနေတာလဲ။ ငါက စိတ်မရှည်တတ်ဘူး"
ယဲ့ချန်က အေးစက်စက် သတိပေးလိုက်ပြီး အကယ်၍ ဘုရင်မများသာ ဝိညာဥ်ကောင်များနှင့် လိုလိုလားလား ပေါင်းစပ်လျှင် အရာရာ လွယ်ကူသွားပေလိမ့်မည်။ လောကနတ်အဆင့်များ ရလိုက်မည့်အပြင် သားရဲအသိုက်တစ်ခုလုံးကလည်း သူ့လက်အောက် ကျရောက်လာပေလိမ့်မည်။ သူတို့က ငြင်းဆန်ခဲ့လျှင် အချို့ကို သတ်ပစ်ရမည် ဖြစ်သောကြောင့် ပိုင်နက်သားရဲအားလုံးကို ထိန်းချုပ်ရာ၌ အနည်းငယ် ပြဿနာရှိနိုင်သည်။ ကျိုးလီ၏ နတ်ချီများက တိုးပွားလာသောကြောင့် အချိန်မရွေး သတ်ပစ်နိုင်ချေရှိရာ ဘုရင်မသုံးကောင်မှာ သေခြင်းတရား၏ အငွေ့အသက်ကို ရလိုက်ကြသည်။ တစ်ဖက်လူက အာကာသနတ်ဖြစ်နေသောကြောင့် ခုခံလျှင်လည်း အသုံးမဝင်သောအခါ သူတို့က အညံ့ခံရန်သာ နောက်ဆုံး၌ ရွေးချယ်လိုက်ရလေသည်။
"ကောင်းပြီ။ ကောင်းပြီ။ ငါတို့ အညံ့ခံပါမယ်”